By Wadi / MPA (ဆောင်းပါး)
စေတနာမှန်လျှင် ညောင်စေ့လောက် လှူရုံဖြင့် ညောင်ပင်ကြီးလောက် ကုသိုလ် ရသည် ဆိုပြီး မြန်မာတွေ ပြောလေ့ ရှိသည်။ အလှူခံမဏ္ဍပ်များ၊ တရားပွဲများတွင် မကြာခဏ ကြားနေရသော စကားရပ်လည်း ဖြစ်ပါသည်။ အလှူနှင့် လက် မပြတ်စေနဲ့ ဆိုသည့် သတိပေးချက်လိုလို စေ့ဆော်မှုတစ်ခုလိုလို စကားရပ်ကြောင့်လည်း လက်ထဲငွေစလေးများရှိသည်နှင့် လှူဖို့ စဉ်းစားကြသည်။ ဗုဒ္ဓဘာသာအခြေပြု နိုင်ငံဖြစ်သည့်အတွက် လှူဒါန်းခြင်းသည် သံသရာအထောက်အပံ့ဖြစ်စေသော မွန်မြတ်သည့် အလုပ်တစ်ခုဟု စွဲမြဲ အယူရှိကြသည်။
အရပ်ထဲ လှူကြသည်။ ရွာထဲ လှူကြသည်။ ခြိမ့်ခြိမ့်သဲသဲ လှူသူများ ရှိသလို၊ တစ်နိုင်တစ်ပိုင် လှူကြသည်များလည်း ရှိသည်။ ပရဟိတလုပ်ငန်းများ ပေါ်လာပြန်တော့ အသင်းအဖွဲ့လိုက် စုပေါင်းလှူကြသည်။ တစ်ပါးသူများကိုပါ လှူဖို့ ဖိတ်ခေါ်စည်းရုံးကြသည်။ ဆိုရှယ်မီဒီယာများ ပေါ်လာတော့ အွန်လိုင်းသတင်းစကားများဖြင့် လှူကြတန်းကြပြန်သည်။
အကူအညီလိုအပ်သူကို အကူအညီပေးသည်မှာ လူသားတိုင်း၏ အခြေခံလူ့ကျင့်ဝတ်တစ်ခု ဖြစ်သည်။ အလှူဒါနသည် မွန်မြတ်သောအလုပ်တစ်ခု ဖြစ်ပါသည်။ ထိုကိစ္စရပ်တွင် အငြင်းပွားဖွယ်ရာ မရှိပါ။ သို့သော် ဆိုရှယ်မီဒီယာအလှူအတန်းများတွင်တော့ အငြင်းပွားစရာ ကိစ္စများ ပါဝင်လာနေသည်။
မြန်မာ့ဆိုရှယ်မီဒီယာ စာမျက်နှာများတွင် ခပ်စိတ်စိတ် တွေ့လာရသည့်အကြောင်းမှာ လှူဒါန်းခြင်းဓာတ်ပုံများနှင့် ရုပ်သံဖိုင်များဟု ပြောလျှင် လွန်မည်မဟုတ်ပါ။ နာမည်ရှိ ၊ နာမည်ကြီး လူပုဂ္ဂိုလ်တွေကစ၍ သာမာန် အရပ်သူ၊ အရပ် သားအဆုံး ဓာတ်ပုံတကားကား၊ ရုပ်သံတကားကားဖြင့် လှူကြတန်းကြသည်ကို တွေ့နေရသည်မှာ အာဏာသိမ်းမှုနောက်ပိုင်းတွင် ပို၍ သိသာထင်ရှားလာသော အကြောင်းအရင်းတစ်ခု ဖြစ်လာနေသည်။
အင်တိုက်အားတိုင် လှူတန်းမှုနှင့်အတူ တွဲ၍ တွေ့နေရသည်က ခက်ခဲကြမ်းတမ်းသောဘဝများ၊ ဆင်းရဲခြင်းနှင့် တစ်သက်လုံး ယှဉ်တွဲနေထိုင်ရခြင်းများ၊ အသက်ရှင်နေသည်ဆိုရုံမျှ စုန်းစုန်းမြုပ်နေသော ဘဝများ ဖြစ်သည်။ ထင်ရှားပြတ်သားနေသော ဆင်းရဲမွဲတေမှုနှင့်အတူ ရပ်တည်နေသည့် အလှူခံပုဂ္ဂိုလ်များ၏ မျက်နှာများ၊ မျက်လုံးများ၊ စကားလုံးများ ကို အထင်အရှားမြင်ကြားနေရသည်။
ဒီဓာတ်ပုံနှင့် ရုပ်သံများသည် “Poverty porn” ဆန်နေသလား ဆိုသည့် အချက်က အငြင်းအခုံ ဖြစ်လာသည်။
“Porn” ဆိုသည့် စကားလုံးကို ညစ်ညမ်းရုပ်သံအဖြစ် သိထားကြသည်။ မြန်မာ့ယဉ်ကျေးမှုအရ မသိအပ်မမြင်အပ်ဟု ကန့်သတ်ထားသည် ကျား ၊ မ လိင်မှုရေးရာများကို porn ရုပ်ရှင်များတွင် အတိအလင်း တွေ့နိုင်သည်။ လိင်စိတ် အာသာဖြေရန် အတွက် ရည်ရွယ်သည့် အဆိုပါရုပ်သံများသည် မြန်မာနိုင်ငံတွင် တားမြစ်ထားသော ရုပ်သံအမျိုးအစားလည်း ဖြစ်ပါသည်။
ယင်းကဲ့သို့ ဖော်ထုတ်ပြသမှုမျိုး မဟုတ်သော်လည်း အလှူခံပုဂ္ဂိုလ်၏ အခြေအနေကို ကင်မရာတကားကားဖြင့် မှတ်တမ်းတင်နေသည့် လုပ်ရပ်ကလည်း စိတ်အာသာဖြေသည့် ညစ်ညမ်းရုပ်သံအမျိုးအစားထဲ ပါနေပါသည်။ ဒါကို Poverty porn ဟု သတ်မှတ်ကြသည်။
◼ Poverty porn ဆိုတာ ဘာလဲ
Poverty porn ဆိုသည်မှာ ဆင်းရဲနွမ်းပါးသူများ၏ အခက်အခဲ နှင့် ချို့တဲ့မှုများကို အလွန်အကျူး ဖော်ပြပြီး လူအများ၏ စာနာစိတ်၊ ဂရုဏာစိတ်များကို လှုံ့ဆော်ရန် ရည်ရွယ်သည့် ရေးသားမှုများ ဓာတ်ပုံနှင့် ဗီဒီယိုများဟု အဓိပ္ပါယ်ဖွင့်ကြပါသည်။ လှူဒါန်းသည့် စိတ်ရင်းစေတနာဆိုသည်ထက် လူတစ်ဦးတစ်ယောက်၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခုအတွက် ကိုယ်ကျိုးမျှော်မှန်းချက် ပါဝင်နေသည့် လုပ်ဆောင်နေမှုများကို ဆိုလိုခြင်းဖြစ်ပါသည်။
Poverty Porn ဖြစ်ပွားနိုင်သည့် အချက်များထဲတွင် အလွန်အကျွံစိတ်မချမ်းမြေ့ဖွယ်ရာ မြင်ကွင်းများကို အဓိကထားပြီး ပြသခြင်းလည်း ပါဝင်သည်။ နွမ်းပါးကလေးများ၊ အာဟာရချို့တဲ့နေမှုများ၊ ပျက်စီးယိုယွင်းနေသော အိမ်၊ အဆောက်အဦးများကို အဓိကထားပြီး ဆွဲထုတ်ပြသခြင်းများသည် Poverty porn ဖြစ်ပါသည်။
ဆင်းရဲမှု၏ အဓိကအကြောင်းအရင်းကို ဆွေးနွေးခြင်းထက် ဒုက္ခတရားကိုသာဖော်ကျူးပြီး ထိုဒုက္ခကြောင့် ဖြစ်လာသည့် စိတ်ခံစားချက်ကိုသာ အသားပေးဖော်ပြခြင်းသည်လည်း Poverty porn ဖြစ်ပါသည်။
ဆင်းရဲနွမ်းပါးသူ၏ ကိုယ်ပိုင်အစွမ်းအစနှင့် စွမ်းဆောင်ရည်များကို မေ့လျော့ထားပြီး တစ်နည်းအားဖြင့် လျှော့ချထားပြီး၊ လျစ်လျူရှုထားပြီး ကူညီပေးသူကိုသာ သူရဲကောင်းအဖြစ် ပုံဖော်ခြင်းနှင့် ဆင်းရဲနွမ်းပါးသူများကို အကူအညီလိုအပ်နေသူများအဖြစ် ပုံဖော်လိုက်ခြင်းများသည်လည်း Poverty porn ဖြစ်ပါသည်။
Poverty porn ဆိုသည့် အမြင်သဘောထားမှာ ၁၉၈၀ ကျော်လောက်က စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ အဲဒီအချိန်တုန်းက အာဖရိကတွင် အစာငတ်မွတ်မှု ကပ်ဘေးကြောင့် အာဟာရပြတ်လပ်မှုများ ဖြစ်ပွားနေချိန် ဖြစ်သည်။ လူသားချင်းစာနာထောက်ထားသည့် အဖွဲ့အစည်းများက အလွန်အမင်း ပိန်လှီနေသည့် ကလေးငယ်များ၏ ဓာတ်ပုံကို အသုံးပြုပြီး ရန်ပုံငွေ ရှာကြသည်။ ရန်ပုံငွေရှာခြင်းနှင့် အလှူထည့်ဝင်ခြင်းက အရှိန်အဟုန်ကောင်းသည့် ရေစီးကြောင်းတစ်ခုလို ဖြစ်လာခဲ့သည်။
၁၉၈၁ ခုနှစ်မှာတော့ ဒိန်းမတ်ပရဟိတ အေဂျင်စီတစ်ခု၏ ဒါရိုက်တာဖြစ်သူ ဂျော်ဂန်လစ်နာ(Jorgen Lissner) ဆိုသူက အဆိုပါဓာတ်ပုံများကို Poverty porn ဖြစ်နေသည် ဟု စတင် သုံးစွဲခဲ့ပါသည်။ လူတစ်ဦး၏ ဆင်းရဲဒုက္ခသည် လိင်မှုကိစ္စကဲ့သို့ ပုဂ္ဂိုလ်ရေးဆန်သော သိမ်မွေ့သည့် ကိစ္စတစ်ခုဖြစ်သည်ဟု သူက ဆိုခဲ့ပါသည်။ ဒီလို ဒုက္ခဝေဒနာများကို လူပေါင်းများစွာကြည့်အောင် ရိုက်ကူးပြခြင်းသည် လူကျင့်ဝတ်နှင့် မကိုက်ညီဟု ဆိုကာ ဝေဖန်ခဲ့ပါသည်။
မြန်မာနိုင်ငံရှိ လှူဒါန်းမှုများသည်လည်း ဂျော်ဂန်လစ်နာ ပြောသလိုမျိုး ဖြစ်ပွားနေပြီလားဆိုသည်ကို ပြန်လည်သုံးသပ်ကြည့်ဖို့ လိုအပ်နေပါပြီ။
◼ ဆင်းရဲမွဲတေမှု နှင့် Poverty porn
လက်ရှိ မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုသည် ၁၅ နှစ်တာ ကာလအတွင်း အမြင့်ဆုံးအဆင့်တွင် ရောက်ရှိနေပြီး လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သည် စိုးရိမ်ရသည့် ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်။ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် ပိရမစ်ဇောက်ထိုး ဖြစ်သည့်အထိ စိုက်ဆင်းသွားခဲ့ပြီး ပြန်လည် နာလန်မထူနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ နယ်မြေမတည်ငြိမ်မှုများ၊ နေရပ်စွန့်ခွာရမှုများ၊ အလုပ်လက်မဲ့ဖြစ်ခြင်းများက ဆင်းရဲခြင်းဆီသို့ ဆိုက်ကပ်လာခဲ့သည်။
နိုင်ငံရေးအကျပ်အတည်းများနှင့် တစ်ဟုန်ထိုး တက်လာသည့် ကုန်ဈေးနှုန်းကြောင့် လှုပ်မရအောင် ကျပ်တည်းလာသူများ ရှိသည်။ ဟန်မပျက်နေထိုင်ရသော်လည်း ရွှေကုန်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဖြစ်နေသူများရှိသည်။ ပိုင်ဆိုင်သမျှ မီးလောင်တိုက်ထဲ ပါသွား၍ ချက်ချင်းလက်ငင်း ကုန်းကောက်စရာမရှိသည့် အခြေအနေသို့ ရောက်သွားသူများရှိသည်။
အထွေထွေကျပ်တည်းမှု လှိုင်းလုံးများကြောင့် တစ်ခဏချင်းပင် သုခမြို့တော်ထဲက ဟာစရီပါးများ ဖြစ်လာကြသည်။ သွေးကိုထုတ်ရောင်းကြသည်။ ကိုယ်အင်္ဂါထုတ်ရောင်းကြသည်။ နောက်ဆုံး ငွေယူကာ စစ်မှုထမ်းလိုက်သည်အထိ အသက်ကိုပင် ထုတ်ရောင်းနေကြသည်ကို တွေ့လာရသည်။
သို့သော် မြန်မာပြည်သူပြည်သားတိုင်း ဒီလိုချည်းပဲတော့ မဟုတ်ကြပါ။ ရေပေါ် ဝေ့နေသော ဆီလို လူများ ရှိနေပါသေးသည်။ ဒုက္ခတွင်းထဲရောက်နေသူများနှင့် ဒုက္ခတရားကနေ ကင်းလွတ်နေသောသူများ ဆိုသည့် လူတန်းစား ကွာဟမှု ပေါ်လာသည်။ ထို အစွန်းနှစ်ဖက်ကြားထဲတွင် Poverty porn များက မိုးဦးကျ မြက်ရိုင်းပင်များလို အုံနှင့်ကျင်းနှင့် ခေါင်းထောင်လာပါတော့သည်။
အဆင်မပြေမှု၊ ချို့တဲ့မှု၊ ကျပ်တည်းမှုများကို ရုပ်သံမှတ်တမ်း များ၊ ဓာတ်ပုံများ ရိုက်ကူးပြီး အွန်လိုင်းတွင် ဖြန့်ချိမှသာ လူများများသိမည်။ လူများများ လှူဒါန်းနိုင်ကြမည်ဟုဆိုကာ ဖြန့်ချိလာကြသည်။ တချို့ လူပုဂ္ဂိုလ်များ ၊ အဖွဲ့အစည်းများက ဒီဖြစ်စဉ်များ ကနေတစ်ဆင့် ကိုယ်ကျိုးတည်ဆောက်လာကြသည်။ မျက်ဖြူလန်လေ ဆရာကြိုက်လေ ဆိုသည့် စကားပုံအတိုင်း ပို၍ ဇာတ်နာလေ အလှူခံဖို့ ပိုကောင်းလေ ဖြစ်လာကြသည်။ ဘယ်လို ဆင်းရဲနေပါသည်၊ ဘယ်လို ဒုက္ခရောက်နေပါသည်ဆိုပြီး ဆင်းရဲမှုပုံရိပ်များကို အလွန်အကျူး တင်ပြလာကြပြီး လှူဒါန်းပြကြသည်။ လှူဒါန်းဖို့ လှုံ့ဆော်လာကြသည်။
◼ Poverty porn နှင့် အမြတ်ထုတ်မှု
သဒ္ဒါစိတ်နှင့် လှူဒါန်းခြင်း ဆိုသည့် ဆက်နွယ်မှုကြားထဲတွင် Poverty porn များကို မသိ၍ လုပ်မိသည်များ ရှိသလို သိရက်နှင့် တမင်အသုံးချ လုပ်ကြသူများလည်း ပါဝင်လာသည်။ ဟိုဟိုဒီဒီ ယိုပေါက်များ မကုန်အောင် ရှိနေသည့် နိုင်ငံ၏အခြေအနေကလည်း Poverty porn ကို မီးစာထိုးပေးသလို ဖြစ်လာသည်။ လူသားဆန်မှုများ ပါးလျလာနေသည့် အခြေအနေဆိုးအောက်တွင် လှူဒါန်းခြင်းသည်သာ လူသားဆန်မှု၏ လက်ကျန်အငွေ့အသက်ဖြစ်လာသည်က Poverty porn မီးတောက်ကို ပိုကြီးစေခဲ့သည်။
ခေတ်ပျက်ထဲ မီဒီယာအမည်ခံများကလည်း လူကြည့်များလျှင် ပြီးရော ဆိုသည့် လက်လွတ်စပယ် နိုင်မှုဖြင့် Poverty porn များကို သတင်းလုပ်ပြီး မီဒီယာကျင့်ဝတ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာကြသည်။ မီဒီယာနှင့်ဆိုလျှင် ပိုပြီး ထိရောက်သည်ဟုဆိုကာ ကိုယ်ကျိုးရှာသူများက မီဒီယာအားကိုးနှင့် ဆင်းရဲခြင်းကို စိတ်ကြိုက် အမြတ်ထုတ်ပါတော့သည်။
ဖန်သားပြင်ထက် လှုပ်ရှားနေရသည့် ဆယ်လီလို လူပုဂ္ဂိုလ်များက ထိုအချက်ကို အကျွမ်းကျင်ဆုံးဟု ပြော၍ ရမည်။ အမှားအယွင်းတစ်ခုခု ကြုံခဲ့သည်ရှိသော် လူထုစိတ်ဝင်စားမှုမှ လျှောကျလာသည်ရှိသော် ဆင်းရဲသားတစ်ယောက်ယောက်ကို လှူဒါန်းလိုက်ခြင်းဖြင့် မြို့မေတ္တာဘွဲ့ကို ပြန်လည်ရယူနိုင်သည်။
ဆိုးယုတ်မှု ဆိုးညစ်မှုတွေ ကို နေ့စဉ်လိုလို မြင်တွေ့နေရသည့်အတွက် လှူဒါန်းမှု ပြုလုပ်ခြင်းဖြင့် ငါသည် လူကောင်း ဆိုသည့် အစွဲကို အာသာဖြေလိုက်ကြသည်။ မလှူနိုင်သူများကပါ ထိုအခြင်းအရာများကို ကြည့်ပြီး သာဓုခေါ်ရင်း မိမိ၏ စိတ်နှလုံးတွင် ကောင်းမွန်ခြင်း ရှိသေးသည်ဟု ဆိုကာ စိတ်အာသာဖြေကြပြန်သည်။
ဤနည်းဖြင့် သားကောင်များမှာ တစ်ယောက်ပြီးတစ်ယောက် လူမှုကွန်ယက်များတွင် အလုအယက် ပေါ်လာရတော့ သည်။ အဆိုးဆုံးမှာ ဆင်းရဲလွန်း၍ ကိုယ့်ရင်သွေးကို သူတစ်ပါးပေးပစ်ရခြင်းကိုတောင် မီဒီယာတရုန်းရုန်း၊ ကင်မရာတကားကားဖြင့် ပြုလုပ်ခံလာရသည်။ ဒါတွေသည် မှတ်တမ်းဖြစ်ပါသည်။ တစ်ချိန်တွင် ထိုကလေး အရွယ်ရောက်လာသော ဒီမှတ်တမ်းသည် သူ့အတွက် ကြီးစွာသော ထိုးနှက်ချက် ဖြစ်လာနိုင်ပါသည်။
သို့သော်လည်း ထိုနည်းဖြင့် ကူညီပေးခြင်းမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုလို ဖြစ်လာသည့်အတွက် အလှူခံရသူဘက်ကို ထည့်သွင်းစဉ်းစားခြင်း မရှိတော့ပါ။ အလှူလက်ခံရမည့် ဆင်းရဲနွမ်းပါးသူကို အကူအညီလိုအပ်နေသူအဖြစ် တရားသေ နေရာချထားလိုက်ကြသည်။ ကလေးသူငယ်များဆိုလျှင်တောင် မျက်နှာကို ဖုံးခြင်း၊ ကွယ်ခြင်းမရှိ ဖော်ပြလာကြသည်။ ဒီကလေး၏အနာဂတ် ဘယ်လိုဆက်သွားရမည်ဆိုသည်ကို ထည့်မတွက်တော့ဘဲ ဒုက္ခရောက်နေသူအဖြစ် ပုံဖော်ပစ်လိုက်ကြသည်။
သို့သော် ဆင်းရဲသူများမှာ ထိုသို့ တွေးတောချိန် မရှိပါ။ အကူအညီလိုအပ်သူများအဖြစ် ထပ်ကာထပ်ကာ ပုံဖော်ခံနေရသည့်အတွက် မိမိ၏ လုပ်နိုင်စွမ်းများကိုတောင် မေ့လျော့လာပြီး အမှန်တကယ် ဒုက္ခရောက်နေသူအဖြစ် သက်ဝင်လာသည်။ ကူညီပေးသူမှာ မိမိ၏ ကျေးဇူးရှင် ဖြစ်လာသည်။ ဆင်းရဲတွင်းက စားကျက်မြေ ဖြစ်လာပြီး ဆင်းရဲမွဲတေစွာ နေထိုင်ရမှုက သားကောင်များ ဖြစ်လာရတော့သည်။
ဒုက္ခဝေဒနာများကို လူပေါင်းများစွာကြည့်အောင် ရိုက်ကူးပြခြင်းသည် လူကျင့်ဝတ်နှင့် မကိုက်ညီဟု ဂျော်ဂန်လစ်နာ ပြောခဲ့ပါသည်။ သို့သော် သဒ္ဒါစိတ် ညောင်စေ့လောက်တောင် မရှိဘဲ ညောင်ပင်ကြီးလောက် အကျိုးအမြတ်ရသွားသူများ ရှိနေသရွေ့တော့ Poverty porn က ဆက်လက်အားကောင်းနေဦးမည့် ညစ်ညမ်းမှုတစ်ခု ဖြစ်နေမှာတော့ အသေအချာပင် ဖြစ်တော့သည်။