By Wadi / MPA
ဘဲတစ်ကောင် ရေကူးနေခြင်း နှင့် “အဆင်ပြေလား” ဆိုသည့် မေးခွန်းကို “ဒီလိုပါပဲ” ဟု ဖြေဆိုလိုက်သည့် မြန်မာနိုင်ငံသားတစ်ဦးသည် ရုန်းကန်မှုခြင်း အတူတူပဲဟု ဆိုလျှင် ထူးဆန်းကောင်း ထူးဆန်းနိုင်ပါလိမ့်မည်။ မြင်သာသော အပေါ်ယံအပိုင်းကို ကြည့်လျှင်တော့ လူနှင့်ဘဲ ဆိုသည်မှာ တူနိုင်စရာမရှိပေ။
သို့သော် ဘဲတစ်ကောင် ရေပေါ်တွင် တည်ငြိမ်စွာ ရွေ့လျားနိုင်ဖို့အတွက် ရေအောက်တွင်ရှိသည့် သူ၏ခြေခြောင်းနှင့် ရေယက်များက အားအင်အကုန်သုံးပြီး အပြင်းအထန် လှုပ်ရှားကူးခတ်နေရပါသည်။ ဒီလိုပါပဲ ဟု ဖြေဆိုလိုက်သည့် မြန်မာနိုင်ငံသားတစ်ဦးသည် သူ၏ ပြင်ပလူနေမှုဘဝကို တည်ငြိမ်စေဖို့အတွက် သူ၏အတွင်းစိတ်ထဲတွင် စုပြုံထိုးသိပ်ထားသော စိတ်ဖိစီးမှုပေါင်းများစွာနှင့် တွန်းထိုးရုန်းကန်နေရပါသည်။
ဒီလို နေထိုင်နေရခြင်းသည် ဖြစ်ရိုးဖြစ်စဉ်တစ်ခု မဟုတ်ပါ။ စိတ်ဝေဒနာ ခံစားနေရခြင်း ဖြစ်ပါသည်။ ဒီလို စိတ်ပိုင်းဆိုင်ရာ အခြေအနေကို “Duck Syndrome” ဟုခေါ်သည်။ “ဘဲခြေထောက်လို စိတ်ဝေဒနာ” ဟု မြန်မာမှုပြုရမည့် ထိုဝေဒနာ၏ သဘော သဘာဝက ဘဲများ ရေထဲတွင် ရှင်သန်နေထိုင်ရပုံနှင့် ဆင်တူသောကြောင့် “ Duck Syndrome” ဟု ခေါ်ဆိုခဲ့ကြခြင်း ဖြစ်သည်။
Duck Syndrome ဖြစ်လာပါက ခေါင်းကိုက်မည်။ အိပ်မပျော်ဖြစ်မည်။ စိတ်ရှုပ်ထွေးမည်။ အာရုံစူးစိုက်၍မရ ဖြစ်မည်။ မကြာခဏ စိတ်တိုမည်။ တချို့သော သုတေသနများအရ အလွန်အကျွံစားခြင်း သို့မဟုတ် လုံးဝမစားမသောက်တာမျိုးလည်း ဖြစ်သေးသည်။ ရောဂါအခြေအနေဆိုးရွားလာလျှင် ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင် ပြုလုပ်ခြင်းနှင့် အဆုံးစီရင်ရန် ကြိုးစားခြင်းအထိ ဖြစ်လာနိုင်သည်။ ထို့ကြောင့်ပင် Duck Syndrome ကို အန္တရာယ်များသည့် စိတ်ဝေဒနာအဖြစ် ကမ္ဘာက သတ်မှတ်ထားသည်။
စိတ်ဖိစီးမှုများကြောင့် ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း ၊ စိတ်ရှုပ်ထွေးရခြင်းများကို ဝေဒနာဟု သတ်မှတ်ခြင်းသည် လက်ရှိ မြန်မာလူ့အဖွဲ့အစည်းအတွက်တော့ မရယ်ရသော ဟာသပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူတိုင်းနီးပါး ခေါင်းကိုက်နေသည်။ လူတိုင်းနီးပါး အိပ်မပျော်ဖြစ်နေသည်။ စိတ်နှင့်ခန္ဓာ ပူးတွဲပြီး မတည်ရှိတော့သည်မှာလည်း ကြာနေပြီ ဖြစ်သည်။ မြန်မာလူထုအတွက် ထိုအခြင်းအရာများသည် ဝေဒနာမဟုတ်တော့ပေ။ နေ့စဉ် ဖြစ်မြဲ ဖြစ်နေဆဲ ဖြစ်သည့် ပုံမှန် နေထိုင်မှု ဖြစ်နေလေပြီ။
အာဏာသိမ်းဖြစ်ရပ်နောက်ပိုင်း ဘက်ပေါင်းစုံကျပ်တည်းမှုဖြစ်လာသော မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေးသည် စိန်ခေါ်မှုကြီးတစ်ရပ်ဟု ကမ္ဘာအရပ်ရပ်က ထောက်ပြပြောဆိုခဲ့ကြသည်။
မြန်မာနိုင်ငံသည် စိတ်ကျန်းမာရေးနှင့် ပတ်သက်သော ပြဿနာများကို အလေးအနက်ထား ဆောင်ရွက်ရမည့် အချိန် ရောက်နေပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်သတိပေးခဲ့သည်။
ထုတ်ပြန်ချက်များ၊ သတိပေးချက်များကို မှားသည်ဟု မဆိုလိုပါ၊ စိတ်ကျန်းမာရေးပြဿနာများမှာ အမှန်တကယ် ဖြစ်နေသော အခြေအနေများ ဖြစ်သည်။ သို့သော် ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသည့် မြန်မာစကားပုံ ရှိသည်။ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဖြစ်ပွားနေသော နိုင်ငံရေး ပဋိပက္ခများ၊ အာဏာရှင်အုပ်ချုပ်မှုစနစ်များ အောက်တွင် နေထိုင်ခဲ့ရပြီး လက်ရှိတွင်လည်း အဆိုးရွားဆုံး နိုင်ငံပရမ်းပတာဖြစ်မှုနှင့် ရင်ဆိုင်နေရသည့် မြန်မာ့လူ့အဖွဲ့အစည်းအတွက် စိတ်ကျန်းမာရေးစောင့်ရှောက်မှု ဆိုသည်မှာ အနာသိသော်လည်း ကုစရာ ဆေးမရှိသေးသည့် အခြေအနေဆိုး ဖြစ်နေသည်။
အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့စိတ်ကျန်းမာရေး
စစ်တပ်အာဏာသိမ်းမှုသည် မြန်မာ့လူ့အဖွဲ့အစည်း၏ စိတ်ကျန်းမာရေးကို ထွက်ပေါက်မရှိ ချောင်ပိတ် မိစေသော အခြေအနေသို့ ရောက်အောင် တွန်းပို့ခဲ့သည်။ ပြည်သူများ လက်ရှိခံစားနေရသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၏ အခြေခံအုတ်မြစ်သည် စစ်အာဏာသိမ်းမှုနှင့် နှီးနွယ်ပတ်သက်နေသည်။ ယခင်ကတည်းက စိတ်ကျန်းမာရေးဆိုသည်မှာ မြန်မာနိုင်ငံတွင် ပြဿနာတစ်ခုအဖြစ် တည်ရှိခဲ့မှု မှန်သော်လည်း အာဏာသိမ်းမှုက ထိုအခြေအနေကို ဆိုးရွားသည်ထက် ဆိုးရွားလာစေခဲ့သည်။
အာဏာသိမ်းမှုအလွန် စိတ်ကျန်းမာရေးကို အဓိက ထိခိုက်စေသည့် အကြောင်းအရင်းများထဲမှ ထင်ရှားသည့် အချက်သုံးချက်မှာ ပဋိပက္ခ၊ ဆင်းရဲမွဲတေမှု နှင့် နိုင်ငံရေးလွတ်လပ်ခွင့်နည်းပါးခြင်း ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စစ်တမ်းထုတ်ပြန်ထားသည်။
စစ်ကောင်စီနှင့် စစ်အာဏာရှင်တို့၏ လက်နက်ကိုင်အဖွဲ့များကြောင့် ကြုံတွေ့ခံစားရသည့် မလုံခြုံမှု၊ အကြမ်းဖက်ခံရမှု၊ ညှင်းပန်းနှိပ်စက်ခံရမှု၊ မတရားဖမ်းဆီးအကျဉ်းချခံရမှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမှု၊ အိုးအိမ်စွန့်ခွာရမှု၊ ပိုင်ဆိုင်သမျှ ဆုံးရှုံးရမှု၊ မိသားစုဝင်များ၏ လုံခြုံရေးဆိုင်ရာ စိတ်မချရမှုများသည် စိတ်ဒဏ်ရာ (Trauma ) နှင့် စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုလွန်ကဲခြင်း( PTSD) တို့ကို ဖြစ်လာစေခဲ့သည်။
“အခု ကျတော် အပြင်ကို ပြန်ရောက်လာလည်း အိပ်မက်မက်တိုင်း အထဲ(ထောင်ထဲ)မှာလို့ဘဲ မက်နေတုန်းပဲ၊ ပြန်ထွက်လာသူအချင်းချင်း ဆုံမိရင် ပိုဆိုးတယ်။ သူတို့နဲ့ဆုံမိတဲ့နေ့ဆို ပိုသတိထားမိတယ်။ အဲဒါ ညဆို အထဲ(ထောင်ထဲ)ကိုပြန်ရောက်သွားတဲ့ အိပ်မက် မက်ပြီ၊ ကိုယ့်မှာ ဘာမှ မရှိတော့သလိုပဲ၊ အကုန်ကို ပြန်စနေရသလိုပဲ” ဟု နိုင်ငံရေးပုဒ်မဖြင့် အင်းစိန်ထောင်တွင် အကျဉ်းချခံခဲ့ရသူ ကိုဝေလင်း( နာမည်လွှဲ ) က သူ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာကို ပြောပြသည်။
စစ်အာဏာသိမ်းမှုနောက်ဆက်တွဲဖြစ်သည့် ကုန်ဈေးနှုန်း ကြီးမြင့်လာမှု ၊ စာနပ်ရိက္ခာ မလုံလောက်မှု၊ ငွေကြေးမလုံခြုံမှု၊ အလုပ်လက်မဲ့ဖြစ်မှု များသည်လည်း စိတ်ဒဏ်ရာများကို ထပ်ဆင့် ဖြစ်ပွားစေသော အကြောင်းအရာများ ဖြစ်နေသည်။
စစ်မှုထမ်းဥပဒေကြောင့် လူငယ်များ အနာဂတ်ပျောက်ဆုံးခြင်းနှင့် နေရပ်စွန့်ခွာရခြင်းများ၊ ပဋိပက္ခဖြစ်ပွားရာ နေရာများမှ ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ CDM ဝန်ထမ်းများ၏ ဘဝရပ်တည် ရေးပြဿနာများ၊ လုံခြုံရေးကြောင့် နေရပ်အတည်အကျမရှိဘဲ မကြာခဏရွေ့ပြောင်းနေထိုင်ရခြင်းများ၊ ပတ်ဝန်းကျင်အသစ်တွင် အသစ်တဖန် ပြန်လည်စတင်ရခြင်းများသည်လည်း စိတ်ကျန်းမာရေးကို ဝန်ပိစေသော အထုပ်အထည်များ ဖြစ်နေသည်။
အထက်ပါ ပြဿနာများနှင့် တိုက်ရိုက်မခံစားရသူများမှာလည်း လူမှုကွန်ယက်များမှ တစ်ဆင့် သတင်းဆိုးများ၊ စိတ်မချမ်းမသာဖြစ်မှုကို ပြင်းထန်စွာခံစားရစေသော ပို့စ်များကို နေ့စဉ် တွေ့မြင်နေရသည်။ ထို့ကြောင့် မြန်မာနိုင်ငံသားများ၏ စိတ်အခြေအနေသည် မှောင်မိုက်အေးစက်နေပြီး အုပ်မိုးထားသော လေထုသည်လည်း အသက်ရှူနေသူတိုင်းအတွက် မွန်းကျပ် ပိတ်လှောင်နေစေသည်။
“ဒီလို အဖြစ်ဆိုးတွေကို တိုက်ရိုက်မကြုံပေမဲ့ အလုပ်သဘောအရ အွန်လိုင်းမှာ နေ့တိုင်း ထိတွေ့နေရတော့ စိတ်မှာ ဒဏ် ဖြစ်တာပေါ့နော်၊ ဗုံးကြဲလို့ ထွက်ပြေးရတာမျိုး၊ ကိုယ့်ကို လာဖမ်းတာမျိုး၊ ကိုယ့်ရှေ့တင် လူသတ်ပြတာမျိုးတွေပေါ့၊ အဲဒီလိုတွေ အိပ်မက်မက်တယ်။ အဆိုးဆုံးကတော့ သူတို့တွေရဲ့ မဟုတ်တမ်းတရား ဝါဒဖြန့်တာတွေပေါ့။ ကြက်ကလေး ငှက်ကလေးတွေကို သတ်ပစ်သလို လူသတ်အားပေးလုပ်ကြ တာတွေ မြင်ရင် ဒေါသဖြစ်တယ်။ Air Strike ဖြစ်စဉ်တွေမှာ ကလေးတွေ ပါလာရင် ပိုဆိုးတယ်” ဟု စစ်ကောင်စီတပ်နှင့် ထောက်ခံသူများက ဝါဒဖြန့်နေသော သတင်းအမှားများကို အချက်အလက်စစ်ဆေးနေမှု(Fact Checking)ပြုလုပ်နေသူ မနွေးနွေး(အမည်လွှဲ) က သူကြုံတွေ့နေရသော စိတ်ပြဿနာများကို ရင်ဖွင့် ပြောဆိုသည်။
အခြေခံအားဖြင့် လူဆိုသည်ကို အုတ်မြစ်ချပေးသော အရာမှာ မိသားစု နှင့် အိမ် ဆိုသော ဇာတိဖြစ်သည်။ ထိုအခြင်းအရာမှန်သမျှကို ဖျက်စီးခံလိုက်ရခြင်းသည် လူတစ်ဦးကို အမြစ်မှ ဆွဲနှုတ်လိုက်ခြင်း ဖြစ် သည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် ယခုကဲ့သို့ ကြီးမားသော ပဋိပက္ခများနှင့် စိတ်ဒဏ်ရာများမှာ ယခင်ကတည်းက ရှိနေ ခဲ့ပြီးသား ဖြစ်ရပ်များ ဖြစ်သည်။
လက်ရှိ အကျဉ်းချခံထားရသူများနှင့် ဒီမိုကရေစီအရေးလှုပ်ရှားနေသူများတွင် ၁၉၈၈ နှင့် ၂၀၀၇ ဖြစ်ရပ်များကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြသူ အများအပြား ပါဝင်နေပါသည်။ ထို့ကြောင့် သမိုင်းကြောင်းကို ပြန်ကြည့်ရမည်ဆိုလျှင် မြန်မာ့လူ့အဖွဲ့အစည်းသည် စိတ်ဒဏ်ရာများကို မျိုးဆက်အလိုက် လက်ဆင့်ကမ်း သယ်ဆောင်နေရခြင်း ဖြစ်နေသည်။
အနာဂတ်နှင့် မျှော်လင့်ချက် ဆုံးရှုံးရခြင်းသည် မြန်မာ့လူ့အဖွဲ့အစည်း၏ မျိုးရိုးလိုက်ဝေဒနာ ဖြစ်နေပါတော့ သည်။
စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုနှုန်း မည်မျှရှိသည်ကို အတိအကျမသိရသော်လည်း အလွန်အမင်း စိုးရိမ်ရသည့် အခြေအနေသို့ ရောက်နေပြီဆိုတာကတော့ သေချာလှသည်။
ရှင်သန်မှုကို လက်လျှော့လိုက်ရသည့် ဖြစ်ရပ်များ ခပ်စိပ်စိပ် ဖြစ်ပွားလာခြင်းနှင့် ထိုသတင်းများအောက်တွင်“လွတ်မြောက်သွားပြီပေါ့၊ အားကျပါသည်” ဆိုသည့် မှတ်ချက်များသည် မြန်မာလူထု၏ စိတ်ကျန်းမာ ရေး စစ်တမ်းပင် ဖြစ်သည်။
စိတ်ကျန်းမာရေး ချို့ယွင်းထိခိုက်မှုများအတွက် ဆေးဝါးအပြင် အခြား ကုသနိုင်သော အဓိက နည်းလမ်း နှစ်မျိုး ရှိသည်။ စိတ်လူမှုဆိုင်ရာ ကုထုံးနှင့် လူမှုအသိုင်းအဝိုင်း၏ ပံ့ပိုးကူညီမှု ဖြစ်သည်။
ထိုနည်းလမ်း နှစ်ခုလုံးမှာ စစ်အာဏာရှင်အစိုးရ၏ နှောင့်ယှက်ဖျက်ဆီးခြင်းကို ခံနေရသည်။ နေ့စဉ်ဘဝကို နှောင့်ယှက်နေပြီး လူမှုအသိုက်အဝိုင်းကို ဖျက်ဆီးနေသော အခြေအနေအောက်တွင် မြန်မာ့လူ့အဖွဲ့အစည်း ကိုင်ဆွဲထားရသည့် ကုထုံးမှာ ဒူပေနာပေ ခံနိုင်ခြင်းပင် ဖြစ်သည်။
ဒူပေနာပေ နှင့် မြန်မာ့လူ့အဖွဲ့အစည်း
“စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမည်”ဟု မြန်မာများ ဆိုလေ့ရှိသော်လည်း တကယ်တမ်း ကြုံရသည့်အခါ “လူဆိုတာ ဒီလိုပဲ ဖြစ်တတ်တယ်၊ တွေ့ကြုံရတတ်တယ်” ဆိုသော စကားဖြင့် ဖုံးကွယ်ပစ်လေ့ ရှိသည်။ “ငါတစ်ယောက်တည်းမှ မဟုတ်တာ၊ ငါ့ထက် ဆိုးတာတွေ ရှိသေးတာပဲ” ဆိုသည့် အတွေးဖြင့် ခံစားချက်များကို ဖိသိပ်လိုက်ကြလေ့ ရှိသည်။ ကိုယ်၏ဆိုးရွားမှုများအတွက် ကောင်းကွက်ကို မျှော်တွေးခြင်းထက် ကိုယ့်ထက်ဆိုးရွားသည့် အခြေအနေများနှင့် နှိုင်းယှဉ်ကာ “ငါတော့ဖြင့် သူ့လောက် မဆိုးသေးဘူး” ဟု ဆိုကာ ဖြေလျော့ပစ်လိုက်ကြသည်။
“ငါ့ထက် ဒုက္ခရောက်နေသူတွေ တွေ့တော့ ငါ့ဒုက္ခကို ဒုက္ခလို့ မပြောတော့ဘူး” ဆိုသည့် သုခမိန်လှိုင်၏ ကဗျာသည် မြန်မာ့လူ့အဖွဲ့အစည်းတွင် စောင့်ထိန်းသင့်သော လောကဝတ်တစ်ခု ဖြစ်လာခဲ့သည်။
ပြင်းထန်သည့် စိတ်ဒဏ်ရာမှ မဟုတ်လျှင် ကျန်သော စိတ်ပြဿနာများမှာ စကားထဲ ထည့်ပြောစရာ မလိုသော အကြောင်းများ ဖြစ်လာသည်။ စိတ်ဖိစီးမှုကြောင့် ည အိပ်မပျော်လျှင် ဒီအတိုင်း ငုပ်တုပ်ထိုင်နေလိုက်မည်။ သို့မဟုတ်လျှင် အိပ်ဆေးတစ်လုံး သောက်လိုက်မည်။ အိပ်မပျော်ဖြစ်ခြင်းသည် မြန်မာလူထုအတွက် အထူးတလည်ကုစားရမည့် ဝေဒနာ မဟုတ်ပါ၊ Depression သည်လည်း ရောဂါ မဟုတ်ပါ၊ လူတိုင်း တစ်ခါတစ်ရံတွင် ဖြစ်နိုင်သော သာမာန်စိတ်အဆင်မပြေမှုဟု လိမ်ညာထားမည်။
စနစ်တကျ ကုသရန် လိုအပ်နေပါသော်လည်း အခြား အရေးကြီးကိစ္စရပ်များကြောင့် စိတ်ပြဿနာများကို ကန့် သတ် ထိန်းချုပ်မှုများအောက်တွင် ဖိသိပ်ထားလိုက်ပြီး မကျန်းမာသည့်စိတ်နှင့် ဆက်လက်ရှင်သန် နေထိုင်လိုက်ခြင်းသည် မြန်မာ့လူ့အဖွဲ့အစည်း၏ စိတ်ကျန်းမာရေးကို ဖြေရှင်းနည်း ဖြစ်လာသည်။
ဗုဒ္ဓဘာသာအခြေပြု လူ့အဖွဲ့အစည်းဖြစ်နေသည့်အတွက် “ကံ ကံ၏ အကျိုး” ဆိုသည်ကလည်း စိတ်ပိုင်း ဆိုင်ရာ ဖြေရှင်းနည်း တစ်မျိုး ဖြစ်နေပြန်သေးသည်။ ကိုယ့်မှာ ဖြစ်ပေါ်လာသည့် ဆိုးရွားမှုမှန်သမျှကို အတိတ်ကံ ဆိုသည့် ယုံကြည်ချက်ဖြင့် ပြည်ဖုံးကား ချလိုက်ကြသည်လည်း ရှိသည်။
နောက်တစ်ချက်ကတော့ အားနာစိတ်ဟု ပြောရမည်။ ကိုယ့်အဆင်မပြေမှုများကို ဖွင့်ပြောလိုက်လျှင် နားထောင်လက်ခံသူ ဝန်ပိသွားမှာစိုးသည့် အားနာစိတ်ကြောင့်လည်း ကိုယ့်ဝေဒနာကို ကိုယ်တိုင်ငြှိမ်းသတ် ကြသည်။ စိတ်ပြဿနာများကို ညည်းတွားခြင်းသည် စိတ်ပိုင်းဆိုင်ရာ အားနည်းခြင်းဖြစ်သည်ဟုဆိုကာ စိတ်ပြဿနာများနှင့် မျက်နှာချင်းဆိုင်ကာ မာန်တင်းနေလိုက်ကြသည်။
ကြုံလာသမျှ ဒုက္ခများကို ဟာသဖောက်ကာ နေထိုင်လိုက်ကြသည်။ မရယ်နိုင်တော့သည့်အခါ “ငါတို့အလှည့် ကျန်သေးတယ်” ဟု ဆိုပြီး အံကိုတင်းတင်းကြိတ်ကာ နေကြပြန်သည်။
စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ကုသမှုများကို ခံယူနေသူ အချို့တော့ ရှိပါသည်။ ဒီလူနည်းစုမှာ စိတ်ကျန်းမာရေးကို နားလည်ပြီး ကုသမှုကို လက်လှမ်းမီသော လူအချို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံက သူသူငါငါ အများစုသည် နေ့စဉ် စားဝတ်နေရေးနှင့် နယ်မြေမငြိမ်းချမ်းမှုများမှ အသက်ရှင်ကျန်ရေးကို အနိုင်နိုင်ရုန်းကန်နေရသူများ ဖြစ်သည့်အတွက် ကိုယ့်စိတ် အဆင်ပြေလား၊ မပြေလား စောင့်ကြည့်ရန်အတွက် အခွင့်အရေး မရှိပါ။ အဆင်မပြေမှုနှင့် စိတ်ဒဏ်ရာများ ကြုံလျှင် ကျော်လွန်နိုင်သည်များကို ကျော်လွှားပြီး မတတ်နိုင်သည့်အခါ ဒီအတိုင်း မျိုချထိုးသိပ်လိုက်ရတော့သည်။
အဆိုးဆုံးမှာ မိမိတွင် စိတ်ရောဂါ ဖြစ်နေသည်ဆိုလျှင်တောင် ဒါသည် စိတ်ရောဂါဖြစ်သည်ဆိုကြောင်း မသိနိုင်သူများ ရှိနေခြင်းဖြစ်သည်။
မိမိကိုယ်မိမိ မထိန်းချုပ်နိုင်တော့ဘဲ အရပ်ကူပါ လူဝိုင်းပါထိ ဆိုးရွားလာအောင် ရူးသွပ်သွားကာမှ စိတ်ဝေဒနာသည်ဖြစ်ပြီး စိတ်ကျန်းမာရေးအတွက် စောင့်ရှောက်မှုခံယူသင့်သူအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။ ထိုအခါ အရပ်အခေါ် “အရူးထောင်” ဟု ခေါ်သည့် စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်လိုက်ခြင်းသည်သာ စိတ်ကျန်းမာရေးအတွက် အမြင့်ဆုံး စောင့်ရှောက်မှု ပေးလိုက်ခြင်း ဖြစ်သည်။
“အာဏာသိမ်းပြီးကတည်းက နိုင်ငံခြားသား သူငယ်ချင်းတွေကို တောက်လျောက်မေးမိတဲ့ မေးခွန်း ရှိတယ်။ ကိုယ်ထိန်းချုပ်လို့မရတာတွေက ကိုယ့်ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ သက်ရောက် လာတဲ့အခါ စိတ်ကို ဘယ်လို ထိန်းချုပ်သလဲ ပေါ့” “သူတို့ ကိုယ်စီဖြေတာတွေကို ကြည့်ပြီး အံ့ဩတယ်။ ကိုယ့်အပေါ်တိုက်ရိုက်မသက်ရောက်တဲ့ဟာတွေကို ခေါင်းထဲ မထည့်နဲ့။ ပျော်အောင်နေဖို့ ကြိုးစား။ အနိဌာရုံတွေကို မျက်ခြေဖြတ်ပေါ့။ သူတို့ ဖြေထားတွေကို ကျွန်မ အနေနဲ့ လက်ခံလို့ မရဘူး။ စိတ်နှလုံးချုံးချုံးကျနေလည်း ဒဏ်ရာတွေကို မျက်ခြေမပြတ်စေနဲ့ ဆိုတာ ကျွန်မ နားလည်ထားတဲ့ ကျမ မူဘဲ” ဟု နိုင်ငံခြားတွင် ပညာသင်ကြားနေသည့် မဂျိတ်က သူ၏ ခံစားမှုကို ပြောသည်။
ဆိုးရွားမှုမှန်သမျှကို နေ့စဉ်ဘဝ၏ တစ်စိတ်တစ်ပိုင်း အဖြစ် ရှုမှတ်ပြီး နေထိုင်လိုက်ခြင်းသည် စိတ်ကျန်းမာ ရေးအတွက် မှန်ကန်သော လမ်းကြောင်း မဟုတ်သော်လည်း မြန်မာ့လူ့အဖွဲ့အစည်းအတွက်ကတော့ ဒူပေနာပေ ရှိခြင်းက လွဲ၍ ရွေးချယ်စရာ မရှိပေ။
တစ်နေ့ချင်း တစ်ခုပြီးတစ်ခု တရွေ့ရွေ့ ဆုံးရှုံးနေရခြင်းနှင့် တစ်ခဏချင်းတွင်း အရာအားလုံး ဆုံးရှုံးသွားခြင်း ဆိုသည့် လမ်းနှစ်ခုသာ ရှိသည်မို့ ဒူပေနာပေ စိတ်သာ မရှိလျှင် ရှင်သန်မှုမှာ စိစိညက်ညက် ကြေသွားနိုင်သည်။
သွက်သွက်ခါအောင် ရူးမသွားစေရေး နှင့် မိမိအသက်ကြိုးကို ဖြတ်မချမိဖို့အရေးတွင် ဒူပေနာပေ သည်သာ အကောင်းဆုံး ကုထုံးဖြစ်လာသည်။ ဒူပေနာပေ သည် မြန်မာလူထုအတွက် healthy mind စံနှုန်း တစ်ခု ဖြစ်လာသည်။ အထပ်ထပ် စုပုံလာသော စိတ်သောကများကို ဒူပေနာပေ ဖနောင့်ဖြင့် ကြိတ်ခြေနေ ခြင်းသည် စိတ်ကျန်းမာရေး လေ့ကျင့်ခန်း ဖြစ်လာသည်။
“Resilience (ခံနိုင်ရည်ရှိမှု) ဆိုတဲ့ စာလုံး မြင်ရင်ကို မြန်မာပြည်သူတွေအတွက်က child play(ကလေးက စားစရာ) အဆင့်ပဲလို့ အလိုလို ပြောထွက်မိတာ” မဂျိတ်ပြောသည့်စကားသည် လက်ရှိ မြန်မာ့လူ့အဖွဲ့အစည်း ၏ စိတ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုကို အနီးကပ်ဆုံး ဖော်ပြနိုင်မှု ဖြစ်ပါသည်။ မြန်မာလူထုသည် Resilience ကို ကျော်လွန်သွားပြီးသူများ ဖြစ်နေကြသည်။
ဘဲတစ်ကောင် ရေကူးနေခြင်း နှင့် “အဆင်ပြေလား” ဆိုသည့် မေးခွန်းကို “ဒီလိုပါပဲ” ဟု ဖြေဆိုလိုက်သော မြန်မာနိုင်ငံသားတစ်ဦးသည် ရုန်းကန်မှုခြင်း အတူတူပဲဟု ဆိုလျှင် ထူးဆန်းမည် မဟုတ်တော့ပေ။