By Hlaing / MPA (ဆောင်းပါး)
“ မနှစ်ကထိ ကျောင်းတက်တယ်။ ကျောင်းလခက တစ်လကို ၁၅၀၀၀ ဆိုတော့ အဖေက မတတ်နိုင်တော့လို့ သမီးကို ကျောင်းနှုတ်လိုက်တာ၊ သမီးကတော့ ကျောင်းတက်ချင်တယ်” ဟု မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ တောင်ယောဒေသ၊ ဆောမြို့နယ်အတွင်း နေထိုင်သည့် သတ္တမတန်းကျောင်းသူ မလတ်လတ်ဇော် က ဆိုသည်။
မလတ်လတ်ဇော်သည် ဆောမြို့နယ်အတွင်းရှိ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) လက်အောက်ခံ စာသင်ကျောင်း၌ ပညာသင်ကြားနေသည့် သတ္တမတန်းကျောင်းသူတစ်ဦးဖြစ်ပြီး၊ ကျောင်းလခ လစဥ်မပေးနိုင်၍ ယခု ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနားထားသူတစ်ဦးလည်း ဖြစ်သည်။
မိသားစုဝင်ငါးဦးရှိသည့် မလတ်လတ်ဇော်တို့ မိသားစုတွင် မိခင်ဖြစ်သူမှာ နာတာရှည်ရောဂါတစ်မျိုးကို ခံစားနေရကာ၊ ဖခင်ဖြစ်သူမှာလည်း လက်လုပ်လက်စားသမားတစ်ဦးဖြစ်သည့်အတွက် စားဝတ်နေရေး အဆင်ပြေသည်ဆိုရုံမျှပင်။ မလတ်လတ်ဇော်၏ အစ်ကိုဖြစ်သူက ကျပန်းအလုပ်လုပ်သူတစ်ဦးဖြစ်ပြီး၊ ညီမလေးဖြစ်သူက မူလတန်း ဆက်တက်နေသည်။
ကျောင်းသား၊ ကျောင်းသူများက ကျောင်းတက်ချိန် နံနက် ရှစ်နာရီခွဲဆိုလျှင် လွယ်အိတ်များကိုလွယ်ကာ သူငယ်ချင်းအပေါင်းအပါများနှင့်အတူ ရွာလယ်လမ်းမကြီးမှ စာသင်ကျောင်းသို့ သွားကြသည်။
“ သမီးလည်း ကျောင်းတက်ချင်တယ်။ သူငယ်ချင်းတွေ ကျောင်းသွားရင် သမီးလည်း ကျောင်းလိုက်ချင်တယ်” ဟု ကျောင်းသွားနေသည့် သူငယ်ချင်းများကို ကြည့်ရင်း မလတ်လတ်ဇော်က ကျလာသည့် မျက်ရည်များကို အင်္ကျီစဖြင့် သုတ်ကာ ပြောသည်။
“ NUG က လစာဆိုပြီး ချမပေးဘူး။ ကျောင်းသားတွေရဲ့ မိဘတွေဆီကနေ တစ်လကို ကျောင်းလခ ဘယ်လောက်ဆိုပြီး ကောက်ကြတယ်။ စာသင်နှစ်တစ်နှစ်ကို ကိုးလ စာသင်ရတယ်။ အဲ့ဒီထဲကနေမှ ဆရာ၊ ဆရာမတွေကို လစာသဘောမျိုးပြန်ပေးတာ” ဟု ဆောမြို့နယ်အတွင်းရှိ NUG စာသင်ကျောင်းတစ်ကျောင်း၌ စာသင်ကြားပေးနေသည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမတစ်ဦးက ဆိုသည်။
NUG စာသင်ကျောင်းများ၌ တစ်လလျှင် မူလတန်းနှင့် အလယ်တန်းကျောင်းသားတစ်ဦး ၁၅၀၀၀ ကျပ်၊ စနစ်ဟောင်း အထက်တန်းကျောင်းသားနှင့် စနစ်သစ် ၁၁ တန်း၊ ၁၂ တန်းကျောင်းသားတစ်ဦးလျှင် ၃၀၀၀၀ ကျပ် ကောက်ခံသည်။
ထို့ပြင် အိမ်တစ်အိမ်၌ မိဘစုံစုံလင်လင်မရှိသည့် ကျောင်းသားနှစ်ဦးရှိလျှင် အတန်းကြီးသည့် ကျောင်းသားတစ်ဦးအတွက် ကျောင်းလခကိုသာ ကောက်ခံကြောင်း အထက်ပါဆရာမက ဆိုသည်။
“ ကျမတို့အိမ်က အကြီးမလေးဆို ၁၁ တန်း ၃၀၀၀၀ ပေးရတယ်။ မူလတန်းကတစ်ယောက်ဆိုတော့ နှစ်ယောက်အတွက် တစ်လကို ၄၅၀၀၀ ထိ ပေးရတယ်။ လက်လှုပ်မှ ပါးစပ်လှုပ်ရတာဆိုတော့ တစ်လ တစ်လ ကျောင်းလခ အလျင်မီအောင် ကြိုးစားနေရတယ်” ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဒေါ်ခင်မေက ဆိုသည်။
ဆောမြို့နယ်တစ်ခုအတွင်း၌ပင် မလတ်လတ်ဇော်ကဲ့သို့ ငွေကြေးမတတ်နိုင်၍ မူလတန်းဖြင့်ပင် ကျောင်းနုတ်ခံထားရသည့် ကလေးငယ်များစွာ ရှိနေသေးသည်။
ယခင် ၂၀၂၃ – ၂၀၂၄ စာသင်နှစ် က စစ်ကောင်စီလက်အောက်ခံ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူဦးရေ ငါးသန်း တက်ရောက်ခဲ့ပြီး၊ ယခု ၂၀၂၄ – ၂၀၂၅ စာသင်နှစ်တွင် ခြောက်သန်းကျော်တက်ရောက်သည်ဟု စစ်ကောင်စီ၏ ပညာရေးဌာနက ဆိုထားသည်။
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဖွင့်လှစ်ထားသည့် ကြားကာလ အွန်လိုင်းနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့်နယ်မြေများရှိ မြေပြင် အခြေခံပညာကျောင်း ၆၀၀၀၀ ကျော် နှင့် ကျောင်းသားဦးရေ ခုနှစ်သိန်းကျော် ပညာသင်ယူနေကြောင်း ၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၄ ရက်တွင် ပြုလုပ်သည့် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ သတင်းရှင်းလင်းပွဲ၌ ပြောကြားသည်။
“ တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေမှာ စာသင်တာကကလေးတွေအတွက်တော့ လုံခြုံမှုမရှိဘူး။ ပြီးတော့ ငွေအားပေါ့၊ Grade 12 အောင်သွားတဲ့ ကလေးတွေအတွက် ကျောင်းဆက်တက်ဖို့ အညာမှာ မြေပြင် တက္ကသိုလ်မရှိဘူး။ တက္ကသိုလ်ဖွင့်တဲ့ဒေသထိ သွားတက်ရအောင်လည်း မိဘတွေက စစ်ရှောင်တွေ၊ မရှောင်ရဘူးဆိုလည်း ကျောင်းသားတစ်ယောက်ရဲ့ ငွေကြေးကို မတတ်နိုင်ကြတော့ဘူး။ Online က ဆိုလည်း Starlinks မရှိသေးတဲ့ ရွာတွေက အများကြီး” ဟု စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းနေထိုင်သည့် CDM ကျောင်းဆရာတစ်ဦးက ဆိုသည်။
အခြေခံပညာရေးကို လွတ်မြောက်နယ်မြေများနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် ဒေသများတွင် ဖွင့်လှစ်ထားသော်လည်း၊ အဆင့်မြင့်ပညာရေးအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များဖွင့်လှစ်ထားသည့် တက္ကသိုလ်များသည် ကချင်၊ ကရင်၊ ချင်းနှင့် ကရင်နီပြည်နယ် တို့တွင်သာ ရှိသည်။
“ ကချင်က KSCU မှာ ဆေးတက္ကသိုလ်တက်ဖို့ ရောက်ခဲ့သေးတယ်။ ဖောင်လည်း ဖြည့်ပြီးပြီ၊ ဒါပေမဲ့ အစစအရာရာ အရမ်းစျေးကြီးတယ်။ ကျောင်း ခုနှစ်နှစ်တက်ဖို့အတွက် ကျမအိမ်ကလည်း အဲ့ဒီ့လောက်ကြီး အဆင်မပြေတော့ ကျောင်းဆက်မတက်ဖြစ်လိုက်ဘူး။ အခု Online ကနေ တက်ဖို့ စီစဥ်နေတယ်” ဟု ၂၀၂၃ ခုနှစ်က အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့သည့် NUG ၏ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်မှု (BECA) စာမေးပွဲကို အောင်မြင်ခဲ့သည့် ကျောင်းသူ မလင်းမို က ဆိုသည်။
“ ကလေးတွေ ဖြေရတာတော့ NUG မေးခွန်းလွှာ ဖြေရတယ်။ ဒါပေမဲ့ ထောက်ပံ့မှု တစ်စုံတစ်ရာမရဘူး။ ဆရာမတွေအတွက် တစ်လကို ဖုန်းဘေ ၂၅၀၀ ဆိုတာပဲရတယ်။ ဖုန်းလိုင်းမရတဲ့အပြင် အစစအရာရာခက်ခဲနေတဲ့ကြားက ကလေးတွေ ပညာသင်ကြားနေတာ၊ ကလေးတွေမှာလည်း မျှော်လင့်ချက်ဆိုတာ ရှိတယ်” ဟု မကွေးတိုင်းအတွင်းရှိ စစ်ရှောင်စခန်းတစ်ခု၌ စာသင်ကြားပေးနေသည့် ဆရာမတစ်ဦးက ဆိုသည်။
ပညာရေးသည် ကလေးငယ်များ၏ ကိုယ်ပိုင်ဘဝ အနာဂတ်အတွက်သာမက တိုင်းပြည်၏ အနာဂတ်တွင်လည်း လွန်စာပင် အရေးပါလှသည်။ ထိုမှသာ ပညာရေးဖြင့် တည်ဆောက်ထားသည့် နိုင်ငံတော်မှတဆင့် တိုင်းသူပြည်သားအားလုံး မျှော်မှန်းနေသည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သို့ ချီတက်နိုင်ကြပေမည် ဖြစ်သည်။
ထိုကဲ့သို့ ချီတက်ကြရာတွင်လည်း ကြားကာလ ပညာရေးမှာ အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်သည်။
လက်ရှိတွင် စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ စိုးမိုးနယ်မြေများတွင် CDM ကျောင်းဆရာ၊ ဆရာမများ၊ တက္ကသိုလ်ဘွဲ့ရလူငယ်များ၊ တက္ကသိုလ်တက်ရောက်နေဆဲလူငယ်များက ကလေးသူငယ်များ၏ ပညာသင်ကြားရေးအတွက် ကြိုးပမ်းလျက်ရှိနေသည်။
“ ကိုဗစ်ကာလကနေ အခုထိ ကလေးတွေ စာသင်ခန်းတွေထဲကို ရာနှုန်းပြည့် မဝင်ရောက်နိုင်သေးဘူး။ ပြီးတော့ မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ပတ်သက်ပြီးတော့ အာမခံချက်ရှိတဲ့ ပညာရေးဥပဒေမူဝါဒ ရှိကို ရှိရမယ်။ ခေတ်အဆက်ဆက်မှာ ပညာရေးအာမခံချက်ရှိခဲ့တာ မဟုတ်ဘူး။ ပညာရေးစနစ်တစ်ခုလုံး ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်။ ဒီကာလမှာလည်း NUG/ MOE အနေနဲ့ တိကျတဲ့ ပညာရေးမူဝါဒတွေ ရေးဆွဲထားဖို့လိုတယ်” ဟု ၂၀၁၅ ပညာရေးသပိတ်တွင် ပါဝင်ခဲ့သည့် ဗကသကျောင်းသားဟောင်းတစ်ဦးက ပြောသည်။
ပညာရေး အာမခံချက်သည် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားသည့် ၂၀၂၁ မှစတင်၍ ဆုံးရှုံးခဲ့ခြင်း မဟုတ်ခဲ့ပေ။ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်တွင် ပညာရေးစနစ်သည် တစ်နှစ်ထက်တစ်နှစ် နိမ့်ကျလာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ၂၀၂၁ ခုနှစ်၊ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း၌ ဖြစ်ပေါ်နေသည့် စစ်ရေးများအကြားတွင် စီးပွားရေးကျဆင်းမှုမှာလည်း ပိုမိုးဆိုးရွားနေပြီး အခြေခံလူတန်းစား ပြည်သူများအနေဖြင့် စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေး စသည့် အဘက်ဘက်မှ ဒုက္ခမျိုးစုံကို ခံစားနေရသည့်အခြေအနေများကြောင့် ကျေးလက်ဒေသနေ ကလေးငယ်များ၏ ပညာသင်ကြားနိုင်မှု အခွင့်အလမ်းမှာ နည်းပါးလာခဲ့သည်။
၂၀၁၀ ခုနှစ်၊ ဦးသိန်းစိန်အစိုးရ လက်ထက်မှစ၍ ဦးမော့လာခဲ့သည့် မြန်မာပြည်၏ စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများက ဆယ်စုနှစ် တစ်ခုအကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ တရိပ်ရိပ် ကျဆင်းလာခဲ့ပြီ ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၃၀၀ ကျပ် ဝန်းကျင်သာ ရှိသော်လည်း၊ ယခု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ၄၅၀၀ ကျပ် ဝန်းကျင်အထိ ငွေကြေးဖောင်းပွလာသည်။
“ ဒီလေးနှစ်တာကာလအတွင်း ပြည်သူတွေက နေရင်းထိုင်ရင်း လုပ်ရင်းကိုင်ရင်းနဲ့ လေးဆအောက်ထိ ပိုဆင်းရဲသွားတဲ့သဘောပဲ၊ အရင်က နေ့စားခ တစ်ရက် ၅၀၀၀ တောင်မှ မလောက်မငတာကို အခုလို ကုန်စျေးနှုန်း အစစအရာရာ ကြီးပြီး၊ ကလေးငယ်များတဲ့မိသားစုဆို ပိုခက်ကုန်တယ်ဆိုရတာပေါ့” ဟု နွားထိုးကြီးမြို့၊ လုံးတောကျေးရွာတွင် နေထိုင်သည့် ကျောင်းသားမိဘတစ်ဦးဖြစ်သူ ကိုမှူးဇော်(အမည်လွှဲ) က ဆိုသည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံတစ်ဝန်း၌ ဖြစ်ပွားနေသည့် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြားက တင်းမာနေသည့် စစ်ရေးများအပါဝင် ရာသီဥတုမမှန်ကန်မှု၊ ကုန်ပစ္စည်းရှားပါးမှု၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှုတို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီးပွားရေးကျဆင်းမှုများ ပေါ်ပေါက်နေပြီး နလန်မထူနိုင်သည်အထိ ဖြစ်စေနိုင်ကြောင်း မိတ္ထီလာမြို့တွင် နေထိုင်သည့် ဆန်ကုန်သည်တစ်ဦးက သုံးသပ်သည်။
စစ်ကောင်စီ အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ် ရှေ့ပိုင်းကာလများ၌ Ubrand ဗလာစာအုပ် အချောတစ်အုပ်လျှင် ၄၀၀ ကျပ်၊ Universe ဗလာစာအုပ် တစ်အုပ်လျှင် ၅၀၀ ကျပ်၊ အကြမ်းစာအုပ်တစ်အုပ်လျှင် ၁၅၀ ကျပ်၊ Linc ဘောပင်တစ်ချောင်းလျှင် ၂၀၀ ကျပ်၊ ရိုးရိုးဘောပင်တစ်ချောင်း ၁၀၀ ကျပ်၊ မှင်စံတစ်ချောင်းလျှင် ၈၀ ကျပ်သာ ရှိခဲ့သော်လည်း၊ လက်ရှိကာလတွင် Ubrand ဗလာစာအုပ် အချောတစ်အုပ်လျှင် ၁၅၀၀ ကျပ်၊ Universe ဗလာစာအုပ်တစ်အုပ်လျှင် ၁၅၀၀ ကျပ်၊ အကြမ်းစာအုပ် တစ်အုပ်လျှင် ၇၀၀ ကျပ်၊ Linc ဘောပင်တစ်ချောင်း ၂၀၀၀ ကျပ်၊ ရိုးရိုးဘောပင်တစ်ချောင်း ၁၀၀၀ ကျပ်ထိ အရည်အသွေးပေါ် မူတည်၍ မြင့်တက်လာသည်။
“ ဗလာစာအုပ် အချောတောင်မဟုတ်ဘူး။ တစ်အုပ်ကို ၁၀၀၀၊ ဘောပင်တစ်ချောင်း ၁၅၀၀။ တခြား စာရေးကိရိယာတွေမပါသေးဘူး။ မိဘဖြစ်သူကမှ ကျောင်းမထားရင်လည်း ပညာမတတ်ဖြစ်မှာပေါ့၊ ချွေတာပြီး ကျောင်းထားရတာပေါ့” ဟု ပုလဲမြို့နယ်၌ နေထိုင်သည့် ကျောင်းသားနှစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ခင်မာဝင်း က ဆိုသည်။
၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ကလေးငယ် ခြောက်သန်းခန့်သည် ပိုမိုဆိုးရွားလာသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများကို ရင်ဆိုင်နေရပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၃ဒဿမ၅ သန်း၏ ၃၃ ရာခိုင်နှုန်းကျော်မှာလည်း ကလေးငယ်များဖြစ်သည်ဟု Unicef Myanmar ၏ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ဖော်ပြထားသည့် ဆောင်းပါးအရ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ ကလေးငယ် ငါးသန်းကျော်သည် ပညာသင်ယူခွင့် အခွင့်အလမ်းများ ဆုံးရှုံးနေရကြောင်းလည်း ဖော်ပြထားသည်။
“ သမီး အင်ဂျင်နီယာမကြီး ဖြစ်ချင်တယ်။ ရှေ့နှစ်မှာတော့ ကျောင်းပြန်တက်ချင်တယ်” ဟု သတ္တမတန်းကျောင်းသူ မလတ်လတ်ဇော်က ဆိုလိုက်သည်။
၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂမှ ကမ္ဘာပေါ်ရှိ လူသားတိုင်း ခံစားခွင့်ရနိုင်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို အတည်ပြုပြဌာန်းခဲ့သည်။ အဆိုပါ ကြေငြာစာတမ်း အပိုဒ် ၂၆ တွင် “ လူတိုင်းပညာသင်ကြားခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားသော်လည်း၊ လက်ရှိ မြန်မာနိုင်ငံ၌ အသက်ပြည့်ပြီးသူတိုင်း ပညာသင်ကြားခွင့်မရဘဲ ရှိနေပေသည်။