By Wadi / MPA
“ချော်ရည်အပြည့်နဲ့ မီးပြင်းတောင်ကိုလေ။ သံကွန်ခြာတောင် လုံအောင်မဖုံးနိုင်ပေ။ မဆိုင်တာတွေးပြီး မကြောက်နဲ့ တို့အချစ်ရေ၊ နေပါစေ၊ လူတွေသိလေ ပိုကောင်းလေ…”
မေဆွိနဲ့ ကိုင်ဇာတို့ရဲ့ တစ်ခေတ်တခါက သိပ်ကို နာမည်ကြီးခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။ အခုရက်ပိုင်း ဒီသီချင်းကို နားထောင်မိနေတာ အကြောင်းရှိပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ ငလျင်ကြီး တစ်ခုဟာ စစ်ကိုင်းနဲ့မန္တလေးကို ဗဟိုပြုလှုပ်ခတ်ခဲ့ပါတယ်။ မြန်မာပြည်သူတွေ ထောင်ချီသေဆုံးခဲ့ရပါတယ်။
သတင်းသမားတစ်ဦးပီပီ ငလျင်နဲ့ ပတ်သက်တဲ့ သတင်းတွေကို စာဖတ်သူထံ မြန်မြန်ဆန်ဆန်စီးဆင်းနိုင်ဖို့ ကြိုးစားရတဲ့အခါ Background (အတိတ်ကဖြစ်ရပ်) တွေကိုလည်း ရှာမှီးရပါတယ်။
အွန်လိုင်းခေတ်ကြီး၊ အင်တာနက်ခေတ်ကြီးမှာ ဘာရှာရှာ၊ အနီးစပ်ဆုံး၊ အကောင်းဆုံး ရှာလို့ ဖွေလို့ ရနေတာကတော့ ဒေတာတွေပါပဲ။
ငလျင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအပြင် မုန်တိုင်းအကြောင်းတွေပါ လိုက်ရှာရင်း ကွယ်လွန်သွားပြီဖြစ်တဲ့ မိုးလေဝသပညာရှင် ဦးထွန်းလွင်ရဲ့ ဟောပြောပွဲတွေ၊ အင်တာဗျူးတွေကို တွေ့မိတယ်။
သဘာဝဘေးအန္တရာယ်အကြောင်းပြောရင် မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်ကို မြန်မာ ပြည်သူတွေက ထင်းနေ၊ ရှင်းနေအောင် သိကြပါတယ်။
သဘာဝဘေးအန္တရာယ်တွေအကြောင်း ဒေါက်တာ ဦးထွန်းလွင်လက်ခံထားတာတစ်ခုရှိပါတယ်။ အဲဒါက “လူတွေသိလေပိုကောင်းလေ”တဲ့။
သဘာဝဘေးအန္တရာယ်ကိစ္စတွေကို အချိန်မနှောင်းခင် လူတွေပိုသိလေလေ၊ ပိုကောင်းလေလေကို ဆိုလိုတာပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်ကြီးလှုပ်ခတ်ခံရပြီးနောက် သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်တဲ့ သတိပေးမှုတွေ၊ ဗဟုသုတတွေ ပိုမိုပေါ်ထွက်လာခဲ့ပါတယ်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးမတိုင်ခင်ကို မြန်မာနိုင်ငံရဲ့ ငလျင်ပညာရှင်တော်တော်များများက ငလျင်အကြောင်းတွေကို ထုတ်ဖော်အသိပေးခဲ့ကြပါတယ်။
လွတ်လပ်တဲ့ သတင်းဌာနတွေကလည်း ငလျင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေစသဖြင့် ပညာရှင်တွေကို မေးမြန်းပြီး တင်ဆက်ခဲ့ကြတာ အများကြီးပါ။
ဒါပေမဲ့လည်း ထူးခြားတာတစ်ခုက ငလျင်ဆိုတာ တခြား သဘာဝဘေးအန္တရာယ်တွေလို အတိအကျမှ မသိနိုင်တာကိုး။
ဆိုတော့ ဘယ်လိုပဲ ငလျင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ဆက်၊ ရှင်းပြခဲ့ပေမဲ့ ဖြစ်ခဲ့တာတွေတော့ ဖြစ်ပြီးပြီလို့ပဲ သဘောထားရမှာပါ။
သဘောထားလို့မရတာက ဘယ်ဘေးအန္တရာယ်တွေမဆို အဲဒီ ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံတွေ ဝေမျှနိုင်ဖို့နဲ့ အသိဗဟုသုတ ရှိဖို့က အဓိက ကျနေပါတယ်။
“ Sharing is caring” တဲ့။ ဒီမိုကရေစီခေတ်မှာ လူထုက နေရာတကာ အဆုံးဖြတ်ပေးရတဲ့ ကာလလို အခြေအနေတွေမှာ လူထုရဲ့ အသိပညာဟာလည်း ဖွံ့ဖြိုးဖို့လိုတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က လက်ခံထားပါတယ်။
ဒါကြောင့်လည်း သူ မကွယ်လွန်အထိ မြန်မာပြည်သူ၊ ပြည်သားတွေအတွက် အလုပ်အကျွေးပြုရင်းနဲ့ ကုန်ဆုံးခဲ့ပါတယ်။
ပြန်ဆက်ရရင် မြန်မာနိုင်ငံဟာ သဘာဝဘေးတွေနဲ့ မစိမ်းတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ သိသင့်ပါတယ်။ Adaptation ကို ကောင်းကောင်း အသုံးချရဖို့ သင့်နေပါပြီ။
Adaptation ဆိုတာ ရုတ်တရက် ဒါမှမဟုတ် တဖြည်းဖြည်းချင်းဖြစ်စေ ပြောင်းလဲသွားတဲ့ နေထိုင်ရာ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး သက်ရှိတွေအားလုံး ရုပ်ပိုင်းဆိုင်ရာနဲ့ အမူအကျင့်တွေကို လိုက်လျောညီထွေရှိစွာ အလိုက်သင့် ပြောင်းလဲ ရှင်သန်နေထိုင်ရတဲ့ ပုံစံမျိုးပါ။
အခုဆိုရင် ငလျင်ကြီး ပြီးတဲ့နောက် နောက်ဆက်တွဲ အကြောင်းအရာတွေ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ငလျင်တွေအကြောင်းကို ပညာရှင်တွေက ပြောဆို၊ သတင်းတွေ ပေးနေကြပါတယ်။
တချို့ကလည်း ဒါကို လူထုအစိုးရိမ်လွန်ကဲအောင် လုပ်နေကြတယ်ဆိုတဲ့ ထင်မြင်မှုတွေလည်း ရှိပါတယ်။ ဒီနေရာမှာ ပြောချင်တာက အပေါ်မှာ ပြောထားသလိုပဲ မြန်မာနိုင်ငံဟာ သဘာဝဘေးတွေနဲ့ မစိမ်းတဲ့ နိုင်ငံဖြစ်တယ်ဆိုတာကိုပဲ ခေါင်းထဲ ထည့်ထားရင်ရပါပြီ။
စိုးရိမ်မှုလည်း မလွန်သင့်သလို၊ သတိလည်း ကပ်နသင့်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေကြားကပဲ Adaptation ကောင်းကောင်းလုပ်နိုင်ဖို့ အဖြေရှာရမှာပါပဲ။ နောက်ပြီး Resilience ကောင်းအောင် လုပ်ဆောင်ရပါမယ်။
Resilience ဆိုတာ ဒုက္ခကို ခံနိုင်ရည်ရှိတာကို ပြောတာမဟုတ်ဘူး။ ရိုက်ချခံရချိန်မှာ မကျိုးပဲ့ဘဲ ကွေးညွတ်နိုင်တာမျိုး၊ လဲကျပြီး ဘယ်လောက်မြန်မြန် ပြန်ထနိုင်တယ်ဆိုတာမျိုးကို ပြောတာလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။
ဒေါက်တာ ဦးထွန်းလွင်စကား ငှားပြောရရင် ဒီကာလဟာ မိုးကြိုကာလ မုန်တိုင်း ဝင်လေ့ဝင်ထရှိတဲ့ ကာလတစ်ခုပါ။ ဧပြီလ ၁၅ ရက်နေ့ကနေ မုတ်သုံဝင်တဲ့နေ့အထိကို မိုးကြိုကာလလို့ ပြောပါတယ်။ မိုးလွန်ကာလတွေမှာလည်း မုန်တိုင်း ဝင်တတ်ပါတယ်။
မြန်မာနိုင်ငံကို ဝင်လေ့ရှိတဲ့ မုန်တိုင်းတွေဟာ မေလ၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ ဝင်လေ့ရှိပါတယ်။ မေလဟာ မုန်တိုင်းအဝင်များလေ့ရှိတဲ့ ကာလတစ်ခုဖြစ်ပါတယ်။ ဒီကာလတွေဟာ မြန်မာနိုင်ငံရဲ့ မုန်တိုင်းရာသီအဖြစ် သတ်မှတ်ကြပါတယ်။
ရာသီဥတုပြောင်းလဲမှုတွေကြောင့် မုတ်သုံဝင်တဲ့ကာလတွေဟာ မမှန်တော့တဲ့နောက် မိုးကြိုကာလဟာ ပိုရှည်လာတဲ့အတွက် မုန်တိုင်းဝင်နိုင်တဲ့ အခြေအနေတွေဟာလည်း ပိုမို ရှည်ရှည်ကြာကြာ ဖြစ်လာတဲ့သဘောမျိုးဖြစ်လာပါတယ်။
ဒါ့အပြင် မိုးလွန်ကာလဟာလည်း မိုးကြိုကာလရှည်လာတာကြောင့် အပြိုင်ရက်တွေများပြားလာခဲ့ပြန်ပါတယ်။
ဒီတော့ ငလျင်နဲ့ မုန်တိုင်းအန္တရာယ်ဟာ အနာဂတ်မှာလည်း မြန်မာပြည်သူတွေ ဆက်လက် ရင်ဆိုင်ရလာနိုင်ပါတယ်။ သဘာဝဘေးတွေဖြစ်တာကြောင့် အစိုးရိမ်မလွန်၊ ပေါ့ပေါ့ဆဆ မနေဘဲ သတိထားနေပြီး ရင်ဆိုင်မယ်ဆိုရင် ထိခိုက်သေကျေပျက်စီးမှု နည်း နိုင်ပါတယ်။
ကြိုတင်ခန့်မှန်းလို့ရတဲ့ သဘာဝဘေးပဲဖြစ်ဖြစ်၊ မခန့်မှန်းနိုင်တဲ့ သဘာဝပေးပဲဖြစ်ဖြစ်၊ သတင်းတွေနဲ့ သတိထားရမဲ့ ကိစ္စတွေကို အမြဲတမ်း လက်ပွန်းတတီးဖြစ်အောင်၊ Adaptation ဖြစ်အောင်လုပ်နေဖို့ပါပဲ။
လူတွေသိလေ ပိုကောင်းလေ သီချင်းထဲကလို “ကြောက်တတ်ရင်လွဲလို့ ရဲတဲ့သူမင်းဖြစ်၊ ဟိုခေတ်က စကားပုံတွေ..။ ဒါတွေအလကားမဟုတ်ပါ။ တချိန်မှာ တန်ဖိုးရှိမယ်။ စိုးရိမ်ကြီးလွန်းတဲ့မေ”လို့ပဲ အဆုံးသတ် လိုက်ပါရစေ။