By Maung Dagon / MPA
ရန်ကုန်မြို့လယ်ရှိ သမ္မတရုပ်ရှင်ရုံ အနီးတစ်ဝိုက်သည် ရုပ်ရှင်အထူးပွဲ ပြသမည့် ရက်များတွင် ညနက်သည်ထိ စည်ကားနေလေ့ရှိသည်။
ပွဲတက်လာ အနုပညာရှင်များ၊ ဆယ်လီများ၊ မီဒီယာ သတင်းသမားများဖြင့် လူစုံ တက်စုံ ရှိတတ်သည်။ ထို နေရာ၌ အပွားလေးတို့ ကလေးတစ်သိုက် ကျင်လည်ကျက်စားသည်။
အပွားလေးက ပြီးခဲ့သည့် နှစ်များ၌ အွန်လိုင်း ဖျော်ဖြေရေး မီဒီယာများအကြား ဟိုးလေးတစ်ကြော် ဖြစ်သွားခဲ့ဖူးသည့် ကလေးတစ်ဦး ဖြစ်သည်။
အသားညိုစိမ့်စိမ့် မျက်နှာဝိုင်းဝိုင်းနှင့် ပါးကွက်လေးများ ကွက်ကာ ချစ်စဖွယ်ကောင်းသည့် ကလေးငယ်လေး ဖြစ်သည်။
ရန်ကုန်ဘူတာကြီး အနီး ပလုံကောက်နေရာမှ အွန်လိုင်း ဖျော်ဖြေရေးမီဒီယာများထက်၌ အပွားလေး၏ ချစ်စဖွယ် ရုပ်ရည်နှင့် မိခင်ဖြစ်သူပြောသည့် သနားစဖွယ် ဇာတ်ကြောင်းများကြောင့် လူသိများလာခဲ့သည်။
အပွားလေး ထံ လှူကြကူကြသူများ ပေါ်လာသည်။
ထိုထဲတွင် နာမည်ကြီး လူသိများသူများလည်း ပါဝင်သည်။
ကူကြလှူကြသူများကြောင့် အပွားလေး မိခင်က သူတို့၏ အကြွေးများ ကြေပြီဟု ဖျော်ဖြေရေး မီဒီယာများက တစ်ဆင့် ပြောပြတတ်သည်။
မျက်ရည်အဝိုင်းသားဖြင့် ပြောဆိုမှုက အွန်လိုင်းပေါ်၌ လူကြည့်များမှုကို ရစေသည်။ လူကြည့်များသဖြင့် မီဒီယာများက အာရုံစိုက်သည်။ ကြော်ငြာရှင်များက စိတ်ဝင်စားသည်။ နာမည်ကြီး ရွှေဆိုင်တစ်ခုကပင် အပွားလေးအား ကြော်ငြာ ရိုက်ကူးခဲ့သေးသည်။
သို့ဖြင့် အပွားလေး ကျောင်းတက်နေပြီ ပလုံမကောက်တော့၊ ရုပ်ရှင်မင်းသား ဖြစ်ချင်နေသည်၊ မိဘများ အကြွေးကျေပြီ စသဖြင့် ခေါင်းစဥ်တပ်ပြီး ဖျော်ဖြေရေး မီဒီယာများက အပွားလေး အကြောင်း လ အတန်ကြာဖော်ပြကြသည်။
အချိန် တစ်ခုအကြာ အွန်လိုင်း ရေစီးကြောင်း ခပ်ကြမ်းကြမ်းထဲ အပွားလေးလည်း မျောပါခဲ့ရသည်ပင်။ အခြားသော အကြောင်းအရာများက အစားထိုးဝင်ရောက်သည်။
သုံးနှစ်ဝန်းကျင် ရှိပြီ ဖြစ်သဖြင့် အပွားလေး အသက် ဆယ်နှစ်အရွယ်သို့ပင် ရောက်လာခဲ့ပြီ ဖြစ်သည်။ ထိုနေ့ည က သမ္မတရုပ်ရှင်ရုံ၌ ရုပ်ရှင် အထူးပွဲပြသရန် ရှိနေသည်။ အနုပညာရှင်များက တဖွဲဖွဲ ရောက်လာနေသည်။
ရုပ်ရှင်ရုံဘေး မြေကွက်လပ် ကားပါကင်အနီး၌ အပွားလေးတို့ ကလေးတစ်သိုက် ရှိနေပြီးလာသမျှ အနုပညာရှင်များ နောက်သို့ ပြေးလိုက်ကြသည်။ ထို့နောက် မုန့်ဖိုးပေးပါ၊ မုန့်ဝယ်ကြွေးပါ အလုအယက် တောင်းဆိုကြသည်။
အများစုက ဂရုမပြုဘဲ ကျော်သွားတတ်ကြသော်လည်း အနည်းစုသည် ဂရုဏာသက်ကာ မုန့်ဖိုးပဲဖိုး ပေးလိုက်တတ်ကြသည်။
“ အကြွေးတွေ ရှိလို့” ဟူသည်က အပွားလေးတို့ ကလေးတစ်စုကို မေးပါက တစ်ယောက်ချင်းစီတိုင်းက ပြန်ဖြေကြမည့် အဖြေ ဖြစ်သည်။
ရုပ်ရှင်အထူးပွဲများက တစ်ခါတစ်ရံ ည ၁၁နာရီကျော်အထိ အင်တာဗျူး မေးကြဖြေကြဖြင့် မပြီးဆုံးတတ်သေး။ ပွဲတက်လာသူများက ၄င်းတို့၌ ကိုယ်ပိုင် သွားလာရေး အစီအစဥ်များ ရှိပြီးဖြစ်သည်။
အပွားလေး တို့လည်း ထိုအတိုင်းပင် ဖြစ်သည်။
ရုပ်ရှင်အထူးပွဲ၌ အနုပညာရှင်များ၊ မီဒီယာများက သူတို့ အလုပ်သူတို့ လုပ်နေသလို အပွားလေးတို့ကလည်း သူတို့ အလုပ် သူတို့ လုပ်နေကြသလိုပင်။
“ လာကြိုမှာ လာကြိုမှ ပြန်လို့ရမှာ” ဆိုသည်က အပွားလေးတို့၏ အလုပ်သိမ်းချိန်အတွက် စကား ဖြစ်သည်။ အပွားလေးတို့ ကလေးတစ်စုက ခုနှစ်ယောက်ဝန်းကျင် ပုံမှန် ရှိတတ်သည်။
“ အားလုံးက သန့်သန့်ပြန့်ပြန်လေးတွေ၊ အပွားလေးလို ချစ်စရာလေးတွေချည့်ပဲ” ဟု အပွားလေးတို့ ကလေးတစ်စုကို မြင်တွေ့နေကျ ဖျော်ဖြေရေး သတင်းထောက်တစ်ဦးက ပြောပြသည်။
အပွားလေးက ကျောင်းမတက်တော့ကြောင်း သူ့အား မေးလာသူတစ်ချို့ကို ပြောပြတတ်သည်။ ပလုံတော့ ကောက်နေဆဲဟု ရန်ကုန်မြို့ထဲ နေသူများက ဆိုကြသည်။
“ လမ်း ၃၀ တစ်ဝိုက်မှာလည်း အမှိုက်လာလာကောက်တယ် ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောပြသည်။
အပွားလေးသည် ဆယ်နှစ်အရွယ်သာ ရှိသေးသည်။ ယခုအရွယ်မတိုင်မီကပင် မိခင်က ပလုံကောက်ခိုင်းခဲ့သည်။ လူသိများခဲ့ချိန်တွင် ကြော်ငြာခများ အလှူငွေများဖြင့် သူမ၏ အကြွေးများကို ဖြေရှင်းခဲ့သည်။ အပွားလေးအား ကျောင်းထားပေးခဲ့သည်။
အလှူငွေများ ကြော်ငြာခများ မရတော့ချိန်၊ လူအများ မေ့လျောသွားချိန်တွင် အပွားလေး ယခင်က အတိုင်း ပလုံကောက်သည်၊ ယခုအခါ လိုက်လံတောင်းရမ်းသည်။
အပွားလေး တောင်းရမ်းနေသည်ကို မြင်တွေ့နေသူများက ဂရုဏာသက်ကြသော်လည်း တောင်ရမ်းသည်ကို ပေးရန်ကိုမူ စဥ်းစားခြင့်ချိန် နေကြရသည်။ အပွားလေးတို့ ကလေးတစ်စုလုံးအား နောက်ကွယ်က ခိုင်းစေနေသူများ ရှိသည်ဟု ယူဆကြ၍ ဖြစ်သည်။
“ ကလေးတွေက နောက်ကျလည်း ကိစ္စမရှိဘူး၊ လာကြိုမှာလို့ ပြောကြတယ်။ တစ်ခါတစ်လေ ဆယ့်တစ်နာရီလောက်ထိ သူတို့ ရှိတတ်တယ် ” ဟု သမ္မတရုပ်ရှင်ရုံ ရုပ်ရှင် အထူးပွဲတစ်ခုသို့ သွားရောက်ကြည့်ရှုခဲ့သူ တစ်ဦးက ပြောပြသည်။
အပွားလေးတို့ အပါအဝင် မွေးကင်းစမှ ဆယ်နှစ်ဝန်းကျင် ကလေးငယ်များ ပုံစံမျိုးစုံဖြင့် တောင်းရမ်းနေရသည်ကို ရန်ကုန် လမ်းမများပေါ်၌ တွေ့နိုင်သည်။
မီးပွိုင့်၌ ရပ်ထားသည့် ကားများအား အဝတ်စုတ်နှင့် ဆပ်ပြာဗူးများကိုင်ကာ အတင်းအကျပ် ဝင်သုတ်ကြသည့် ကလေးငယ်များလည်း ရှိသည်။
အဆိုပါ ကလေးငယ်များသည် ကားမှန်များအား သန့်ရှင်းရေးလုပ်ပေးမည်ဟု ချဥ်းကပ်ကြပြီး ယာဥ်ပိုင်ရှင်များက ငြင်းဆိုသော်လည်း ငွေကြေးတောင်းရမ်းကာ ရှေ့ဆက်တိုးကြသည်။
၄င်းတို့နှင့် တွေ့ဆုံရမည်ကို ရန်ကုန်မြို့မှ ယာဥ်မောင်းများက စိုးရိမ်တတ်ကြသည်ဟု သိရသည်။
“ အတင်းပဲ ပိုက်ဆံမပေးရင် ကားကို ခြစ်သွားတတ်ကြတယ်။ အဲ့ဒီတော့ တစ်ရာနှစ်ရာ ထုတ်ပေးလိုက်ရတာပါပဲ” ဟု တောင်ဥက္ကလာပမြို့နယ်နေ ကုမ္ပဏီ ယာဥ်မောင်း တစ်ဦးက ၄င်း၏ အတွေ့အကြုံကို ပြောပြသည်။
အချို့သော ကလေးငယ်များမှာ စပါးတွဲ၊ စံပယ်ပန်း စသည်ဖြင့် လက်တွင်ကိုင်ကာ လူစည်ကားရာ လမ်းဆုံ၊ လမ်းခွများ၌ လိုက်လံ ရောင်းချတတ်ကြသည်။
ထိုထဲတွင် စပါးတွဲ၊ စံပယ်ပန်း ရောင်း၍ ကုန်သွားခြင်းထက် တစ်နေ့တာ ရှာပေးရမည့် ငွေပမာဏ ပြည့်ဖိုကသာ အရေးကြီးသည့် ကလေးငယ်များလည်း ပါဝင်သည်။
MPA မေးမြန်းဖြစ်ခဲ့သည့် ကလေးတစ်ဦးသည် ရန်ကင်းမြို့နယ် ဦးချစ်မောင်လမ်း အနီး၌ စပါးတွဲရောင်းချသည်။
နေပူပူ မိုးရွာရွာ ကလေးငယ်သည် လမ်းမတစ်လျှောက် သွားလာကာ ရောင်းချရသည်။
ဂရုဏာသက်သူများက ကလေးငယ်လက်၌ကိုင်ထားသည့် စပါးတွဲများ အကုန်အစင် ဝယ်ယူသွားခြင်းများ ရှိသည့်အခါ စပါးတွဲ အသစ်များ ပြန်၍ ကိုင်ရောင်းရပြန်သည်။
“ တစ်ရက် တစ်သောင်းခွဲ ပြည့်မှ နားရတယ်။ မုန့်ဝယ်ကျွေးရင် စားလို့ရတယ်။ မုန့်ဖိုးဆို ပြန်ပေးရတယ်” ဟု အဆိုပါ ကလေးငယ်က ပြောပြသည်။
နေ့လည်ခင်း အချိန်များတွင် ကလေးငယ်အား ထမင်းလာရောက်ကျွေးသူများ ရှိသည်။ ရန်ကင်းစင်တာ အနီးတစ်ဝိုက်၌ အဆိုပါ ကလေးငယ်ကဲ့သို့ ကလေးငယ်အများအပြားကို တွေ့မြင်နိုင်သည်။
လမ်းဘေးအရိပ်ထဲ၌ ကလေးငယ်များ ရရှိသည့် ငွေများကို သိမ်းရန် အေးအေးလူလူ စောင့်နေသည့် လူကြီးများလည်း ရှိတတ်သည်။
အာသောက ကုန်းတံတားအနီး၊ ပုဇွန်တောင်စျေး၊ သုဝဏ္ဏလမ်းဆုံ၊ အသင်းတိုက်လမ်းဆုံ၊ စံပြစျေး စသည့် နေရာများ၌မူ မွေးကင်းစ ကလေးငယ်များကို အသုံးချ၍ တောင်းရမ်းတတ်ကြသည်။
လသားအရွယ် ကလေးငယ်များသည် တောင်းရမ်းသူများ လွယ်ထားသည့် အနှီးပိုက်ထဲ၌ အမြဲလို အိပ်မောကျလျှက် တွေ့ရှိရတတ်သည်။
“ ကလေးတွေက ဆေးတိုက်ထားတော့ တစ်ချိန်လုံး အိပ်နေကြရော၊ သူတို့ကိုကြည့်လိုက် ဘယ်သူ့ကလေးကမှ နိုးနေတာ မတွေ့ဖူးဘူး” ဟု စံပြစျေးအနီး နေထိုင်သူ တစ်ဦးက ပြောပြသည်။
အချို့ကလေးငယ်များမှ လက်ထဲ၌ မိသားစု ဘဝ ဒုက္ခအကြောင်း ရေးထားသည့် စာရွက်များ ကိုင်ကာ YBS များပေါ်တက်၍ ဝေပြီး တောင်းရမ်းကြသည်။
ထိုသို့ တောင်းရမ်းသည့်ထဲမှ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးက တစ်ရက်လျှင် တစ်သောင်းကျပ် အနည်းဆုံး တောင်းရမ်းပေးရသည်ဟု MPA ကို ပြောပြသည်။
နံနက်ခင်း အစောပိုင်း ကစ၍ စာရွက်များကိုင်ကာ အလှည့်ကျသည့် ဘတ်စ်ကားဂိတ်များဆီသို့ သွားရသည်။ ဆယ်ကျော်သက် ကလေးကြီးများက တစ်နေ့တာအတွက် သွားရမည့် တောင်းရမ်း ခရီးစဥ်အား နံနက်ခင်းများ၌ နံနက်စာ ကျွေးရင်း လာရောက်ပြောပြကြသည်။
“ မနက်စာကျွေးတယ်။ လမ်းဘေးမှတ်တိုင်တွေမှာ အိပ်ရတယ်။ ဘယ်ဂိတ်ကို ဘယ်သူက သွားဆို အဲ့ဒီကို ကားစီးသွား၊ လမ်းမှာလည်း စာရွက်ဝေပြီး တောင်းသွားရတယ်” ဟု အဆိုပါ ကလေးငယ်က ပြောပြသည်။
မသန်စွမ်း ကလေးငယ်များကို ပြ၍ တောင်းရမ်းခိုင်းသည်များလည်း ရှိသည်။ အချို့မှာ ၄င်းတို့၏ သားရင်း သမီးရင်းအား ထိုသို့ တောင်းရမ်းခိုင်းခြင်းမျိုးပင် ရှိ၏။
“ လက်တိုနေတဲ့ ကလေးလေးကို သူ့အမေက တောင်းခိုင်းထားတာ တွေ့ခဲ့တယ်။ တက္ကသိုလ်ရိပ်သာလမ်းနားမှာ။ နေ့ခင်းတွေဆို အဲ့ဒီမိန်းမက ကလေးနဲ့အတူ ထမင်းစားတယ်” ဟု အသက် ၃၀ကျော်အရွယ် ရန်ကုန်မြို့ခံ တစ်ဦးက ပြောပြသည်။
ထိုသို့ ပုံစံမျိုးစုံဖြင့် တောင်းရမ်းနေကြရသည့် ကလေးငယ်များသည် သူတို့ ဘဝဖြစ်စဥ်၏ တစ်စိတ်တစ်ပိုင်းကိုသာ မကွယ်မဝှက်ပြောပြတတ်ကြသည်။
ငယ်ရွယ်လွန်းသည့် ကလေးငယ်များမှာမူ သင်ကြားထားသည့် အတိုင်း ဖြေကြသည်။
ချော့မော့ မေးမြန်းသည့် အခါ ကလေးငယ်များက အမှန်အတိုင်း ပြောပြသည်များ ရှိသော်လည်း ထိုအချိန်မျိုးတွင် ကလေးမိဘကဲ့သို့ လူများက ကလေးများအား လာရောက် ခေါ်သွားတတ်သည်ဟု ကြုံဖူးသူများ ပြောသည်။
“ ကလေးက ဘယ်သူ့ကို ပြန်ပေးရတယ် ပြောတယ်။ ဒါပေမဲ့ ကျတော်တို့ ပြောနေတာ မြင်လို့နေမယ် သိပ်မကြာဘူး အမျိုးသမီးတစ်ယောက်က ကလေးကို လာခေါ်သွားတယ်” ဟု တောင်ဒဂုံမြို့နယ်၌ နေထိုင်သည့် အသက် ၃၇နှစ်အရွယ် အမျိုးသားတစ်ဦးက ၄င်း၏ အတွေ့အကြုံကို ပြောပြသည်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်း တောင်းရမ်းသည့် ကလေးငယ်များ ပိုမိုများလာသည်ဟု ရန်ကုန်မြို့ခံများက ပြောနေကြသည်။
“ မကျွေးနိုင်ရင် မမွေးကြနဲ့ပေါ့၊ အလုပ်ကိုလက်ကြောတင်းအောင် မလုပ်ဘဲ ကလေးတွေကို တောင်းခိုင်ကြတာ အံ့သြပါတယ်ရှင်၊ ကလေးတွေမှာ စာလည်းမသင်ရ” ဟု သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်နေ မငယ်က သူ၏ အယူအဆအား ပြောပြခဲ့သည်။
နေ့စဥ် ဖြတ်သန်းနေသည့် သန်းနှင့်ချီသည့် လူအများအကြား ကလေးငယ်များ၏ အပြစ်ကင်းစင်မှုကို အသုံးချကာ အခိုင်းအစေအဖြစ် အသုံးချနေသူများကြောင့် ဖြစ်သည်ဟုလည်း အခိုင်အမာ ယူဆကြသည်။
သို့သော် အချို့သာဖြစ်ပြီး အမှန်တကယ်နွမ်းပါး၍ မိဘများအား မဖြစ်မနေ ကူညီလုပ်ကိုင်ပေးရန် လိုအပ်သည့် ကလေးငယ်များလည်း ရှိနေသည်ကို တွေ့ရသည်။
မည်သို့ပင်ဆိုစေကာမူ ကလေးငယ်များအား လိမ်ညာတောင်းရမ်းခိုင်းခြင်းသည် လူမဆန်သည့် လုပ်ရပ်အဖြစ် အများက ဆန့်ကျင်ဝေဖန်ကြသည်ကိုလည်း တွေ့ရပေသည်။