မြန်မာစစ်ကောင်စီအနေနှင့် ပြင်းထန်လာသော စစ်ပွဲကို အဆုံးသတ်ရန် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်သည်။
လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ သုံးရက်ကြာ ကျင်းပနေသည့် ၅၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ရောက်ရှိနေသော သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံဟာ အလွန်အမင်း စိုးရိမ်စရာကောင်းနေပါတယ်။ အဲဒါကို နိုင်ငံရဲ့ စီးပွားရေး၊ မတည်ငြိမ်မှု၊ မလုံခြုံမှု၊ သေဆုံးမှုတွေကနေ ကျမတို့ မြင်နေရပါတယ်။ စစ်ကောင်စီအနေနဲ့ သွေးထွက်သံယိုနည်းနဲ့ ဖြေရှင်းတာရပ်ပြီး မတူညီတဲ့ လမ်းကြောင်းကို လျှောက်ပြီး အာဆီယံဘုံသဘောတူညီမှု ငါးရပ်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုတယ်” ဟု ၎င်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
၎င်းအပြင် အရပ်ဘက်နေရာများကို အင်အားအလွန်အကျွံသုံးခဲ့သည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအပေါ်လည်း ပြစ်တင်ရှုတ်ချခဲ့သည်။
စစ်ကောင်စီသည် မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို သဘောတူခဲ့သော်လည်း ယခုအချိန်အထိ အကောင်အထည်မဖော်သေးပေ။
စစ်ကောင်စီကို ပြင်းပြင်းထန်ထန်အရေးယူရန် အင်ဒိုနီးရှား၊မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့က တောင်းဆိုထားသည်။