By Maung Dagon / MPA
အောင်အောင်ကို ကတုံး အဖြစ် မြင်တွေ့လိုက်ရသဖြင့် အသိမိတ်ဆွေ တချို့နှင့် မျက်မှန်းတန်းမိနေသူ တချို့တို့ အံ့အားသင့်သည့် ပုံစံ ဖြစ်သွားကြသည်။
ပခုံးထိ ရှည်သည့် ဖြောင့်ထားသော ရွှေအိုရောင် ဟိုက်လိုက်ဖောက်ထားသည့် ဆံပင်ရှည်ဖြင့် မဟုတ်တော့၊
မိတ်ကပ်မလူး မျက်နှာပြောင်ဖြင့် နှုတ်ခမ်းနီလည်း မဆိုးထား။ ကော်လံကတုံး အဖြူ၊ ယောပုဆိုး အမဲဖြင့် အောင်အောင်က ယောကျာ်းဆန်ဆန် ဖြစ်နေသည်။
အထူးအဆန်းသဖွယ် လိုက်ကြည့်နေသည့် မျက်လုံးများအတွက် ဖြေရှင်းချက် မပေးလိုသေး။
ခေါင်းကို ခပ်ငိုက်ငိုက် လုပ်လိုက်ပြီး လျှောက်နေသည့် ခြေလှမ်းများကို အရှိန်တင်ကာ ရပ်ကွက်ထိပ် လက်ဖက်ရည်ဆိုင်က လူအုပ်ကြီးကို ကျော်ဖြတ်သွားဖို့ရန်သာ ရှိသည်။
” ဟယ် အောင်လေး ကောင်လေးရှာမရတာနဲ့ ကတုံးတုံး ပစ်လိုက်တာလားဟေ့” ဟု အောင်အောင်၏ ဆိုင်သို့ လာနေကျ မိတ်ဆွေ အမျိုးသမီးက သူ့အား မြင်လိုက်သဖြင့် အံ့သြတကြီး လှမ်းအော် နှုတ်ဆက်သံကို ကြားလိုက်ရသည်။
အသံက လက်ဖက်ရည်ဆိုင်ထဲကလား၊ ဆိုင်ရှေ့နားက ဆိုက်ကားဂိတ်စီကလား။ အောင်အောင် မကြားချင်ယောင်ပင် ဆောင်လိုက်ကာ ဆက်လျှောက်လာလိုက်သည်။ နှုတ်ဆက်နေသူ အမျိုးသမီးထံမှလည်း ဆက်၍ ပြောနေသည့် အသံကို မကြားရတော့၊ အိမ်သို့သာ အောင်အောင် အမြန်ဆုံး ပြန်ရောက်လိုနေပြီး မည်သူကိုမျှ စကားပြောချင်စိတ် မရှိနိုင်သေး။
အိမ်ဆိုသော်လည်း ငှားဖွင့်ထားသည့် သူ၏ ဆိုင်ခန်းလေးသာဖြစ်သည်။ အောင်အောင် မျက်လုံးထဲ၌ ဆိုင်ရှိ မှန်တင်ခုံ အံဆွဲထဲက ဆံပင်တုကိုသာ မြင်ယောင်နေမိသည်။
လမ်းဘေး ရပ်ထားသည့် ကားတစ်စီးနား အရောက် ကားမှန်ထဲမှ သူ၏ ပုံရိပ်ကို မြင်လိုက်ရပြန်သည်။ ဤ ပုံရိပ်ကို အစစ်အမှန်ဟု အောင်အောင် မခံစားမိ၊ ဟန်ဆောင်ဖုံးကွယ်မှု တစ်ခုဟုသာ ထင်မိသည်။
သူကိုယ့်သူ ယောင်္ကျားတစ်ယောက် ပုံစံဖြင့် ပြန်မြင်နေရခြင်းက အတော်ကို စိတ်မသက်မသာ ဖြစ်နေရသည်။ လွန်ခဲ့သည့် သုံးရက်က အခြေအနေကို ပြန်တွေးကြည့်လိုက်တော့ ပို၍ စိတ်ထဲ မွန်းကျပ်သွားသည်။
မြင့်မြတ်သည့် ကျောင်းဆောင်တစ်ခုထဲ ရဟန်းတော်များ အကြား ဖန်ရည်စွန်း သင်္ကန်းဝတ်ထားမိခဲ့သည်။ သြဇာပြည့်ဝသည့် အသံနေ အသံထားဖြင့် ယောင်္ကျား စစ်စစ် ဟုတ်ပါ၏ လော ဟု မေးမြန်းသည့် အသံကိုလည်း ကြားယောင်နေမိသည်။
ယောကျာ်းစစ်စစ် ဖြစ်ကြောင်း ပြန်ဖြေခဲ့မိခြင်းကလည်း သူ့အား ခြောက်လှန့်နေဆဲ ဖြစ်သည်။ ဤ အပြစ်အတွက် သံသရာတစ်လျှောက် ကြီးလေးသည့် ဒဏ်ခတ်ခံရမှုကို ကြုံရတော့မည်ဟုလည်း ယုံကြည် စိုးရွံနေမိတော့သည်။
ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်ကိုးကွယ်သူ ဖြစ်သဖြင့် သံဃာတော်များကို လိမ်ညာမိခြင်း၏ အပြစ်ဒဏ်ကို သူ ကောင်းကောင်းကြီး နားလည်သည်။ ထို့ထက် သူ မဖြစ်ထိုက်သည်ဟု ယူဆသည့် မြင့်မြတ်သည့် ရဟန်းဘဝကို လိမ်ညာရယူမိခဲ့ခြင်းကို ပို၍ ကြောက်ရွံ့မိနေသည်။
မြတ်စွာဘုရား သာသနာနှင့် ကြုံကြိုက်စဥ် မြင့်မြတ်လှသည့် ဘုရားသားတော် ရဟန်းဘဝကို ခံယူရခြင်းသည် ဗုဒ္ဓဘာသာဝင်များအတွက် မဟာအခွင့်အရေးကြီး ဖြစ်သည်။ ရဟန်းဘဝသို့ ခံယူမည့်သူအား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့ခွင့်ရသည် ကလည်း ရှားမှရှားသည့် ရတောင့်ရခဲ အခြေအနေဖြစ်သည်ဟု ဗုဒ္ဓဘာသာဝင်များက မှတ်ယူကြသည်။
အောင်အောင် ၏ မိခင်ဖြစ်သူသည် ရဟန်း ဒါယိကာမ ဖြစ်ရခြင်း၏ ကုသိုလ်ထူးအတွက် အလွန်ပင် ဝမ်းမြောက်နေခဲ့ရှာသည်။ သို့သော် အောင်အောင်က ကိုယ့်ကိုယ်ကိုယ် ရဟန်းဝတ်ခွင့် ရှိသည့် မြင့်မြတ်မှုမျိုး မရှိနိုင်တော့ဟု ယုံကြည်နေမိသည်။
မိန်းကလေး တစ်ယောက်၏ စိတ်၊ ယောင်္ကျား တစ်ယောက်၏ ခန္ဓာကိုယ်ဖြင့် အောင်အောင်သည် မိန်းမလျာ အစစ်အမှန် တစ်ယောက်အဖြစ်သာ အမြဲနေထိုင်ခဲ့သူ ဖြစ်သည်။
အလှပြင်ဆိုင်လေး ဖွင့်ထားသည်။ အလှအပ ဖန်တီးရခြင်းကို ပျော်မွေ့သည်။ မိန်းမဆန်ဆန် နေထိုင်ရခြင်းကို နှစ်ခြိုက်သည်။ ခန္ဓာကိုယ်က ယောင်္ကျား တစ်ဦး သဖွယ် ဖြစ်နေသော်လည်း သူ၏ စိတ်သည် အမျိုးသမီး တစ်ဦးအတိုင်းပင်။
အမျိုးသားများဖြင့် ချစ်သူဖြစ်ရခြင်းကိုသာ သူလိုလားသည်။ အသက် သုံးဆယ်အရွယ်ရှိသည့် အောင်အောင်သည် ရည်းစားအဖြစ် တွဲခဲ့ဖူးသည့် အမျိုးသား လေးငါးယောက် ရှိခဲ့ပြီး ဖြစ်သည်။
သို့သော် မိခင်ဖြစ်သူသည် သူ့အား သားတစ်ယောက်အဖြစ်သာ ရှု့မြင်သည်။ မိခင် စိတ်ဆင်းရဲမည်ကို မကြည့်ရက်သဖြင့် ရဟန်းခံ ဒုလ္လဘ ဝတ်ရန် ပြောခြင်းကို လက်ခံလိုက်ရသည်။
သို့သော် ဗုဒ္ဓအယူဝါဒတွင် ပဏ္ဍုက်(လိင်ချို့တဲ့သူ)သည် ရဟန်း ဝတ်ခွင့် မရှိသူ တစ်ယောက်အဖြစ် အောင်အောင်သည် သူ့ကိုယ်သူ ခိုင်ခိုင်မာမာ လက်ခံထားသည်။
လိင်တူခြင်း ကာမဂုဏ် ပျော်ပါး ဆက်ဆံဖူးပြီး လိင်တူခြင်းရော မတူသူများကိုပါ စိတ်တိမ်းညွှတ်သူ၊ အင်္ဂါ ပျက်ယွင်းနေသူ၊ ယောင်္ကျား သဏ္ဍန်၊ မိန်းမသဏ္ဍန် ရော မထင်ရှားသူ ဟူသည့် ပဏ္ဍုက် သုံးမျိုးသည် ရဟန်းဝတ်ခွင့် မရှိဟု မြတ်ဗုဒ္ဓက စည်းကမ်းချ သတ်မှတ်ထားသည်။
ပဏ္ဍုက် ၅ မျိုးထဲမှာမှ လိင်တူ အမျိုးသားနှင့် ပါးစပ်ဖြင့်သာ ကာမဂုဏ်ပျော်ပါးခြင်းဖြင့် ကျေနပ်နိုင်သူနှင့် အခြားသူများ ကာမဂုဏ်ပျော်ပါးသည်ကို ကြည့်၍ ကျေနပ်ရောင့်ရဲ နိုင်သူ နှစ်မျိုးကသာ ရဟန်းဘဝ ခံယူခွင့် ရှိသည်။
အောင်အောင်အနေဖြင့် တွဲခဲ့ဖူးသည့် ချစ်သူ အမျိုးသားများနှင့် အတူနေခဲ့ဖူးပြီးသား ဖြစ်သည်။ ဤ တစ်ချက်နှင့်ပင် သူသည် ရဟန်း မဖြစ်ထိုက်တော့ကြောင်း မှတ်ယူထားလေသည်။ သို့သော် မိခင်ဖြစ်သူအတွက် သူ ဟန်ဆောင်ခဲ့သည်။
မြင့်မြတ်သည့် သိမ်ကျောင်းထဲ၌ ရဟန်းပြုပေးနေသည့် ဥပဇ္ဈာယ် ဆရာတော်က ယောင်္ကျားစစ်စစ် ဖြစ်၏လားဟု မေးချိန် ဟုတ်မှန်သည်ဟု လိမ်ညာလိုက်မိသည်။ မိခင်က သူ့အား မြင့်မြတ်သည့် ရဟန်းတစ်ပါးအဖြစ် သတ်မှတ် ကန်တော့နေချိန်တွင်လည်း ရဟန်းဖြစ်ခွင့်မရှိသူဟု ထုတ်မပြောရက်ခဲ့ပေ။
အောင်အောင်အနေဖြင့် ရဟန်းအဖြစ် မခံယူရသော်လည်း ရှင်သာမဏေဘ၀ဖြင့် သုံးရက်တာ နေရချိန် သူ၏ ဖြစ်တည်မှုကို အတတ်နိုင်ဆုံးမေ့ဖျောက်ကာ မိမိကိုယ်ကို ယောင်္ကျားတစ်ယောက်ဖြစ်ဟု စိတ်သွင်းနေထိုင်ခဲ့သည်။
သို့သော် သူ၏ စိတ်က ပြန်၍ မေးခွန်းထုတ်လာသည်။ အမျိုးသမီး တစ်ယောက် အဖြစ်သာ နေထိုင်လိုခြင်းက မည်သည့် အတွက်ကြောင့် အပြစ် ဖြစ်နေရပါသနည်း။
ခန္ဓာကိုယ်ကြီးက ယောကျာ်း အသွင်သဏ္ဍန် ဖြစ်နေ၍လား။
သို့မဟုတ် ဘုရားဟောအတိုင်း အတိတ်ဘဝက ဝဋ်ကြွေး အကုသိုလ်ကံများကြောင့်လား။
အတွေးများက သူ့အား ပူလောင်စေခဲ့သည်။ သိမ်တော်ထဲမှ ယောင်္ကျားစစ်စစ် ဟုတ်ပါသလော ဆိုသည့် မေးမြန်းသံကိုလည်း အခါခါ ကြားယောင်ပြီး လိမ်ညာခြင်းအတွက် ခံရမည့် အပြစ်ကိုလည်း စိုးကြောက်နေမိသည်။
နောက်ဆုံး အောင်အောင် ဆုံးဖြတ်ချက် ချခဲ့လိုက်သည်။ သုံးရက် မြောက်နေ့၌ လူဝတ်လဲကာ သူ၏ အ လှပြင်ဆိုင်လေး ရှိရာသို့ ပြန်လာခဲ့သည်။
ယခုတော့ ဆိုင်လေး ရှေ့သို့ရောက်ပြီ။ ဆိုင်ထဲ၌ သူနှင့် ဘဝတူ Gay သူငယ်ချင်းလေးက လာနေကျ ဖောက်သည် အမျိုးသမီးအား ဆံပင်ညှပ်ပေးနေသည်။
ဆိုင်ထဲဝင်လာသည့် သူ့ကိုတွေ့တော့ ထို အမျိုးသမီးက “ အောင်အောင် ကတုံးကြီးနဲ့ပါလား” ဟု လှမ်း၍ မေးသည်။
သည်တစ်ခါတော့ အောင်အောင် ရှောင်မပြေးတော့။
အံဆွဲထဲက ဆံပင်တုကို ထုတ် ခေါင်းမှာစွတ်ကာ မှန်ထဲရှိ သူ့ပုံရိပ်ကို ကျေနပ်စွာ ပြုံးကြည့်လိုက်ရင်း” ဟုတ်တယ် အမရေ ကျမ ဒုလ္လဘ ဝတ်ခဲ့တယ်လေ” ဟု ပြောလိုက်တော့သည်။