တရုတ်နိုင်ငံ၏ ထိုင်ဝမ်ကျွန်းအပေါ် ရန်စသည့် လုပ်ရပ်နှင့် ယူကရိန်းစစ်ပွဲအတွက် ရုရှားကို ထောက်ပံ့ပေးနေမှုများအပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို ဘလင်ကန် က ဇူလိုင်လ ၂၇ ရက် တွင် ပြောဆိုလိုက်သည်။
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ သုံးရက်ကြာ ကျင်းပသည့် ၅၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တွေ့ဆုံစဉ် ဘလင်ကန်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းအပေါ် တရုတ်ရဲ့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ရန်စတဲ့လုပ်ရပ်တွေနဲ့ ပတ်သတ်ပြီး ဘလင်ကန်က ဝမ်နဲ့ အကျယ်တဝင့် ဆွေးနွေးခဲ့ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မက်သရူး မီလ်လာ က ပြောသည်။
၎င်းအပြင် ရုရှား၏ ကာကွယ်ရေးစက်မှုအခြေစိုက်စခန်းအတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများအပေါ် ဆွေးနွေးခဲ့ပြီး တရုတ်အနေနဲ့ ယင်းပံ့ပိုးကူညီမှုများကို မရပ်ဆိုင်းပါက အမေရိကန်၏ နောက်ထပ် ပြုလုပ်သွားမည့် အရေးယူမှုများကိုလည်း သတိပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ယူကရိန်းကို တိုက်ခိုက်ရာတွင် အသုံးပြုနေသည့် ရုရှားစစ်ဘက်ဆိုင်ရာစက်ပစ္စည်းများကို ဖြတ်တောက်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားသို့ ဆီမီးကွန်ဒတ်တာများ တင်ပို့ရောင်းချနေသည့် တရုတ်အခြေစိုက်ကုမ္ပဏီများအပေါ် ပိတ်ဆို့အရေးယူမှုများကို အမေရိကန်က ချမှတ်ထားသည်။