By ဗညားတိုး / MPA (အတွေးအမြင် ဆောင်းပါး)
ပညာရေးနဲ့ပတ်သတ်လို့ ကျတော့်ကို ကြီးကြီးမားမားလွှမ်းမိုးတဲ့အရာ သုံးခုရှိတယ်။ နောက်ထပ် ဆက်ဖတ်ရမဲ့စာတွေက ပညာရေးကို စိတ်ဝင်စားသူတွေ နဲ့ ပညာရေးခရီးဆက်ဖို့ လိုအပ်နေတဲ့ ကျောင်းသားတွေသာ ဖတ်သင့်ပါတယ်။ ကျန်တဲ့သူတွေဖတ်လို့ မျက်စိဝါးတာပဲ အဖက်တင်ပါ့မယ်။ နောက်ဆုံးအပိုင်းကိုတော့ နိုင်ငံရေးစိတ်ဝင်စားသူတွေက ဖတ်သင့်ပါတယ်။
ပထမဦးဆုံး နဲ့ အရေးကြီးဆုံးလွှမ်းမိုးမှုကတော့ ကျောင်းမနေခဲ့ရတဲ့ မိဘတွေနဲ့ ခက်ခဲတဲ့ ဘဝပေး အခြေအနေတွေပဲ။ အညာက ဆရာတော်တွေ ထွန်းထွန်းပေါက်ပေါက်ဖြစ်ကြတာများတော့ “ဖြစ်မှာပေါ့ကွာ။ ဒီကောင်တွေက နောက်လှည့်ကြည့်ရင် ဖိနပ်မြီးတိုနဲ့ မြက်ခြောက်တောပဲ ရှိတာကိုး” လို့ ကျတော့်ကို မှတ်ချက်ပေးဖူးတဲ့ ဆရာတော်တစ်ပါးရဲ့ စကားနဲ့ပဲ ရှင်းပြရမှာပဲ။ ကိုယ်တွေမှာလည်း နောက်လှည့်ကြည့်တဲ့အခါ ဘာမှရှိတာမဟုတ်ပါဘူး။ ထန်းပင်တွေရယ်၊ တပေါင်းလရောက်တာနဲ့ ရေခမ်းသွားတဲ့ ရေကန်တွေရယ်ပဲ ရှိတာပါ။
ငယ်ငယ်က အလုပ်ဘယ်လို လုပ်ခဲ့ရသလဲ၊ ကျောင်းဘယ်လို တက်ခဲ့ရသလဲဆိုတာတွေ တော်ရုံတန်ရုံဆို ဘာမှ စားမြုံ့မပြန်ချင်ပါ။ ဘဝနာလွန်းလို့၊ စိတ်မကောင်းလွန်းလို့ဖြစ်တယ်။ ဒီကနေ့ ခေတ်ပေါ်စကားလုံးတွေနဲ့ ပြောကြတဲ့ “ခွဲခြားဆက်ဆံခံရမှု” ဆိုတာ ကိုယ်တွေ ငယ်ဘဝမှာ နေ့တဓူဝထမင်းစားရေသောက် ဖြတ်သန်းမှုသာ ဖြစ်ပါတယ်။ လမ်းပေါ်၊ စာသင်ကျောင်း နဲ့ ရွာထဲမှာ နေ့စဉ်ခံစားရ၊ ဖြတ်သန်းခဲ့ရပါတယ်။ အညာစကားနဲ့ ပြောရင် “မယ်သုမနကျောမှာလည်း ဒဏ်ရာတွေနဲ့”။ အဲဒီအတွေ့အကြုံတွေကို တစ်ခုချင်းစီရေးပြရင် မြန်မာဇာတ်လမ်းထဲကလို ဇာတ်နာ နေတယ်လို့တောင် စွပ်စွဲခံရမလားမသိ။ အတိုချုံ့ပြောရရင်တော့ စုတ်ပြတ်သတ်နေအောင် ခံခဲ့ရပါတယ်။
ဒီကြားထဲမှာ ကောင်းတာတစ်ခုကတော့ ဘယ်သူ့ကို ဘာပြောရမှန်းမသိတိုင်း တွေ့သမျှစာအုပ် အကုန်လျှောက်ဖတ်တာပဲ ရှိတယ်။ အဲဒီအရာတွေကပဲ မျက်စိရှေ့မှောက်မှာ ဖြစ်နေတဲ့ အနိဌာရုံတွေကို ကျော်လွန်ပြီး ခပ်ဝေးဝေးကို အိပ်မက် မက်ရဲစေခဲ့ပါတယ်လို့ ပြောရင် လွယ်လင့်တကူ သဘောပေါက်နိုင်မယ်ထင်တယ်။ ချာတိတ်အရွယ်ကတည်းက ခပ်ဝေးဝေးကို ကြည့်ရဲခဲ့ပါတယ်။ သူများတွေ မလုပ်ရဲတဲ့ အလုပ်တွေကို လုပ်ရဲခဲ့ပါတယ်။ အများတကာက ဘဝလို့ ထင်တဲ့အရာတွေကို ကျောခိုင်းထားနိုင်ခဲ့ပါတယ်။
ဒုတိယက ဆရာကြီးရွှေဥဒေါင်း။ ဆရာကြီးရွှေဥဒေါင်းဆီက ကျတော် သင်ခန်းစာအကြီးကြီး ရလိုက်ပါတယ်။ သူ့ရဲ့ “တစ်သက်တာ မှတ်တမ်းနှင့်အတွေးအခေါ်များ” ထဲပါ။ (ဒီစာအုပ်ကို ဘယ်နှစ်ကြိမ်မှန်းမသိ ဖတ်ဖြစ်ခဲ့ပြီး စာအုပ်အပိုင် ဝယ်ထားခဲ့ပါတယ်။) ကျတော် ရတဲ့ သင်ခန်းစာက “Structural learning” ဆိုတာနဲ့ “Formal education” ဆိုတဲ့ သဘောတရား “တစ်ခု” ဖြစ်တယ်။ ရွှေဥဒေါင်းက သူ့ဘဝမှာ ကောလိပ်များ တက်ခဲ့ရရင် ဒီထက်ပိုပြီး ထွန်းထွန်းပေါက်ပေါက်ဖြစ်မယ်လို့ သူ့ကိုယ်သူ မှတ်ချက်ပြုခဲ့ဖူးပါတယ်။ ဒီမှတ်ချက်ကို ပြုရတဲ့ အကြောင်းလည်း သူ့စာအုပ်ထဲမှာ ရှင်းရှင်းမြင်ရတယ်။ ပညာရပ်ဆိုင်ရာ ပိုမိုကျွမ်းကျင်လာမှာဖြစ်တဲ့အတွက်ကြောင့် ပိုပြီးထွန်းပေါက် လာမယ်လို့ သူသုံးသပ်တယ်လို့ ယူဆတယ်ဆိုရင် တက်တက်စင်အောင် လွဲပါပြီ။ “ကိုယ့်ကိုယ်ကို ယုံကြည်မှု” နဲ့ “သိမ်ငယ်စိတ်ပြဿနာ” ကိုဖြေရှင်းနိုင်မှာကြောင့် ဖြစ်တယ်လို့ သူရှင်းပြခဲ့ဖူး ပါတယ်။ (ကျနော်မှတ်မိတဲ့ စကားလုံးနဲ့ ပြန်ရေးတာပါ။ အသုံးအနှုန်းကွဲလွဲနေနိုင်ပါတယ်။)
ဥပမာတစ်ခု နဲ့ ရှင်းပြပါ့မယ်။ ရပ်ထဲရွာထဲမှာ သင်္ကြန်ရောက်တာနဲ့ မန္တလေးဖက်က ပန်းရံအလုပ်သမားတွေ ရွာကို ပြန်လာကြတယ်။ လုပ်ငန်းခွင်ထဲမှာ ကျောင်းဆင်းခါစ အင်ဂျင်နီယာတွေနဲ့ ဖြစ်ရလေ့ရှိတဲ့ ကတောက်ကဆဖြစ်ရပ်မျိုးစုံကို ကျတော် အကြိမ်ပေါင်းများစွာ နားထောင်ခဲ့ရဖူးပါတယ်။ ကြောရိုးကတော့ တစ်ခုတည်းပါပဲ။ ပန်းရံဆရာတွေ နဲ့ အင်ဂျင်နီယာတွေကြားမှာ “သိမှုအားပြိုင်ကြတာ” ပါပဲ၊ လုပ်သက်ရင့် ပန်းရံဆရာကြီးတွေရဲ့ အယူအဆ၊ ဖြတ်ထိုးဉာဏ် နဲ့ အသုံးချသိပ္ပံသိမှုက တော်ရုံတန်ရုံအင်ဂျင်နီယာတွေရဲ့ သိမှုကို ချက်ချင်းတန်းပြီး လက်ခံဖို့ ခက်ခဲမှာပါပဲ။ အဲဒီအခြေအနေမှာ ကျနော်မြင်လိုက်ရတဲ့ အလင်းတန်းက “Structural learning” နဲ့ “Formal Education” (“စနစ်ဘောင်ချပြီး သင်ယူမှု” နဲ့ “ကျောင်းသင်ပညာရေး” လို့ ဘာသာပြန် ပါ့မယ်။) အဲဒီနှစ်ခုကို သဘောတရားအရ တစ်ခုတည်းလို့ ကျနော် နားလည်ပါတယ်။ သင်ယူမှုက စနစ်ကျတယ်။ အစိတ်စိတ်အမွှာမွှာပြန့်ကျဲနေတဲ့ သိမှုအပိုင်းအစတွေကို သူ့အလွှာနဲ့သူ စနစ်တကျ ဖြစ်အောင်၊ တဖက်သားနားလည်လွယ်အောင် ပြောဆိုဆွေးနွေးနိုင်တယ်။ တင်ပြနိုင်တယ်။ အရေးကြီးဆုံးကတော့ “ကိုယ့်ကိုယ်ကို ယုံကြည်မှု” ရှိစေတယ်။ သိမှုအဆင့်အတန်းတစ်ခုက မှတ်ကျောက်တင်ပြီးသားဖြစ်တယ် ဆိုတဲ့ နောက်ကျောလုံစိတ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အကြောင်းအရာ (၂) ကို အနှစ်ချုပ်ရရင်တော့ ဆရာကြီးရွှေဥဒေါင်းက ကျနော့ရဲ့ပညာရေးအမြင်နဲ့ ပုဂ္ဂလိက ဖြတ်သန်းမှုမှာ လွှမ်းမိုးမှုကြီးပါတယ်။
နံပတ် (၃) က တေလာဆွတ်။ သူက အမေရိကန်အဆိုတော်ပါ။ သူ့ကို အားလုံးသိပါတယ်။ သူ့သီချင်းတွေထက် သူ့ရဲ့ ပညာရေးအပေါ် သဘောထားက ကျတော့်ကို ပိုလွှမ်းမိုးပါတယ်။ သူ့သီချင်းတွေက ကျတော့်အတွက်တော့ အပျင်းပြေနားထောင်နဲ့ အဆင့်ပါ။ ဂီတလမ်းကြောင်း တစ်ခုပေါ်ကို တန်းတန်းကြီး တက်နေတဲ့ကြားမှာ သူမက ကျောင်းတက်ခွင့်ရချင်နေခဲ့ပါတယ်။ အထက်တန်းပြီးအောင် တက်ခဲ့ပြီး သူမ ဒီလိုပြောခဲ့ဖူးပါတယ်။ “ “I went to public high school until 10th grade and finished my education doing home-school work on the floors of airport terminals” ဂီတသမားတစ်ယောက်အတွက် ကျောင်းပုံမှန်တက်ဖို့ဆိုတာ မလွယ်ပါ။ သူမက ဖြစ်တဲ့နည်းနဲ့ ပညာရေးလမ်းကြောင်းကို ရှာဖွေခဲ့တာ ကျတော်သဘောကျတဲ့ အချက်၊ ကျတော့်ကို လွှမ်းမိုးတဲ့ အချက်ပါ။ တကယ်တော့ သူ့အတွက် ဘာဘွဲ့မှ မရလည်း သိပ်အရေးမကြီးပါ။
ရန်ကုန်က နာမည်ကြီး အကြော်ဆိုင်ရှင် ညီမလေးတစ်ယောက်ရဲ့ စကားကို ဒီနေရာမှာ ညှပ်သုံးရရင် “ကျမက ဘွဲ့မလိုချင်လို့ကို မယူတာ”။ ဒီလိုမျိုး “တခြားလမ်း (Alternatives)” တွေရေပန်းစားတဲ့ အမေရိကမှာ တေလာဆွတ်က လေဆိပ်ကြမ်းပြင်မှာ အထက်တန်းကျောင်းစာကြည့်တဲ့ကိစ္စက သတိထားမိ လောက်စရာ အကြောင်းအရာတစ်ခုထက် ပိုမယ်မလား။ ဒီနေရာမှာ “ပညာရေးလမ်းကြောင်း” တွေအကြောင်း ကျတော့်အမြင်ကို အနည်းငယ်ထည့်ပြောချင်ပါတယ်။
ကျောင်းသင်ပညာရေး (Formal Education) ဆိုတာ အစိုးရဝန်ထမ်းဖြစ်ဖြစ်၊ ဘယ်ကဏ္ဍဝန်ထမ်းဖြစ်ဖြစ် “ဝန်ထမ်းမွေးထုတ်ရေးစက်ရုံ” မဟုတ်ကြောင်း၊ ပညာရေး လမ်းကြောင်းတွေရဲ့ အန္တိမပန်းတိုင် ကလည်း ဝန်ထမ်းဖြစ်ရေးမဟုတ်ကြောင်း ကျနော် ခိုင်ခိုင်မာမာ ပြောပါတယ်။ အဲဒီအတိုင်း ရပ်တည် ပါတယ်။ “ကျောင်းတက်ပြီး ဘယ်မှာ အလုပ်လုပ်ဖို့လဲ” လို့ကျတော့်ကို မေးရင် ကျတော်အကြီးအကျယ် စိတ်ဆိုးပါတယ်။ ဒါကအတော်ကို သေးသိမ်ညံ့ဖျင်းတဲ့ ရှုမြင်မှုတစ်ခုလို့ ကျနော် နားလည်ပါတယ်။ တေလာဆွတ်က သူမရဲ့နာမည်ကြီး Love Story သီချင်းရဲ့ ဗွီဒီယိုမှာ “သူမရဲ့ စိတ်ကူးထဲက ကောလိပ်တစ်ခု” နဲ့အဆုံးသတ်ထားတာ ဖြစ်ကြောင်း ထုတ်ပြောခဲ့ဖူးပါတယ်။
သူကိုယ်တိုင်မတက်ခဲ့ရတဲ့ ကောလိပ်တွေ နဲ့ တက္ကသိုလ်တွေအကြောင်းက တေလာရဲ့ စိတ်ကူးထဲမှာ အမြဲတမ်းရှိနေတယ်လို့ ကျတော်ခံစားမိပါတယ်။ အမေရိကန်က ကျောင်းသားတွေရဲ့ “ဘုံဒုက္ခ” ဖြစ်တဲ့ ကျူရှင်လခအခက်အခဲကိုလည်း “ဘုံဒုက္ခဖြေရှင်းနည်းတွေထဲက တစ်ခုဖြစ်တဲ့ Go Fund Me” မှာလည်း တေလာက သွားသွား surprise လုပ်တတ်ပါတယ်။ ကူညီတတ်ပါတယ်။ သူမကို နယူးယောက်တက္ကသိုလ်က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးအပ်ချီးမြှင့်ထားတာ ရှိပါတယ်။
အဲဒီအချက်ကြီး (၃) ချက်က ကျတော့်ရဲ့ ပညာရေးအပေါ်ရှုမြင်ပုံတွေကို ကြီးကြီးမားမား လွှမ်းမိုးပါ တယ်။ အညာမှာ ပညာရေးအဖွဲ့အစည်းတစ်ခုကို စတင်ထူထောင်တော့ နွေဦးတော်လှန်ရေး ကာလမှာ လုပ်စရာတွေ များလွန်းလှတဲ့အထဲ၊ ပြီးတော့ ကျတော့်ရဲ့ ဖြတ်သန်းမှုနဲ့ကျွမ်းကျင်မှုအရ တခြားအကြောင်းအရာတွေထက် စစ်ပွဲကာလ အညာ ပညာရေးကို ဘာကြောင့် ရွေးချယ်လုပ်ကိုင်ခဲ့ သလဲဆိုတော့ “ကျတော့်ရဲ့ ပညာရေးအမြင်” ကြောင့်လဲ ဖြစ်သလို၊ စစ်ပွဲကာလ အလွန် အညာမှာ စာမတတ်တဲ့လူအုပ်ကြီးနဲ့ မနေချင်လို့ပါပဲ။
စစ်တိုက်နေတဲ့ကာလမှာ အညာပညာရေး အကြောင်းပြောရတာ လူကြိုက်မများပါ။ ငွေလည်းမရပါ။ နိုင်ငံရေးအရလည်း လူရာမဝင်ပါ။ ဒါဆိုရင် ကျတော်က ဒါကြီးကို ဘာလို့ ဇွတ်တိုးပြီး လုပ်သလဲဆိုရင် “လုပ်ချင်လို့လုပ်တာ” ဖြစ်တယ်။ နွေဦးတော်လှန်ရေးကာလမှာ အညာလူထုကို “ဖက်ဒရယ် ပညာရေး”၊ “လူ့အခွင့်အရေးပညာရေး”၊ “နိုင်ငံသားပညာရေး”၊ “နိုင်ငံရေးပညာရေး” စသည်ဖြင့် ဖြည့်ဆည်းပေးချင်သူတွေ အများကြီး တွေ့ပါတယ်။ ပုဂ္ဂိုလ်ရေးအရရော အင်စတီကျူးရှင်း ဆိုင်ရာအရရော ကျနော်နဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ “ကြိမ်ဖန်များစွာ” ရှိပါတယ်။ မီးလောင်ပြင်က သွပ်ပြားကို မ,ကိုင်ပြီး “ငါတို့စိတ်ဓါတ်ကို မီးရှို့လို့မရ” တဲ့အကြောင်း ထုတ်ဖော်ပြောဆိုတဲ့ အညာလူထုကိုတော့ “နိုင်ငံသားပညာရေး” နဲ့ “ကြံ့ကြံ့ခိုင်နိုင်မှုပညာရေး”မှာ လုပ်စရာ မလိုသေးကြောင်း ကျနော် ထုတ်ဖော်ပြောဆိုခဲ့တာကို ကျတော့်မိတ်ဆွေတွေလည်း မှတ်မိကြမှာပါ။ အဲဒီအစား လူငယ်တွေ ကျောင်းဆက်တက်နိုင်အောင် အားဖြည့်ကူညီကြပါလို့ ကျတော် အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့ပါတယ်။
အညာပညာရေးကို လုပ်ရတာက လူကြိုက်မများရုံတင်မကဘဲ ငွေလည်းမရပါဘူး။ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက ပညာရေးရန်ပုံငွေက နိုင်ငံရေးရန်ပုံငွေလောက်မများပါ။ အညာက ပညာရေးထက် အညာက ဖက်ဒရယ်ယူနစ်တွေမှာ ပြောရေးဆိုခွင့် တစ်နေရာရဖို့ ပိုစိတ်ဝင်စားကြကြောင်း တည့်တည့်ကြီး ထုတ်မပြောရုံတမယ်မြင်ရတော့ “လူသားချင်း စာနာမှုဆိုတာ Apolitical ဖြစ်ရမယ်ဆိုတဲ့ ကမ္ဘာ့လူသားစာနာအခြေခံစံနှုန်းတစ်ခုကို သဘောတရားရေးရာအရ မေးခွန်းပြန် ထုတ်မိပါတယ်။
နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေတင်လား ဆိုတော့မဟုတ်ပါ။ အညာမှာ စစ်ကိုင်း၊ မကွေး၊ မန္တလေးကနေ ရနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့အခွန်ဘဏ္ဍာ နဲ့ ဒေသခံတပ်တွေရဲ့ အခွန်ဘဏ္ဍာတွေက တချို့နေရာတွေမှာဆိုရင် “လန့်လောက်စရာပမာဏ” တွေဖြစ်ပါတယ်။ “ငါတို့ဒေသမှာ အဲလောက်ငွေပမာဏကို ဘယ်ကနေ နှိုက်ထုတ်ထားတာပါလိမ့်” လို့တောင် ကြိမ်ဖန်များစွာ တွေးမိပါတယ်။ ကိန်းဂဏန်းတွေ ထုတ်ပြရင် ကျတော့်မိတ်ဆွေတွေလည်း ကျတော့်လိုပဲ မြင်ကြ၊ တွေးကြမှာပါပဲ။ သို့သော် ဒီကိန်းဂဏန်းတွေက အညာပညာရေးနဲ့ မသက်ဆိုင်တဲ့ ကိန်းဂဏန်းတွေသာဖြစ်ပါတယ်။ တစ်ခါတစ်လေတော့လည်း တွေးမိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက တပ်အား၊ ငွေအားတောင့်တဲ့ အာရက္ခတပ်တော်ကို ကူညီတဲ့ ကန်ဒေါ်လာ သုံးသန်း ကို ဘာကြောင့် အညာပညာရေးမှာ မသုံးတာပါလဲလို့ တွေးမိပါတယ်။
တော်လှန်ရေးကာလမှာ ရှိဆဲ နိုင်ငံရေးအစီအစဉ် (political order) က စိန်ခေါ်ခံရတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ တော်လှန်ရေးဆိုတာကိုက ရှိရင်းစွဲ နိုင်ငံရေးအစီအစဉ်တွေ အလုပ်မဖြစ်တော့လို့ ပေါ်လာရတဲ့ လူထုလှုပ်ရှားမှုကြီးတစ်ခု မဟုတ်ပါလား။ အဲဒီအခြေအနေမှာ နိုင်ငံရေးဇာတ်ကောင်အဟောင်းတွေရော အသစ်တွေပါ အသစ်ဖြစ်လာနေတဲ့ နိုင်ငံရေးအစီအစဉ်မှာ ကျန်မနေခဲ့ဖို့ အားထုတ်ကြရပါတယ်။ “လူထုအတွက်” “လူထုဆန္ဒသည်သာ အဓိက” လို့ ဦးထိပ်ပန်ဆင်လေ့ရှိတဲ့ ကျတော့်မိတ်ဆွေများက “လူထုရဲ့ အခြေခံ လိုအပ်ချက်တွေကို မေ့မေ့နေကြတာ ကျတော် စိတ်မကောင်းပါ။ ဂရုစိုက်ပေးကြပါလို့သာ ပြောချင်ပါရဲ့။ တော်ကြာ စာမတတ်တဲ့ လူအုပ်ကြီးနဲ့ နိုင်ငံတော်ကြီး တည်ဆောက်နေရမှဖြင့် အားလုံးခက်ရချည်ရဲ့။