By Hlaing / MPA(ဆောင်းပါး)
မီးစက်နှိုးသံနှင့်အတူ ရွာအတွင်းရှိ နေအိမ်များမှ မီးများအားလုံး ထိန်ထိန်လင်းသွားသည်။ ညနေ ခြောက်နာရီအတိအကျပင်ဖြစ်သည်။
“ အိမ်ပေါ်က အားသွင်းစရာရှိတာတွေ အကုန်ယူခဲ့ကြဟေ့။ တုတ်မီး(ဓာတ်မီး)တွေပါ ယူခဲ့ကြ။”
တိတ်ဆိတ်နေသည့် ကျေးရွာအတွင်း လှုပ်လှုပ်ရှားရှားဖြင့် ဆူညံသံများ ထွက်ပေါ်လာသည်။ TV ဖွင့်သူကဖွင့် ဖုန်းအားသွင်းသူကသွင်းဖြင့် အလုပ်ရှုပ်နေကြသည်။
“ မီးက ညနေ ခြောက်နာရီကနေ ည ရှစ်နာရီအထိပဲပေးတယ်။ အဲ့ဒီအချိန်အတွင်း အားသွင်းစရာရှိတာတွေ အကုန်သွင်းကြတယ်။တစ်ရက်မှ ၂နာရီဘဲ မီးရတယ်” ဟု မကွေးတိုင်းဒေသကြီး၊ဆောမြို့နယ်အတွင်း ရှိ ကျေးရွာတစ်ခု၏ ပကဖတာဝန်ခံ ကိုဇော်က ပြောပြနေခြင်း ဖြစ်သည်။
“ ကျတော်တို့ ငယ်ငယ်တုန်းကတော့ လျှပ်စစ်မီးမရဘူး။ ဆိုလာတို့ မီးစက်တို့ အားထားရတာပေါ့။ အဲ့ဒါကလည်း ငွေကြေးတတ်နိုင်တဲ့ သူတွေပဲ ဝယ်နိုင်တာ၊ အာဏာမသိမ်းခင်တုန်းက မီးတိုင်တွေလာစိုက်တော့ ပျော်တာပေါ့။ ကျတော်တို့ဆိုရင် အဲ့ဒီတုန်းက လျှပ်စစ်ပေါင်းအိုးတွေ ရေခဲသေတ္တာတွေပါ ဝယ်စုနေပြီ၊ အခုတော့ အဲ့ဒါတွေ မသုံးခဲ့လိုက်ရဘူး။ သိမ်းထားရတော့တ “ ဟု ၄င်းက ဆိုသည်။
အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိသည့် အဆိုပါ ကျေးရွာတွင် ဓာတ်မီးတိုင်များ တပ်ဆင်ထားသော်လည်း လျှပ်စစ်မီးအတွက် မီးစက်ကိုသာ အားထားနေရသည်။
“ ဓာတ်မီးတိုင်တွေက NLD အစိုးရလက်ထက်တုန်းက လာစိုက်ထားတာ၊ လျှပ်စစ်မီးရဖို့က အကုန်လုပ်ထားပြီးပြီ။အာဏာသိမ်းသွားတော့ မရတော့ဘူး” ဟု ကိုဇော်က ဆိုသည်။
အဆိုပါကျေးရွာနှင့် ငါးမိုင်ခန့်သာဝေးသည့် ကျေးရွာတွင်မူ ၂၄နာရီ လျှပ်စစ်မီးရရှိနေသည်။
“ ကျတော်တို့က ကံကောင်းသွားတယ်ဆိုရမယ်။ လျှပ်စစ်မီးရခဲ့တယ်။ မြို့နဲ့နီးတာလည်း ပါတယ်ပေါ့။ ကျန်တဲ့ရွာတွေကတော့ လျှပ်စစ်မီးလုံးဝမရဘူး” ဟု ဆောမြို့နယ် ဒေသခံတစ်ဦးဖြစ်သည့် ကိုသက်က ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျော၊ ဆော၊ ကျောက်ထု၊ ထီးလင်း၊ ဂန့်ဂေါ ဒေသများသည် ဖွံ့ဖြိုးတိုးတတ်ရန် အစပြုနေပြီဖြစ်သော်လည်း အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဖွံ့ဖြိုးမှု ရပ်တန့်နေခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။
” ကျတော်တို့ ဒေသတွေဆိုရင် အာဏာသာမသိမ်းခဲ့ရင် အခုလောက်ဆို တော်တော်ကြီး ဖွံ့ဖြိုးတိုးတက်နေပြီ၊ အဓိကကတော့ လျှပ်စစ်မီးပေါ့။ အာဏာသိမ်းလိုက်တော့ အဲ့ဒါတွေဆက်မလုပ်ဖြစ်ဘူး။ အဲ့ဒီတော့ နောက်ကျကျန်ခဲ့တော့တာ” ဟု ကိုသက်က ရှင်းပြသည်။
နံနက်ခင်း နေရောင်အောက် ရွာထိပ်တွင် လူငယ်များ သူ့အစုအဖွဲ့နှင့်အတူ ဖုန်းသုံးနေကြသည်။
“ ဖုန်းလိုင်းက ရွာထိပ်မှာဘဲ ရတယ်။ အင်တာနက်ကတော့ 3G လောက်ရတယ်။ တစ်ရွာလုံးမှာ ဒီတစ်နေရာပဲ ဖုန်းလိုင်းရတာ၊ ဒီမှာဘဲ လာသုံးကြတယ် “ ဟု ကျောမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုမှ ဒေသခံတစ်ဦးဖြစ်သူ ကိုရှင်းလတ်က ပြောသည်။
ယခင်က MPT၊Ooredoo အစရှိသည့် ဖုန်းလိုင်းများ ရရှိခဲ့ပြီး အင်တာနက် 4G ရရှိခဲ့သည်။ သို့သော် အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက် ဖြတ်တောက်ခံထားရသည့် အညာဒေသတွင် Starlink အင်တာနက်များ အသုံးပြုနေကြသည်။ သို့သော် ကျေးရွာတိုင်း Starlink အသုံးပြုနေနိုင်ခြင်းတော့ မဟုတ်ပေ။
“ ကျတော်တို့ ကျောဒေသ ကျေးရွာ အုပ်စုမှာတော့ Starlink တစ်လုံးရှိတယ်။ အဲ့ဒါကို တစ်ရွာကို သုံးရက်နှုန်းနဲ့ လှည့်ပြီးဖွင့်ပေးတယ်” ဟု ဂန့်ဂေါ်ခရိုင် တပ်ရင်း ၁၉မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအလယ်ပိုင်း မြေပြန့်ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့သည် စစ်မြေပြင်များအဖြစ် ရှိနေသည်။
စစ်ကောင်စီဘက်မှ အဆိုပါနယ်မြေများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်မှုများ၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကျေးရွာများကို စွန့်ခွာကာ စစ်ရှောင်နေကြရသည့် ကျေးရွာများသည်လည်း အများအပြား ရှိနေသည်။
“ ကျမတို့ရွာဆိုရင် ပေလမ်း(ကတ္တရာလမ်း) ဘေးကြီးပေါ့၊ ခရီးသည်တင်ကားတွေ အများကြီးဖြတ်တယ်။ စည်တယ်ပြောရမယ်။ အာဏာသိမ်းတော့ စစ်တပ်က ဝင်လာတယ်။ ရိက္ခာလမ်းကြောင်း အသုံးပြုတယ်။ အဲ့ဒီတော့ ရှောင်ကြရတယ် “ ဟု ထီးလင်း-ပခုက္ကူလမ်းမကြီးပေါ်ရှိ အောင်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ဖွံ့ဖြိုးတိုးတတ်မှုများ အစပြိုးနေပြီဖြစ်သည့် အဆိုပါဒေသများမှာ စစ်ကောင်စီအာဏာသိမ်းမှုဖြစ်ပြီးနောက် စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်။
အိုးအိမ်စွန့်ခွာခဲ့ရသည့် ရွာလုံးကျွတ်စစ်ရှောင်များအတွက်မှု စားဝတ်နေရေးအခက်အခဲများသာမက ပညာရေး၊ကျန်းမာရေး ကဏ္ဍများပါ ခေတ်နောက်ကျကျန်နေခဲ့ရခြင်းဖြစ်သည်။
“ ကိုယ့်အိမ် ကိုယ့်ယာ မှာဘဲ နေချင်တာပေါ့။ အခုက သင့်ရာနေ သင့်ရာလုပ်ပြီး စားဝတ်နေရေးဖြေရှင်းနေရတယ်။ ကျမတို့ မိဘတွေ ခေတ်တုန်းကလို အခြေအနေပြန်ရောက်သွားတယ်။ ခေတ်နောက်ပြန် မသွားချင်တော့ဘူး” ဟု ယော ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုလိုက်သည်။