By MPA 004
ဗြိတိန်သည် အကြမ်းဖက်စစ်တပ်နှင့် ပတ်သက်ဆက်နွယ်နေသည့် လုပ်ငန်းသုံးခုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း ယနေ့တွင် ထုတ်ပြန်ချက်ဖြင့်အသိပေးလိုက်သည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ငါးနှစ်ပြည့်ခြင်းအတွက် ဗြိတိန်၏ ထုတ်ပြန်အသိပေးချက်တွင် ထိုသို့ပိတ်ဆို့အရေးယူလိုက်သည်ဆိုသည့် အချက်ပါ ထည့်သွင်း ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။
ဗြိတိန်က ပိတ်ဆို့အရေးယူလိုက်သည့် အကြမ်းဖက်စစ်တပ်နှင့် ဆက်နွယ်နေသည်ဆိုသော ကုမ္ပဏီစာရင်းတွင် Star Sapphire Group of Companies၊ International Gateways Group of Companies Limited (IGG) နှင့် Sky One Construction Company Ltd တို့ ပါဝင်နေသည်။
ယင်းကုမ္ပဏီများသည် အကြမ်းဖက်စစ်ခေါင်းဆောင် သားသမီးများဖြစ်သည့် ခင်သီရိသက်မွန်၊ အောင်ပြည့်စုံတို့နှင့် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်သော်လည်းကောင်း အကျိုးတူပူးပေါင်းလုပ်ဆောင်နေသည့် ကုမ္ပဏီများဖြစ်သည်။
ဗြိတိန်က အဆိုပါ အရေးယူမှုများကို ကြေညာလိုက်ခြင်းသည် မြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များတွင် ကူညီပံ့ပိုးနေမှုများအတွက် အားနည်းသွားအောင် ပစ်မှတ်ထား အပြစ်ပေးလုပ်ဆောင်လိုက်ခြင်းလည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ငါးနှစ်ပြည့်ခြင်းအတွက် ဗြိတိန်က အသိပေးမှုတွင်
“ လွတ်လပ်မှုနဲ့ ဒီမိုကရေစီတန်ဖိုးတွေကို လျော့ကျအောင်လုပ်သူတွေ၊ ဖျက်ဆီးသူတွေကို ဗြိတိန်က အမြဲ ရင်ဆိုင်တုံ့ပြန်သွားမှာပါ။ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ကျွန်မတို့ဟာ ရိုဟင်ဂျာလူ မျိုးတွေနဲ့ အခိုင်အမာဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ မျိုးနွယ်စုရှင်းလင်းသုတ်သင်ခြင်း လုပ်ဆောင်မှုကို ရှုတ်ချပါတယ် ” ဟု ဗြိတိန် အာရှရေးရာဝန်ကြီး Amanda Milling က အသိပေးထားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၌ မြန်မာစစ်တပ်၏ ရိုဟင်ဂျာများအပေါ် ပြုမှုပုံကို မျိုးနွယ်စုရှင်းလင်းသုတ်သင်ခံရခြင်းအဖြစ် ဗြိတိန်က ပြတ်သားစွာ သတ်မှတ်ပြီး မြန်မာစစ်တပ်၏ လူမဆန်မှုကို ရပ်တန့်ရန်နှင့် ၎င်းတို့ကို ဆက်လက် အရေးယူအပြစ်ပေးရန် ကတိပြုကြောင်း ယနေ့တွင်ထုတ်ပြန် အသိပေးထားသည်။
ထို့အပြင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ နိုင်ငံတကာ တရားမျှတမှုရရှိရေးကြိုးပမ်းမှုကို ကူညီပံ့ပိုးရန် ဗြိတိန်က ကြားဝင်ဆောင်ရွက်မှုများပြုလုပ်မည်ဖြစ်ကြောင်းလည်း တပါတည်း အသိပေးထားသည်။