By MPA
ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းက SSPP/SSA နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်ခဲ့ပြီး RCSS ၁၉၈ တပ်မဟာမှူးအပါအဝင် တပ်ဖွဲ့ဝင်များကို လက်နက်ခဲယမ်းများနှင့် အရှင်ဖမ်းဆီးရမိကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က MPAကိုပြောသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်း နေရာအတော်များများတွင် တိုက်ပွဲဖြစ်နေပြီး RCSS တပ်မဟာမှူးဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး မြေပြင်အခြေအနေကို အသေးစိတ်မသိရှိရသကြောင်း RCSS ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူးစိုင်းခမ်းစံက ဆိုသည်။
“ ရပ်စောက်မြို့နယ်မှာရှိတဲ့ နောင်၀မ်းနဲ့ ကျောက်ဂူကြား လမ်းမပေါ်မှာ ဖေဖေါ်ဝါရီ ၈ ရက်နေ့ နေ့လည် မွန်းလွဲ တစ်နာရီကျော်လောက်မှာ ဖမ်းမိတာပါ။ မိန်းမကော သမီးကော မိသားစုလိုက် ဖမ်းမိတာဖြစ်တယ်။ သုံ့ပန်းပေါ်လစီအရ ပြုစုစောင့်ရှောက်မှုပေးတယ်။ ပြီးတော့ သူတို့စား၀တ်နေရေးထိုင်ရေး၊လုံခြုံရေးကို လုပ်ပေးပါတယ်။ ခုချိန်ထိငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှိနေပါတယ်။ “ဟု SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က MPAကိုပြောသည်။
SSPP/SSA နှင့် RCSS/SSA တို့သည် ရှမ်းပြည်နဘ် ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်အတွင်းတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့ရက်နေ့များတွင် တိုက်ပွဲပြင်ထန်ခဲ့ပြီး ယနေ့အချိန်ထိဖြစ်ပွားဆဲဖြစ်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူးစိုင်းခမ်းစံက ဆိုသည်။
လေယာဉ်ကိစ္စအငြင်းပွားနေ
ဖေဖော်ဝါရီ ၉ ရက်တွင် ရှမ်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၂ ဖွဲ့ဖြစ်ပွားခဲ့သည့် ကျောက်ဂူတိုက်နယ်က တိုက်ပွဲအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီက လေယာဉ် ၂ စီး ဖြင့် ဗုံး များကြဲခဲ့သည်အတွက် SSPP/SSA တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က MPAကိုပြောသည်။
“ ရပ်စောက်မြို့နယ်မြောက်ဖက်မှာရှိတဲ့ ကျောက်ဂူနယ်ထဲမှာ SSPP တွေက အင်အားထောင်ချီပြီး ထိုးစစ်ဆင်လာတယ်။ RCSS ခုခံရင်းနဲ့ တိုက်ပွဲအကြီးကြီးဖြစ်တာပေါ။မနေ့က စကစညနေပိုင်း လေယာဥ်နှစ်စီး တိုက်ပွဲကြားထဲမှာလာပစ်တယ်။ ထိခိုက်မှုတွေရှိ အသေးစိတ်တော့မသိရသေးဘူး။ ကျနော်တို့ဖက်ကို ကပ်ပြီးပစ်သွားတယ်။ တိုက်ပွဲနှစ်ခုဖြစ်နေတာကို သူတို့ကြားထဲ၀င် ပစ်သွားတာပါ။ စကစအတွက် အမြတ်ပဲပေါ။“ ဟု RCSS ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူးစိုင်းခမ်းစံက ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေစဥ် အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် လာရောက် ပစ်ခတ်သည့် အပေါ် အပြန်အလှန် ငြင်းဆိုနေကြသလို တစ်ဖက်နှင့် တစ်ဖက်လည်း အပြန်အလန် စွပ်စွဲပြောဆိုလျက်ရှိကြသည်။
“ ကျနော်တို့အချင်းချင်းဖြစ်နေတာကို ဘာဖြစ်လို့ စကစက ဘာဖြစ်လို့ကြား၀င်ပြီးတော့ လေယာဥ်သုံးပြီ ပစ်ကူလဲဆိုတာကို တိုက်ပွဲရဲ့နောက်ကွယ်မှာ ဘာဖြစ်နေတလဲဆိုတာ ပထမအချက်အနေနဲ့ စကစ က ဖြေရှင်းချက်လိုတယ်။ နောက်တစ်ခုက RCSS က စကစနဲ့ ဘယ်လောက်အပေးအယူလုပ်ထားလဲ ညှိနှိုင်းမှုလုပ်ထားလဲ ဆိုတာ စဥ်းစားစရာပေါ့ “ဟု SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က MPAကိုပြောသည်။
ပြသနာက အစကဘာလဲ
ရှမ်းပြည်တောင်ပိုင်းတွင်အခြေစိုက်ထားသည့် RCSSသည် NCA လက်မှတ်ထိုးပြီးနောက်ပိုင်းတွင် SSPP အခြေစိုက်သည့် ရှမ်းပြည်မြောက်ပိုင်းသို့ ၀င်ရောက်တပ်စွဲခြင်းခြင်းကြောင့် ဖြစ်သည်ဟု SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က MPAကိုပြောသည်။
RCSS တပ်မဟာမှူးက အကြမ်းဖက် စစ်ကောင်စီနှင့် ဆွေးနွေးပြီး ပြည်သူ့စစ်ပြောင်းရန် ပြင်ဆင်နေသည့်အပေါ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ RCSS က ကျနော်တို့ မြောက်ပိုင်းကိုတိုးချဲ့နေရာယူလာတာ NCA ထိုးပြီးနောက်ပိုင်းမှာ ဖြစ်လာတဲ့ ပြဿနာဖြစ်တယ်။ ကျနော်တို့ ၂၀၁၅ မတိုင်ခင်က မြောက်ပိုင်းမှာ SSPP/ SSA ကလွှမ်းမိုးလုပ်ကိုင်နေတဲ့ နယ်မြေဖြစ်တယ်။ ဒါပေမယ့် သူတို့က ဒီဟာကို အခွင့်ကောင်းယူပြီး NCA လက်မှတ်ထိုးပြီးမှ ကျနော်တို့မြောက်ပိုင်းကို ချဲ့ထွင်လာတော့ မလိုလားအပ်တဲ့ ပြသနာတွေဖြစ်လာတာပေါ့။ ကျနော်တို့အုပ်ချုပ်ရေးမှုးတွေကိုဖမ်းဆီးချုပ်နှောင်တာတို့ သတ်ဖြတ်တာတို့ အခွန်ကောက်တာတို့ ဒါမျိုးတွေပြဿနာ တစ်စ တစ်စဖြစ်လာတာပေါ့။ ၂၀၁၁ က ၂၀၁၈ အထိ ညှိနှိုင်းလုပ်ဆောင်တာတွေရှိတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ မအောင်မြင်တော့ မလွဲမရှောင်သာပဲ အင်အားသုံးပြီးဖြေရှင်းရတဲ့အခြေအနေရောက်သွားတာပေါ့။ “ ဟု SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ရှင်းပြသည်။
SSPP သည် အကြမ်းဖက်စစ်တပ်၏အကူအညီဖြင့် ရှမ်းမြောက်ဒေသသို့ ဝင်ရောက် နေရာယူခဲ့ရာ အင်အားလေးထောင်ကျော်ထိ ရှိခဲ့သော်လည်း အာဏာသိမ်းပြီး နောက်ပိုင်း SSPP အပါအဝင် ရှမ်းမြောက်ရှိမဟာမိတ်တပ်များသည် RCSSကို ပြန်လည် တိုက်ခိုက်သဖြင့် အင်အားလျော့နည်းလာကြောင်း သိရသည်။
မြောက်ပိုင်းနှင့် ဆက်စပ်သည့် နယ်မြေကို RCSS က ကျူးကျော်၀င်ရောက်သည်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းကြောင်း ကို SSPP က ပြောဆိုထားသော်လည်း RCSS အနေဖြင့် လတ်တလေ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးပြောဆိုမှု မရှိချေ။
RCSS တပ် ရှမ်းမြောက်သို့ ဝင်ရောက်လာပြီးနောက် SSPP တပ်များအပြင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် လည်း တိုက်ပွဲများစွာဖြစ်ခဲ့သလို SSPP/TNLA ပူးပေါင်းတပ်များနှင်လည်း အကြိမ်ကြိမ်ဖြစ်ခဲ့သည်။
“ သူတို့အပေါင်းအပါတွေပါမှာပေါ့ တခြားဖက်ကအင်အားဖြည့်ထားရင်လဲ။ ဒါက SSPP ကတာ၀န်ယူ၊ တာ၀န်ခံရမှာပေါ့။ “RCSS ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူးစိုင်းခမ်းစံက ဆိုသည်။
RCSSအနေဖြင့် ဖေဖော်ဝါရီ ၇ရက် ရှမ်းအမျိုးသားနေ့ ထုတ်ပြန်ကြေညာချက်တွင်၂၀၁၅ နောက်ပိုင်း စတင်ဖြစ်ပွားခဲ့သည့် ရှမ်းပြည်ရှိ ညီနောင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်းကြား စစ်ရေးပဋိပက္ခများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းများဖြင့် ကြိုးပမ်းဖြေရှင်းသွားမည်ဟု ဖော်ပြခဲ့ပြီးနောက် ယခုလိုတိုက်ပွဲကြီးများဖြစ်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲကြားက ပြည်သူတွေ
ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်သည် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းကို ဆက်သွယ်ထားသည့် ကားလမ်းပေါ် တည်ရှိပြီး အဆိုပါ လမ်းမကြီးပေါ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ထောင်ချီကာ စစ်ဘေးရှောင်နေကြကြောင်း ရပ်စောက်ဒေသခံများကဆိုသည်။“
“ တိုက်ပွဲဖြစ်တဲ့ နားကရွာတွေအကုန် ထွက်ပြေးနေကြရတယ်။ ရပ်စောက်မြို့ပေါ်ကို အဆင်ပြေသလို ထွက်ပြေးနေကြရတယ်” ဟု ဒေသခံ ရွာသားတစ်ဦးက ဆိုသည်။
တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့သည့် ကျောက်ဂူတိုက်နယ်ရှိကျေးရွာတစ်ချို့တွင် နေအိမ်များပျက်ဆီးမှုများရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ရှမ်းပြည်မြောက်ပိုင်းရှိ ဒေသခံပြည်သူများသည် ၂၀၁၅ ခုနှစ် ယနေ့အချိန်ထိ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ရသည့် အကြိမ်အရေအတွက်မှာ တစ်နှစ်လျှင် ၅ ကြိမ်ထက်မနည်းရှိကြောင်း မှတ်ချက်ပြုပြောဆိုကြသည်။
“ ဒီရက်အတွင်းတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၂၀၀၀ကျော် လောက်ရှိတယ်။ တိုက်ပွဲတွေကြောင့် စစ်ဘေးရှာင်ပြည်သူတွေ ရှမ်းမြောက်မှာ ပြန်များလာနိုင်တယ်။ “ ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးကဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တစ်ကျော့ပြန်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ တစ်သောင်းခန့်ရှိနေပြီး တိုက်ပွဲများပိုမိုပြင်းထန်လာပါက ယခုထက်ပိုများပြားလာနိုင်ကြောင်း စစ်ဘေးရှောင်များအတွက် လက်တလောအကူအညီများလိုအပ်နေကြောင်း သိရသည်။
#ရှမ်းမြောက် #RCSS/SSA #SSPP/SSA #တိုက်ပွဲ #MPA #Myanmar