By Maung Dagon/ MPA (ဆောင်းပါး)
ရန်ကုန်မြို့သည် ဟောင်းနွမ်းသော တိုက်တာအဆောက်အအုံများနှင့် ငလျင်ဒဏ်ခံနိုင်ရှိသည်ဟု အာမခံချက်မရှိသော အထပ်မြင့်တိုက်များစွာ ရှိနေသည့် မြို့ကြီးလည်းဖြစ်သည်။
၁၉၃၀ ခုနှစ်က ပဲခူးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပျက်စီးထိခိုက်ခဲ့သည့် အတိတ် သမိုင်း၏ ခြိမ်းခြောက်မှုအောက် အမြဲလို ရှိနေခဲ့သည့် မြို့ကြီးလည်း ဖြစ်သည်။
စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက် တစ်ကျော့ပြန် ငလျင်ကြီး လှုပ်ခတ်မှုအတွက် စိုးရိမ်မှုများက ရန်ကုန်မြို့၌ ပြီးခဲ့သည့် နှစ်များကတည်းက ပို၍ ပို၍ မြင့်တက်နေခဲ့သည်။
ပြီးခဲ့သည့် လများအတွင်း ငလျင် အသေးစားများ ခပ်စိပ်စိပ် လှုပ်ခဲ့ချိန်ကလည်း ရန်ကုန်မြို့၏ အထပ်မြင့်တိုက်များက အသေးစား ငလျင်များကြောင့် သိသာသည့် ယိမ်းထိုး လှုပ်ခတ်မှုများ ရှိခဲ့သည်။
ယခု ငလျင်ကြီး လှုပ်ခတ်ချိန်တွင် ရန်ကုန်မြို့သည် လေးမိနစ်ခန့် ငလျင်လှုပ်ခတ်မှု အရှိန်အား သိသိသာသာ ခံစားကြုံတွေ့ခဲ့ရသည်။
ပြိုကျ ပျက်ဆီးခြင်းများ မရှိခဲ့သော်လည်း ပုခက်လွှဲသကဲ့သို့ အထပ်မြင့်တိုက်များ ယိမ်းခါ လှုပ်ခတ်ခြင်းများကြောင့် မြို့ခံများ တုန်လှုပ်ခြောက်ခြားမှု ကြီးမားစွာ ဖြစ်လာခဲ့ကြသည်။
” ရှစ်လွှာကနေ ပြေးဆင်းဖို့လည်း မလုပ်မိဘူး။ ခဏတော့ ကြောင်ပြီး ထိုင်ကြည့်နေမိတာ၊ တိုက်က ယိမ်းခါနေတာပဲ။ လှေကားက ပြေးဆင်းဖို့လည်း အဲ့ဒီမှာ ပိတ်မိ ဘယ်လိုလုပ်မလဲ တွေးမိသွားတာရော၊ နောက်မှ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး ပြေးဆင်းတာ” ဟု လမ်းမတော်မြို့နယ် ၁၆ လမ်း၌ နေထိုင်သူတစ်ဦးက ငလျင်ကြီး လှုပ်ခတ်ချိန်က ကြုံခဲ့ရသည်အား ပြောပြသည်။
ရန်ကုန်မြို့ခံများအတွက် ငလျင်ဘေးအား စိုးရိမ်သည့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ် ထိတ်လန့်မှု ကြီးကြီးမားမား ဖြစ်သွားကြခြင်း ဖြစ်သည်။
အဆိုပါ စိုးရိမ်မှုများက ငလျင်လှုပ်ခတ်ပြီးနောက် လူမှုကွန်ယက်ပေါ်၌ မြင်တွေ့လိုက်ရသည့် မြင်ကွင်းများကြောင့် ပို၍ မြင့်မားလာခဲ့ကြသည်။
ငလျင်ကြီး၏ ဗဟိုချက် အနီးရှိ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့ အပါအဝင် ငလျင်ဒဏ်ခံ ဒေသများမှ ရင်နင့်ဖွယ် ဆိုးရွားသည့် ထိခိုက်ပျက်စီးမှု မြင်ကွင်းများက မိနစ်ပိုင်းအတွင်းပင် လူမှုကွန်ယက်များထက်သို့ ရောက်ရှိလာခဲ့သည်။
အခိုင်အမာ ဆောက်ထားသည့် တိုက်တာ အဆောက်အအုံများ၊ လမ်းတံတားများက ပြိုပျက်လဲကျကုန်ပြီး အသက်လုပြေးလွှား အော်ဟစ်နေသည့် လူများကို မြင်တွေ့ရသည်မှာ သွေးပျက် ခြောက်ခြားဖွယ် ဖြစ်သည်။
” လှုပ်တုန်းက မကြောက်ဘူး။ လှုပ်ပြီး ပြန်တက်လာပြီး မန္တလေးမှာ တိုက်ပြိုတာတွေ၊ ဘန်ကောက်က တိုက်ပြိုတာတွေ ကြည့်ပြီးမှ ကြောက်လာတာ၊ နေတာက ခြောက်လွှာဆိုတော့ မနေရဲတော့လို့ အောက်ဆင်းနေလိုက်ရတယ်။ အဲ့ဒီနေက တစ်ညလုံး အိပ်မပျော်ဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ် စံပြစျေး အနီး နေထိုင်သူတစ်ဦးက ပြောသည်။
ငလျင်ကြီး တစ်ခု လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်မည့် သတိပေးချက်များ လည်း ရှိလာခဲ့သည်။
အဆိုပါ နောက်ဆက်တွဲ ငလျင်များကလည်း ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နာရီအနည်းငယ်အတွင်း အကြိမ် ငါးဆယ်မက လှုပ်ခတ်ခဲ့သည်။ ရန်ကုန်မြို့တွင်မူ နောက်ဆက်တွဲ ငလျင် လှုပ်ခတ်မှုများ မတ် ၃၀ ရက် နံနက်ပိုင်းထိ မရှိခဲ့သေးပေ။
သို့သော် ရန်ကုန်မြို့နေ ပြည်သူများကတော့ နောက်ဆက်တွဲ ငလျင် လှုပ်ခတ်မည့် ဘေးအား ထိတ်လန့်ကြောက်ရွံ့နေကြသည်ကို တွေ့ရသည်။
ငလျင်ကြီး လှုပ်ခတ်အပြီး တစ်ရက်အကြာ မတ် ၂၉ ရက် ညပိုင်းတွင် ရန်ကုန်မြို့၌ ငလျင် ထပ်လှုပ်မည်ဟူသည့် ကောလာဟလများ ပြန့်လာခဲ့သဖြင့် အထပ်မြင့်တိုက်ခန်းများ၌ နေထိုင်သူ အများအပြား ညနက်သန်းခေါင်း တိုက်အောက်သို့ ဆင်းလာခဲ့ကြသည်။
ထွက်ပေါ်လာသော ကောလာဟလများထဲတွင် အသံချဲ့စက်ဖြင့် ရပ်ကွက်များအတွင်း ငလျင် သတိပေးချက်များ လိုက်လံဆော်သြသည်ဟူသည့် ကောလာဟလများလည်း ပါဝင်သည်။
ထိုသို့ ဆော်သြခြင်းသည် မြေပြင်တွင် မရှိခဲ့ဘဲ လူမှုကွန်ယက်ပေါ်၌သာ စာသားဖြင့် တင်ရှိခြင်းများ ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်ကို တွေ့ရသည်။
သို့သော် အဆိုပါ ကောလာဟလ များကြောင့် ရန်ကုန်မြို့တွင်း မြို့နယ်များ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ စမ်းချောင်း စသည့် မြို့နယ်များ၌ ငလျင်ဘေးကြောက်သဖြင့် တိုက်အောက် ဆင်းနေကြသော လူစုလူဝေးကြီး ဖြစ်ပေါ်ခဲ့သည်။
” လူတွေက အကုန်ဆင်းကြတော့ ကျတော်လည်း ဘာဖြစ်မှန်း မသိဘူး။ မီးတွေက ပျက်တော့မှောင် လူတွေက လည်း အများကြီး၊ အောက်ရောက်တော့ မေးကြည့်မှ ငလျင်ကြောက်လို့ ဆင်းလာကြမှန်းသိတာ” ဟု စမ်းချောင်းမြို့နယ်၌ နေထိုင်သည့် အသက် ၂၇နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။
အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ရန်ကုန်မြို့သည် ငလျင်ဒဏ်အား သိသာစွာ မခံခဲ့ရသော်လည်း ငလျင်ကြောင့် ဖြစ်လာသည့် နောက်ဆက်တွဲ အကျိုးဆက်များကို ကြုံတွေ့နေရသည်။
ပထမဆုံး ကြုံရသည်မှာကား လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်သည်။ မတ် ၂၈ ရက် မွန်းလွဲပိုင်းက ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ရန်ကုန် တစ်မြို့လုံး လျှပ်စစ်ဓာတ်အားများ ပြတ်တောက်သွားခဲ့သည်။
နာရီပိုင်းခန့်အကြာတွင် မြို့နယ်အချို့၌ မိနစ်ပိုင်းခန့် လျှပ်စစ်ဓာတ်အား ပြန်ရသည်များ ရှိခဲ့သော်လည်း၊ မတ် ၂၈ ရက် ညနေ ငါးနာရီ နောက်ပိုင်းကစ၍ နေရာအများစုတွင် လျှပ်စစ်ဓာတ်အား လုံးဝ ပြတ်တောက်သွားခဲ့သည် ကို တွေ့ရသည်။
ရန်ကုန်မြို့ခံများမှာ ဓာတ်အား ပြန်လည် ရရှိရန် မျှော်လင့်ခဲ့ကြသေးသော်လည်း မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် နှင့် ရှမ်းပြည်တို့၌ ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွား ကပ်ဘေးသင့်မှုကို သိရှိခဲ့ကြပြီးနောက် ၄င်းတို့၏ မျှော်လင့်ချက်အား မြိုသိပ်ထားလိုက်ကြသည်။
” ကျတော်တို့က အများကြီး တော်ပါသေးတယ်။ တကယ် အများကြီးပါ၊ ငလျင်ကြောင့် ထိခိုက်မှုဆိုတာက မရှိသလောက်ကို နည်းတာဆိုတော့ အခြားဒေသတွေကို ကြည့်ပြီး ဝမ်းနည်း ရတာက အဓိကပါ” ဟု သင်္ဃန်ကျွန်းမြို့နယ်၌ နေထိုင်သည့် အသက် ၃၀ ကျော်အရွယ် ကိုလင်းရောင် က ပြောသည်။
မတ် ၂၉ ရက် ညပိုင်း၌ မြို့နယ်အချို့တွင် နာရီ အနည်းငယ်မျှ လျှပ်စစ်ဓာတ်အား ပြန်ရလာသည်ကို တွေ့ရသည်။ ၂၄နာရီကျော်ကြာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီးမှ ဓာတ်အား ပြန်ရခြင်း ဖြစ်သည်။
ထမင်း၊ ဟင်း ချက်ပြုတ်ရန် အတွက်ပင် ဓာတ်အား မရရှိတော့ခြင်းဖြစ်ရာ ဂတ်စ်နှင့် မီးသွေးမီးဖို မသုံးနိုင်သော လိုင်းခန်းများ၊ အဆောင်များ၌ နေထိုင်သူများမှာ စားသောက်ရေးအတွက် အခက်အခဲ ကြီးကြီးမားမား ကြုံတွေ့ခဲ့ရသည်။
လကုန်ရက် ဖြစ်နေရာ နွမ်းပါသည့် ၄င်းတို့အတွက် ပြင်ပမှ အစားအသောက်များ ဝယ်စားနိုင်ရန် အထူးချင့်ချိန်နေခဲ့ရပြီး လျှပ်စစ်ဓာတ်အား ပြန်ရချိန်ကိုသာ စောင့်ဆိုင်းခဲ့ရခြင်းမျိုးပင် ရှိသည်ဟု သိရသည်။
” မီးလာတဲ့ ထိစောင့်ရတာ၊ ဝယ်မစားနိုင်ဘူး။ အဆာပြေ ငှက်ပျောသီးလေး ဘာလေး ဝယ်စားပြီး စောင့်တာပဲ၊ ဗိုက် အရမ်းဆာတုန်းတော့ ထမင်း ဝယ်စားလိုက်ပါသေးတယ်။ တစ်နေကုန် တစ်နပ်တော့ စားထားတာပေါ့” ဟု တောင်ဥက္ကလာပမြို့နယ်ရှိ ဆယ်ပေလိုင်းခန်းတစ်ခု၌ နေထိုင်သည့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ ချက်ပြုတ်ရန် လျှပ်စစ်ဓာတ်အား မရရှိချိန်တွင် ထမင်းဆိုင်များ ရောင်းအား ကောင်းခဲ့သည်ကို တွေ့ရပြီး ဝယ်ယူစားသုံးသူ များပြားခြင်းကြောင့် ဆန်ကုန်သည်ထိ ချက်ပြုတ်ရခြင်းမျိုးပင် ဖြစ်ခဲ့သည်။ အထူးသဖြင့် လူအများမှာ ဟင်းထက် ထမင်းအား ပိုမိုဝယ်ယူကြသည်ကို တွေ့ရသည်။
” ထမင်းက ထပ်ချက်စရာ ဆန်ကို မရှိတော့တာ ဒီနေ့အတွက်တော့ ထမင်းဖြူက ကုန်ပြီ၊ ထမင်းဖြူ လာဝယ်တာတွေ အများကြီးပဲ” ဟု ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်တစ်ခု၌ ဖွင့်လှစ်ထားသော ထမင်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
လျှပ်စစ်ဓာတ်အား မရရှိခြင်းကြောင့် နောက်ထပ် ကြုံရသည့် အရေးကြီး ပြဿနာတစ်ခုမှာ ရေ မရရှိခြင်း ဖြစ်သည်။
ရန်ကုန်မြို့သည် ဂျိုးဖြူရေ၊ အဝီစိရေ စသည်ဖြင့် အဓိက ရေအရင်းမြစ်များ သုံးစွဲနိုင်ရန် လျှပ်စစ်ဓာတ်အား လိုအပ်သည့် မြို့ကြီး တစ်မြို့ဖြစ်သည်။
ငလျင်လှုပ်ခတ်ပြီးနောက် အချို့သော မြို့နယ်များ၌ အချိန် ၃၅ နာရီနီးပါးထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းများ ရှိခဲ့သည်။ အဆိုပါ မြို့နယ်များ၌ နေထိုင်သူများအတွက် သုံးစွဲရန် ရေသည် ကုန်သလောက် နီးနီး ဖြစ်သွားခဲ့သည်ဟု သိရသည်။
” အိမ်သာသုံးဖို့တောင် ရေမရှိတော့ဘူး။ ရေတင်ဖို့ကို မီးမရတော့ ရေတင်လို့မရလို့လေ၊ ချွေတာသုံးရင်းနဲ့ပဲ ရေက ကုန်သွားတာ မီးလာတာစောင့်နေရတာပေါ့” ဟု တာမွေမြို့နယ်ရှိ အထပ်မြင့်တိုက်ခန်းတစ်ခု၌ နေထိုင်သူတစ်ဦးက ပြောသည်။
လျှပ်စစ်ဓာတ်အားသည် ရန်ကုန်မြို့၌ တစ်ရက်လျှင် လေးနာရီခန့်သာ ပေးနိုင်တော့မည်ဟု ငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်းတွင် YESC ဘက်က ကြေညာလာခဲ့သည်။
သို့သော် မတ် ၂၉ ရက်တွင် ရန်ကုန်တစ်မြို့လုံးနီးပါး လျှပ်စစ်ဓာတ်အား အချိန် ၂နာရီခန့်သာ ရရှိခဲ့ပြီး ဓာတ်အားရချိန်တွင်လည်း မကြာခဏ ပြတ်တောက်မှုများ ရှိခဲ့သည်။
မြို့နေပြည်သူများသည် လျှပ်စစ်ဓာတ်အား ရချိန်အား စောင့်ဆိုင်းနေခဲ့ကြရာ ဓာတ်အား ရချိန် နာရီပိုင်းအတွင်း ရေတင်ခြင်း၊ ချက်ပြုတ် လျှော်ဖွတ်ခြင်းများကို အမြန်လုပ်ဆောင်ခဲ့ရသည်။
” ညက တစ်နာရီမှာ လာတယ်။ ခဏခဏ ပြန်ပျက်တယ်။ လူတွေက သရဲတွေလိုပဲ ညဘက်ကြီး အကုန်လုံး နိုးလာကြပြီး ရေတွေတင်ကြ ဟင်းတွေချက်ကြ မြင်နေရတယ်” ဟု ရန်ကုန်မြို့နေ အိမ်ရှင်မတစ်ဦးက ပြောပြသည်။
ရန်ကုန်မြို့၌ မီးဖိုချောင်သုံး ဂတ်စ်စျေး၊ ဖယောင်းတိုင်စျေးနှင့် စားသောက်ကုန် စျေးနှုန်းများမှာမူ သိသာစွာ စျေးတက်လာခြင်းတော့ မရှိသေးပေ။
သို့သော် ပါဝါဘန့်များ၊ အားသွင်းမီးလုံးများကဲ့သို့ လျှပ်စစ်ပစ္စည်းများမှာမူ ဝယ်လိုအား အဆမတန်များနေပြီး ရောင်းရန် မကျန်သည်ထိ ဖြစ်နေသည်ဟု သိရသည်။
ရာသီဥတု ပူပြင်းနေချိန်လည်း ဖြစ်လေရာ အားသွင်း ပန်ကာများမှာ ပါဝါဘန့်များနည်းတူ ဝယ်လိုအား အများဆုံး ပစ္စည်းများထဲတွင် ပါဝင်လာသည်။
” ပါဝါဘန့်တွေ၊ အားသွင်းပန်ကာတွေကတော့ ရောင်းမလောက်ဘူး။ တအားဝယ်ကြတာ။ ဆိုင်မှာ ပစ္စည်း က တင်မလောက် ဖြစ်နေတယ်” ဟု လျှပ်စစ်ပစ္စည်းရောင်းချသူတစ်ဦးက ပြောသည်။
ငလျင်ကြီး လှုပ်ခတ်သည့် နေ့သည် သောကြာနေ့ ဖြစ်ရာ ယင်းနေ့ နောက် နှစ်ရက်သည် ရုံးပိတ်ရက်များ ဖြစ်သဖြင့် ရုံးလုပ်ငန်းများသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းကြောင့် မည်သို့ အခက်အခဲများ ဖြစ်လာမည်ကိုမူ မသိရသေးချေ။
ယခင်ကလည်း လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွားရွားပြတ်တောက်နေခဲ့ခြင်းမျိုး ဖြစ်သော်လည်း ယခုကဲ့သို့ ဓာတ်အား တစ်ရက်လျှင် ညပိုင်းတွင်မှ အချိန် ၂နာရီခန့်သာ ရနေခြင်းမျိုး မဟုတ်ပေ။
သို့ဖြစ်ရာ ရုံးလုပ်ငန်းများ၌ လုပ်ငန်းကြန့်ကြာမှုများ ဆိုးဆိုးရွားရွား ကြုံတွေ့လာနိုင်သည်ဟုလည်း မှတ်ချက်ပေးပြောဆိုမှုများ ရှိလာသည်။
” တရားရုံးတွေက မီးပျက်ရင် စာနဲ့ရေးကြတယ်။ အရင်ကတော့ အလှည့်ကျဆိုတော့ မနက် ရုံးချိန်း မီးပျက်ရင် ညနေ အဆင်ပြေတယ်။ တောက်လျှောက်ပြတ်နေရင်တော့ စာနဲ့ရေးရမှာဆိုတော့ အချိန်လင့်မှာ၊ ရှေ့မရောက်တော့ဘူးပေါ့” ဟု အင်းစိန်မြို့နယ်မှ တရားလွှတ်တော် ရှေ့နေတစ်ဦးက မှတ်ချက်ပေးသည်။
မတ် ၂၈ ရက်က ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ရန်ကုန်မြို့သည် လျှပ်စစ်ဓာတ်အား မရရှိမှု ပြဿနာကိုသာ အဆိုးဆုံး ပြဿနာတစ်ခုအဖြစ် ရင်ဆိုင်ထားရဆဲ ဖြစ်သည်။
ငွေကြေးချမ်းသာသူများသည် အဆိုပါ ပြဿနာကို ဖြေရှင်းရန် အတွက် ၄င်းတို့၏ ကိုယ်ပိုင် မော်တော်ယာဥ်များကို သုံးကာ စက်သုံးဆီများ စုဆောင်းလျက် ရှိနေကြပြီး မီးစက်အတွက် ပြန်လည်သုံးစွဲကြသည်ကိုတွေ့ရသည်။
ယင်းကြောင့် အချို့သော စက်သုံးဆီ ဆိုင်များတွင် စက်သုံးဆီ တစ်နေ့တာသတ်မှတ်ချက် အလျင်အမြန်ရောင်းကုန်သွားခြင်းများ ရှိလာသည်ကို တွေ့ရသည်။
ထိုအခါ ဆိုက်ကယ်ဘေးတွဲ မောင်းသူများကဲ့သို့ လက်လုပ်လက်စားများအတွက် အလုပ်လုပ်ရန် စက်သုံးဆီ ဝယ်ယူမည့်သူများအတွက် အခက်အခဲများ ဖြစ်လာသည်ဟုလည်း သိရသည်။
ရန်ကုန်မြို့သည် ငလျင်ကြီး လှုပ်ခတ်ပြီး သုံးရက်အကြာထိ လျှပ်စစ်ဓာတ်အား မရရှိမှု ပြဿနာကိုသာ အဆိုးဆုံး ကြုံတွေ့နေရသော်လည်း အဆိုပါ ပြဿနာသည် ရက်ရှည်လာသည်နှင့်အမျှ နောက်ဆက်တွဲ အခက်အခဲများ ပိုမိုကြီးမားစွာ ကြုံတွေ့လာနိုင်ချေ ရှိနေသည်။
သို့သော် ရန်ကုန်မြို့ခံများမှာမူ ပြည်သူအချင်းချင်း စာနာမှုများဖြင့် မိမိတို့၏ အခက်အခဲများအား ဦးစားပေး ထုတ်ပြောခြင်းမျိုး မရှိသေးဘဲ ဘေးဒဏ်သင့် ဒေသများမှ ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူ အညီများကို ပေးနိုင်ရေးသာ စိတ်ဆန္ဒပြင်းပြလျှက် ရှိနေသည်ကို တွေ့ရပေသည်။
စာတည်း-ကိုဆန်း