By Mg Dagon / MPA (ဆောင်းပါး)
Facebook ပေါ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားရေးရုံမျှဖြင့် ဖမ်းဆီးအကျဉ်းကျခံရသူ အများအပြား အင်းစိန်ထောင်၌ ရှိနေသည်။
အဆိုပါ ထောင်ကြီးနှင့် ငါးမိနစ်ခန့်မျှ ကားမောင်းသွားလျှင် ရောက်သည့် လူနေရပ်ကွက်များအတွင်း အမျိုးအမည်စုံ လင်လှသော မူးယစ်ဆေးဝါးများကို ပေါ်ပေါ်ထင်ထင်ရောင်းချသူများကို တွေ့မြင်နိုင်သည်။
မူးယစ်ဆေးဝါး သုံးစွဲတတ်သည့် လူငယ်များအကြား အဆိုပါနေရာသည် နံမည်ကြီး နေရာတစ်ခုဖြစ်ပြီး အင်းစိန်ထောင်နှင့် မနီးမဝေး၊ အောင်ဇေယျတံတား အနီးတစ်၀ိုက်ရှိ အင်းစိန်ကမ်းနား လူနေရပ်ကွက်များအတွင်း တည်ရှိသည်။
ဒေသခံ လူငယ်များက Ghetto ဟု ခေါ်ဝေါ်ကြပြီး ထိုအမည်နှင့် အဆိုပါ နေရာကလည်း လိုက်ဖက် ထပ်တူကျသည်။
ကျဥ်းမြောင်း ရှုပ်ထွေးသည့် ရပ်ကွက်လမ်းများ တစ်လျှောက် ဆယ်ပေမပြည့်တပြည့် သွပ်မိုး၊ ထရံကာ အိမ်သေးသေးလေးများစွာ ရှိသည်။
လက်လုပ်လက်စား အခြေခံလူတန်းစား အများစု နေထိုင်သည်။ ညစ်ပေရေနေသည့် ကလေးငယ်များ ဆော့ကစားနေသည်ကို မြင်တွေ့နိုင်ပြီး အမှိုက်များ ရှုပ်ပွကာ မြောင်းပုတ်နံ့များကလည်း လှိုင်လှိုင်ထနေတတ်သည်။
ထိုသို့ ဆင်းရဲနွမ်းပါးမှုကို အပြည့်အဝ ဖော်ကျူးထားသော်လည်း ထိုနေရာများသို့ နေ့စဥ် လာရောက်သူ အများအပြား ရှိသည်။ အများစုမှာ လူငယ်များ ဖြစ်ပြီး အချို့မှာ သိန်းရာချီတန် မော်တော်ကားများကို ရပ်ကွက်ထိပ်တွင် ရပ်ထားခဲ့ကာ ကျဥ်းမြောင်းသော ရပ်ကွက်လမ်းများအတွင်းသို့ တောက်ပြောင်သော အဝတ်အစားများဖြင့် ဝင်ရောက်လာတတ်ကြသည်။
အဆိုပါ လူငယ်များအား ရပ်ကွက်အတွင်းမှ ပလေကပ်ဝတ် အမျိုးသားများက လမ်းပြသည်။ ကိုကျော်လေး( အမည်လွှဲ)က အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး Hip Hop နှင့် Rap သီချင်းများ ဖန်တီးရသည်ကို နှစ်သက်သည့် Rapper တစ်ဦးလည်း ဖြစ်သည်။
သူ၏ သိန်း ခုနှစ်ရာဝန်းကျင် တန်ကြေးရှိ ပြိုင်ကားလေးအား Ghetto သို့ လာရောက်သည့်အခါ ရပ်ကွက်ထိပ်၌ ရပ်ထားခဲ့ရသည်။ လာနေကျသူ တစ်ဦးဖြစ်၍ Ghetto အတွင်းမှ မျက်လုံးများစွာတို့က သူ့အား စောင့်ကြည့်ခြင်း မရှိ သော်လည်း မျက်နှာစိမ်း ဖြစ်ပါက ရပ်ကွက်အတွင်းသို့ ရောက်လာသည်နှင့် ပလေကပ်ဝတ် လူများ အနားသို့ ရောက်လာကာ မေးမြန်းခြင်းကို ခံရမည် ဖြစ်သည်။
” ဘာလာရှာလဲ။ ဘာလိုချင်လဲ။ ဘာလာလုပ်တာလဲ။ မေးကြလိမ့်မယ်။ မေးတဲ့ ပုံစံတွေက အေးဆေးပါပဲ။ ဒါပေမဲ့အဖြေမတတ်ရင်တော့ ပြဿနာ တက်သွားနိုင်တယ်” ဟု ကိုကျော်လေး( အမည်လွှဲ) က ပြောပြသည်။
ကိုကျော်လေး( အမည်လွှဲ)အနေဖြင့် သူ ပထမဆုံး ရောက်သည့် အခါက သူငယ်ချင်းဖြစ်သူ မိတ်ဆက်ပြောပြလိုက်သည့် နံမည်တစ်ခုအား သုံး၍ Ghetto အတွင်းသို့ ဝင်ခဲ့သည်။
ထိုအခါ ပလေကပ်ဝတ် လူတစ်ဦးက သူ့အား အဆိုပါ နာမည်ပိုင်ရှင် ရှိရာ နေရာသို့ လမ်းပြ ခေါ်ဆောင်သွားခဲ့သည်။
ရပ်ကွက်အဝင်လမ်းမှ ကျဥ်းမြောင်းသည့် ရပ်ကွက်အတွင်းလမ်းတစ်ခုသို့ ကွေ့ကာ ထိုမှတစ်ဆင့် ဆယ်ပေပတ်လည် မပြည့်သည့် အိမ်သေးသေးလေးများ လေးငါးလုံးထက်မနည်း ဆောက်ထားသည့် ခြံစည်းရိုး မခတ်ထားသော ခြံဝင်း တစ်ခု အတွင်းသို့ ဖြစ်သည်။
အိမ်လေးများ၏ အဝ၌ ပလေကပ်ဝတ် အမျိုးသားများ၊ ဆော့ကစားနေသည့် ကလေးငယ်များနှင့် ရောက်တတ်ရာရာ ပြောဆိုနေကြသည့် အမျိုးသမီးများ ရှိသည်။ ကိုကျော်လေး ကို ခေါ်လာသည့် ပလေကပ်ဝတ် အမျိုးသားက အိမ်လေးတစ်ခု အရှေ့ အရောက်၌ သူ့အား အိမ်ပေါ်သို့ တက်လာရန် ပြောပြီး ၄င်းကိုယ်တိုင်လည်း အိမ်ပေါ်သို့ တက်သွားသည်။
ဆယ်ပေမပြည့်တပြည့် အိမ်လေး၌ ငါးပေပတ်လည်ခန့် အခန်း နှစ်ခန်း ကန့်ထားပြီး အခန်းနှစ်ခုအကြား အဝင်အထွက်၌ လိုက်ကာ တစ်ခုချထားသည်။
အိမ်ရှေ့ခန်းရော အိမ်နောက်ခန်းတွင်ပါ မူးယစ်ဆေးဝါး သုံးစွဲနေသူများ ရှိသည်။
အိမ်ရှေ့ခန်းတွင် အမျိုးအမည် စုံလင်လှသော မူးယစ်ဆေးဝါများကို ပေါ်ပေါ် ထင်ထင်ပင် တွေ့မြင်ရသည်။ WY ဆေးပြားများ၊ ဘိန်းဖြူ၊ ICE ဟု ခေါ်သော မက်သာဖက်တမင်းများ၊ ဆေးခြောက်များ အစ ရှိသဖြင့် ဖြစ်သည်။
ထို့ပြင် အဆိုပါ မူးယစ်ဆေးဝါးများကို သုံးစွဲရန် အသုံးပြုသည့် တန်ဆာပလာများကိုလည်း တွေ့မြင်နိုင်သည်။ WY သုံးစွဲရန် ခဲပြားများ၊ ပိုက်များ၊ ဘိန်းဖြူ သုံးစွဲရန် ဆေးထိုးအပ်များ၊ ICE သုံးစွဲရန် ဖန်ပြောင်းများ ဖြစ်သည်။
အိမ်လေး၏ လေထုထဲ၌ စုံလင်လှသော မူးယစ်ဆေးဝါးများ၏ ရနံ့များက ပျံ့နှံ့နေသည်။ အဆိုပါ ရနံ့များက အိမ်လေးထဲရှိ မူးယစ်ဆေးဝါး လာရောက် ဝယ်ယူ သုံးစွဲသူများထံမှ ဖြစ်သည်။
Rolling Paper ဖြင့် လိပ်ထားသော ဆေးခြောက်ကို ဖွာရှိုက်နေသူတစ်ဦးက အိမ်ဦးခန်း၌ ထိုင်နေသည်။ သူ၏ နောက်တွင် ဘုရားစင် ခပ်သေးသေးတစ်ခုခု ရှိသည်။
ထိုသူက ကိုကျော်လေးအား ” ညီလေး ဘာလိုချင်လို့လည်း” ဟု လှမ်း၍ မေးလိုက်သည်။ ” ကြိုက်တာ ဝယ်လိုရတယ်။ ဖျောဆော( ဘိန်းဖြူ)လား၊ အသီး (WY) လား ၊ ဝိ (ဆေးခြောက်)လား ၊ ICE ( ရေခဲ)လား အကုန်ရှိတယ်။ နည်းနည်း ဝယ်ဝယ် များများဝယ်ဝယ် ရတယ် ” ဟု ကိုကျော်လေး ( အမည်လွှဲ) က ပြောပြသည်။
ကိုကျော်လေး ကဲ့သို့ လာရောက် ဝယ်ယူသူ အများအပြား ရှိသည်။ ထို့အတူ မူးယစ်ဆေးဝါး ရောင်းချသူ များကလည်း အင်းစိန်ကမ်းနား တစ်လျှောက် ပြန့်ကြဲနေသည်။
ရပ်ကွက် လမ်းလေးများ ဘေး၌ ဗန်းများခင်းကာ ရောင်းချနေသည့် အမျိုးသမီးကြီးများကိုလည်း အချို့နေရာများ၌ တွေ့မြင်နိုင်သည်။ အဆိုပါ အမျိုးသမီးကြီးများက အချဥ်ပေါင်း ရောင်းနေခြင်းတော့ မဟုတ် တစ်နိုင်တစ်ပိုင် မူးယစ်ဆေးရောင်းချသူများ ဖြစ်သည်။
” သူတို့ဆီမှာကတော့ ပစ္စည်း( မူးယစ်ဆေးဝါးများ)က သိပ်တော့ ကောင်းတာတွေ မရဘူး။ ဒါပေမဲ့ အသီး ( WY) ဆို တစ်လုံးနှစ်လုံးက အစ ဝယ်လို့ရတယ်” ဟု အင်းစိန် ကမ်းနား အရှေ့ရပ်ကွက်အနီး နေထိုင်သည့် ဒေသခံ လူငယ်တစ်ဦးက ပြောသည်။
အင်းစိန်ကမ်းနား တစ်လျှောက် မူးယစ်ဆေးဝါး ရောင်းချမှုများ ဖြစ်နေခဲ့သည်မှာ ဆယ်စုနှစ် နှစ်စုပင် မကတော့ဟု သိရသည်။ အစိုးရ အဆက်ဆက်ကလည်း ထိုနေရာသို့ ဝင်ရောက်ရှင်းလင်း ဖမ်းဆီးသည်ဟူ၍ မရှိခဲ့ပေ။
တစ်ခါတစ်ရံ စီမံချက်ဟု ခေါ်သည့် အချိန်များရှိပြီး အဆိုပါအချိန်၌ အင်းစိန်ကမ်းနားတစ်လျှောက် ရောင်းချနေသည့် မူးယစ်ဆေးဝါး ရောင်းချသူများကို ရှာတွေ့ရန် ခက်မည် ဖြစ်သည်။
” စီမံချက် ဆိုရင်တော့ အကုန်လုံးက ဝပ်(ပုန်း) နေကြတာပေါ့။ အိမ်တွေ လိုက်ဝယ်လည်း မရှိဘူး ပြောလွှတ်တယ်။ ရင်းနှီးတဲ့ သူတွေပဲ ရှာဝယ်လို့ ရမယ် အဲ့ဒီလိုအချိန်တွေ ဆိုရင်တော့” ဟု အင်းစိန်ကမ်းနား အရှေ့ရပ်ကွက်၌ နေထိုင်သူ တစ်ဦးက ပြောသည်။
ထိုနေရာကား လူမိုက် ဂိုဏ်းအချင်းချင်း တိုက်ခိုက်မှု၌ သေဆုံးခဲ့ပြီ ဖြစ်သည့် ပျူစောထီး တစ်ဖြစ် လူမိုက် ကျော်ဝင်းစိန်နှင့် ၄င်း၏ ညီ ကျင်ဟုတ် တို့၏ အပိုင်နယ်မြေ ဖြစ်သည်။
Tik Tok ပေါ်၌ ကျော်ဝင်းစိန် တင်ထားသည့် ရုပ်သံ တစ်ခုရှိသည်။ အင်းစိန် ကုန်းတံတားအောက်၌ တန်ဖိုးကြီး ဇိမ်ခံကားပေါ်မှ ကျော်ဝင်းစိန် ဆင်းလာကာ ယခု ပရဟိတများ လုပ်နေသည် ဆိုသည့် လူမိုက်များသည် ယုန်လေးသီချင်းနောက်ခံဖြင့် ရုပ်သံ သို့မဟုတ် Tik Tok ပို့စ် တစ်ခု ဖြစ်သည်။
ထို ရုပ်သံဖိုင်မှ နေရာသည် အင်းစိန်ကမ်းနားသို့ အဝင်လမ်းများထဲမှ တစ်ခု ဖြစ်သည်။ အင်းစိန်ကမ်းနားသည်ကား မည်သူမဆို အလွယ်တကူ ဝင်ရောက်နိုင်သော်လည်း အဝင်လမ်းနှင့် အထွက်လမ်းက တူ၍ တော့မရပေ။
ရဲများက အင်းစိန်ကမ်းနား အဝင်အထွက် နေရာများ၌ အရပ်ဝတ်များဖြင့် အမြဲလို ရှိနေတတ်သည်။ ၄င်းတို့က ဝင်သွားသူများကို စောင့်ကြည့် နေတတ်ပြီး အထွက်တွင် စောင့်၍ ဖမ်းဆီးတတ်၍ ဖြစ်သည်။
” အဝင်အထွက်လမ်းတွေတော့ သတိထားရတယ်။ လာနေကျ သူတွေကတော့ သိတယ်။ မဟုတ်ရင်တော့ အထွက်မှာ စိ(အဖမ်း)ခံ ရနိုင်တာပေါ့“ ဟု အင်းစိန်ကမ်းနားမှ မူးယစ်ဆေးဝါး ဝယ်ယူကာ ပြန်လည်ရောင်းချသူ တစ်ဦးက ပြောသည်။
အင်းစိန်ကမ်းနားမှ မူးယစ်ဆေးဝါးများက ရန်ကုန်မြို့အနှံ့သို့ အလွယ်တကူပင် ပျံ့နှံ့နေခဲ့သည်။ တရားဝင် မဟုတ်သော်လည်း တရားဝင်ကဲ့သို့ ရောင်းချနေခြင်းဖြစ်၍ အခြားနေရာများထက် စျေးသက်သာစွာ ဝယ်ယူ၍ ရသည်။
ထို့ကြောင့် မူးယစ်ဆေးဝါး လက်လီ ရောင်းချသူက ထိုနေရာသို့ သွားရောက် ဝယ်ယူ တတ်ကြသည်။ ထို့နောက် ၄င်းတို့ နေထိုင်ရာ မြို့နယ် ရပ်ကွက်များအတွင်း ပြန်လည်ရောင်းချကြသည်။
” အရင် အာဏာမသိမ်းခင်ကဆို အသီး( WY ) တစ်လုံးကို ကမ်းနားမှာ တစ်လုံး တစ်ထောင်ကျော်လောက်နဲ့ရတယ်။ အပြင်မှာ ပြန်ရောင်းရင် တစ်လုံး နှစ်ထောင်လောက်ကတော့ ပြေးမလွတ်ဘူး” ဟု အင်းစိန်ကမ်းနားမှ မူးယစ်ဆေးဝါ ဝယ်ယူကာ ပြန်လည်ရောင်းချသူ တစ်ဦးက ပြောပြသည်။
ယခင် NLD အစိုးရ သမ္မတ ဦးဝင်းမြင့်က မူးယစ်ဆေးဝါး ထိန်းချုပ်တားဆီးရေးအတွက် ပြုလုပ်ခဲ့သေးသည်။မသင်္ကာ၍ တိုင်ကြားသည်နှင့် ရဲများက သွားရောက်ဖမ်းဆီးသည်ထိ တင်းကျပ်မှုများ ထိုကာလက ဖြစ်ခဲ့သည်။
ဂရမ် အနည်းငယ်မျှသော ဆေးခြောက် ပမာဏဖြင့် ထောင်ကျခံခဲ့ရသည့် လူငယ်အများအပြားလည်း ရှိခဲ့ရသည်။
သို့သော် ထိုအချိန်ကလည်း အင်းစိန်ကမ်းနားတစ်လျှောက်ကတော့ မူးယစ်ဆေးဝါး ပေါ်ပေါ်ထင်ထင် ရောင်းချခဲ့သည်သာ ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်တော့ အင်းစိန်ကမ်းနားက မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူများအတွက် အဖမ်းအဆီး မရှိ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်သည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။
အဝင်အထွက် နေရာများ၌ စောင့်ဆိုင်းနေတတ်သည့် ရဲများပင် မရှိတော့ပေ။ လူငယ်အများအပြား အင်းစိန်ကမ်းနားအတွင်းသို့ လာရောက်ကြသည်။ ထို့နောက် အလိုရှိရာ မူးယစ်ဆေးဝါးများကို ဝယ်ယူကြသည် သို့မဟုတ် သုံးစွဲကာ ပြန်သွားကြသည်။
မူးယစ်းဆေးဝါး ရောင်းချသူများကလည်း တစ်ခါသုံး ဆေးထိုးအပ်များက အစ ပြင်ဆင်ပေးထားသည်။ မည်သည့် ရဲ၊ စစ်သား၊ အာဏာပိုင်များကမှ ထိုနေရာသို့ ဝင်ရောက်ဖမ်းဆီး နှောင့်ယှက်ခြင်း မပြုကြတော့ပေ။ စျေးနှုန်းများကလည်း ရန်ကုန်မြို့၏ မည်သည့် နေရာထက်မဆို ပို၍ ချိုသာနေသည်။
လူမိုက် ကျော်ဝင်းစိန် သေဆုံးပြီးနောက် အင်းစိန်ကမ်းနားအား သူ၏ ညီ ကျင်ဟုတ်က ပိုင်စိုးထားသည်ဟု ဒေသခံ လူငယ်များက ပြောပြကြသည်။
ထိုနေရာသည်ကား ယခုအခါ ရန်ကုန်မြို့၏ အကြီးမားဆုံး မူးယစ်းဆေးဝါး လက်လီ၊ လက်ကား ရောင်းချရာ စျေးကြီး သဖွယ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ပြီးခဲ့သည့် နှစ်အနည်းငယ်က နာမည်ရ လူငယ် Rap အဆိုတော် တစ်ဦးသည် အဆိုပါ အင်းစိန်ကမ်းနားမှ အလွယ် တကူ ဝယ်ယူနိုင်သည့် မူးယစ်ဆေးဝါးများအား အလွန်အကျွံ သုံးစွဲပြီးနောက် ကြွေလွင့်သွားခဲ့ရသည်။
အလုပ်အကိုင်ရှားပါးလာသော လူငယ်အများအပြားက အင်းစိန်ကမ်းနားအတွင်းမှ မူးယစ်ဆေးဝါးများ ဝယ်ယူကာ တစ်ဆင့် ပြန်လည်ရောင်းချခြင်းဖြင့် ဝင်ငွေရှာဖွေကြသည်။ သို့ဖြင့် ရန်ကုန်မြို့၌ မူးယစ်ဆေးစွဲနေသည့် လူငယ်များ ပို၍ ပို၍ များပြားလာလျှက် ရှိနေသည်။
မည်သူကမျှ အင်းစိန်ကမ်းနားအတွင်းရှိ မူးယစ်းဆေးဝါး စျေးကွက်ကြီးအား တားဆီးခြင်း မရှိပေ။ အာဏာသိမ်း စစ်တပ်သည် အင်းစိန်ကမ်းနားမှ မူးယစ်ဆေးဝါးရောင်းချသည့် လူမိုက်များ ၄င်းတို့နှင့် ပူးပေါင်းနေသဖြင့် ဖမ်းဆီးခြင်း မပြုပေ။
သို့သော် အဆိုပါ ကမ်းနားနှင့် မလှမ်းမကမ်းတွင်တော့ ပညာတတ်လူငယ်အများအပြားအား ဖမ်းဆီးထားရာနေရာကြီး ရှိနေသည်။ အဆိုပါ လူငယ်များက မူးယစ်ဆေးဝါး ရောင်းချ သုံးစွဲသူများတော့ မဟုတ်၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တော်လှန်ခဲ့ကြသဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရသူများ ဖြစ်သည်။
အင်းစိန်ထောင်အတွင်း၌ အပြစ်မဲ့သူများ ထောင်ကျခံနေရချိန်တွင် မလှမ်းမကမ်းရှိ အင်းစိန်ကမ်းနားရပ်ကွက်များအတွင်းတွင်တော့ ရာဇဝတ်မှု ကျူးလွန်နေကြသည့် မူးယစ်ဆေးဝါးရောင်းချသူများက လွတ်လပ်စွာဖြင့် ရှင်သန်နေထိုင်လျှက် ရှိနေပေတော့သည်။