မဆင်မခြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ် အများအပြားတွင် ဆက်လက်ဖြစ်ပွားနေပြီး တာဝန်ရှိသူများကို အရေးယူရမည်ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ကြေငြာချက်တွင် ဖော်ပြထားသည်။
ဇွန်လခြောက်ရက်က ထုတ်ပြန်သော ယင်းကြေငြာချက်တွင် မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ တိုးလာနေသဖြင့် အလွန်စိုးရိမ်မိကြောင်းနှင့် ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် အရပ်သားအများအပြား သေဆုံးခဲ့ရသည့် မြန်မာစစ်တပ်၏ လတ်တလောတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံအနောက်ခြမ်းရှိ ရခိုင်တိုင်းရင်းသားများကို ပစ်မှတ်ထားသည့် နောက်ဆုံးဖြစ်ရပ်နှင့် ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းသည် လူမှုအသိုင်းအဝိုင်းအားလုံး၏ အကာအကွယ်လိုအပ်မှုကို မီးမောင်းထိုးပြနေကြောင်း အတွင်းရေးမှူးချုပ်က ပြောသည်။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့်အညီ အရပ်သားများအား အကာအကွယ်ပေးရေးကို ဦးစားပေးလုပ်ဆောင်ရန်နှင့် လူမျိုးရေး တင်းမာမှုနှင့် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန် ပဋိပက္ခတွင် ပါဝင်သူအားလုံးအား အတွင်းရေးမှူးချုပ်က တောင်းဆိုထားသည်။
အတွင်းရေးမှူးချုပ်က အဖွဲ့ဝင်နိုင်ငံများနှင့် သက်ဆိုင်သူများအားလုံးအနေနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို ဦးတည်သည့်လုပ်ငန်းစဉ်များအား ကူညီပေးရေးများ အပါအဝင် အာဆီယံနိုင်ငံများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးများတွင် ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Julie Bishop နှင့် ထိတွေ့ပြီး ပံ့ပိုးကူညီကြရန်လည်း တိုက်တွန်းထားသည်။