“New Battuta” ဟု လူသိများသော မော်ရိုကို YouTuber “Adam Taoufiq” သည် မြန်မာနိုင်ငံရှိ ရွှေတြိဂံဒေသသို့ သွားရောက်ခဲ့ပြီးနောက် ပျောက်ဆုံးနေကြောင်း The New Arab သတင်းတွင် ဖော်ပြထားသည်။
Taoufiq သည် ထိုဒေသတွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသော မော်ရိုကိုလူမျိုးများအကြောင်း ဖော်ထုတ်ရန် ကြိုးစားပြီးနောက် ယခုလိုပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
“သူနဲ့ကျတော်က ဗီယက်နမ်မှာ အတူတူနေခဲ့တာ။သူ့မှာ ရွှေတြိဂံဒေသကို သွားချင်တဲ့ဆန္ဒရှိတယ်လို့ ကျတော့်ကို ပြောဖူးတယ်” ဟု Taoufiq နှင့်အတူ ဗီယက်နမ်သို့ အတူသွားခဲ့သည့် အခြားမော်ရိုကို YouTuber “Amjad Rami” က ပြောသည်။
Taoufiq သည် ခရီးသွားသည့်အခါ သူ၏မိသားစုနှင့် အမြဲပုံမှန်အဆက်အသွယ်လုပ်လေ့ရှိပြီး မေလ၂၃ရက် နောက်ပိုင်း အဆက်အသွယ်မရတော့ကြောင်း သိရသည်။
လာအို၊ ထိုင်းနှင့် မြန်မာကြားတွင်ရှိသည့် ရွှေတြိဂံဒေသသည် လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေသည့်နေရာဖြစ်သည့်အပြင် နိုင်ငံခြားသားများ လာရောက်လည်ပတ်သည့်အခါတွင်လည်း ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းလေ့ရှိသည့် ဒေသတစ်ခုဖြစ်သည်။
မော်ရိုကိုနိုင်ငံသား အနည်းဆုံး ၁၄၀ ကို အလုပ်အကိုင်ပေးမည်ဟု ကတိများပေးကာ လက်နက်ကိုင်ဂိုဏ်းများက ပြန်ပေးဆွဲထားကြောင်း ယုံကြည်ရပြီး အများအပြားသည် တစ်နေ့လျှင် ၁၂ နာရီကျော် အွန်လိုင်းငွေလိမ်လည်မှုနေရာများ၌ အတင်းအကျပ် အလုပ်ခိုင်းစေခံနေရသည်ဟု အစီရင်ခံစာအချို့တွင် ဖော်ပြထားသည်။