By Wadi / MPA (ဆောင်းပါး)
အခက်အခဲနှင့် ဘက်စုံကျပ်တည်းမှု ဆိုသည်မှာ မြန်မာပြည်သူလူထုနှင့် ဒွေးရောယှက်တင် နေထိုင်နေသော အရာဖြစ်လာနေသော်လည်း ဒီတစ်ခေါက်အခြေအနေကတော့ အဆိုးရွားဆုံးအခြေအနေတစ်ခုကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။
၂၀၂၅ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ဒဿ၇ အဆင့်ရှိ အင်အားအလွန်ကြီးသော ငလျင်နှင့် နောက်ဆက်တွဲငလျင် လှုပ်ခတ်မှုများကြောင့် လူပေါင်း ၄,၀၀၀ နီးပါးသေဆုံးခဲ့ရပြီး အသက်အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည် ။
မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် နှင့် အခြား မြို့ကြီးများတွင် သေဆုံးသူအများအပြားနှင့် ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည်။
ထိုမျှ ဆိုးရွားပြင်းထန်သော အခြေအနေရောက်နေသော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများက မရပ်တန့်ဘဲ ရှိနေသည်။
ပေါက်ကွဲမှု၏ မီတာ ၂၀ ( ၆၅ ပေ) အချင်းဝက်ဧရိယာအတွင်းရှိ အရာဝတ္ထုနှင့် မည်သူကိုမဆို ပြင်းထန်စွာထိခိုက်ဒဏ်ရာရစေပြီး သေဆုံးသွားစေနိုင်သည့် ပေါင် ၅၀၀ ဗုံးများကို စစ်ကောင်စီ၏ တိုက်လေယာဉ်များက ကောင်းကင်ယံကနေ နေ့စဉ်ကြဲချတိုက်ခိုက်နေခဲ့သည်။ ထောင်းလမောင်းကြေမွသွားသော လူနေအိမ်များ ၊ အဆောက်အအုံများ၊ ဘဝများ ၊ အသက်များစွာတို့သည် ငလျင်ဒဏ်ကြောင့် မဟုတ်ဘဲ လူလုပ်ဘေးကြောင့် ကြေမွနေရသည်။
ငလျင်ဘေး ကယ်ဆယ်ရေးအတွက် ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ ၂၁ ရက်အကြာ ယာယီအပစ်အခတ် ရပ်စဲရေး ကာလအဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက ဧပြီ ၂ ရက် ညနေပိုင်းတွင် ကြေညာခဲ့သည်။ သို့သော် ကြေညာချက်တစ်ခုထက် မပိုခဲ့သော အပစ်အခတ်ရပ်စဲရေးမှာ နာရီပိုင်းသာ ခံခဲ့ပြီး စစ်ကောင်စီကိုယ်တိုင် ချိုးဖောက်ခဲ့ပါသည်။
ဧပြီ ၂ ရက်က စပြီး ကာလတို အပစ်အခတ်ရပ်စဲမည်ဟု ကြေညာခဲ့သော စစ်ကောင်စီသည် ဧပြီ ၃ ရက်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် မြေပြင်ထိုးစစ်ဆင်မှုများ လုပ်ခဲ့သလို စစ်ကိုင်းတိုင်း နှင့် ရခိုင်ပြည်နယ် တွင်လည်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ခဲ့သည်။
ငလျင်ကြီးနောက်ပိုင်း စစ်ကောင်စီက မြို့နယ် ၃၉ မြို့နယ်ထက်မနည်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၆၀ ကျော် ပြုလုပ်ခဲ့သည်ဟု ISP Myanmar က ဧပြီ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဲဒီထဲက ၇၄ ကြိမ်မှာ အပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက်ပိုင်း တိုက်ခိုက်ခဲ့သည့် အကြိမ်ရေဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုများကို အများဆုံးခံစားခဲ့ရသည့် မြို့နယ်များမှာ ငလျင်ဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရသည့် စစ်ကိုင်းတိုင်းထဲက မြို့နယ်များ ဖြစ်နေခဲ့သည်။ ဒုတိယအဆိုးဆုံးမြို့နယ်များမှာ ရှမ်းမြောက်က မြို့နယ်များ ဖြစ်သည်။
” ရှင်လျက်ကျနေရသည့် ငရဲခန်းများ “
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်က အခုထိ မပြီးပြတ်သေးပေ။
နောက်ဆက်တွဲငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်နေဆဲဖြစ်သည်။
ရုပ်အလောင်းမဲ့ အသုဘအခမ်းအနားများ ရှိနေသေးသည်။
ရှိရင်းစွဲ ဘဝအခြေအနေများကနေ တစ်ခဏချင်း ပျက်စီးဆုံးရှုံးသွားသည့် လူများ၊ ဘဝများမှာ ညှိုးငယ်လျက်ပင် ရှိနေသေးသည်။
လူ့အသက်များ၊ ကြိုးစားတည်ဆောက်ထားခဲ့ရသော ဘဝအခြေအနေများ၊ နှစ်ပေါင်းကြာရှည်ခိုင်ခံ့ခဲ့သော အမွေအနှစ်များ အားလုံး ပြိုကျပျက်စီးခဲ့ရသည်။
မြန်မာများသည် ဒူပေနာပေခံနိုင်သော စွမ်းရည် ရှိသည်ဆိုသော်လည်း အသွေး၊ အသားနှင့် ခံစားမှုဖြင့် တည်ဆောက်ထားသည်မို့ ပြင်းအားများသော ရိုက်ပုတ်မှုနှင့် ကြုံလာလျှင် ခွေခေါက်လဲကျရသည်ပင်။ ငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း လူမှုကွန်ယက်စာမျက်နှာများပေါ် တက်လာသည့် အကြောင်းအရာများ၊ ဗွီဒီယိုင်ဖိုင်များကို ကြည့်ပြီး တစ်နိုင်ငံလုံး စိတ်နှလုံး ညိုးကြေခဲ့ရသည်။
ထုံးစံအတိုင်း ကိုယ်ထူကိုယ်ထ ကူကြ ဖေးမကြ၊ နှစ်သိမ့်ကြရပြန်သည်။
ငလျင်ဆိုသည်မှာ ခန့်မှန်းမရသော သဘာဝဘေးဖြစ်သဖြင့် မည်သူမဆို ကြုံရနိုင်သည်ဆိုသော အချက်ကို နှလုံးသွင်းကာ အားတင်းဖြေဖျောက်ဖို့ ကြိုးစား၍ ရနိုင်ပါသော်လည်း လေကြောင်းတိုက်ခိုက်မှုများကတော့ ထိုသို့ မဟုတ်ပါ။
ငလျင်လှုပ်ခတ်မှု မဖြစ်ခင်ကတည်းက ရှိနေသော လေကြောင်းတိုက်ခိုက်မှုများသည် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းတွင်လည်း ရပ်တန့်မနေခဲ့ပေ။
ငလျင်လှုပ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများတွင် အဆိုးရွားဆုံး တိုက်ခိုက်ခံရပြီး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ရွာများမှာ စစ်ကိုင်းတိုင်းရှိ နမ်းခမ်းရွာနှင့် မန္တလေးတိုင်းရှိ ရေထွက်ရွာတို့ ဖြစ်သည်။ ဒီနယ်မြေများသည် ငလျင်ဒဏ်ကို နဖူးတွေ့ ဒူးတွေ့ခံစားခဲ့ရသော ဒေသများ ဖြစ်သည်။
ဧပြီ ၉ ရက်က စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ထဲရှိ နမ်းခမ်းရွာ ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူပေါင်း ၃၀ခန့် သေဆုံးခဲ့ရသည်။ ပြင်းထန်လွန်းသော ပေါင် ၅၀၀ ဗုံးလေးလုံးကို နှစ်ခါကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တစ်ရွာလုံးနီးပါး ရစရာမရှိအောင် ပျက်စီးသွားခဲ့ပြီး သေဆုံးရုပ်အလောင်းများကို မကောက်ယူနိုင်သည်အထိ ဆိုးရွားလွန်းခဲ့သည်။ ဧပြီ ၁၉ နှင့် ၂၀ ရက်တွင် မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ်ထဲရှိ ရေထွက်ရွာကို အာဏာသိမ်း စစ်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့သည်။ ကလေးငယ်အပါအဝင် လူပေါင်း နှစ်ဒါဇင်ထက်မနည်း သေဆုံးခဲ့ရသည်။
MDY PDF ၏ စာရင်းအရ ဧပြီ ၁ ရက်ကနေ ၁၉ ရက်အတွင်း သပိတ်ကျင်းမြို့နယ်တစ်ခုတည်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ် ပြုလုပ်ခဲ့သည်။ မီးလောင်ပျက်စီးခဲ့သည့် ကလေးငယ်နှင့် သွေးအလိမ်းလိမ်းပေကျံနေသည့် ကလေးငယ်များ၏ ရုပ်အလောင်းဓာတ်ပုံများမှာ လူမဆန်သော ရက်စက်မှုကို မီးမောင်းထိုး သက်သေများပင်ဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုဆိုသည်မှာ ခန့်မှန်းမရသော သဘာဝဘေးမဟုတ်ပါ။
လူကို လူကလုပ်သည့် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးသော အန္တရာယ်ဆိုးတစ်ခု ဖြစ်သည်။
လူဆိုသည့် ဖြစ်တည်မှုကို ထည့်သွင်းတွက်ချက်ခြင်းမရှိဘဲ တန်ဖိုးမဲ့ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ခံလိုက်ရခြင်းဖြစ်သည်။
ဘဝဖြစ်တည်မှုများသည် လက်ခုပ်ထဲက ရေများ ဖြစ်သွားသည်။
သွန်ချင်သွန် မှောက်ချင်မှောက်အဖြစ် စီမံခံလိုက်ရခြင်းဖြစ်သည်။
“ အန္တရာယ်ကို နားစွင့်ကြသူများ”
ငလျင်ဒဏ်ခံစားပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်များအတွက် အချက်ပေးပုံစံဟု ဆိုကာ အိပ်ရာဘေး တွင် အိုးခွက် ဒန်ခွက်များ နှင့် ပုလင်းများကို ဆင့်ပြီး စီထားသော ဓာတ်ပုံတစ်ပုံမှာ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သည်။
အပြင်လူအမြင်တွင် ရယ်စရာဟာသပုံစံ ဖြစ်နေသော်လည်း မြန်မာလူထုအတွက်တော့ မရယ်ရသော ဟာသတစ်ကွက် ဖြစ်ပါသည်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသော ပြယုဂ်တစ်ခုဟု မှတ်ယူရနိုင်သည်။
ပင်မ ငလျင်ကြောများသည် မြန်မာနိုင်ငံတွင်း ဖြတ်သန်းတည်ရှိနေသော်လည်း ငလျင်ဘေးအတွက် မည်သည့်ကြိုတင်ကာကွယ်နည်းမှ မရှိခဲ့သော နိုင်ငံဖြစ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများက ထင်ထားသည်ထက် ပိုမိုဆိုးရွားခဲ့ရသည်။
ငလျင်ဆိုသည့် ဆိုးရွားမှုကို ထိပ်တိုက်တွေ့တော့မှ ငလျင်လှုပ်လျှင် မည်သို့ ပြုမူနေထိုင်ရမည်ဆိုသော အသိပညာက လူထုကြား ပျံ့နှံ့လာခဲ့သည်။
ယခုချိန်ထိ ပြန်လည်ထူထောင်ရေးနှင့် ထိရောက်သော ကိုင်တွယ်ဖြေရှင်းနည်းများ မတွေ့ရသေးပေ။ နောက်ဆက်တွဲ ငလျင်အတွက် အိုးခွက်ဒန်ခွက်များက ကိုယ်တိုင်တီထွင်ထားသော အချက်ပြသံ ဖြစ်လာရသည်။
လော်စပီကာသည်လည်း ထိုနည်းလည်းကောင်း ဖြစ်လာခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကို ကြိုတင် ကာကွယ်ဖို့ လော်စပီကာနှင့် အော်ကာ အသိပေးသည့် ရုပ်သံဖိုင်တစ်ခု ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့လာခဲ့သည်။ ဘယ်နိုင်ငံ၊ ဘယ်နေရာမှာမှ မတွေ့နိုင်သော ယခုလို လေကြောင်းသတိပေးအန္တရာယ် အချက်ပြပုံမျိုးမှာ မြန်မာနိုင်ငံတွင်သာ ရှိပါလိမ့်မည်။
လေကြောင်းကာကွယ်ရေးအချက်ပြစနစ်မရှိ လေကြောင်းအန္တရာယ်ကို ခုခံကာကွယ်နိုင်သော လက်နက်မရှိသည့် အရပ်သားပြည်သူများအတွက် လော်စပီကာသည် သတိပေး၊ အချက်ပြ ပစ္စည်းဖြစ်လာသည်။
“ဒီလို သတိပေးဖို့ က လုပ်ရမှာ၊ ရွာကလည်း သုံးနေရာလောက် ပွိုင့်ပေါက်ထားတော့ လေယာဉ်ဝဲတိုင်း ကြောက်နေရတာ၊ ခက်တာက အခုနောက်ပိုင်းတွေ အသံမကြားဘူး၊ သူက ဗုံးချပြီး ပျံတက်မှပဲ အသံကြားရတာ။ ကိုယ့်အလှည့်စောင့်နေရသလိုကြီး နေနေရတာ” ဟု ရေထွက်ရွာအနီးရှိ ကွင်းသုံးဆယ် ရွာတွင် နေထိုင်သူ မသက်သက် ကပြောသည်။
စစ်ကောင်စီ လက်လွှတ်လိုက်ရသည့်နယ်မြေများနှင့် လက်မလွှတ်ရသေးသော်လည်း ခုခံနေဆဲ မြို့နယ်များ အနေဖြင့် ငလျင်ဒဏ်ကြောင့် မည်မျှ ထိခိုက်နေရပါစေ လေကြောင်းရန်ကို မဖြစ်မနေ သတိထားရန် လိုအပ်ကြောင်း စစ်ရေးအကဲခတ်များက သတိပေးထားကြသည်။
” ဖိစီးမှုနှင့် နေထိုင်ခြင်း “
နာဂစ်မုန်တိုင်း ရင်ဆိုင်ဖြတ်ကျော်ပြီး အသက်ရှင်ကျန်ခဲ့သူ အမျိုးသမီးတစ်ဦးက “ကျွန်မက ကံဆိုးလွန်းလို့ အသက်ရှင်ကျန်ခဲ့တာ” ဟု ပြောဖူးသည်။
မပျော်မရွှင်လေထုကို ရှူရှိုက်ပြီး ပြေးစရာမြေမရှိ၊ ခိုစရာအမိုးမရှိသည့် မြန်မာလူထု၏ ကြံ့ကြံ့ခံ ရှင်သန်မှုတွင် ကံဆိုးမှုအကုန်လုံးနှင့် ကံကောင်းမှုအကုန်လုံးကို ရောပြွန်းထမ်းပိုးသွားခြင်းသည် ရှောင်လွှဲမရသော ကံတရားတစ်ခု ဖြစ်လာနိုင်သည်။
အန္တရာယ်ကို ထိပ်တိုက်ရင်ဆိုင်နေရသည့် လူထု၏ စိုးရိမ်သောကသည် ကြီးသလို ၊ အန္တရာယ်နှင့် လွတ်ကင်းနေသေးသော လူထု၏ စိတ်သောက ကလည်း မသေးမွှားပါ။ ဘာမှမတတ်နိုင်ဘဲ ထိုင်ကြည့်နေရသောကြောင့် ရှင်သန်မှုအတွက် အပြစ်စွဲစိတ်များ ကပ်ငြိလာကြသည်။ မပျော်ရွှင်ကြတော့ပါ။
ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ ပြိုကျပျက်စီးမှုများကို ဖြစ်ဖြစ် မြောက်မြောက် မရှင်းလင်းနိုင်သေးချိန်တွင် လေကြောင်းတိုက်ိခုက်မှုကိုလည်း မျက်ခြေမပြတ်ဖို့ အားထုတ်နေရသည်။ အန္တရာယ်ဆိုးနှစ်ခုကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရခြင်းမျိုး ဖြစ်သည်။
ငလျင်ဒဏ်က တစ်ဖက် လေကြောင်းတိုက်ခိုက်မှုက တစ်ဖက်နှင့် တစ်ပူပေါ်နှစ်ပူဆင့်သော ဒုက္ခမီးကို ပြည်သူလူထုက ရင်စည်းခံနေရသည်။
ငလျင်ဘေးက အသက်အန္တရာယ် လွတ်ကင်းချမ်းသာခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ့်အသက်ဓာတ် ဘယ်နေ့ ဆုံးရှုံးမလဲဆိုသည့် စိုးထိတ်မှုက ထုနှင့်ထည်နှင့် တည်ရှိနေပြန်သေးသည်။
တော်ရုံ ခံနိုင်ရည်မျိုးနှင့် မြန်မာနိုင်ငံတွင် အသက်ရှင်သန် ရပ်တည်၍ မရကြောင်း တစ်နေ့နေ့ တစ်ချိန်ချိန် တွင် ကမ္ဘာကြီးကို ဒဏ်ရာ လှန်ပြကာ သက်သေထူပြရဦးမည်။