ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင် ပုလိပ်များမှ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား အဓိကထား ဖမ်းဆီးမှုများ ပြုလုပ်နေသလို လက်ရှိတွင် အထောက်အထားပြည့်စုံသော မြန်မာနိုင်ငံသားများကိုပါ ဖမ်းဆီးနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
“မနက် ၈ နာရီလောက်က ၂၀ တန်ဆိုင်ကို အသွား မီဂါဟုမ်းနားမှာ အဖမ်းခံရတာ။ ကိုယ်က အထောက်အထား အကုန် အပြည့်အစုံကို ရှိတာ။ ဘတ်ရော ယာဉ်မောင်းလိုင်စင်ရော အကုန်ရှိတာ။ ဖမ်းစရာ ဘာအကြောင်းမှ မရှိတာကို ဖမ်းပြီး စခန်းကိုခေါ်သွားတာ။ ဟိုရောက်တော့ ကျွန်တော့်လိုင်စင်က မဲဆောက်မှာ မောင်းမရတဲ့လိုင်စင်ဖြစ်တယ်လို့ ပြောတယ်။ ပြီးတော့မှ ဒီလိုင်စင်က ရတယ်လို့ သူတို့ လူကြီးက ပြောတော့မှ သူတို့ မှားလို့တောင်းပန်ပါတယ်ဆိုပြီးတော့ ပြောတယ်။ နောက်ကျတော့ ဆိုင်ကယ်လွှဲပြောင်းနာမည်နဲ့ ကျွန်တော့် နာမည်မတူလို့ဆိုပြီး ရစ်တာပေါ့။ တောင်းတာ ဘတ် ၂,၀၀၀ တောင်းတာကို ၁,၀၀၀ နဲ့ ရအောင် ညှိပြီး ပြန်လာခဲ့ရတယ်”ဟု မဲဆောက်မြို့တွင် နေထိုင်သော မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
ထို့အပြင် ထိုင်းအာဏာပိုင် ပုလိပ်များသည် မြန်မာနိုင်ငံများကိုသာ အဓိကထား ဖမ်းဆီးနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများ မှန်ကန်ပါက အမေးအမြန်းမရှိဘဲ စခန်းကိုသာ ခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်းပြီး ငွေကြေးတောင်းခံကြောင်းလည်း ဆိုသည်။
“ရဲတွေက ဒီလထဲမှာ အရမ်းကျပ်ပြီးကို ဖမ်းတာ။ ဒီလ ၆ ရက်နေ့လောက်တည်းက စပြီးဖမ်းတာပဲ။ ကိုယ်ကဆိုင်ထဲကနေ အမြဲတွေ့နေရတယ်။ တစ်နေ့ တစ်နေ့ ၁၀ ယောက်ထက်မနည်း ဖမ်းခံရတာတွေ့တယ်။ သူတို့ မသင်္ကာရင်လည်း အဲ့ဒီလူကို သေချာစောင့်ကြည့်ပြီး ဖမ်းတာ။ ဆိုင်ထဲဝင်လာပြီး ဈေးဝယ် ပြန်ထွက်ထွက်ချင်း အဖမ်းခံလိုက်ရတဲ့ သူတွေလည်း ရှိတယ်။ ဒီမှာက နိုင်ငံရေး အခြေအနေတွေနဲ့ဆိုတော့ ရသလောက်တော့ စားသွားကြဦးမယ် သဘောထင်တယ်။ သဲသဲမဲမဲကို ဖမ်းနေတာ”ဟု ထိုင်းအာဏာပိုင် ပုလိပ်များ ဖမ်းဆီးသည့် ဖြစ်စဉ်အား မျက်မြင်တွေ့ဖူးသူ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးက ပြောသည်။
ယင်းအပြင် ထိုင်းပုလိပ်များ ဖမ်းဆီးခြင်းခံခဲ့ရဖူးသူ မြန်မာနိုင်ငံသူအမျိုးသမီးတစ်ဦးမှလည်း “၈ ရက်နေ့ ညလောက်က ဖြစ်မယ်။ ၉ နာရီလောက်ပေါ့ ဗိုက်က မခံမရက်နိုင်အောင် အောင့်လို့ အမျိုးသား ဆေးခန်းကိုပြေးတာ။ လမ်းမှာ ရဲဆိုင်ကယ်နဲ့ တွေ့တာပဲ။ သူတို့က လမ်းကြားထဲ ချိုးဝင်မယ့်ပုံဆိုတော့ ကိုယ်လည်း ဆက်မောင်းလာတာ။ ပြီးမှ အနောက်ကနေ လိုက်လာပြီး တားတယ်။ စစ်လားဆေးလားတွေလုပ်ပြီး စခန်းကို ခေါ်သွားတယ်။ ဟိုရောက်တော့ ဆိုင်ကယ်ရဲကဒ်အထောက်အထားမရှိဘဲ ယာဉ်မောင်းလို့ဆိုပြီး စရစ်တာပေါ့။ တောင်းတုန်းက ၅,၀၀၀ (ဘတ်) လောက်စတောင်းတာ နောက်တော့ ထိုင်းစကားနားလည်တဲ့သူဆီ ဖုန်းဆက်ပြီး ရှင်းပြခိုင်းတော့မှ ၃,၀၀၀ နဲ့ ညှိပြီး လွှတ်ပေးလိုက်တာ။ လူအထောက်အထားက ရှိပေမယ့် ဆိုင်ကယ်မှာ အထောက်အထားမရှိတော့ အဖမ်းခံလိုက်ရတာပေါ့”ဟု ပြောသည်။
မဲဆောက်တွင် ယခင်က ရှောင်တခင်စစ်ဆေးခြင်းများသာ မကြာခဏရှိခဲ့သော်လည်း ယခုနှစ်အတွင်း စစ်ဆေးဖမ်းစီးမှုများ ခပ်စိပ်စိပ်ဖြစ်လာကာ ယခု ဇွန်လအတွင်းတွင်ပင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ရာနှင့်ချီကာ အဖမ်းခံရကြောင်းလည်း သတင်းရင်းမြစ်များထံမှ သိရသည်။
“အခုက သူတို့က ပိုကျပ်ပြီး ဘာလို့ဖမ်းလဲဆိုတော့ မြန်မာတွေက ဒီမှာ ဆိုင်ကယ်တွေဝယ်တယ်။ ပြီးရင် ကယ်ရီမောင်းတယ်။ တချို့ကားတက်နိုင်တဲ့သူကလည်း ကားဝယ်ပြီး အငှားမောင်းတယ်ပေါ့။ ဒါတွေက အခုနှစ်ထဲမှာ အရမ်းကို များလာတာ။ အဲ့ဒီတော့ ဒီမှာရှိတဲ့ ရှမ်း (ထိုင်း) တွေက သူတို့ ဆိုင်ကယ်တွေ ကယ်ရီမလိုက်ရတာတွေ ကားအငှားတွေ ပါးတာတွေ ဖြစ်လာတော့ အထက်ကို စာပို့ပြီး တိုင်ကြတာ။ အဲ့ဒီတော့ ဆိုင်ကယ်တွေနဲ့ ကားတွေ ရဲကဒ်ကို မလုပ်ပေးတော့ဘဲနဲ့ အစစ်အဆေးကြမ်းပြီး ဖမ်းနေတော့တာ။ လိုင်စင်ရုံးတောင် တံခါးကို သော့အထပ်ထပ် ပိတ်ထားတယ်။ လုံးဝကို လုပ်မပေးဘူး။ ဖမ်းဖို့ကို ဦးတည်ထားကြတာ”ဟု လစဉ် အထောက်အထား ရဲကဒ်ပြုလုပ်ပေးသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအတွင်း အာဏာသိမ်းဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မဲဆောက်သို့ မြန်မာနိုင်ငံသားများသည် နိုင်ငံရေး ခိုလှုံရန်နှင့် အလုပ်အကိုင်ရှာဖွေရန် နေ့စဉ် ရာနှင့်ချီဝင်ရောက်လာကာ ဖမ်းဆီးခံရသူများလည်း ရှိနေသည်။