By Garcia Ni / MPA (ဆောင်းပါး)
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မြောက်ပိုင်းဇုန်၊ ဖေဖော်ဝါရီ ကိုးရက်၊ နံနက် ကိုးနာရီအချိန်ခန့်၊ ပျားအုံရှိရာသို့ လူးလားပျံသန်းနေသည့် ပျားလုပ်သားများသဖွယ် တက်ကြွနေသောလူများသည် ဖုံတလုံးလုံးကြားမှ တစ်နေရာသို့ဦးတည်သွားလာနေကြသည်။
လမ်းတလျှောက် ဆိုင်ကယ်ဟွန်းသံများ၊ ကားဟွန်းသံများဖြင့် ဆူညံနေသည်။ အချို့မှာ နွားလှည်းများကို မောင်းလျက်၊ အချို့မှာ မြူးကြွသောခြေလှမ်းများဖြင့် ခြေလျင်လမ်းလျှောက်လျက် သွားနေကြသည်။ ၎င်းတို့ လူတစ်ဦးချင်းစီ၏ မျက်နှာများတွင်မူ မောပန်းနေသည့်အရိပ်အယောင်များကို မတွေ့ရဘဲ ပျော်ရွှင်နေသည့်သဏ္ဍာန်များမှာ အတိုင်းသားပေါ်လွင်နေသည်။
အဆိုပါလူများ ဦးတည်သွားလာနေသောနေရာမှာ ဒေသအခေါ်ပေါက်ပင်ကွင်းဟုခေါ်သည့် ရှည်လျားကျယ်ပြောလှသော ယာခင်းပြင်ကြီးဆီသို့ဖြစ်သည်။ မြေပဲသိမ်းပြီးချိန် ပဲစင်းငုံသိမ်းပြီးချိန်ဖြစ်၍ အညာဒေသယာခင်းပြင်ကြီးများမှာ ရှင်းလင်းလျက်ရှိသည်။ ပေါက်ပင်ကွင်းသို့ လူများတက်ကြွစွာသွားလာနေကြသည်မှာ ယင်းကွင်းပြင်ကြီးတွင် အညာဓလေ့ မြင်းဒုန်းစိုင်း၊ နွားဒုန်းစိုင်းပြိုင်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်သောကြောင့် ဖြစ်သည်။
ပေါက်ပင်ကွင်းပတ်ပတ်လည် လမ်းမပေါ်တွင်လည်းကောင်း၊ ထန်းပင်စုစုများ၏အောက်တွင်လည်းကောင်း၊ ထနှောင်းပင်အရိပ်အောက်တွင်လည်းကောင်း စျေးဆိုင်ကလေးများသည်လည်း အသင့်ရောက်ရှိနေကြသည်။
ချဥ်ပေါင်းသည်၊ အကင်သည်၊ ပြောင်းဖူးပြုတ်သည်၊ ရေခဲချောင်းရောင်းသည့် ဆိုင်ကယ်စျေးသည်၊ အရက်ဘီယာနှင့် ဆေးလိပ်ကွမ်းယာရောင်းသည့် စျေးသည်များသည်လည်း ယာယီခုံတန်းများချ၍ ရောင်းနေကြသည်မှာ တကယ့်ဇာတ်ပွဲခင်းတစ်ခုသဖွယ် ဖြစ်နေပါသည်။
အဆိုပါပြိုင်ပွဲကို အလှူရှင်တစ်ဦးမှ ရှင်ပြုနားသအလှူတော်မင်္ဂလာအောင်ပွဲအဖြစ် ဆုကြေးငွေမတည်ကာ ကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီအာဏာမသိမ်းမီက နှစ်စဥ်ကျေးရွာဘုရားပွဲများ၊ အလှူပွဲများတွင် အညာဓလေ့မြင်ဒုန်းနွားဒုန်းပြိုင်ပွဲများကို ကျင်းပနိုင်ခဲ့ကြပြီး ကျေးရွာအလိုက်စိန်ခေါ်ပြိုင်ပွဲများလည်းရှိခဲ့သည်။ ယင်းအပြင် ဒုန်းပြိုင်ပွဲများသာမက အသားကျပြိုင်ပွဲများလည်း ကျင်းပခဲ့ကြကြောင်း သိရသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်တွင်မူ အညာဓလေ့နွားပြိုင်ပွဲမြင်းပြိုင်ပွဲများကို ပုံမှန်ကျင်းပပြုလုပ်နိုင်ခြင်းမရှိတော့ဘဲ ယခုကျင်းပပြုလုပ်သော အညာဓလေ့ဒုန်းပြိုင်ပွဲသည်ပင် အာသာပြေအဖြစ်သာကျင်းပနိုင်ခဲ့ပြီး စည်းစနစ်ကြီးသည့် အသားကျပြိုင်ပွဲကိုမူ ကျင်းပနိုင်ခြင်းမရှိပေ။
မြင်းဒုန်းပြိုင်ပွဲသည် တာထွက်မှတာဝင်သည်အထိ မြင်းကိုဒုန်းစိုင်းမောင်းနှင်၍ တာကြိုးအား ပထမဖြတ်နိုင်သည့် မြင်းကအနိုင်ရလေသည်။ နွားဒုန်းပြိုင်ပွဲမှာလည်း အမြန်လှည်းတွင် နွားနှစ်ကောင်က၍ တာထွက်မှတာဝင် အမြန်ဒုန်းစိုင်းမောင်းနှင်ရခြင်းပင်ဖြစ်ပါသည်။ သို့သော် နွားဒုန်းပြိုင်ပွဲတွင် ရှုံးသည့်ဘက်မှ နွားတစ်ကောင်လဲလှယ်၍ ပြန်လည်စိန်ခေါ် ယှဥ်ပြိုင်ခွင့်ရှိသော်လည်း နိုင်သည့်ဘက်ကမူ နွားလဲလှယ်ခြင်းပြုလုပ်ခွင့်မရှိကြောင်းသိရသည်။
မြင်းအသားကျပြိုင်ပွဲဆိုသည်မှာ မြင်းများသည် ခြေလေးဘက်တလှမ်းစီ အကျညီညီဖြင့် အမြန်လျှောက်ကြရပြီး ခြေစုံပစ်၍ ခုန်ပေါက်သွား၍မရပါ။ မြင်းပြေးလမ်းနှစ်ဘက်၏ အလယ်တွင် ဒိုင်လူကြီး ခုနှစ်ဦးခန့်မှ စည်းများတား၍ တစ်စည်းလျှင် တစ်ဦးကျ မြင်းခြေကျမှားမမှားကို စောင့်ကြည့်ကြရသည်။ ခြေလှမ်းမှန်မှန်ဖြင့် ဦးစွာပန်းဝင်သည့်မြင်းက အနိုင်ရခြင်းဖြစ်သည်။
” တာထွက်အတောင်နှစ်ဆယ်လောက်မှာ စပြီးတော့ စည်းတားထားတယ်။ မြင်းဆိုတာက တာထွက်မှာခုန်ပေါက်ပြီးလည်း ထွက်တတ်တယ်လေ။ အတောင်နှစ်ဆယ်အတွင်းမှာတော့ ခြေကျမှားလည်းဘာမှမဖြစ်ဘူး။ စည်းအတွင်းဝင်တာနဲ့ မှားလို့မရဘူး “ ဟု မြင်းဝါသနာရှင်တစ်ဦးကရှင်းပြသည်။
နွားအသားကျပြိုင်ပွဲတွင်မူ အလှည့်နွား(ညာဘက်)သည် ခြေကျညီညီအသားကျပြေးရပြီး အတိုင်နွား(ဘယ်ဘက်)မှာ မည်သည့်ပုံစံဖြင့်မဆို အမြန်ပြေး၍ရပြီး ထည့်မတွက်ကြောင်း သိရသည်။ အသားကျပြိုင်ပွဲများသည် ခြေကျမှန်မှန်ဖြင့်ပန်းဝင်ရသည်။ မြင်းနှင့်နွားများခြေကျမှားပါက အလယ်စည်းကြပ်ဒိုင်များက အလံကိုချိုးထားလိုက်ပြီး ဦးစွာမှားယွင်းသူကရှုံးလေသည်။ တာလမ်းတလျှောက်ခြေကျမှန်မှန်ဖြင့်သွားပါက ဦးစွာပန်းဝင်သူက အနိုင်ရရှိလေသည်။
ဆောင်းနှောင်းအညာနေသည် ထန်းပင်ကြီးများ၏ထိပ်ဖျားမှတဆင့် တရွေ့ရွေ့မြင့်တက်လာသည်။ အပူလှိုင်းတံလျပ်တငွေ့ငွေ့ကြားမှ အညာသူ၊ အညာသား လူကြီးလူငယ်အစုံသည် ဦးထုပ်များ၊ ဝါးခမောက်များ၊ ဖျင်ထည်များကိုခေါင်းတွင်ဆောင်းလျက် ကွင်းပြင်ကြီးဆီသို့ ဟိုမှသည်မှတဖွဲဖွဲစုရုံး ရောက်ရှိလာကြသည်။
ကလေးများမှာလည်း သူ့အဖွဲ့ကိုယ့်အဖွဲ့ ရေခဲချောင်းများ၊ အကင်များကိုစားလျက် ကွင်းပြင်အနှံ့လှည့်ပတ်သွားလာနေကြသည်။ လူကြီးများမှာ အရိပ်ရသည့်သစ်ပင်များအောက်တွင် ဟိုတစ်စုဒီတစ်စုစကားဖောင်ဖွဲ့လျက် ပြိုင်ပွဲစတင်မည်ကိုစောင့်ဆိုင်းနေကြသည်။ ကွင်းပြင်ပတ်ပတ်လည်အနှံ့ ဆိုင်ကယ်များ၊ ကားများထိုးရပ်ထားကြပြီး ပရိတ်သတ်ပေါင်းမှာ ထောင်ချီ၍ရောက်ရှိနေပြီဖြစ်သည်။ သို့သော် နေအတော်မြင့်လာသည်အထိ ပြိုင်ပွဲမှာမစတင်သေးပေ၊ မြင်းပြိုင်ပွဲ ကြေးဖွင့်နေကြသောကြောင့်ဖြစ်သည်။
မြင်းပွဲသည် ဦးစွာကျင်းပမည်ဟုသိရပြီး ပြိုင်မြင်းများ၏ဘေးတွင် လူများဝိုင်းအုံကြည့်ရှုနေကြသည်။ ထို့နောက် မြင်းပွဲလောင်းရန်အတွက် ကြေးဖွင့်သူကဖွင့်ကြသည်။ ပြိုင်ပွဲဝင်မြင်းများမှာ ရွာနီးချုပ်စပ်ကျေးရွာများက မြင်းများဖြစ်၍ ယခင်ပြိုင်ပွဲများတွင် အပြေးနှုန်းကြည့်ရှုဖူးသူများ၊ မြင်းအကြောင်းနားလည်သူများက ကြေးဖွင့်၍လောင်းကြခြင်းဖြစ်သည်။
မိမိစိတ်ကြိုက်မြင်းဘက်မှနေ၍ ဆယ်ဆခုနစ်ဆ(စိတ်ကြိုက်မြင်းဘက်မှ တစ်သိန်းဆိုပါက အခြားမြင်းဘက်မှခုနစ်သောင်းတင်၍လောင်းခြင်း)ပေးသူကပေးကြသည်။ အပြင်ကြေးဖွင့်လောင်းကြသည်ပင် သိန်းဆယ်ကြီးချီ၍ ရှိလေသည်။
မြင်းများကိုပြေးလမ်းကြောင်း(လမ်းတွင်အစမ်းမောင်း)ချိန်တွင်မူ ဟိုမှသည်မှအရိပ်များအောက်တွင် စုပြုံနားနေကြသောလူများသည် မြင်းပြိုင်ကွင်းပတ်ပတ်လည်သို့ စုပြုံရောက်ရှိလာကြသည်။ ပန်းဝင်တာကြိုးများတားပြီးချိန်၌ မြင်းများကိုတာထွက်ရန်အတွက် ဆိုင်ကြသည်။
လူအုပ်ကြီးကြောင့် မြင်းများတာထွက်ရန်အတွက် ဆိုင်ကြရသည်မှာခက်ခဲပါသည်။ မြင်းပေါ်တွင် ဂျော်ကီ(မြင်းမောင်းသူ)ကထိုင်၍ မြင်းထိန်းများက တာထွက်မျဥ်းပေါ်တွင် မြင်းနှစ်ကောင်ညီနေရန်ထိန်းကြရသည်။ မြင်းနှစ်ကောင်တာထွက်ညီပြီဆိုမှ ဒိုင်လူကြီးကတာလွှတ်ပါသည်။
တာထွက်မြင်းများ စတင်ဒုန်းစိုင်းပြေးသည်မှစ၍ ပရိတ်သတ်များက ညာသံပေး၍အားပေးကြသည်မှာ တစ်ကွင်းလုံးဟိန်းညံထွက်လာသည်။ မြင်းများပြေးနေစဥ် အရှေ့မှပြေးနေသည်ဟုထင်ရသော မြင်းသည်လည်းပန်းအဝင်နောက်ကျကာ ရှုံးသည်ကိုလည်းတွေ့ရသည်။
” အဓိက တာကြိုးကိုအရင်ဖြတ်တဲ့မြင်းက အနိုင်ပဲ၊ တချို့မြင်းက ရင်နဲ့ဖြတ်ပြီး တချို့မြင်းကခေါင်းနဲ့ဖြတ်တယ်။ ဘယ်လိုဖြတ်ဖြတ် အရင်ဖြတ်တဲ့မြင်းကအနိုင်ပဲ။ ဂျော်ကီကလည်း စကားပြောတယ်။ ဂျော်ကီပါးနပ်ရင်နပ်သလိုပေါ့။ အဲ့ဒီ ပန်းဝင်တဲ့နေရာမှာဘဲ အငြင်းအခုန်တွေဖြစ်ပြီး ဓားထိုးမှုတွေ၊လူရိုက်ပွဲတွေလည်းဖြစ်တတ်တာ “ ဟု မြင်းဝါသနာရှင်တစ်ဦးက ရယ်မောစွာပြောပြသည်။
နွားဒုန်းပြိုင်ပွဲတွင်မူ မြင်းဒုန်းပြိုင်ပွဲကဲ့သို့ တာဆိုင်သည်မှာ မခက်ခဲပါ။ သို့သော် မြင်းဒုန်းပြိုင်ပွဲကဲ့သို့ပင် နွားအမြန်လှည်းမောင်းသည့် ဂျော်ကီ၏ပါးနပ်မှုလည်း ပြိုင်ပွဲအနိုင်အရှုံးတွင် အက္ခရာ(အဓိက)ကျကြောင်း သိရသည်။ ထို့နောက် နွားဒုန်းပြိုင်ပွဲသည် အခန့်မသင့်ပါက လှည်းဘီးများကျွတ်၍ ပရိတ်သတ်ကိုလာမှန်နိုင်ပြီး နွားများဖောက်ပါကလည်း ပရိတ်သတ်ကိုဝင်ရောက်တိုးတိုက်နိုင်၍ ပိုမိုအန္တရာယ်များကြောင်း သိရသည်။ သို့သော် ယင်းအန္တရာယ်များကို ပရိတ်သတ်များမှာ ထည့်တွက်နေသည့်အရိပ်အယောင်ပင်မရှိပေ။
ပြိုင်ပွဲပြီးသည့်နောက် ကျေးရွာအသီးသီးသို့ပြန်ရောက်သောအခါ စကားဝိုင်းများတွင် ပြိုင်ပွဲတွင်ယှဥ်ပြိုင်ခဲ့သည့် နွားများအကြောင်း၊ မြင်းများအကြောင်းနှင့် ဂျော်ကီများ၏အကြောင်းမှာ စကားဝိုင်းများကိုရက်အတန်ကြာဦးဆောင်ထားတော့မည်လည်းဖြစ်သည်။