By ကိုရဲမျိုးဟိန်း
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုမှ စတင်ပေါက်ဖွားခဲ့သော ပြည်တွင်းစစ်သည် လေးနှစ်တိုင်ခဲ့ပြီဖြစ်သော်လည်း အဆုံးသတ်နိုင်ရေးအခြေအနေမှာ ဝေးလံနေဆဲဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီသည် ကြီးမားသည့် ဆုံးရှုံးမှုများရင်ဆိုင်နေရပြီး အလုံးစုံမပြိုလဲရေးအတွက် အသည်းသန်ကြိုးစားရုန်းကန် နေရချိန်လည်းဖြစ်သည်။ စစ်ကောင်စီအနေဖြင့် နိုင်ငံ၏ လေးပုံသုံးပုံခန့်သော နယ်မြေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ တိုင်းစစ်ဌာနချုပ်နှစ်ခုအပါအဝင် အရေးပါသော မဟာဗျူဟာမြောက် အခြေစိုက်စခန်းများကို အင်အားကြီးမားလာသော တော်လှန်ရေးတပ်ဖွဲ့များထံ လက်လွှတ်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။
ယခုအခါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်း တပ်သားအဆင့်မှ တပ်ရင်းတပ်ဖွဲ့များအထိ ထွက်ပြေးခြင်း၊ လက်နက်ချအညံ့ခံခြင်းများ ဖြစ်ပေါ်နေပြီး အင်အားပြုန်းတီးမှုပြဿနာကိုလည်း ရင်ဆိုင် ဖြေရှင်း နေရချိန်လည်းဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် နိုင်ငံအနှံ့အပြား သိသာထင်ရှားသော အောင်မြင်မှုများစွာ ရရှိထားသော်လည်း နိုင်ငံ၏ ဗဟိုချက်မရှိ စစ်တပ်၏ ခြေကုပ် ခံတပ်ကို ထိုးဖောက်နိုင်ခြင်းမရှိသေးချေ။
တော်လှန်ရေးတပ်ဖွဲ့များသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဟူသည့် ဘုံရည်မှန်းချက်ကို ကိုင်စွဲထားကြသည်။ အဆိုပါ ဘုံရည်မှန်းချက်မှာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေကြသော နောက်ခံသမိုင်းကြောင်းနှင့် ဖြစ်တည်မှုကွဲပြားသည့် တော်လှန်ရေးအဖွဲ့အစည်းအစုံ၏ ရည်မှန်းချက်အသီးသီးနှင့် ကိုက်ညီကောင်း ကိုက်ညီနိုင်ပေသည်။ သို့သော် တော်လှန်ရေးအစုအဖွဲ့များအကြား လက်ရှိ တည်ဆောက်ထားသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများမှာ ပျော့ပျောင်းအားနည်းနေဆဲပင်ဖြစ်သည်။
တော်လှန်ရေးအစုအဖွဲ့များမှာ နိုင်ငံတနံတလျား ပျံ့နှံ့တည်ရှိနေကြပြီး ယုံကြည်စိတ်ချရသော ဆက်သွယ်ရေးနှင့် လုံခြုံစွာ မျက်နှာချင်းဆိုင် စုဝေး တွေ့ဆုံနိုင်မှု အခြေအနေများ ကင်းမဲ့နေသည်။ ထို့ကြောင့်ပင် စစ်ရေးအရ အောင်ပွဲများစွာ ဆွတ်ခူးနိုင်သည့်တိုင် တော်လှန်ရေးအစုအဖွဲ့များအကြား ကွဲလွဲမှုများ ဆက်လက် တည်ရှိနေဦးမည် ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ (၅၄) သန်းသော ပြည်သူများမှာ ကြီးမားသော ဒုက္ခများစွာကို ခါးဆီးခံစားနေရသည်။ ထိန်းချုပ်နယ်မြေနှင့် တပ်ဖွဲ့အင်အား တစတစ နည်းပါးလာသော စစ်ကောင်စီမှာ အရပ်သားပစ်မှတ်များအပေါ် ဦးတည်သော လေကြောင်းတိုက်ခိုက်မှုများကိုသာ မှီခိုအားထားနေရသည်။ ဆန့်ကျင်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်ဆောင်ရွက်လာခြင်းကြောင့် အရပ်သားသေဆုံးမှုများ မြင့်တက်လာပြီး ၂၀၂၄ ခုနှစ် ကုန်ခါနီးတွင် အရပ်သားသေဆုံးသူဦးရေမှာ (၁၀,၀၀၀) နီးပါးထိ ရှိလာခဲ့သည်။
ပြည်တွင်း၌ နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ဦးရေမှာလည်း (၃.၅) သန်းကျော်ရှိလာပြီဖြစ်သည်။ နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေပြီး စီးပွားရေးမှာလည်း ပြိုလဲမည့် အခြေအနေတွင်ရှီနေပြီဖြစ်သည်။ ဤသို့ စစ်ဘေးကြောင့် ချွတ်ခြုံကျနေသော တိုင်းပြည်ကို သဘာဝဘေးအန္တရာယ်များကလည်း ထပ်ဆင့် ဒုက္ခပင်လယ်ဝေခဲ့စေပြန်သည်။
၂၀၂၄ ခုနှစ်စက်တင်ဘာလကဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းကြောင့် လူပေါင်းရာနှင့်ချီသေဆုံးကာ မြို့ရွာများစွာ ရေလွှမ်းမိုးခြင်းခံခဲ့ရသည်။ ယခု ၂၀၂၅ ခုနှစ် မတ်လနှောင်းပိုင်းက ဖြစ်ပွားခဲ့သော ရစ်ချ်တာစကေး (၇.၇) ပြင်းအား ရှိသော ငလျင်ကြောင့် လူပေါင်း (၃၅၀၀) ကျော်သေဆုံးခဲ့သည်။ ဖျက်အားပြင်းငလျင်အပြီးတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များက ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများအတွက်ဟုဆိုကာ ယာယီအပစ်အခတ် ရပ်စဲခဲ့ကြသော်လည်း ကြာရှည်မခံခဲ့ပေ။ ငလျင်အပြီးနာရီပိုင်း အကြာတွင်ပင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်များ စတင်ခဲ့ပြီး ယခုအချိန်ထိ ဆောင်ရွက်နေဆဲဖြစ်သည်။
ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ စစ်တပ်သည် မတ်လ ၂၈ ရက် မှ ဧပြီလ ၆ ရက်အတွင်း လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှု (၁၀၈) ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ရပ်စဲရေး ကြေညာချက် အပြီးတိုက်ခိုက်မှု (၄၆) ကြိမ်ထိ ရှိကာ အရပ်သား (၇၀) ဦးခန့် သေဆုံးခဲ့သည်။ မြေပြင်တွင်လည်း ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ဘေးနှင့် သဘာဝဘေးကြောင့် အမြတ်ထွက်သူမှာ တရုတ်နိုင်ငံပင် ဖြစ်သည်။ အနောက်နိုင်ငံများအတွက် မြန်မာ့ပြည်တွင်းစစ်မှာ အမေ့လျော့ခံ ပဋိပက္ခအဖြစ် မကြာခဏ ရှုမြင်ကြသော်လည်း တရုတ်နိုင်ငံအတွက်မူ ဒေသတွင်းရည်မှန်းချက်များ၊ စီးပွားရေးအကျိုးအမြတ်နှင့် လုံခြုံရေးစိုးရိမ်မှုများ၏ ဆုံမှတ်ဖြစ်ပေသည်။ ဘက်ပေါင်းစုံအားနည်းနေသော မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံ၏ ဒေသတွင်း အာဏာတည်ဆောက်ရေးရည်မှန်းချက်အတွက် အက္ခရာကျလှသည်။
တရုတ်အစိုးရအနေဖြင့် မြန်မာကို လွှမ်းမိုးနိုင်ပါက စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော အရှေ့တောင်အာရှဒေသကို ထိုးဖောက်မည့် အိန္ဒိယ၏ “Act East Policy” (အာရှအရှေ့ပိုင်းမူဝါဒ) ကို မဟာဗျူဟာမြောက် တားဆီးနိုင်မည်ဖြစ်ပြီး အရှေ့တောင်အာရှကုန်းတွင်းပိုင်းနှင့် အိန္ဒိယသမုဒ္ဒရာကမ်းခြေတွင် ခြေကုပ်ယူနိုင်မည်ဖြစ်သည်။
တရုတ်အာဏာပိုင်များက မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့် နှစ်နိုင်ငံကြား ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရေးမြှင့်တင်ရန် လိုလားကြောင်း ထုတ်ပြန်လေ့ရှိကြသည်။ သို့သော် လက်တွေ့တွင် တရုတ်သည် ယိုင်နဲ့နေသောာ စစ်ကောင်စီကို ကျောထောက်နောက်ခံပေးထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုမူ ၎င်း၏ ဩဇာခံအဖြစ်သို့ သိမ်းသွင်းရန်ကြိုးပမ်းလျက်ရှိသည်။ ဒီမိုကရေစီအင်အားစုများကိုမူ အနောက်နိုင်ငံများနှင့် နီးကပ်သောဆက်ဆံရေးရှိသည်ဟု ယူဆပြီး ဘေးဖယ်ထားလိုက်တော့သည်။
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ စစ်မှန်သော အာရုံစိုက်မှု မရှိခြင်းက တရုတ်နိုင်ငံအတွက် လွတ်လပ်စွာ လုပ်ပိုင်ခွင့်များဖန်တီးနေခြင်းပင်ဖြစ်သည်။ ဥပမာအားဖြင့် မတ်လက ဖြစ်ပွားခဲ့သော ငလျင်အတွက် အနောက်နိုင်ငံများက ထိရောက်သည့် အကူအညီမပေးနိုင်ချိန်တွင် တရုတ်နိုင်ငံက ငလျင်ဘေးသင့် ဒေသများသို့ အရေးပေါ်အကူအညီများ အမြန်ပို့ဆောင်ကာ အာရုံစိုက်မှုကို အရယူနိုင်ခဲ့သည်။
အမှန်စင်စစ် တရုတ်သည် မြန်မာပြည်၏ ကပ်ဘေးများကြောင့် ဖြစ်ပေါ်လာသော အခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်လိုက်ခြင်းပင်ဖြစ်သည်။ ယိုင်နဲ့နေသော စစ်ကောင်စီကို အသက်ဆက်ပေးလိုက်ပြီး လူသတ်ယန္တရားကို ဆက်လက်လည်ပတ်စေခြင်းဖြစ်သည်။ ထိုမျှမက တော်လှန်ရေးအင်အားစုများအကြား ဩဇာလွှမ်းမိုးရန် ကြိုးပမ်းနေပြီး ညီညွတ်မှုပျက်ပြားစေရန် ကုလားဖန်ထိုးနေခြင်းဖြစ်သည်။ အနောက်နိုင်ငံများ၏ ဩဇာကိုလျော့ချရန် ဒီမိုကရေစီ အင်အားစုများကို ဘေးဖယ်ထားကာ မြန်မာပြည်သူလူထု၏ နိုင်ငံရေးစိတ်ဆန္ဒကို လျစ်လျူရှုလိုက်ခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်အောက်တွင် အစိတ်စိတ်အမွှာမွှာကွဲနေပါမှ တရုတ်နိုင်အတွက် ထိန်းချုပ်ရန် ပို၍လွယ်ကူမည်ဖြစ်သည်။
တရုတ်၏ လှေနံနှစ်ဖက်နင်းဗျူဟာ
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် သာမန် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ရုံမျှသာမက အိန္ဒိယသမုဒ္ဒရာဘက်သို့ မလက္ကာရေလက်ကြားကိုဖြတ်ရန်မလိုသည့် အဓိက ကုန်းမြေထွက်ပေါက်လည်းဖြစ်သည်။ တရုတ်နိုင်ငံ ပိုးလမ်းမ စီမံကိန်း၏ ဗျူဟာမြောက် အစိတ်အပိုင်းတစ်ခုဖြစ်သော တရုတ်-မြန်မာ စီးပွားရေး စင်္ကြံသည်လည်း ကုန်းတွင်းပိတ် ယူနန်ပြည်နယ်ကို မြန်မာနိုင်ငံရှိ စွမ်းအင် အရင်းအမြစ်ကြီးများ၊ သဘာဝသယံဇာတများအပြင် အိန္ဒိယ သမုဒ္ဒရာဘက်သို့ လက်လှမ်းမီစေရန် ချိတ်ဆက်ပေးထားသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံက လိုလားသော အရေးကြီး သယံဇာတများဖြစ်သည့် တွင်းထွက်များ၊ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ် နှင့် စိုက်ပျိုးရေး ကုန်ကြမ်းများထွက်ရှိရာ ရတနာသိုက်ကြီးဖြစ်သည်။ တရုတ်နိုင်ငံသို့တင်သွင်းနေသော နည်းပညာမြင့်ထုတ်ကုန်များနှင့် ကာကွယ်ရေးပစ္စည်းများအတွက် မရှိမဖြစ် အရေးပါသည့် မြေရှား သတ္ထု သွင်းကုန်စုစုပေါင်း၏ ထက်ဝက်ကျော်ကို မြန်မာနိုင်ငံမှ ရရှိနေသည်။
တရုတ်နိုင်ငံသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိခိုက်မှုများကို အလေးထားရန်မလိုဘဲ ထိုသယံဇာတများကို လွတ်လပ်စွာ တူးဖော် ထုတ်လုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံရှိ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ရေရှည်ဆက်ဆံရေးလည်း တည်ဆောက်ထားပြီးဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံတွင်း ထုတ်လုပ်မှုထက် ပိုလွန်သော မြေရှားသတ္ထု ၅၀,၀၀၀ မက်ထရစ်တန်ကျော် ကို မြန်မာနိုင်ငံမှ ရယူခဲ့သည်။ ထို့ပြင် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ (semiconductors) နှင့် အခြားအရေးကြီးနည်းပညာသုံးပစ္စည်းများ ထုတ်လုပ်ရာတွင် အရေးပါသော သံဖြူသတ္ထုရိုင်း တင်သွင်းမှုစုစုပေါင်း၏ (၇၉ ဒဿမ ၉) ရာခိုင်နှုန်းကိုလည်း မြန်မာနိုင်ငံက တင်သွင်းခဲ့သည်။
မြန်မာနိုင်ငံသည် တရုတ်အစိုးရအတွက် လုံခြုံရေးအရလည်း အချက်အချာနေရာဖြစ်သည်။ အနောက်နိုင်ငံများအပါအဝင် ပြင်ပအင်အားစုများ မြန်မာနိုင်ငံတွင် ခြေချလာခြင်းကို တရုတ်နိုင်ငံက ဒေသတွင်း ဩဇာလွှမ်းမိုးမှုအပေါ် စိန်ခေါ်မှုအဖြစ် မှတ်ယူထားသည်။ အထူးသဖြင့် အနောက်နိုင်ငံများနှင့် ရင်းနှီးသော အစိုးရ (သို့) နိုင်ငံရေးအင်အားစုတစ်ခု မြန်မာနိုင်ငံတွင် အာဏာရလာပါက တရုတ်နယ်စပ်အနီးတွင် အနောက်နိုင်ငံများ ခြေကုပ်ယူလာနိုင်သည်။ ထိုအခြေအနေသည် တရုတ်နိုင်ငံအတွက် ရေရှည်တွင် လုံခြုံရေးခြိမ်းခြောက်မှု ဖြစ်လာနိုင်သည်ဟု တရုတ်အစိုးရက စိုးရိမ်ခြင်းဖြစ်သည်။
အဆိုပါလုံခြုံရေးစိုးရိမ်မှုကပင် တရုတ်နိုင်ငံ၏ မြန်မာ့ပြည်အရေး ချဉ်းကပ်မှုကို အဓိက အဆုံးအဖြတ်ပေးလျက် ရှိ သည်။ မြန်မာနိုင်ငံတွင်း ပဋိပက္ခများက အနောက်နိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုကို လမ်းကြောင်းပေးလာမည်ကိုလည်း တရုတ်နိုင်ငံက စိုးရိမ်သည်။ မြန်မာ့အရေးတွင် အခြားပြင်ပအင်အားစုများ ဝင်ရောက်စွက်ဖက်ခြင်းကို တားဆီးရန်မှာ အဓိက ရည်မှန်းချက်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ပြောကြားချက်ကိုထောက်ရှုလျင် မြန်မာနိုင်ငံကို တရုတ်၏ ဩဇာခံ နိုင်ငံအဖြစ် ရှုမြင်ထားသည်မှာ ပေါ်လွင်သည်။
တရုတ်ကွန်မြူနစ်ပါတီ၏ အဓိကသတင်းစာဖြစ်သော People’s Dailyမှ အကြီးတန်းအယ်ဒီတာတစ်ဦးကလည်း မြန်မာနိုင်ငံရှိ အချို့ ဒေသများ၏ အရေးပါမှုကို တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားဖွယ်နယ်မြေများနှင့် နှိုင်းယှဉ်ကာ ၂၀၁၂ ခုနှစ်က Global Times ၏ အတွေးအမြင် ဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖော်ပြခဲ့ဖူးသည်။
“လက်ရှိ တရုတ်နိုင်ငံက တာဝန်ယူ၍ ရေနက်ဆိပ်ကမ်း တည်ဆောက်နေသော ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နှင့် ပတ်ဝန်းကျင်ဒေသများ၏ စီးပွားရေးနှင့် လူမှုရေးတည်ငြိမ်မှုသည် ဟွမ်ယန်ကျွန်းနှင့် ပတ်သတ်၍ဖြစ်ပွားနေသော တရုတ်နှင့် ဖိလစ်ပိုင်တို့ကြား ပိုင်ဆိုင်မှု အငြင်းပွားခြင်း ပြဿနာများနည်းတူ အရေးပါကြောင်း” ဖော်ပြထားခြင်းဖြစ်သည်။
တရုတ်သည် မြန်မာနိုင်ငံတွင် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို မလိုလားပေ။
၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံတွင်း အလှည့်အပြောင်းအခြေအနေများကို တရုတ်အစိုးရက အထူးအာရုံစိုက်လာခဲ့သည်။ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ၏ လမ်းကြောင်းများမှာ ပဋိပက္ခဇုန်များကို ဖြတ်သန်းတည်ရှိနေသည့်အတွက် အာဏာသိမ်းပြီးနောက်ပိုင်း မတည်ငြိမ်မှုများက မြန်မာပြည်တွင်းရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများစွာကို ထိခိုက်စေခဲ့သည်။ သို့သော် အဆိုပါ နယ်မြေမတည်ငြိမ်သည့် အချက်ကပင် တရုတ်နိုင်ငံကို မြန်မာနိုင်ငံအပေါ် ပိုမိုထိန်းချုပ်နိုင်ရန် အခွင့်အလမ်းတစ်ခုဖြစ်လာခဲ့သည်။ တရုတ်အာဏာပိုင်များက အာဏာသိမ်းမှုကို “ အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်း” ဟုခေါင်းစဉ်တပ်ကာ နိုင်ငံတကာက ဖယ်ကြဉ်ထားသည့် အာဏာသိမ်း စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းခဲ့သည်။
သို့သော် လှေနံနှစ်ဖက်နင်း မဟာဗျူဟာကိုပိုင်နိုင်စွာ အသုံးချတတ်သော တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း ဆက်ဆံရေး မြှင့်တင်ခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းချုပ်နယ်မြေများကို သိသာထင်ရှားစွာ တိုးချဲ့နိုင်ခဲ့သည့် အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အတွက် တရုတ်နိုင်ငံက အဓိကလက်နက်ထောက်ပံ့သူ သာမက အဓိကကုန်သွယ်ရေးမိတ်ဖက် အဖြစ်လည်း ရပ်တည်လျက်ရှိပေသည်။ ဤနည်းဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ အဓိကအင်အားစုအားလုံးနီးပါးအပေါ် ဩဇာလွှမ်းမိုးထားနိုင်ပြီး စစ်တပ်ပြိုလဲလျှင်လည်း ၎င်း၏ အကျိုးစီးပွားကို မဟာဗျူဟာမြောက် ကာကွယ်ထားနိုင်ပေမည်။
တရုတ်နိုင်ငံသည် ၂၀၂၁ က အာဏာသိမ်းကာဖယ်ရှားခံခဲ့သော ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် အဓိကဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာ့ဒီမိုကရေစီအင်အားစုများ အပေါ် အမြဲ သံသယရှိသည်။ တရုတ်အစိုးရက NUG ကို အနောက်နိုင်ငံများနှင့် အလွန်နီးစပ်သည့် အဖွဲ့အဖြစ် ရှုမြင်ပြီး အနောက်တိုင်းက မည်ကာမတ္တ ထောက်ပံ့မှုများသာ ပေးခဲ့သော်လည်း တရုတ်အစိုးရ၏ စိုးရိမ်မှုမှာ လျော့ကျမသွားခဲ့ပေ။
၂၀၂၂ ခုနှစ်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်တွင် အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်စားလှယ်ရုံးဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၃ နှောင်းပိုင်းတွင် အမေရိကန်နိုင်ငံက BURMA Act ကိုပြဋ္ဌာန်း၍ အကူအညီများပေးအပ်ရန် ကတိပြုခဲ့သော်လည်း အမှန်တကယ်အကောင်အထည် မဖော်နိုင်ခဲ့ပေ။
ဤအချက်များက အနောက်နိုင်ငံများစွက်ဖက်မှုကိုမလိုလားသော တရုတ်အစိုးရ၏ စိုးရိမ်မှု ရေချိန်ကို ပိုမိုမြင့်တက်စေခဲ့သည်။ ထို့ကြောင့်ပင် တရုတ်အစိုးရက အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ဖြည်းဖြည်းချင်း ဖိအားပေးခဲ့ပြီး ထိုမှတဆင့် စစ်ကောင်စီနှင့် တိုက်ရိုက်ညှိနှိုင်းရန်ထိပင် ညွှန်ကြားခဲ့လေသည်။
တရုတ်အစိုးအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် လျှို့ဝှက်ဆက်သွယ်မှုများ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့၏ စီးပွားရေးအကျိုးစီးပွားကို ကာကွယ်ရန်အတွက်သာ ဖြစ်ပေသည်။ ထိုမျှမက ဆက်ဆံရေးရှိသည်ကိုပင် လျှို့ဝှက်ထား၍ တရားဝင်အသိအမှတ်မပြုခဲ့ပေ။
ဤတွင် စစ်ကောင်စီ၏ ထိန်းချုပ် နယ်မြေများ နည်းပါးလာသည်နှင့်အမျှ အချို့သော တရုတ်ကုမ္ပဏီများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်စပ်သော လက်နက်ကိုင်အဖွဲ့များကိုပါ အခွန်ဆောင်ခြင်း၊ စီးပွားရေးလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန် ပူးပေါင်းခြင်းများကိုပါ ပြုလုပ်လာရတော့သည်။
အခွင့်အရေးကို ဖမ်းဆုပ်အသုံးချခြင်း
မြန်မာနိုင်ငံ၌ စစ်မီးတောက်လောင်နေချိန်တွင်ပင် တရုတ်နိုင်ငံသည် အရေးပါသော ရင်းနှီးမြှုပ်နှံမှုများကို လှေနံနှစ်ဖက်နင်းဗျူဟာသုံး၍ ကာကွယ်ထားနိုင်ခဲ့ပြီး ဩဇာလွှမ်းမိုးမှုကို ပိုမိုနက်ရှိုင်းစွာ ချဲ့ထွင်လာနိုင်ခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် သက်ဆိုင်သည့် လက်နက်ကိုင်တပ်ဖွဲ့များပူးပေါင်း၍ ၁၀၂၇ စစ်ဆင်ရေးကြီးကို စတင်ခဲ့သည်။ စစ်ဆင်ရေးစတင်ပြီး တစ်နှစ်အတွင်းမှာပင် တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် (၂) ခု၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (၆) ခု၊ တပ်ရင်း (၁၆၀) ကျော်နှင့် မြို့ပေါင်း (၉၃) မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ တစ်ချိန်က ကျရှုံးနိုင်မည်မဟုတ်ဟု ယုံကြည်ခဲ့ကြသော တပ်မတော်သည် ယခုအခါ ပြိုလဲခါနီး အခြေအနေသို့ ရောက်ရှိလာခဲ့တော့သည်။
၂၀၂၄ ခုနှစ် ဩဂုတ်လက စစ်ကောင်စီ၏ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးမှုသည် တရုတ်အစိုးရအတွက် အချက်ပေးခေါင်းလောင်းသံဖြစ်လာခဲ့ပြီး တော်လှန်ရေးအင်အားစုများအနေဖြင့် အလွန်အမင်းအင်အားကြီးမားလာပြီဖြစ်ကြောင်း သတိထားမိခဲ့သည်။ ထိုအခါ တရုတ်အစိုးရသည် နှစ်ဖက်ခွဗျူဟာကို စွန့်လွှတ်ကာ စစ်ကောင်စီဘက်မှ ထိထိရောက်ရောက်ဝင်ရောက်စွက်ဖက်လာတော့သည်။
၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စစ်ကောင်စီအရာရှိများနှင့် တွေ့ဆုံခဲ့ပြီး တရုတ်အစိုးရ၏ ထောက်ခံမှုကို ထင်ထင်ရှားရှား ပြသလိုက်ခြင်းသည် ဤဗျူဟာ အပြောင်းအလဲကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။ မကြာမီ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ခရီးထွက်ခွာခဲ့သည်။
တစ်ချိန်တည်းမှာပင် တရုတ်အစိုးရသည် မြန်မာ-တရုတ်နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အပစ်အခတ်ရပ်စဲရန် ဖိအားပေးခဲ့ပြီး လိုက်နာခြင်းမရှိသော အဖွဲ့များကို နယ်စပ်ဂိတ်များပိတ်ခြင်း၊ လျှပ်စစ်၊ ရေ၊ အင်တာနက်နှင့် အရေးကြီးသော နယ်စပ်ဖြတ်ကျော် ထောက်ပံ့မှုများကို ဖြတ်တောက်ခြင်းအပါအဝင် နည်းလမ်းပေါင်းစုံဖြင့် အကြပ်ကိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် တရုတ်အစိုးရသည် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်၏ (MNDAA) ခေါင်းဆောင်ကိုပင် ဖမ်းဆီးထားပြီး MNDAA တပ်ဖွဲ့များကို လားရှိုးမှ ရုပ်သိမ်းကာ စစ်ပြေငြိမ်းရန် အတင်းအကျပ် တွန်းအားပေးခဲ့ကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြခဲ့သည်။
ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကြားဝင်စေ့စပ်သူ အဖြစ် ကြွေးကြော်ထားသော တရုတ်အစိုးရသည် ၁၀၂၇ စစ်ဆင်ရေးအပြီးတွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ညှိနှိုင်းဆွေးနွေးမှုများကို အကြိမ်ကြိမ် ပြုလုပ်စေခဲ့သည်။ သို့သော် ဆွေးနွေးပွဲများသည် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ခြင်းမရှိပေ။ အကြောင်းမှာ စစ်တပ်က ၎င်းတို့လက်လွှတ်ဆုံးရှုံးခဲ့ရသော နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရန် လိုလားနေပြီး တိုင်းရင်းသားအဖွဲ့များကလည်း ၎င်းတို့ ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းပိုက်ထားရသော နယ်မြေများကို စွန့်လွှတ်ရန် ငြင်းဆန်နေသောကြောင့်ပင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏အနာဂတ်ကို ပုံဖော်ရာတွင် ၎င်း၏အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး လိုက်လျောညီထွေဖြစ်စေရန် ဘက်အားလုံးကို ဖိအားပေးကာ နိုင်ငံအတွင်း ၎င်း၏ဩဇာလွှမ်းမှုကို နက်ရှိုင်းစွာ စိုက်ထူထားနိုင်ခဲ့သည်။ စစ်ကောင်စီကို နိုင်ငံတကာတွင် သံတမန်ရေးအရ အထောက်အပံ့ပေးခြင်း၊ လက်နက်များ၊ တိုက်လေယာဉ်များ၊ ထောက်လှမ်းရေးနည်းပညာများနှင့် ငွေကြေးများ ထောက်ပံ့ပေးခြင်းဖြင့် အသက်ဆက်ပေးခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် အနောက်နိုင်ငံများ၏ထောက်ခံမှုရှိသည်ဟု ယူဆထားသော အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ဒီမိုကရေစီအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် မြောက်ပိုင်းနယ်စပ်ရှိ ၎င်း၏ဩဇာခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိအားပေးခဲ့သည်။ ဤနည်းဖြင့် မြန်မာ့တော်လှန်ရေးအင်အားစုများအတွင်း အက်ကြောင်းများကို ပိုမိုနက်ရှိုင်းစေခဲ့သည်။
ထိုသို့ ဝင်ရောက်စွက်ဖက်မှုများကြောင့်ပင် နိုင်ငံတွင်း မတည်ငြိမ်မှုများ ပိုမိုမြင့်တက်လာခဲ့ပြီး စစ်ပွဲကို ရှည်လျားစေခဲ့သည်။ တရုတ်နိုင်ငံ၏ ဖိအားကြောင့် တော်လှန်ရေးအဖွဲ့အချို့က မြန်မာနိုင်ငံအတွင်းရှိ တရုတ်အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ၎င်းတို့၏ တော်လှန်ရေးဆိုင်ရာ ကတိကဝတ်များကို အများသိအောင် ထုတ်ပြန်ကြေညာခြင်းမှ ရှောင်ကြဉ်ခြင်းအပြင် တရုတ်အစိုးရ၏ ဒေါသကို မဆွမိစေရန် စီစဉ်ထားသော စစ်ဆင်ရေးများကို ယာယီရပ်ဆိုင်းရန်ထိပင် လိုက်နာဆောင်ရွက်ခဲ့ရသည်။
စစ်အုပ်ချုပ်ရေးအဓွန့်ရှည်ပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေသည့် မြန်မာနိုင်ငံသည် တရုတ်အစိုးရအတွက် ထိန်းချုပ်ရ ပို၍လွယ်ကူစေမည်ဖြစ်သည်။
၂၀၂၄ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သော ငလျင်သည်လည်း တရုတ်အစိုးရအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်လာခဲ့ပြန်သည်။ မြန်မာနိုင်ငံတွင်း ဩဇာလွှမ်းမိုးမှုကို ပိုမိုချဲ့ထွင်ရန်နှင့် တရုတ်ဆန့်ကျင်ရေး လှိုင်းကို ချိုးဖျက်ရန်အတွက် တရုတ်အစိုးရမှာ ကြီးမားသော စိန်ခေါ်မှုနှင့်ရင်ဆိုင်နေရချိန်ဖြစ်သည်။ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံကို အနောက်နိုင်ငံများက လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အကန့်အသတ်ဖြင့်သာ ထောက်ပံ့နေစဉ် တရုတ်နိုင်ငံက အကူအညီများ ပုံအောထောက်ပံ့လျက် ဝင်ရောက်လာတော့သည်။
ထိုမျှမက တရုတ်နိုင်ငံသည် သိမ်မွေ့ပါဝါ (Soft Power) ကိုသုံးလျက် မြန်မာနိုင်ငံတွင်း ၎င်း၏လုံခြုံရေးတပ်ဖွဲ့များကိုချထားကာ ခြေကုပ်ယူလာခဲ့တော့သည်။ စစ်ကောင်စီသည် တရုတ် အကျိုးစီးပွားများကို ကာကွယ်နိုင်စွမ်း မရှိဟု အကြောင်းပြပြီး တရုတ်အစိုးရက မြန်မာနိုင်ငံအနောက်ဘက်ရှိ ကျောက်ဖြူဆိပ်ကမ်းနှင့် အရှေ့ဘက် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်တို့တွင် တရုတ်-မြန်မာ ပူးပေါင်းလုံခြုံရေးကုမ္ပဏီများ ဖွဲ့စည်းရန် ဖိအားပေးခဲ့သည်။ ဤလုပ်ငန်းများကို တရုတ်နိုင်ငံ၏ အစိုးရပိုင် လုံခြုံရေးကုမ္ပဏီများက ဦးဆောင်ပြီး မြန်မာနိုင်ငံအတွင်း တရုတ်၏ ပထမဆုံးသော တရားဝင် လက်နက်ကိုင်တပ်ဖွဲ့ အခြေစိုက်မှုများ ဖြစ်လာတော့သည်။
မြန်မာနိုင်ငံတွင်း တရုတ်၏ စစ်ရေးအခြေစိုက်မှု ချဲ့ထွင်လာခြင်း၏ ရေရှည်အကျိုးဆက်များကို အတိအကျမသိရသေးသော်လည်း မြန်မာ့ပြည်တွင်းပဋိပက္ခနှင့် ဒေသတွင်းလုံခြုံရေးအခြေအနေကို ကြီးမားစွာ ပြောင်းလဲစေနိုင်သည်မှာ အသေအချာပင်ဖြစ်သည်။
တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် မြန်မာ့ပြည်တွင်းစစ်မှာ ပိုမိုရှည်ကြာနေရခြင်းဖြစ်ပေသည်။ တရုတ်၏ထောက်ခံမှုကြောင့် စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသော ဒေသများကို လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့သည်။
သို့သော် စစ်ကောင်စီသည် ဆုံးရှုံးနယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် မြေပြင်တိုက်ပွဲဝင်နိုင်သည့် အင်အားမရှိသေးသဖြင့် အဆိုပါနယ်မြေများတွင် တော်လှန်ရေးအင်အားစုများ၏ အာဏာမတည်မြဲစေရေးကိုသာ အာရုံစိုက်နေရသည်။ ၂၀၂၅ခုနှစ် မတ်လကဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် နိုင်ငံအနှံ့အပြား ကြီးမားစွာ ထိခိုက်ပျက်စီးနေရချိန်တွင်ပင် စစ်ကောင်စီသည် ကယ်ဆယ်ရေးလုပ်ငန်းများထက် လေကြောင်းတိုက်ခိုက်မှုများကိုသာ ဦးစားပေးဆောင်ရွက်ခဲ့သည်။ တရုတ်အစိုးရသည်လည်း ဤလုပ်ရပ်ကို အားပေးရန် စစ်ကောင်စီထံ လေယာဉ်နှင့် ဒရုန်းများ ထပ်မံပေးပို့ခဲ့ပြန်သည်။
တော်လှန်ရေးအင်အားစုများမှာ စစ်ကောင်စီကို အစားထိုးနိုင်ရန် လိုအပ်သော နိုင်ငံရေးအရ ပေါင်းစည်းမှု ပြည့်ဝစွာမရှိသော်လည်း စစ်မြေပြင်တွင် အောင်ပွဲများဆက်လက်ရရှိနေသည်။ လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးတွင် မြို့ပြစစ်ဆင်ရေးများအထိ ချဲ့ထွင်တိုက်ခိုက်လျက် ရှိပြီး နောက်ဆုံးပန်းတိုင်မှာ နိုင်ငံ၏ အဓိကမြို့တော်ကြီးများကိုသိမ်းပိုက်ရန်ဖြစ်သည်။
စစ်ကောင်စီသည် မြန်မာ့အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်နှင့် မြို့တော် နေပြည်တော်ကို ထိန်းချုပ်ထားနိုင်သရွေ့ တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်များသည် စစ်ကောင်စီကို အားနည်းစေသည်မှာ မှန်သော်လည်း နောက်ဆုံး အဆုံးအဖြတ်ပေးနိုင်သည့် အခြေအနေရောက်ရန် ခက်ခဲနေဆဲဖြစ်သည်။ ထို့အပြင် တော်လှန်ရေးဘက်တွင် ခိုင်မာသော ညီညွတ်သည့်တပ်ပေါင်းစု မရှိပါက စစ်ကောင်စီအပြီးတိုင် ပြိုကျရေးမှာ အလှမ်းဝေးနေ ဦးမည်ဖြစ်သည်။
အနောက်နိုင်ငံများ၏ မြန်မာ့အရေး စိတ်ဝင်စားမှု ကျဆင်းလာချိန်တွင် တရုတ်သည် မြန်မာနိုင်ငံ၏ ကစဉ့်ကလျားအခြေအနေနှင့် နိုင်ငံရေးအရ ကွဲပြားမှုများကို အခွင့်ကောင်းယူလျက် ၎င်း၏ နိုင်ငံရေးနှင့် စီးပွားရေးလွှမ်းမိုးမှုကို ချဲ့ထွင်လာခဲ့ခြင်းဖြစ်သည်။ ပဋိပက္ခဖြစ်ပွားနေသော အဓိကအဖွဲ့အစည်းအားလုံးအပေါ် သိသာထင်ရှားသော ထိန်းချုပ်မှုရရှိထားပြီး အနောက်နိုင်ငံများနှင့်ဆက်စပ်နေသော အဖွဲ့များကို သီးသန့်ဖယ်ထုတ်ရန် အကွက်ကျကျ လုပ်ဆောင်ခဲ့သည်။
တရုတ်အစိုးရသည့် မြေရှားသတ္တုများကဲ့သို့ အရေးပါသည့် အရင်းအမြစ်များကို ရယူခြင်း၊ မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေစိုက်စခန်းများ တည်ထောင်ခြင်းစသည့် အောင်မြင်မှုများကို အတိုင်းအတာတစ်ခုအထိ ရရှိထားပြီးဖြစ်သည်။ ဤလုပ်ရပ်များသည် တရုတ်နိုင်ငံအား စီးပွားရေးအရ ထူးခြားသော အခွင့်အရေးများသာမက၊ အာဆီယံအဖွဲ့ဝင်ဖြစ်သည့် အိမ်နီးချင်းနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးနိုင်သည့် အာဏာတစ်ရပ်ကိုပါ ပေးစွမ်းထားသည်။ မြန်မာနိုင်ငံကို ထိန်းချုပ်ရန်မှာ သီးသန့်ဖြစ်စဉ်တစ်ခုမဟုတ်ဘဲ တရုတ်နိုင်ငံ၏ သီးသန့် ဒေသတွင်းအာဏာတည်ဆောက်ရေးမဟာဗျူဟာအရ အရေးပါသော အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။ အနောက်နိုင်ငံများနှင့် ဒေသတွင်း အင်အားကြီးနိုင်ငံများအနေဖြင့် ဤအခြေအနေကို လျစ်လျူမရှုသင့်ပေ။ တရုတ်အစိုးရ၏ လွှမ်းမိုးချုပ်ကိုင်လာမှုကို ဟန့်တားရန်မှာ မြန်မာနိုင်ငံအတွင်း ချဲ့ထွင်မှုအမြန်ဆုံးတည်ချက်ဖြစ်သည့် ၎င်း၏အခြေစိုက်နယ်မြေများတွင် စတင်ရပေမည်။
တရုတ်အစိုးရ မလိုလားသော အခြေအနေ
မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန်မှာ အလှမ်းဝေးနေပေသေးသည်။
စစ်ကောင်စီသည် တစ်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ကတိပြုထားသော်လည်း စစ်ပွဲများနှင့် ၂၀၂၅ ခုနှစ် မတ်လငလျင်ကြောင့် အတုအယောင်ရွေးကောက်ပွဲတစ်ခုကိုပင် ကျင်းပနိုင်ချေမှာ အလားအလာ နည်းပါးလှသည်။
နိုင်ငံ၏ ဒေသအများစုတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်တွင် ကျင်းပရန် မူလက ကတိပြုထားခဲ့သည့် ရွေးကောက်ပွဲကိုပင် အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရပြီးဖြစ်သည်။
မည်သို့ပင်ဖြစ်စေ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများက တရားဝင်မှုပေးမည် မဟုတ်ပေ။ ဤအခြေအနေတွင် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းခြင်းသည် မီးလောင်ရာလေပင့်သကဲ့သို့ ပဋိပက္ခများကို အဓွန့်ရှည်ပြီး နိုင်ငံ၏ လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်းကို ပိုမိုဆိုးရွားစေမည်သာ ဖြစ်သည်။
အာဆီယံအဖွဲ့အစည်း၊ တရုတ်နှင့် အိန္ဒိယ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက တွေ့ဆုံညှိနှိုင်းရေးကို လေချိုသွေး တိုက်တွန်းတောင်းဆိုနေကြသော်လည်း ဆွေးနွေးမှု၏ အခြေခံမူများကို သတ်မှတ်ပေးခြင်း မရှိပေ။ သို့သော် တွေ့ဆုံဆွေးနွေးရေးမှာ အဓိကအကြောင်းအရင်း နှစ်ချက်ကြောင့် အကောင်အထည်ဖော်ရန် ခက်ခဲနေသေးသည်။
ပထမအချက်မှာ စစ်ကောင်စီ၏ အားနည်းလာမှုကို လက်တွေ့မြင်လာပြီးဖြစ်သည့်အတွက် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများက အကြပ်အတည်းများအားလုံး၏ အဓိကတရားခံဖြစ်သော မြန်မာ့တပ်မတော်ကို နိုင်ငံရေးအခင်းအကျင်းမှ အပြီးတိုင် နှင်ထုတ်ရန် သမိုင်းဝင် အခွင့်အရေးတစ်ခုအဖြစ် လက်ခံထားကြပြီဖြစ်ပေသည်။
ဒုတိယအချက်မှာ မြန်မာ့စစ်ဗိုလ်ချုပ်များသည် အဓိပ္ပာယ်ရှိသော နိုင်ငံရေးဆွေးနွေးပွဲများအတွက် ဘယ်သောအခါကမှ စစ်မှန်သော လိုလားမှု မရှိသောကြောင့်ပင်။
စစ်တပ်၏ အာဏာကို ခြိမ်းခြောက်နိုင်သည့် အနည်းငယ်သော လိုက်လျောမှုများကိုပင် လက်မခံနိုင်ကြပေ။ အာဏာကို စစ်တပ်ကသာ အဓိကချုပ်ကိုင်ခွင့်ရသည့် စနစ်အတွင်း၌သာ လုပ်ဆောင်လေ့ရှိပြီး ဆန့်ကျင်ဘက်အုပ်စုများက လက်လျှော့အညံ့ပေးရန် မျှော်လင့်ထားသည်။
၂၀၂၅ခုနှစ် မတ်လငလျင်အပြီးတွင်ပင် စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများကို လေကြောင်းတိုက်ခိုက်မှုများ ဦးစားပေးဆောင်ရွက်ခဲ့ပြီး ရရှိလာသော လူသားချင်းစာနာထောက်ထားရေး အကူအညီများကို ၎င်း၏ တရားဝင်မှုကို မြှင့်တင်ရန်အတွက်သာ အဓိက အသုံးပြုခဲ့သည်။ ငလျင်ဘေးသင့်ပြည်သူများမှာမူ ထိရောက်သည့်အကူအညီများမရရှိဘဲ အပျက်အစီးများ အောက်တွင် ပိတ်မိနေခဲ့ရသည်။ တရုတ်နှင့် ရုရှား၏ မိုက်ရူးရဲဆန်သည့် တစ်ဖက်ပိတ် ထောက်ခံမှုများကြောင့် စစ်ကောင်စီသည် စစ်မှန်သော တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ရန် အကြောင်းမရှိဟုပင် မှတ်ယူထားသည်။
ထို့ကြောင့် စစ်ကောင်စီသည် လုံးဝရွေးချယ်စရာ မရှိတော့သည့် အခြေအနေတွင်သာ စစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းမှုကို လက်ခံမည်ဟုဆိုရပေမည်။ ထိုအခြေအနေအတွက် အတိုက်အခံတော်လှန်ရေးအင်အားစုများအကြား ပိုမိုနီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံရေးစည်းလုံးညီညွတ်မှုလိုအပ်သည့။ ထို့ပြင် ထိုစုပေါင်းအင်အားဖြင့် စစ်မြေပြင်တွင် စစ်ကောင်စီအား အဆုံးအဖြတ်ပေးနိုင်သည့် အောင်မြင်မှုမျိုးရရှိရန် လိုအပ်သည်။ အထူးသဖြင့် နိုင်ငံ၏အဓိကမြို့များဖြစ်သည့် ရန်ကုန်နှင့် နေပြည်တော်ရှိ စစ်ကောင်စီ၏ ထိန်းချုပ်မှုကို ခြိမ်းခြောက်နိုင်မှသာ ဖြစ်နိုင်မည်။
သို့သော် တရုတ်အစိုးရသည် ဤသို့သော အခြေအနေမျိုး ဖြစ်ပေါ်လာရန် လုံးဝလိုလားမည် မဟုတ်ပါချေ။ ငြိမ်းချမ်းပြီး တည်ငြိမ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် အခြေခံဖြစ်သည့် တော်လှန်ရေးအင်အားစုများအကြား ညီညွတ်မှုကို အားနည်းစေရန်၊ ပဋိပက္ခကို ရှည်လျားစေရန် မည်သည့်အခြေအနေတွင်မဆို လျှို့ဝှက်နည်းလမ်းများဖြင့် လုပ်ဆောင်နေမည်သာ ဖြစ်သည်။ မြန်မာ့မြေတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအမြစ်တွယ်မည်ကို တရုတ်အစိုးရက လုံးဝ မလိုလားပေ။
မြန်မာ့တော်လှန်ရေးအင်အားစုများအကြား ပွတ်တိုက်မှုများဖန်တီးပြီး စုစည်းညီညွတ်မှုမရှိဘဲ ကွဲပြားလာစေရန်၊ အင်အားနည်းလာစေရန်နှင့် တရုတ်နိုင်ငံအပေါ် မှီခိုအားထားစေရန်မှာ မြန်မာ့အိမ်နီးချင်း အင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်အစိုးရ၏ ဩဇာလွှမ်းမိုးရေး မဟာဗျူဟာပင် ဖြစ်ပေတော့သည်။
ကိုရဲမျိုးဟိန်း၏ China’s Double Game in Myanmar ဆောင်းပါးကို ဘာသာပြန်ဆိုထားပါသည်။
ဘာသာပြန် – Z