မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးရှိ လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Facebook၊ Messenger၊ Instagram အကောင့်များ မတ်လ ၅ ရက်၊ မြန်မာစံတော်ချိန် ည ၉ နာရီ ၅၀ အချိန်မှစ၍ အလိုလျှောက် Log out ဖြစ်ခဲ့ပြီး ည ၁၀ နာရီ ၅၄ မိနစ်အချိန်မှ ပြန်လည်အသုံးပြု၍ရကြောင်း လူမှုကွန်ရက်သုံးစွဲသူများထံကသိရသည်။
“ Messenger မှာစာပို့နေရင်းတန်းလန်းနဲ့ နောက်ဆုံးပို့လိုက်တဲ့စာက couldn’t send လို့ ပေါ်လာပြီး ခဏနေတော့ Messenger ပါ logout ထွက်သွားတာနဲ့ Facebook ထဲဝင်တော့လည်း auto logout ဖြစ်နေပြီ။ အဲ့ဒီမှာ Acc တော့ hack ခံထိပြီထင်ပြီး လန့်သွားတာနဲ့ IT ပညာနားလည်တဲ့ အသိကို ph ဆက်လှမ်းမေးမှ သူတို့လည်းဖြစ်တယ်ဆိုပြီးသိရတယ်။ ခဏနေမှ တစ်ကမ္ဘာလုံးဖြစ်တာ Server Error တက်တာလို့ သိရတော့မှ စိတ်အေးရတယ်။ ” ဟု Facebook သုံးစွဲသူတစ်ဦးက ၎င်းတွေ့ကြုံခဲ့ရပုံကို ပြောသည်။
ယခုလိုသုံးစွဲမရသည့်အခြေအနေအတွင်း Meta ကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ် Andy Stone က တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် Facebook၊ Instagram၊ Messenger နှင့် Threads ပလက်ဖောင်းများအားလုံး အသုံးပြုမရသည်ကို သိရှိပြီး ပြန်လည်ပြုပြင်နေကြောင်းကို အသိပေးပြောဆိုခဲ့သည်။
“ Facebook တွေ logout ကုန်ပြီး အစက ဘာဖြစ်မှန်းမသိဘူး။ နောက်မှ error တက်လာလို့ သိရတယ်။ ဖြစ်ဖြစ်ချင်း Acc ပြန်ဝင်ရမလားလို့ ဝင်ကြည့်တော့လည်း ဘယ်လိုမှမရဘူး။ Acc က ပြန်ပြန်ထွက်နေတာ။ အခုပြန်ရတော့ ဘာ password မှ ထည့်စရာမလိုဘူး။ တန်းပြီး နဂိုအတိုင်းပြန်သုံးလို့ရတယ်” ဟု Facebook သုံးစွဲသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
Meta ပလက်ဖောင်းများသုံးစွဲမရဖြစ်နေကြောင်းကို နိုင်ငံတကာသတင်းဌာနများကလည်း အချိန်နှင့်တပြေးညီ ဖော်ပြခဲ့ကြပြီး မိမိ၏ ဖေ့ဘုတ်စ်အကောင့်ကို ဝင်ပါက “session expired, please log in again.” ၊ “Unable to log in. An unexpected error occurred. Please try logging in again.” ၊ “password you’ve entered is incorrect.” ဆိုသော စာသားများပြခဲ့ကြောင်းလည်း သိရှိရသည်။
“ သုံးနေရင်းနဲ့ logout ဖြစ်သွားတော့ အကောင့် hack ခံရပြီထင်နေတာ။ ပြန်ဝင်တော့လဲ ဝင်မရတာနဲ့ သူငယ်ချင်းကို စင်ဂနယ်ကနေလှမ်းမေးလိုက်တာ သူတို့မိသားစုလဲဖြစ်တယ်ဆိုတော့မှ ကိုယ်တစ်ယောက်ထဲမဟုတ်ဘူးဆိုတာသိတာ။ အခုတော့ပြန်သုံးလို့ရနေပါပြီ” ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်နေထိုင်သည့် Facebook သုံးစွဲသူ အမျိုးသားတစ်ဦးကဆိုသည်။
ထို့အပြင် Mark Zuckerberg သည် Meta ပလက်ဖောင်းများမှ တစ်နေ့လျှင် ဝင်ငွေမည်မျှရနိုင်သည်ကို ခန့်မှန်းရန် ခက်ခဲသော်လည်း ယခုကဲ့သို့ Facebook Server Error ကြာမြင့်ချိန် တစ်နာရီအထိ Facebok သုံးမရ ဖြစ်ခဲ့သည့်အတွက် ဒေါ်လာအများအပြားဆုံးရှုံးနိုင်ပြီး စတော့ဈေးကွက်လည်း ထိခိုက်မှုများရှိနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း Facebook ၌တင်ထားသည့်ပုံများကြည့်ရှု၍မရခြင်း၊ login ဝင်မရခြင်းများလည်းဖြစ်ပွားခဲ့သေးသည်။