By Maung Dagon / MPA (ဆောင်းပါး)
ဂီတပညာရှင် အဥ္ဇလီမောင်မောင် ရေးဖွဲ့ခဲ့သည့် သင်္ကြန်မိုး သီချင်း၏ အဖွင့်တီးလုံးသံ ကြားတိုင်း မြန်မာပြည်သူအများ မျက်ရည်ဝဲ တတ်ကြသည်။
အတိတ်က လွတ်လပ်ပျော်ရွှင်ခဲ့ရသည့် နှစ်သစ်ကူး သင်္ကြန်ပွဲ၏ အငွေ့အသက်များကို လွမ်းဆွတ်ကြ၍ ဖြစ်သည်။
သင်္ကြန်ပွဲတော်ကို လွမ်းရခြင်းအပြင် မည်သည့် ခေတ်နှင့်မျှ မတူသည့် ပစ္စုပ္ပန် မြန်မာပြည်၏ ပဋိပက္ခ မုန်တိုင်းများ မဖြစ်ခင်က ကာလများကို လွမ်းဆွတ်ကြ၍လည်း ဖြစ်မည် ဖြစ်သည်။
အာဏာရှင် စစ်ဗိုလ်ချုပ် အဆက်ဆက် ပုံသွင်းခြင်းကို ခံရပြီးနောက် လွတ်လပ်ရေးဖြင့် ဖြစ်တည်ခဲ့သည့် စစ်တပ်သည် အာဏာရှင် လက်ကိုင်တုတ်အဖြစ် အပြည့်အဝ ပြောင်းလဲသွားခဲ့ရသည်။ ၂၀၁၀ ခုနှစ် နောက်ပိုင်းက စခဲ့သည့် ဒီမိုကရေစီ အကူးအပြောင်း ခရီးကြမ်းကြီးက ၂၀၂၁ခုနှစ်၌ ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။
မဲမသမာမှုဟု ခေါင်းစဥ်တပ်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်သည့် စစ်တပ်အာဏာသိမ်းမှုက စစ်အာဏာရှင် အကျင့်စရိုက်များအပေါ် စိတ်ကုန်နေပြီ ဖြစ်သည့် လူထု၏ ဒေါသကို အပြင်ထန်ဆုံး နှိုးစွလိုက်သည်။
လက်နက်မဲ့ ဆန္ဒပြမှုများကို အကြမ်းအရမ်း ပစ်ခတ် ဖြိုခွဲရာမှ အတုံးအရုန်း ကျဆုံးခဲ့ကြရာ လက်နက်ကို လက်နက်ချင်း တိုက်ရန် လူအများ ညီညွတ်သွားခဲ့ကြသည်။ ထို့အတူ စစ်အာဏာရှင် ပုံသွင်းခြင်း ခံထားရသည့် လူနည်းစုကလည်း လူအများ ဆန္ဒကို ခုခံဆန့်ကျင်ခြင်းဖြင့် နိုင်ငံတစ်ခုလုံးသည် စစ်မီးများ ပြင်းထန်စွာ တောက်လောင်နေခဲ့သည်မှာ လေးနှစ်ကျော်ခဲ့ပြီလည်း ဖြစ်သည်။
၂၀၁၉ ခုနှစ်သည်ကား နိုင်ငံရေး မုန်တိုင်း အကျိုးဆက်ဖြင့် စစ်မီးများ မလောင်ကျွမ်းမီ နောက်ဆုံး ပျော်ခဲ့ရသည့် သင်္ကြန်ပွဲဟု အာဏာသိမ်း စစ်တပ် အသိုင်းအဝိုင်းရော၊ တော်လှန်ရေး အင်အားစုများကပါ တစ်ညီတစ်ညွတ်တည်း လက်ခံကြသည်။
၂၀၂၀ခုနှစ်၌ ကိုဗစ်၊ ၂၀၂၁ခုနှစ်နောက်ပိုင်း စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ခြင်းကြောင့် သင်္ကြန်ပွဲအား ပြည်သူအများက မေ့ထားခဲ့ကြရသည်။ ဗမာလူမျိုးများ ကိုယ်တိုင် ၄င်းတို့၏ အနိုင်ကျင့်လွန်းသော စစ်တပ်ကို ပြန်လည် တော်လှန်ကြရာ ပျော်ပွဲရွှင်ပွဲများကို ဦးစားပေးရန် ဆန္ဒ မရှိကြတော့ချေ။
တိတ်ဆိတ်နေသော သင်္ကြန်ပွဲသည် ၂၀၂၁ခုနှစ်၌ နှစ်ပေါင်း ရာနှင့်ချီပြီး ကြာမြင့်ခဲ့သည့် ကာလအတွင်း ထူးခြားစွာ ပေါ်ထွက်လာခဲ့သည်။ အာဏာသိမ်း စစ်တပ်သည် ကိုဗစ်ကို အကြောင်းပြကာ သင်္ကြန်ပွဲ မပြုလုပ်ကြောင်း ၄င်းတို့ အရှက်တကွဲ ဖြစ်မည် အရေးအတွက် အရှက်ပြေကြေညာခဲ့ရသည်။
ဆောက်လက်စ မဏ္ဍပ်များကို ပြန်ဖျက်ခဲ့ကြသည်အထိ လူထု၏ လွတ်မြောက်လိုသော ဆန္ဒများ၏ အင်အားပြ ကောင်းခဲ့သည်။ စစ်တပ် ဝါဒဖြန့် ဇာတ်ကားများ၌ ပါဝင်နေကြသည့် သရုပ်ဆောင်များပင်လျင် သင်္ကြန်ပွဲတက်ရန် မဝံ့ရဲခဲ့ကြပေ။
၂၀၂၃ ခုနှစ် အောက်တိုဘာတွင် အာဏာသိမ်း စစ်တပ်သည် KIA ဌာနချုပ် အနီးရှိ မုန်လိုင်ခတ် ဒုက္ခသည်စခန်းကို ညအချိန်တွင် ဗုံးကြဲခဲသည်။ ကလေးငယ် ဆယ်ဦးထက်မနည်း အပါအဝင် ဒုက္ခသည် ရာနှင့်ချီ ထိခိုက်သေဆုံးမှုများ ဖြစ်ခဲ့သည်။
သင်္ကြန်မတိုင်မီက ကျူးလွန်ခဲ့သည့် ပဇီကြီး ဖြစ်စဥ်နှင့်အတူ မုန်လိုင်ခတ် ဖြစ်စဥ်သည် အာဏာသိမ်း စစ်တပ်၏ ဘီလူးမျက်နှာအား ဖုံးဖိမရသည့် ဖြစ်ရပ်များ ဖြစ်သည်။ မုန်လိုင်ခတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဥ် အပြီး ရက်အနည်းအကြာတွင်တော့ စစ်ရေး အလှည့်အပြောင်း ကြီးစွာ ဖြစ်လာခဲ့မည့် ၁၀၂၇ စစ်ဆင်ရေး ဖြစ်လာခဲ့သည်။
ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်တို့၌ မြောက်ပိုင်း မဟာမိတ် အဖွဲ့များနှင့် အနယ်နယ်အရပ်ရပ်မှ ဗမာတော်လှန်ရေး လူငယ်များ ပါဝင်သည့် ထိုးစစ်ကြီးကြောင့် အာဏာသိမ်း စစ်တပ်သည် အချိန်တိုတွင်းမှာပင် ၄င်းတို့၏ စစ်ဌာနချုပ် များကို စွန့်လွှတ်ရသည်ထိ စစ်ရေး ရှုံးနိမ့်မှုများ ကြုံလာခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးသည် ၂၀၂၃ ခုနှစ် အောက်တိုဘာမှစ၍ ၂၀၂၄ခုနှစ် တစ်နှစ်လုံး နီးပါး ဖြစ်နေခဲ့သည်။ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီတွင် အာဏာသိမ်း စစ်တပ်က စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းကာ နိုင်ငံတစ်ဝန်းရှိ လူငယ်များအား ၄င်းတို့ စစ်တပ်အတွင်း အတင်းအဓမ္မ သွတ်သွင်းလာခဲ့သည်။
လူငယ်အများအပြားသည် အာဏာသိမ်း စစ်တပ်အတွင်း ဝင်ရောက်ရမည့် အရေးကို ရှောင်လွှဲနိုင်ရန် အစုလိုက် အပြုံလိုက် ထွက်ပြေးရမှုများ ပေါ်ပေါက်လာခဲ့သည်။ ၂၀၂၄ ခုနှစ် သင်္ကြန်ကာလသည်ကား စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစည်ကားဆုံး ဖြစ်ခဲ့သည်။
ယခင်ကာလများကို လုံးလုံးလျားလျား မမှီသော်ငြား ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ နေပြည်တော် တို့ရှိ စစ်ကောင်စီ မဏ္ဍပ်များ အောက်သို့ ထောင်နှင့်ချီသော လူများ စုဝေးလာကာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲ လာခဲ့ကြသည်။
သို့သော် ထိုအရာသည် အာဏာသိမ်း စစ်တပ်၏ မကြုံစဖူး ၄င်းတို့ အရေးနိမ့်နေချိန်တွင် ပျော်ပွဲရွှင်ပွဲများကို တိုး၍ လုပ်ကာ ဟန်ဆောင်မျက်နှာဖုံးဖြင့် အပြုံးမပျက်ဟန်လုပ်ကာ နေပြခဲ့ခြင်းမျိုးသာ ဖြစ်သည်။
၄င်းတို့ ဂုဏ်ယူစွာ ကျင်းပလေ့ရှိသည့် တပ်မတော်နေ့အား ညနေစောင်း မှောင်စပျိုးချိန်၌ ခိုးကြောင်ခိုးဝှက် ကျင်းပရသည်ထိ အရှက်တကွဲ ရှုံးနိမ့်မှုများကို ကြုံတွေ့ခဲ့ရသည်။ ယခင်က ကြွားဝါပြသလေ့ရှိသည် လက်နက်ဆန်းများသည်လည်း ပါဝင်နိုင်ခြင်း မရှိတော့။
၂၀၂၄ခုနှစ်အတွင်း အာဏာသိမ်း စစ်တပ်သည် ၄င်းတို့၏ နာမည်ကျော် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နှင့် ရခိုင်ပြည်ကို ထိန်းချုပ်ထားသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို စွန့်လွှတ်လိုက်ရသည်။
သို့သော်ငြား ၄င်းတို့ ထိန်းချုပ်ထားဆဲ မြို့ကြီးများတွင်ကား ရုပ်ရှင် ရိုက်ကွင်းများ၊ ဂီတဖျော်ဖြေပွဲများ၊ ရာသီအလိုက် ပွဲတော်များ ပြုလုပ်ခြင်းမျိုးဖြင့် ဟန်မပျက် ပြုလုပ်ပြနေခဲ့သည်။
၂၀၂၄ခုနှစ်သည်ကား အာဏာသိမ်း စစ်တပ် စစ်ရှုံးနေခြင်းနှင့်အတူ နိုင်ငံအတွင်း၌လည်း အဓမ္မ စစ်သားစုဆောင်းမှုများ၊ ကုန်စျေးနှုန်း ကြီးမြင့်ခြင်း၊ စီးပွားရေးကျပ်တည်းခြင်းများကြောင့် လူထု၏ ဘဝအခြေအနေသည် အဖက်ဖက်တွင် နိမ့်ဆင်းကျသွားခဲ့ပြီး ဖြစ်သည်။
ရန်ကုန်ကဲ့သို့ မြို့ကြီးသည်ပင်လျင် စစ်တပ်၏ ပေါ်တာဆွဲမှုများ၊ ဒုစရိုက်သမားများ၏ ဒုစရိုက်မှုများအောက်၌ နေဝင်ပြီးသည်နှင့် တိတ်ဆိတ်လာခဲ့ရပြီ ဖြစ်သည်။
၂၀၂၄ခုနှစ် နိုင်ငံတကာ နှစ်သစ်ကူးနေ့တွင်လည်း အာဏာသိမ်း စစ်တပ်က ညမထွက်ရအမိန့်ကို ဖြေလျှော့ပေးခဲ့သော်ငြား ရန်ကုန်မြို့၏ လမ်းမများးသည်ကား လူသူကင်းမဲ့စွာဖြင့် တိတ်ဆိတ်နေခဲ့တော့သည်။
သို့ဖြင့် ၂၀၂၅ ခုနှစ်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ အာဏာသိမ်း စစ်တပ်သည် ၄င်းတို့ အဓမ္မစုဆောင်းထားသော လူငယ်များကို အသုံးပြု၍ တန်ပြန်ထိုးစစ်တစ်ခုအတွက် ပြင်ဆင်လာနေသည်။ တော်လှန်ရေး တပ်များကလည်း စစ်အာဏာရှင် အဆုံးသတ်ရေး ကြီးမားသည့် စစ်ပွဲအတွက် ပြင်ဆင်နေကြောင်း ပြောဆိုမှုများ ရှိလာနေသည်။
ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကလည်း တတိယကမ္ဘာစစ်စီသို့ ဦးတည်လျှက် ရှိနေသည်။ မကြာမီ မြန်မာတို့၏ နှစ်သစ်ကူး သင်္ကြန်ကာလသို့ ရောက်ရှိတော့မည် ဖြစ်သည်။အာဏာသိမ်း စစ်တပ်က ယခင်နှစ်များ အတိုင်း မြို့ကြီးများ၌ မဏ္ဍပ်များ ဆောက်လုပ်နေပြီ ဖြစ်သည်။ ပြည်သူအများကတော့ ပါဝင်ဆင်နွှဲရန် အပြုအမူများ မပြုလုပ်လာကြသေးပေ။
စစ်အာဏာသိမ်း မဖြစ်မီကဆိုလျင် ယခုကဲ့သို့ မတ်လကုန် ကာလများကပင် မဏ္ဍပ် လက်မှတ်များ အပြိုင်အဆိုင် ဝယ်ယူကြသည်။ ရေပက်ခံထွက်ရန် မော်တော်ယာဥ်များကို ပြုပြင် ပြင်ဆင်ကြသည်။ အလှူအတန်းများ ပြုလုပ်ရန် ကြိုတင် ပြင်ဆင် ဝယ်ယူကြသည်။
သို့သော် ယခုနှစ်တွင်လည်း ယခင်နှစ်များက ကဲ့သို့ပင် မည်သည့် ပြင်ဆင်မှုများမှ ရှိမလာသေးပေ။ ထို့ထက် ယခုနှစ်တွင် မြန်မာပြည်သူများအတွက် သဘာဝတရားကြီးကလည်း ဝမ်းနည်းဖွယ် အဖြစ်ဆိုးကြီးကို ပေးခဲ့လေသည်။
မတ် ၂၈ ရက်၌ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များ အနီးကို ဗဟိုပြုပြီး အင်အား ရစ်ချတ်တာစကေး ၇ ဒဿမ ၇ ရှိ အင်အား အလွန်ပြင်းသော ငလျင်ကြီး လှုပ်ခဲ့သည်။
ငလျင်ကြီး၏ ဖျက်ဆီးမှုအားက စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော် မြို့ကြီး သုံးမြို့နှင့် ရှမ်းပြည် အရှေ့ပိုင်း၊ မကွေး၊ ပဲခူးတို့ရှိ မြို့အချို့ကို ဆိုးဆိုးရွားရွား ပျက်ဆီးသွားစေခဲ့သည်။ ပြည်သူ တစ်သောင်းမှ တစ်သိန်းခန့် ငလျင်ဒဏ်ကြောင့် သေဆုံးနိုင်သည်ဟု USGSက ခန့်မှန်းထားပြီး လူသန်းချီ အိုးမဲ့အိမ်မဲ့ ဘဝသို့ ရောက်သွားစေခဲ့သည်။
ငလျင်ဘေးသင့်နေချိန်တွင်ပင် အာဏာသိမ်း စစ်တပ်က ဗုံးကြဲ တိုက်ခိုက်မှုများကို ရပ်တန့်ခြင်းမရှိ။ ၄င်းတို့ အာဏာတည်မြဲရေး အတွက် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက်ကျူးလွန်လျက် ရှိနေသည်။
ငလျင်ကပ်ဘေးအား အကြောင်းပြကာ အာဏာသိမ်း စစ်တပ်သည် နိုင်ငံရေး အမြတ်ထုတ်ရန်လည်း လုပ်ဆောင်နေသည်။ နိုင်ငံတကာအား ကယ်ဆယ်ရေး အကူအညီများပေးရန် တောင်းဆိုကာ ထိပ်သီးခေါင်းဆောင်များ ၄င်းတို့ထံ ဆက်သွယ်လာရန် ပြုလုပ်သည်။
ထင်ရှားသည့် ဥပမာမှာ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီအား စစ်ခေါင်းဆောင်က မြန်မာဘာသာဖြင့် ဖုန်းပြောနေသည့် ရုပ်သံဖိုင်အား စစ်တပ် ဝါဒဖြန့်သမားများက ငလျင်ကပ်ဘေး သတင်းများကို ကျော်လွန်၍ တွင်တွင် ဝါဒဖြန့်ခြင်းမျိုး ဖြစ်သည်။
စင်ပြိုင် အစိုးရအဖြစ် သတ်မှတ်ကြသည့် အမျိုးသားညီညွတ်ရေး အစိုးရက အပစ်အခတ်ရပ်ဆဲကြောင်း ကြေညာခြင်းကိုပင် သတင်းဟောင်း ဖြစ်စဥ်ဟောင်းများကို သုံး၍ ပုံဖျက် ဝါဒဖြန့်သည်။ မြင်းခြံတွင် ငလျင် ကယ်ဆယ်ရေး လုပ်ရန်လာသည့် စစ်ကောင်စီ ရဲကားအား PDF တပ်ဖွဲ့များက ချုံခိုတိုက်ခိုက်သည်ဟူသည့် သတင်းအမှားအား ဖြန့်ခြင်းမျိုး ဖြစ်သည်။
အမှန်တကယ်တမ်းတွင် ၄င်းတို့သည်သာ နောင်ချို၊ ပေါက်နှင့် ကရင်ပြည်နယ်တို့၌ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ငလျင်ကပ်ဘေးသင့်နေသည့် ကြားက ပြုလုပ်ခဲ့သည်။ ၄င်းတို့၏ ယုတ်မာ ရက်စက်မှုအား ဖုံးကွယ်နိုင်ရန် နိုင်ငံခြား သတင်းထောက်များကို ဝင်ခွင့် မပေးခြင်းမျိုးကိုလည်း ပြုလုပ်သည်။
နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့များအား ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် ၄င်းတို့ စစ်ရုံး ရှိရာ နေပြည်တော်သို့သာ ဦးစားပေးပို့ဆောင်သည်။ ပြည်သူအများသည် ကပ်ဘေးသင့်နေချိန်တွင်ပင် မိမိတို့အပေါ် စာနာ ထောက်ထားမှု အလျင်းမရှိ အာဏာတည်မြဲရေးအတွက်သာ လုပ်ဆောင်နေသည့် အာဏာသိမ်း စစ်တပ်အား လုံးဝ ရွံ့ရှာစက်ဆုပ်လျက် ရှိနေပြီ ဖြစ်သည်။
သို့သော် အာဏာသိမ်း စစ်တပ်သည် ပြည်သူများအား ဂရုမထားပေ။ မြို့ကြီးများ၌ ပြင်ဆင်ထားသော သင်္ကြန်မဏ္ဍပ်များအားလည်း ဖျက်သိမ်းခြင်းမရှိ၊ ငလျင်ဒဏ် အများဆုံး ခံရသည့် မြို့ကြီး ဖြစ်သော မန္တလေးမြို့တွင်ပင် သင်္ကြန်မဏ္ဍပ်များ ဆက်လက်ဆောက်လုပ်ရန် ညွှန်ကြားထားသည်ဆိုသည့် သတင်းများပင် ထွက်ပေါ်နေပေသည်။
ပြည်သူများ၏ ဝမ်းနည်းမှု၊ ဆုံးရှုံးမှုများသည် အာဏာသိမ်း စစ်တပ်အတွက်တော့ မည်သို့မျှ ဂရုပြုစရာ အကြောင်းများ မဟုတ်ပေ။ ၄င်းတို့သည် နိုင်ငံအား သာယာတည်ငြိမ်စွာ အုပ်ချုပ်နေသည်ဟူသည့် မုသားအား ကမ္ဘာကြီးသို့ ပြသလိုခြင်းသည်သာ ပဓာန ဖြစ်နေ၏။
သို့မှသာလျင် ၄င်းတို့သည် အယောင်ပြ ရွေးကောက်ပွဲဖြင့် နိုင်ငံကို ဆက်လက်အုပ်ချုပ်နိုင်မည်ဟု မျှော်လင့်နေခြင်းလည်း ဖြစ်ပေမည်။ စစ်အာဏာရှင်များ၏ အလိုရမ္မက်သည် ငလျင်ကပ်ဘေးသင့် ပြည်သူများ၏ ဒုက္ခငရဲအား ၄င်းတို့အတွက် အမြတ်ထွက်စရာ အဖြစ်ပင် ဖန်တီးလျက် ရှိနေသည်။
ရိုးရာ နှစ်ကူး သင်္ကြန်ပွဲတော်သည် စစ်အာဏာရှင်များ လက်အောက်၌ ပျက်သုဥ်းသွားခဲ့ပြီး ဖြစ်သည်။ အစစ်အမှန် သင်္ကြန်ပွဲဟူသည် မရှိခဲ့သည်မှာ ငါးနှစ်ပင် ကြာမြင့်ခဲ့ချေပြီ။
ယခုနှစ်တွင်လည်း ငလျင်ကပ်ဘေးကြီးကြောင့် မြန်မာပြည်သူအများ နှစ်ကူး သင်္ကြန်ပွဲအား ဆင်နွှဲကြမည်မဟုတ်၊ ပျော်ရွှင်ကြမည် မဟုတ်ပေ။
MNDAA အဖွဲ့က ပြည်သူအများ ကပ်ဘေးသင့်နေချိန် ဖြစ်သဖြင့် ၄င်းတို့ ထိန်းချုပ်ရာ လားရှိုးမြို့ကြီး၌ ပြုလုပ်မည့် သင်္ကြန်ပွဲအား ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။
ထို့အတူ သင်္ကြန်အတွက် ပြုလုပ်မည့် ပျော်ပွဲရွှင်ပွဲများအား ဖျက်သိမ်းကြောင်းလည်း စီးပွားရေး သမားများ၊ အနုပညာရှင်များက ကြေညာလာသည်ကို တွေ့ရသည်။
အာဏာသိမ်း စစ်တပ်ကတော့ ကပ်ဘေးသင့် နိုင်ငံ၌ အတုအယောင် ပျော်ပွဲရွှင်ပွဲ ဖန်တီးရန် သင်္ကြန်ပွဲအား ဖျက်သိမ်းကြောင်း မကြေညာဘဲ သင်္ကြန်ပွဲ ပြုလုပ်ရန်သာ စီစဥ်လျက် ရှိနေသည်။
ဤ စစ်အာဏာရှင်များ ရှိနေသရွေ့ နိုင်ငံသည် သုခချမ်းသာများနှင့် ပြည့်စုံရန် အကြောင်းအရင်း လုံးဝ မရှိနိုင်တော့ပေ။ ထို့အတူ စစ်အာဏာရှင်များ ရှိနေသရွေ့ မြန်မာတို့၏ ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်သည်လည်း စစ်မှန်စွာဖြင့် ဖြစ်တည်နိုင်မည် မဟုတ်တော့ပေ။