By Crystal / MPA (ဆောင်းပါး)
Idiots band ဆိုလိုက်သည်နှင့် ယနေ့ခေတ် လူငယ်၊ လူလတ်၊ လူကြီး အရွယ်စုံ ကျား၊ မ မရွေး သိနှင့်ပြီးဖြစ်ပါလိမ့်မည်။
သို့သော် အဖွဲ့ထဲမှ လူစုံကိုတော့ သိပ်မသိကြ။ ထိုအထဲ ဓာတ်ပုံဆရာဖြစ်ခဲ့သူ ကိုပိုင်မှူးကိုကို လည်း အပါအဝင်ဖြစ်သည်။
Idiots band ၏ Photographer (ဓာတ်ပုံဆရာ) အဖြစ် လုပ်ကိုင်ခဲ့သူ ကိုပိုင်မှူးကိုကိုသည် စစ်တပ်အာဏမသိမ်းမီက ၎င်း ဝါသနာပါသည့် အလုပ်များကို လုပ်ကိုင်ကာ ဘ၀ကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်ခဲ့သူဖြစ်သည်။
” စိတ်ကူးထားတဲ့ ရည်မှန်းချက်က Freelance photographer တစ်ယောက်အနေနဲ့ Professional ဖြစ်အောင် ကြိုးစားနေတယ်။ ဝင်ငွေကောင်းလာပြီး ပိုက်ဆံသေချာရှာလာနိုင်ရင် ကိုယ်ဝါသနာပါတဲ့ တခြားအလုပ်တွေ ထပ်လုပ်ချင်တယ်။ သီချင်းဆိုတာတွေ ဘာတွေပေါ့ ” ရဲဘော်ဗီလိန် က ဆိုသည်။
ပိုင်မှူးကိုကို၏ ရဲဘော်အမည်မှာ ရဲဘော်ဗီလိန်ဖြစ်ပြီး အသက် ၃၃ နှစ်ရှိပြီဖြစ်ကာ လက်ရှိ ရန်ကုန်တိုင်းစစ်ဌာန၏ အထူးချေမှုန်းရေးတပ်ဖွဲ့၌ သတင်းနှင့် ပြန်ကြားရေးတာဝန် ထမ်းဆောင်နေသူလည်းဖြစ်သည်။
” သူက ခင်ဖို့ကောင်းတယ် သိသင့်သိအပ်တဲ့ ကိစ္စတွေ သိတယ်။ လုပ်ဆောင်ရမဲ့ အပိုင်းကို လုပ်ဆောင်တယ် မဟုတ်မခံ စိတ်ရှိတယ်။ ရဲဘော်ရဲဘက်တစ်ယောက်အမြင်နဲ့ဆို သူ့လိုလူများများရှိသင့်တယ် ” ဟု ရဲဘော် ဗီလန်နှင့်ပတ်သက်၍ ၎င်း၏ ရဲဘော်ရဲဘက်တစ်ဦးဖြစ်သည့် ရဲဘော် ရာမ က မှတ်ချက်ပြုသည်။
◼ စစ်တပ်အာဏာသိမ်းမှုနှင့် လူငယ်များ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ တစ်ရက်နေ့တွင် ပြည်သူလူထုတင်မြှောက်ထားသည့် ရွေးကောက်ခံ NLD အစိုးရကို စစ်တပ်က ဖြုတ်ချပြီး မတရားသဖြင့် အာဏာသိမ်းယူခဲ့ခြင်းကို မြန်မာပြည်သူများ သိရှိပြီး ဖြစ်သလို ယနေ့အထိ အာဏာသိမ်းခံရခြင်း၏ အကျိုးဆက်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခံစားနေကြရသည်။
အဆိုပါ အာဏာသိမ်းမှုဖြစ်စဉ်တွင် စစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် ထိပ်ပိုင်းနိုင်ငံရေးခေါင်းဆောင်များကို မတရား ဖမ်းဆီးခဲ့သည့်အတွက် မြန်မာပြည်သူတစ်ရပ်လုံး လူကြီး၊ လူငယ်၊ ကလေးများပါမကျန် စစ်တပ်အသိုင်းအဝိုင်းနှင့် ပတ်သက်သည့် လူတစ်စုကလွဲ၍ ပြည်
သူများအားလုံးနီးပါး လမ်းပေါ်ထွက် ဆန္ဒပြကြကာ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည်။
စစ်တပ်အာဏာသိမ်းခံရချိန်တွင် ရဲဘော်ဗီလိန်သည်လည်း စစ်တပ်အာဏာသိမ်းမှုကို လက်မခံသည့် မြန်မာပြည်သူများထဲမှ တစ်ဦးအပါအဝင်ဖြစ်ပြီး အာဏာသိမ်းခံရခြင်းကို ပထမဆုံးအနေဖြင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်အတွက် ရှေ့ဆက်ဖြစ်လာမည့်အရာများကို ကြိုတင်မတွေးထားမိသော်လည်း မတရားမှုကိုတော့ ခေါင်းငုံ့ခံလိုစိတ်မရှိခဲ့ကြောင်း ပြောပြသည်။
” ပြည်သူတင်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး စစ်တပ်အုပ်ချုပ်မယ်ဆိုတာစပြီး သိလာတဲ့အချိန်မှာ လက်မခံနိုင်တော့ဘဲနဲ့ ဆန္ဒတွေ ထွက်ပြခဲ့တယ်။ အစပိုင်းကတော့ ဆန္ဒတွေ ဘာတွေ ပြရင်း သူ့ဘာသာပြီးသွားမယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ တစ်ကယ်တမ်းကျတော့ မပြီးဘူးပေါ့နော် ” ဟု ၎င်းက ဆိုသည်။
ထို့နောက် စစ်တပ်က မြန်မာပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအတွင်း လက်နက်ဖြင့် အကြမ်းဖက် ဖြိုခွင်းမှုများကို လုပ်ဆောင်ခဲ့ရာ ဆန္ဒပြသူတချို့ အသက်သေဆုံးမှုအထိ ဖြစ်လာခဲ့သည်။
ယင်းအခြေအနေများကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ရဲဘော်ဗီလိန်သည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။
” လက်နက်ကိုင်ဖို့ ဆုံးဖြတ်ဖြစ်တာက ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းတာတွေကို စစ်တပ်က လုပ်လာပြီး ကျတော်တို့ သေချာမမြင်ဖူးခဲ့တဲ့ ရက်ရက်စက်စက်ကြီး လက်နက်တွေနဲ့ ဖြိုခွင်းတဲ့ အရာကို မြင်လိုက်ရတဲ့ အချိန်မှာ သူတို့ လက်နက်သုံးရင် သူတို့ကို လက်နက်နဲ့ပဲ ပြန်တိုက်မှ ရတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က အဲ့ဒီမှာ ခိုင်မာသွားတာပဲပေါ့။ အဲ့ဒီကနေ စပြီး လက်နက်ကိုင်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာပါ ” ဟု ဆိုသည်။
ရဲဘော် ဗီလိန်သည် ၂၀၂၁ ခုနှစ်၊ မတ်လကုန်ခါနီးအချိန်တွင် ၎င်း Photographer အဖြစ် လုပ်ကိုင်ပေးနေသည့် Idiots band အဆိုတော် ကိုရေမွန် ၏ ခေါ်ယူချိတ်ဆက်ပေးမှုဖြင့် ရန်ကုန်မှ ထွက်လာကာ လွတ်မြောက်နယ်မြေ တစ်
နေရာ၌ အခြေခံစစ်သင်တန်းတက်ရောက်ခဲ့သည်။
” သုံးလပိုင်း လကုန်ခါနီးမှာ ကိုရေမွန်က သူ မြဝတီဘက်ကို သွားတော့မယ်။ မြဝတီဘက်မှာ လက်နက်ကိုင်ပြီး သင်တန်းတက်ဖို့ အချိတ်အဆက်လုပ်ထားတယ်ပေါ့။ ဆိုတော့ သူကခေါ်တော့ သူရဲ့ ချိတ်ဆက်မှုနဲ့ လက်နက်ကိုင်ဖို့ လွတ်မြောက်နယ်မြေကို ရောက်သွားခဲ့တာပါ၊ အဲ့ဒီမှာ အခြေခံစစ် သင်တန်း နှစ်လတက်ခဲ့ရပြီး ခြောက်လပိုင်းမတိုင်ခင်မှာ ကျတော်တို့ သင်တန်းဆင်းတယ် ” ဟု ရဲဘော်ဗီလိန်က ဆိုသည်။
( ယခုချိန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ၌ တက်ကြွစွာပါဝင်ခဲ့သည့် Idiots band အဆိုတော် ကိုရေမွန် ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ ငှက်ဖျားရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။)
ရဲဘော်ဗီလိန်သည် အခြေခံစစ်ပညာသင်တန်း တက်ရောက်ခဲ့ပြီးနောက် စွမ်းရည်မြင့်သင်တန်း၊ မွမ်းမံသင်တန်းများလည်း ဆက်လက် သင်ကြားခဲ့ရကာ မြေပြင်တိုက်ပွဲအများအပြားကိုလည်း ဆင်နွှဲခဲ့သူဖြစ်သည်။
” စစ်သင်တန်းတက်တုန်းက အတွေ့အကြုံ အခက်အခဲဆိုရင်တော့ သင်တန်း စတက်တုန်းက ကျတော် ဗိုက်ခွဲထားတဲ့ ဒဏ်ရာကြီးနဲ့ပေါ့နော်။ ၂၀၂၁ ၊ တစ်လပိုင်း ၁၅ ရက်နေ့မှာ ဗိုက်ခွဲထားတာ၊ အူအတက်ပေါက်လို့ပေါ့၊ ဆိုတော့ သုံးလပိုင်း ရောက်တဲ့ အထိကို ဒဏ်ရာက အပြီးတိုင် မကျက်သေးဘူး။ အဲ့ဒီမကျက်သေးတဲ့ ဒဏ်ရာနဲ့ပဲ စစ်သင်တန်းကို တက်ဖြစ်ခဲ့တာ၊ အဲ့ဒီတုန်းကတော့ သူများတွေထက် ပိုပြီး နာကျင်ခံစားရတယ်။ မလုပ်နိုင်တဲ့အရာတွေဆိုရင် မလုပ်ဘဲနေရမှာဆိုပေမဲ့ အခြေခံစစ်သင်တန်းဖြစ်နေတော့ အကုန်လုံးလိုက်လုပ်ရတယ်။ ချုပ်ရိုးကြီး မကျက်သေးပေမဲ့လည်း လုပ်နိုင်ခဲ့တယ် ” ဟု ၎င်း၏ စိတ်အားထက်သန်မှုကို ရှင်းပြသည်။
ယင်းကဲ့သို့ အခြေခံစစ်သင်တန်းပြီးမြောက်ခဲ့သည့် ရဲဘော်များကို ၂၀၂၁ ခုနှစ်၊ မေ ငါးရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည့်သူ့ကာကွယ်ရေးတပ်မတော် (PDF) များအဖြစ် ဖွဲ့စည်းသတ်မှတ်ကာ တိုင်းရင်းသားခေါင်းဆောင်များနှင့် ညှိနှိုင်းလက်တွဲပြီး စစ်ရေးဖော်ဆောင်မှုများလည်း ဆောင်ရွက်ခဲ့သည်။
◼ ရဲဘော်ဗီလိန်၏ တိုက်ပွဲအတွေ့အကြုံများ
စစ်အာဏာသိမ်းခံရပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြ၍ မရတော့သည့်နောက်ပိုင်း လူကြီး၊ လူငယ်အများအပြားသည် မြို့ပြများမှ ထွက်ခွာလာကာ တိုင်းရင်းသားလက်နက်ကိုင်များ၏ လွတ်မြောက်နယ်မြေများတွင် စစ်သင်တန်းတက်ရောက်ခဲ့ကြပြီး နယ်မြေခံတိုင်းရင်းသားလက်နက်ကိုင်များ၏ ဦးဆောင်မှုဖြင့် စစ်ကောင်စီထိန်းချုပ်နယ်မြေများကို တိုက်ခိုက်သိမ်းပိုက်မှုများ စတင်ခဲ့သည်။
စစ်ကောင်စီဘက်မှလည်း ယင်းအခြေအနေများကြောင့် တိုင်းရင်းသားလွတ်မြောက်နယ်မြေများကို ပိုအာရုံစိုက်လာကာ လက်နက်ကြီး၊ လေကြောင်းများ အဆမတန်သုံးကာ တိုက်ခိုက်ခဲ့သည့်အပြင် တိုက်ပွဲဖြစ်ပွားရာ အရပ်သားပြည်သူများနေထိုင်သည့် အနီးအနားရှိ ကျေးရွာများကိုပါ ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ လေ့ကေ့ကော်မြို့သစ်တွင် စစ်ကောင်စီ တပ်သားများနှင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်သွားခဲ့ပြီး ရဲဘော်ဗီလိန်သည်လည်း ယင်းတိုက်ပွဲအတွင်း ပါဝင်ဆင်နွှဲခဲ့သလို မြေပြင်တွင် စစ်စတိုက်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် ၎င်း၏ တိုက်ပွဲအတွေ့အကြုံများကို ပြောပြသည်။
” လေ့ကေ့ကော် တိုက်ပွဲစဖြစ်တော့ ကျတော်တို့ မြေပြင်မှာ စစ်စတိုက်ဖူးတာပေါ့နော်။ အဲ့ဒီပွဲမှာ စတိုက်ခဲ့တယ်။ ပြီးတော့ ပွဲအကြီးကြီးတွေလည်း ကြုံသလိုမျိုး၊ ပွဲသေးသေးလေးတွေ သူပစ်၊ ကိုယ်ပစ်၊ ပစ်လိုက်၊ ရပ်လိုက်နဲ့လည်း ကြုံဖူးတယ်။ အဲ့ဒီလို တစ်ရက်တည်း နှစ်ပွဲ တိုက်ရတာတွေ လည်း ကြုံဖူးပါတယ် ” ဟု ဆိုသည်။
ရဲဘော် ဗီလိန်သည် လက်ရှိ တော်လှန်ရေး လေးနှစ်တာကာလ၌ ပါဝင်ဆင်နွှဲခဲ့သည့် တိုက်ပွဲများအတွင်း ဒဏ်ရာရရှိမှုများလည်း ကြုံတွေ့ခဲ့ရသည်။
” ထူးထူးခြားခြားတိုက်ပွဲအတွေ့အကြုံအနေနဲ့က ၂၀၂၂ ခုနှစ်၊ ဧပြီ သင်္ကြန်ကာလမှာ PDF စခန်းကို စကစ က ကောင်တွေ တက်လာတဲ့ ကင်း နှစ်တိုက်ပွဲပေါ့။ အဲ့ဒီတိုက်ပွဲကတော့ မှတ်မှတ်ရရ ပါပဲ။ ကတုတ်ကျင်း နှစ်ကျင်းလောက်နဲ့ ဗိုလ်ကြီး ဒါဘော နဲ့ သေချာ ခံပစ်ခဲ့ရတဲ့ ပွဲပေါ့၊ ရန်သူနဲ့ တော်တော် နီးနီးကပ်ကပ် တိုက်ခဲ့ရတဲ့ပွဲ၊ အဲ့ဒီပွဲမှာ နောက်တော့ ကျတော် ၄၀ စ မှန်ပြီး ဒဏ်ရာရခဲ့တာကြောင့်လည်း ပါတယ်။ ” ဟု ၎င်းက ဆိုသည်။
အဆိုပါ ကင်း နှစ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ 79 ဗုံးပစ်လောင်ချာဖြင့် ၄၀ မမ ဗုံးသီးများသုံး၍ တောက်လျှောက်ပစ်ခတ်ခဲ့ရာ ဗုံးသီးတစ်လုံးက ၎င်းတို့ ခံပစ်နေသည့် ကတုတ်ကျင်းအနီးကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ခါးနှင့် နားထင်တွင် ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
” ထိတာက နှစ်ချက်ထိတာ၊ ခါးနောက်ကိုအစဝင်ပြီး ဗိုက်က သွေးတွေထွက်လာတယ်။ နားထင်က ရှပ်ထိပြီး လေးချက် ချုပ်လိုက်ရတယ်။ စစချင်းထိတော့ တိုက်ပွဲထဲကနေ တစ်ယောက်တည်း ထထွက်ပြီး ကားဆီလာပြီး ဆေးခန်းတန်းသွားလိုက်တယ်။ ဒဏ်ရာကလည်း သေးသေးလေးတွေပဲဆိုတော့ ဆေးခန်းရောက်တော့ ပြပြီး တိုက်ပွဲထဲ ပြန်လာဖို့ လုပ်သေးတယ်။ ဒါပေမဲ့ ဆေးခန်းက ပြန်မလွှတ်ဘူး။ ဗိုက်က အစလေးက သေးသေးလေးဆိုပေမဲ့ ဆရာဝန်ပြောကြားချက်အရ အူနဲ့ နှစ်မီလီမီတာဘဲ ကွာတော့တယ်ပေါ့။ အူထိရင် အူပွင့်သွားမဲ့ အခြေအနေလို့ ပြောတယ်။ အဲ့ဒီအစကို ခွဲပြီး ရှာဖွေနှိုက်ထုတ်ရတဲ့အတွက် ဗိုက်ဒဏ်ရာက မဆိုစလောက်လေး နည်းနည်းကြီးသွားတယ် ” ဟု ဒဏ်ရာရခဲ့သည့် အဖြစ်အပျက်ကို ၎င်းက ရှင်းပြသည်။
◼ လက်ရှိ တပ်ရင်းအတွင်း နေထိုင်ဖြတ်သန်းနေပုံနှင့် ရဲဘော်ရဲဘက်များအကြား ပျော်ရွှင်စရာအခိုက်အတန့်များ
ရဲဘော် ဗီလိန်၏ တပ်ရင်းရှိ ရဲဘော်များအနေဖြင့် ရှေ့တန်းစစ်မြေပြင်သို့ မထွက်ရချိန် နောက်တန်းတပ်အထိုင်စခန်း၌ နေထိုင်ရမှုပုံစံသည် တပ်၏ စီမံအုပ်ချုပ်မှုအောက်တွင် လည်ပတ်ကြရပြီး လိုအပ်ရင် လိုအပ်သလို ရဲဘော်များအတွက် စွမ်းရည်မြှင့်သင်တန်းများ၊ နိုင်ငံရေး၊ တော်လှန်ရေးနှင့်ပတ်သက်သည့် အတွေးအခေါ်များ၊ စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်သည့် စိတ်ဓာတ်ကျခြင်းများ၊ စိတ်အားငယ်ခြင်းများ မဖြစ်အောင် လေ့ကျင့်သင်ကြားပေးခြင်းများလည်း ပြုလုပ်လျက်ရှိသည်။
စခန်းအတွင်း ရဲဘော်ရဲဘက်များအကြား ပျော်ရွှင်စရာအမှတ်တရများအနေဖြင့် လိုင်းရသည့် အချိန်များ၌ ဘောလုံးပွဲစုကြည့်ကြပြီး မိမိ အားပေးသည့် အသင်းနှင့် ပတ်သက်၍ အပြိုင်အဆိုင်ပြောဆို ငြင်းခုံ စနောက်ကြချိန်များ ဖြစ်သည်ဟု ရဲဘော်ဗီလိန်က ပြောသည်။
” ကျွန်တော်က မန်ယူဖန်ပေါ့၊ သက်ဆိုင်ရာစစ်ကြောင်းတွေမှာဆိုရင်လည်း မန်ယူဖန်တွေကလည်း များတယ်လေ။ မန်ယူဖန်တွေ အင်အားတောင့်တယ်။ အဲ့ဒီလိုအင်အားတောင့်တဲ့အပေါ်မှာ တစ်ခါတစ်လေကျရင် ရဲဘော်တွေ ဘယ်လို ဟာသ လုပ်လည်းဆိုရင် ရဲဘော်တစ်ယောက်ယောက် ဆေးကုဖို့လိုလို့ medic တွေ ရောက်လာရင် medic တွေက မန်ယူဖန်ဖြစ်နေတာတွေ၊ မန်ယူဂျာစီ ဝတ်လာရင် မင်းတို့ကို ဆေးကုပေးနေတာ မန်ယူဖန်တွေကြီးပဲတို့၊ တိုက်ပွဲထဲမှာဆိုရင်လည်း ချနေရင်း မန်ယူဖန်တွေကြီးပဲဆိုပြီး အပြိုင်အဆိုင် လေတိုက်ကြတာမျိုးတွေပေါ့ ” ဟု ဆိုသည်။
ရဲဘော် ဗီလိန်သည် ငယ်ရွယ်စဉ်အခါကတည်းက ဘောလုံးအားကစားကို ရူးသွပ်စွာ ဝါသနာပါခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်(MNL) စတင်ခဲ့သည့် ၂၀၀၉ ခုနှစ် တွင် ရန်ကုန်ယူနိုက်တက် အသင်း၌ သွားရောက်ယှင်ပြိုင်ခဲ့ကာ အရန်အသင်းအထိ ရွေးချယ်ခံခဲ့ရသူဖြစ်သည်။
” မန်ယူက ဟိုးငယ်ငယ် ဘောလုံးပွဲစကြည့်တဲ့ အချိန်ကတည်းက ဘောလုံးပွဲကို မန်ယူကြောင့် ကြိုက်ခဲ့ရတာလို့ပြောရင်လည်း မှန်တယ်ပေါ့နော်။ ညသန်းခေါင်တွေ အရမ်းအိပ်ချင်နေရင်လည်း ဘောလုံးပွဲကို မရမက စောင့်ကြည့်ခဲ့ရမျိုးပေါ့။ အဲ့ဒီလောက်ထိ ကြိုက်တဲ့အထဲ ပါတယ်။ ပြီးတော့ ကိုယ်တိုင်လည်း ဘောလုံးကို တော်တော်ကြီး ရူးရူးမူးမူး ဝါသနာပါခဲ့တယ်။ နောက်ပိုင်း မကန်ဖြစ်တာက ကျန်းမာရေး အခြေအနေတွေနဲ့ ကန်စရာအခွင့်အရေး နည်းပါးသွားတာကြောင့်လည်းမကန်ဖြစ်တော့တာ။ ” ဟု ရဲဘော်ဗီလိန်က ရှင်းပြသည်။
◼ တော်လှန်ရေးကာလ လေးနှစ်ကျော်အတွင်းကြုံတွေ့ခဲ့ရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ဝမ်းနည်းစရာ အဖြစ်အပျက်များ
ရဲဘော် ဗီလိန်အနေဖြင့် တော်လှန်ရေးကာလ လေးနှစ်ကျော်အတွင်း အကြီးမားဆုံးအခက်အခဲနှင့် စိန်ခေါ်မှုသည် စိတ်ဓာတ်ကျခြင်းနှင့် နေထိုင်မကောင်းဖြစ်ခဲ့ချိန်များဖြစ်သော်လည်း လက်ရှိအချိန်အထိ ကြိုးစားကျော်ဖြတ်နိုင်ခဲ့သူဖြစ်သည်။
” လေးနှစ်အတွင်း တောထဲမှာက ရာသီဥတုဒဏ်၊ အစားအသောက်ဒဏ်တွေနဲ့ ငှက်ဖျားကို ၁၄ ခါဖြစ်တယ်။ အစာအိမ်ရောဂါ ခြောက်ခါတိတိ ဖြစ်တယ်။ အဲ့ဒီထဲ ငှက်ဖျားနဲ့ အစာအိမ် ပေါင်းဖြစ်တာမျိုးလည်း ရှိခဲ့တယ်။ အရင်ကတည်းကလည်း ကျတော့် အစာအိမ်က မကောင်းဘူး၊ အစာ မာမာစားလို့ မရဘူးပေါ့။ အဓိကတော့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက အကြီးမားဆုံးအခက်အခဲပါပဲ၊ ဖြစ်ပျက်သွားတဲ့ ကိစ္စတွေကြား ခဏခဏ ပြိုကျရတယ်။ အများကြီးဘဲပေါ့၊ အဲ့ဒါကိုပဲ ပြန်ထနိုင်အောင် ကြိုးစားကျော်ဖြတ်ရတယ် ” ဟု ရဲဘော်ဗီလိန်က ၎င်းကျော်ဖြတ်ရခဲ့ရသည့် ရောဂါဝေဒနာများကို ဖွင့်ဟပြသည်။
စစ်အာဏာသိမ်းခံလိုက်ရကတည်းက မြန်မာပြည်သူအများစု၏ ဘဝရည်မှန်းချက်များ၊ အိမ်မက်များ အကုန်ပျက်စီးခဲ့ကြရပြီး ဝမ်းနည်းရသည့် အဖြစ်အပျက် အကြောင်းအရာများစွာလည်း လူတိုင်းအားလုံးတွင် ကိုယ်စီရှိနေကြသည်။
” မိသားစု၊ ဆွေမျိုးတွေ ဆုံးပါးသွားတယ်။ မတွေ့လိုက်ရဘူး။ ပြီးတော့ ဒီကာလထဲမှာ ကိုယ့်ဘေးက ရဲဘော်တွေ တစ်ယောက်ပြီး တစ်ယောက် ကျဆုံးသွားကြတယ်။ ရှိပြီးသား၊ သိပြီးသားသူတွေလည်း တဖြေးဖြေးနဲ့ လျော့ပါးသွားတယ်ဆိုတဲ့ စိတ်မကောင်းစရာ ခံစားချက်တွေကြီးပဲ ဖြစ်နေတာပေါ့ ” ဟု ရဲဘော် ဗီလိန်က ၎င်းကြုံတွေ့ခံစားရသည်များကို ပြောပြသည်။
◼ ရဲဘော် ဗီလိန် လိုချင်သည့် တော်လှန်ရေးပန်းတိုင်
ယခု နွေဦးတော်လှန်ရေးသည် စစ်ကောင်စီကို ဖြုတ်ချရုံသက်သက်မဟုတ်ဘဲ ခေတ်အဆက်ဆက် စစ်အာဏာရှင်များ စိုးမိုးအုပ်ချုပ်လာခဲ့သည့် နှစ် ၆၀ ကျော်ကြာ စနစ်ဆိုးကြီးအောက်၌ ရှင်သန်လာခဲ့ရသောမြန်မာပြည်သူများ၏ ဒုက္ခဆင်းရဲများ၊ မပြည့်စုံသည့် လူနေမှုဘဝများ၊ မပြည့်စုံသည် ပညာရေးစနစ်၊ အသိပညာများနှင့် ကိုယ်ချင်းစာတရားများ အားလုံးကို ရဲဘော်ဗီလိန်က ပြောင်းလဲစေချင်သည်။
ထို့အပြင် ရဲဘော် ဗီလိန်သည် ၎င်း၏ ခံယူချက်နှင့် ရပ်တည်ချက်ကို ယခုလို ပြောပြသည်။
” ကျတော်တို့က ပြည်သူက ပေါက်ဖွားလာတဲ့ တပ်ဖြစ်တော့ ပြည်သူနဲ့ တသားတည်းရှိပြီး ပြည်သူကို အကျိုးပြုပြီး ပြည်သူကို ကာကွယ်နိုင်ပေးဖို့ အရာရာတိုင်းမှာ ပြည်သူသာ အဓိက ဖြစ်ပြီး ပြည်သူမှာသာ အာဏာရှိတဲ့ စနစ်ပုံစံမျိုးရအောင် သွားပေးစေချင်တယ်။ အဲ့ဒါမှ နောက်ဖြစ်လာမဲ့ ကိုယ့်မျိုးဆက်တွေမှာလည်း ကိုယ့်လို အခြေအနေမျိုးမဖြစ်စေချင်ဘူး။ ကိုယ်တောင် မနေချင်တဲ့ ဒီစနစ်အောက်မှာ ကိုယ့်ရဲ့မျိုးဆက်တွေကို ဒီစနစ်အောက်မှာ မထားခဲ့နိုင်ဘူး ” ဟု ဆိုသည်။
စစ်ကောင်စီသည် နှစ် ၆၀ ကျော်သက်တမ်းရှိသည့် စစ်တပ်ဖြစ်သောကြောင့် အုပ်ချုပ်မှုစနစ်ပုံစံများ၊ အမိန့်ပေး စီးဆင်းမှုများ၊ ဖွဲ့စည်းပုံများ အားလုံး ပြီးပြည့်စုံနေသည့်အပြင် လက်နက်အင်အား၊ ငွေအား၊ နည်းပညာအားအစစအရာရာ သာလွန်နေသော်လည်း ရဲဘော် ဗီလိန် အပါအဝင် ကျောင်းသား၊ လူငယ်နှင့် ပြည်သူများသည် မလျှော့သောဇွဲ၊ ခိုင်မာသည့် ယုံကြည်ချက်များဖြင့် စစ်အာဏာရှင်ကို ယခုအချိန်အထိ တွန်းလှန်တိုက်ထုတ်နေခြင်းသည် နွေဦးတော်လှန်ရေး၏ ပြယုဂ်တစ်ခုဖြစ်သည်။
ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူကာကွယ်ရေးတပ်မတော်အနေဖြင့်လည်း စစ်ကောင်စီထက် ပိုမိုစည်းစနစ်ကျကာ အဘက်ဘက်မှ ကျွမ်းကျင်ပိုင်နိုင်သည့် အရည်အချင်းများ၊ နည်းဗျူဟာများ ပြည့်ဝနေမှ စစ်ကောင်စီကို အောင်နိုင်မည်ဖြစ်သည်။
” တော်လှန်ရေး ပြီးရင် သေချာတာကတော့ ချစ်ရတဲ့သူတွေကို အချိန်ပေးပြီးတော့ အတိုးချပြီး ပျော်ပျော်ရွှင်ရွှင်လေးပဲ နေချင်တယ်ပေါ့။ ဒါပေမဲ့ ဒီတော်လှန်ရေးကြီးပြီးလည်း ကျတော်တို့ ကိုယ်နေထိုင်ချင်တဲ့ ပတ်ဝန်းကျင်၊ ကိုယ်နေထိုင်ချင်တဲ့ စနစ်ပုံစံမျိုးဖြစ်အောင် ထပ်ပြီးတော့ ကြိုးစားရအုံးမယ်နဲ့တူပါတယ်” ဟု ရဲဘော် ဗီလိန်က ဆိုသည်။
နွေဦးတော်လှန်ရေး အောင်မြင်ပြီးချိန်တွင်လည်း စစ်ကောင်စီကြောင့် အဘက်ဘက်မှ ပျက်စီးယိုယွင်းခဲ့ရသည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသည်များကို ပြန်ထည်ထူထောင်နိုင်ရေးနှင့် မြန်မာပြည်အား နလန်ပြန်ထူနိုင်အောင် လုပ်ဆောင်နိုင်ရေး မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် ကြိုးစားရုန်းကန်ကြရအုံးမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။