By Bala / MPA
“ အမှောင်ထုဟာ အမှောင်ထုကို တွန်းလှန်နိုင်ခြင်းမရှိပါဘူး။ အလင်းရောင်ကသာ စွမ်းဆောင်နိုင်ပါတယ်။ အဲဒီလိုပဲ အမုန်းတရားကို အမုန်းတရားအားဖြင့်တွန်းလှန်နိုင်စွမ်း မဟုတ်ပဲ မေတ္တာတရားကသာ တွန်းလှန်နိုင်ပါတယ် ” ဟု မာတင်လူသာကင်းက ဆိုသည်။
ဂျီနိုဆိုက်တိုင်း၏ ပထမ ခြေလှမ်းဖြစ်သည့် လူသားဖြစ်မှုကို အဆင့်လျှော့ချကာ dehumanization (လူမဆန်စွာ)ပြောဆိုချက်သည် ပြစ်မှုဖြစ်သလို အမုန်းစကား ၊ အန္တရာယ်စကားလည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို လူသားမဟုတ်သလို ဆက်ဆံသည့် အမည်ဆိုးကျော်ကြားသော ကြောက်စရာကောင်းသည့် လူမျိုးရေးခွဲခြားဆက်ဆံမှု သမိုင်းရှိခဲ့သည်။
လတ်တလောတွင် လူမှုအသိုက်အဝန်းအချင်းချင်း အကြမ်းဖက်မှု၏ ရှုပ်ထွေးသော သမိုင်းကို လေ့လာသောအခါ အမုန်းစကားနှင့် သတင်းတု တိုက်ဖျက်ရေးသည် ခုခံတော်လှန်ရေး အင်အားစုများအပေါ် ထောက်ခံမှု ထိန်းသိမ်းထားနိုင်ရေးအတွက် အရေးပါလာသည်။
လက်ရှိဆောင်းပါးတွင် ထင်ရှားကျော်ကြားလူသိများသူတစ်ချို့၏ အမုန်းစကားများနှင့် ပတ်သက်ပြီး အနည်းငယ်ထုတ်နှုတ်တင်ပြလိုပါသည်။
Non CDM တွေကို ဝက်ခြံထဲမှာထားမယ်
နာမည်ကျော် တေးရေး/ဆို တစ်ဦး၏ CDM မလုပ်သူများအတွက် ဝက်ခြံသာသာ နေရာကနေသာ သူ့ရှိုးပွဲ ကြည့်ခိုင်းမည်ဆိုသည့် ပြောဆိုချက်သည် ထင်ရှား ကျော်ကြားသူတစ်ယောက်၏ နှုတ်မှထွက်လာသည့်စကားသည် ကြောက်စရာကောင်းသည့် အမုန်းစကားတစ်ခုဖြစ်သည်။
“ CDM လုပ်တဲ့လူတွေကို လေးစား တန်ဖိုးထားရမှာ ဖြစ်သလို CDM မလုပ်တဲ့လူတွေကို သိမ်းကြုံးပြီး ရာဇဝတ်သားလို ဆက်ဆံလို့မရပါဘူး။ လူ မဟုတ်တော့သလို ရှုမြင်လို့မရပါဘူး ” ဟု မဲခေါင်ဒေသတွင် ဖွံ့ဖြိုးရေးနှင့် ပဋိပက္ခဆက်နွှယ်မှု သုတေသနအ ကြောင်းအရာဖြင့် Simon Fraser University မှ PhD ဘွဲ့ ရရှိထားသည့် ဒေါက်တာ စိုင်းလတ်က သူ၏ ဆိုရှယ်စာမျက်နှာတွင် ရေးသားထားသည်။
ထင်ရှားကျော်ကြားသူများသည် တိုင်းပြည်ကို ဦးဆောင်သင့်ပြီး တရားမျှတမှုအတွက် မေတ္တာ၊ နားလည်ဖေးမမှု၊ စာနာမှု၊ လူသားဆန်မှု၊ အမှန်တရား စသောအချင်း အရာများ ကို ပုံဖော်ကြရမည်ဟု ဒေါက်တာစိုင်းလတ်က မှတ်ချက်ပြုထားသည်။
“Non CDM ဆိုပြီး အကျယ်ဖြန့်ပြီး ဝါးလုံးရှည်နဲ့ လိုက်ရမ်းနေသ၍ကတော့ ထိရောက်မှု နည်းတယ်ပေါ့။ ဒါကို စဥ်းစားဖို့ပြောတာပါ။ ပြီးတော့ ဒီ CDM တွေမှာ ခွဲခြားဆက်ဆံသင့်တယ်ဆိုတဲ့ စဥ်းစားချက်ကိုပေါ့။ အဲ့ဒီဟာကို CDM/ Non CDM ခွဲခြားမသတ်မှတ်သင့်ဘူး။ Non CDM ဆိုပြီး ဘောင်မခတ်သင့်ဘူး ” ဟု သုံးနှစ်ကျော် CDM လုပ်ပြီး ကိုယ်တိုင်ရုန်းကန်နေရသူ တစ်ဦးကရှင်းပြသည်။
အာဏာသိမ်း စစ်ကောင်စီ အတွင်းစည်းမှ ပေါက်ကြားလာနေသော လျှို့ဝှက် ညွှန်ကြားချက်၊ သတင်းအချက် အလက်များအတွက် ဖရဲသီးနှင့် Non-CDM များ၏ ပါဝင်ကူညီမှုကို လျစ်လျူမရှုသင့်ပါကြောင်း Non CDM တစ်ဦးကဆိုသည်။
” အနုပညာရှင်တွေရဲ့ပြောဆိုချက်၊ လုပ်ဆောင်ချက်တွေဟာ ပြည်သူအပေါ် အများကြီး အကျိုးသက်ရောက်မှုရှိပါတယ်။ ဂီတ၊ ရုပ်ရှင်စတာတွေကို လူတွေကစိတ်ဝင်စားတာရယ် အနုပညာရှင်တွေကို ပရိသတ်တွေက ချစ်တတ်ကြတဲ့အတွက် သူတို့ပြောတာတွေကို အမှန် ချည်းလို့ မှတ်ယူလေ့ရှိတယ်။ ပြီးတော့ သူတို့ပေးချင်တဲ့ မက်ဆေ့ကို ပရိတ်သတ်တွေရဲ့ ရင်ထဲ ခံစားချက်ထဲ အရောက်ပို့ပေးတတ်တဲ့ အနုပညာအရည်အချင်းတွေကြောင့် သူတို့ပြောတာတွေက လူထုစီ တခါတည်း တန်းရောက်တယ်။ ပရိသတ်တွေရဲ့ စဥ်းစားပုံနဲ့ အပြုအမူကို ချက်ချင်းအကျိုးသက်ရောက်စေပါတယ်။ ဒီလို အနေအထားမှာ အနုပညာရှင်တချို့ရဲ့ အမုန်းစကားဟာ အင်မတန် အန္တရာယ်များပါတယ် ” ဟု ဒေါက်တာစိုင်းလတ်က MPA သို့ပြောသည်။
လက်ရှိ တော်လှန်ရေးရည်မှန်းချက်သည် အစိုးရအပြောင်းအလဲပြုလုပ်ခြင်းမဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ စနစ်ပြောင်းလဲရန်ဖြစ်သည့်အပြင် လူတိုင်း လွတ်လပ်ခွင့်၊ လူ့ဂုဏ်သိက္ခာကို အကာအကွယ်ပေးသည့် လူ့အဖွဲ့အစည်း၊ တရားမျှတမှုကို ဦးတည်သည့် လူ့အဖွဲ့အစည်း၊ လူတစ်ဦးချင်း၏ အေးချမ်သော အနာဂတ်ကို ဖော်ဆောင်ရမည်ဟု ဒေါက်တာစိုင်းလတ်က ဆိုသည်။
” ဒီလို အခင်းအကျင်းမှာ အနုပညာရှင်အချို့ရဲ့ အမုန်းစကားဟာ ဒီရည်မှန်းချက်ကို သွေဖယ်သွားစေတယ်လို့မြင်ပါတယ်။ အခု တော်လှန်ရေးဟာ ကျတော်တို့ မျိုးဆက်ရဲ့ တော်လှန်ရေးဖြစ်တယ်။ ကျတော်တို့ လိုချင်တဲ့ အနာဂတ်ကို ဖော်ဆောင်ဖို့ ကျတော်တို့ရဲ့ အချိန်၊ ကျတော်တို့ရဲ့ အခွင့်အရေး၊ ကျတော်တို့ရဲ့ တာဝန်ဖြစ်တယ်။ လူ့ဂုဏ်သိကာနဲ့ လူမှုတရားမျှတမှုရှိတဲ့ အနာဂတ်ကို အမုန်းစကားနဲ့ ကြိုသတ်တာမျိုး မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။
ခေတ်အဆက်ဆက် မြန်မာနိုင်ငံရှိ အနုပညာရှင်များသည် လူမျိုး၊ ဘာသာ၊ ကျား/မ၊ ဒေသ၊ လူတန်းစား၊ အသားအရောင်၊ ရုပ်ရည်၊ ခန္ဓာစသည့်အရာများနှင့်ပတ်သက်၍ လှောင်ပြောင်သည့် အမုန်းစကားများသည် သိစိတ်နှင့် မသိစိတ်များတွင် နှိမ့်ချ ဆက်ဆံသည့် သဘောပင်ဖြစ်သည်။
“ ကိုယ်ချင်းမစာတတ်တဲ့ လူ့အဖွဲ့အစည်းမှာ လူ့ဂုဏ်သိကာတို့၊ လူမှုတရားမျှတရေးဆိုတာ ဘယ်သူ့အတွက်မှ မရရှိနိုင်ပါဘူး။ အမုန်းစကားပြောမိတဲ့ အနုပညာရှင်တွေအနေနဲ့လည်း သတိမမူမိလို့ ပြောခဲ့ လုပ်ခဲ့မိတယ်ဆိုရင် နောက်နောင်ဆက်မလုပ်မိဖို့၊ တခြားလူတွေ လိုက်မလုပ်မိအောင်လည်း ကြိုတင်တားဆီးပေးတာမျိုး၊ လူထုပညာပေး လုပ်တာမျိုးပြန်လုပ်ပေးနိုင်ရင် ကောင်းမယ်လို့ နားလည်ပါတယ် “ ဟု ဒေါက်တာစိုင်းလတ်က ဆိုသည်။
CDM ပြုလုပ်ပြီးမှ Non-CDM အဖြစ် ပြန်ရောက်သူများရှိသလို Non-CDMအဖြစ် အလုပ်ပြန်လည် ဝင်ရောက်သူ တချို့ကိုလည်း ပြစ်တင် ဝေဖန်ကြသူများရှိကြသလို CDM များက Non-CDM များနှင့် ပတ်သက်ပြီး အမုန်းစကားများလည်း ဆိုရှယ်မီဒီယာများတွင် များစွာရှိခဲ့သည်။
“ လူတိုင်းဟာ ကိုယ့်ဒုက္ခ ကိုယ့်အကြောင်းနဲ့ ကိုယ်၊ အခြားလူမသိတဲ့ ကိုယ့် အပူနဲ့ကိုယ်၊ CDM မလုပ်တဲ့ လူတွေမှာ သူ့အကြောင်းနဲ့သူ ရှိပါလိမ့်မယ် ” ဟု ဒေါက်တာစိုင်းလတ် ကဆိုသည်။
တစ်ဆင့်နိမ့်နိုင်ငံသား
တော်လှန်ရေးတွင် လူသိများကျော်ကြားသူ ဗိုလ်ကြီးဟောင်းတစ်ဦးက ပြည်ပရွှေ့ပြောင်းအလုပ်သမားသည့် မြန်မာနိုင်ငံသားမျာ စစ်ကောင်စီကို အခွန်ဆောင်သူဖြစ်ပါက တစ်ဆင့်နိမ့်နိုင်ငံသားထားမည်ဟု သုံးနှုန်းပြောဆိုခဲ့သည်။
အဆိုပါစကားသည်လည်း လူသားချင်း၊ ပြည်သူချင်း၊ နိုင်ငံသားချင်းကို အဆင့်သတ်မှတ် ဇာတ်နိမ့်၊ ဇာတ်မြင့်သလို ခွဲခြားကန့်သတ်ချင်သည့် မှားယွင်းသော အတွေးအခေါ်ဖြစ်ကြောင်း တက်ကြွံလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုမိုဃ်းသွေးက ၎င်း၏ဆိုရှယ်မီဒီယာတွင် မှတ်ချက်ပြုရေးသားခဲ့သည်။
“ပြည်ပမှာ ရွှေ့ပြောင်းအလုပ်သမားတွေ အခွန်မဆောင်ကြဘူး ဆိုပါစို့ ၊ ပတ်စ်ပို့တွေ၊ စီအိုင်တွေ သက်တမ်းသေရင် အလုပ်လုပ်လို့မရတော့သလို ထိုနိုင်ငံတွေမှာ နေထိုင်ခွင့်မရတော့ဘူး ၊ အဲ့ဒီအခါ ကျတော်တို့ဘာဆက်လုပ်ရမလဲ ” ဟု ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးကဆိုသည်။
ပြည်ပရွှေ့ပြောင်းအလုပ်သမားများ၏ ချွေးနည်းစား အများစုသည် စစ်အုပ်စုကို ပေးဆောင်လိုက်ရသည့် ပမာဏထက် အဆပေါင်းများစွာ အငတ်ခံပြီး ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ရခိုင် နှင့် အညာတခွင်လုံး ရှိထောက်ပို့များရှိကြောင်း ထိုင်းနိုင်ငံတွင် ထောက်ပို့လုပ်နေသူအများစုကဆိုသည်။
တဆင့်နိမ့်နိုင်ငံသားဟု သုံးနှုန်းလိုက်ခြင်းသည် လက်ရှိတော်လှန်ရေးကို တစ်ဆင့်မက အဆင့်များစွာ နိမ့်ကျသွားစေသည့် အတွေးအခေါ် အယူဝါဒပင်ဖြစ်ကြောင်း ကိုမိုဃ်းသွေးက မှတ်ချက်ပြုရေးသားထားသည်။
လူ့သားဆန်မှုမဲ့သွားပြီလား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးမျိုးရန်နောင်သိမ်း ရေးသားလှုံ့ဆော်မှုတချို့အနက် စစ်ကောင်စီ အသိုင်းအဝိုင်း၏ ကလေးများကို ပစ်မှတ်ထားသင့်ကြောင်း ဆိုရှယ်မီဒီယာတွင် ရေးသားမှုသည် လူသားမဆန်မှု၏ တစ်ဖက်ကမ်းကိုရောက်နေပြီဖြစ်သည်။
“ စကစ အသိုင်းအဝိုင်း ထဲမှာရန်လိုမုန်းတီးစိတ် မလုံခြုံစိတ်အလွန်အကျွံဖြစ်ပြီး အခုလက်ရှိ ကြမ်းကြုတ် ရက်စက်မှု ထက်ကိုပိုပြီးပြင်းထန်တဲ့ လုပ်ရပ်တွေ ဖြစ်လာနိုင်တယ်” ဟု ကိုမိုဃ်းသွေးက ဆိုသည်။
တိုင်းပြည်အတွင်း နေထိုင်သူများတွင် စစ်ကောင်စီကို အားပေးထောက်ခံသူများ သာမက အကာကွယ်မဲ့နေသည့် လူထုသန်းပေါင်းများစွာရှိသဖြင့် ပြည်သူများ၏ လုံခြုံမှုပိုကင်းမဲ့သွားနိုင်သလို မိမိတို့တော်လှန်ရေးသည် ပိုကောင်းသည့် စနစ်ကိုရရှိဖို့တော်လှန်နေခြင်းဖြစ်ကြောင်း လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် တရားမျှတငြိမ်းချမ်းမှု ကိုရှေးရှု့သင့်ကြောင်း မိုဃ်းသွေးက မှတ်ချက်ပြုရေးသားထားသည်။
“ ဒီလို အလွန်ကျွံစည်းလွတ်ဘောင်လွတ်စကားတွေက လူ့အဖွဲ့အစည်းတစ်ခုလုံးကို နိုင်ငံရေးအမြင်အရတင်မကဘဲ အသက်ရှင်ကျန်နေနိုင်ရေးအထိ သက်ရောက်သွားရင် ကျတော်တို့လူ့အဖွဲ့အစည်းက ရဝမ်ဒါဖြစ်စဉ်လိုပဲ သူ့ဘက်ကိုယ့်ဘက် အကုန်သတ်ဆို တာမျိုး ဖြစ်သွားနိုင်တယ်။ ဒါကဖြစ်လို့မရဘူး ဒီလိုဖြစ်လာရင် တော်လှန်ရေးဆိုတာ မဖြစ်နိုင်တော့ဘူး။ လူမျိုးတုန်းသတ်ပွဲပဲဖြစ်သွားမှာ ”ဟု ဆက်လက်ဆိုသည်။
မြန်မာနိုင်ငံရှိ အမုန်းစကားများသည် ပုဂ္ဂိုလ်ရေး တစ်ယူသန်မှုနှင့် သည်းမခံနိုင်မှုများမှ ပေါက်ဖွားလာခြင်း မဟုတ်ဘဲ အစွန်းရောက် အမျိုးသားရေး အုပ်စုများ၊ ရေပေါ်ဆီ အလွှာ၏ နိုင်ငံရေး၊ စီးပွားရေး အကျိုးအမြတ်များနှင့် ဆင်းရဲမွဲတေမှု၊ ပညာရေးနှင့် သမိုင်းကြောင်းဆိုင်ရာ ကွဲပြားမှုများ စသည့် လူမှုစီးပွားရေး အကြောင်းရင်းခံများကြောင့်လည်းပါဝင်သည်။
“ သီချင်း၊ စာပေ၊ ကာတွန်း၊ ရုပ်ရှင်၊ အငြိမ့်နဲ့ ဘာသာရေးတရားပွဲတွေမှာ အမုန်းစကားတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချီခဲ့တယ်။ နှစ်ထောင်းအားရ အားပေးခဲ့ကြပြီး တားဆီးအရေးယူဖို့ ပျက်ကွက်ခဲ့ကြတယ် ” ဟု Myanmar CulturalResearch Society တည်ထောင်သူ ကိုရဲဟိန်းအောင်က ဆိုသည်။
အခြေခံအားဖြင့် ခွဲခြားဆက်ဆံမှုသည် ဖယ်ထုတ်စဉ်းစားသည့် ပုံစံပင်ဖြစ်သည်။ ဖယ်ထုတ်စဉ်းစားမှုမှသည် ဖယ်ရှားရှင်းလင်းသုတ်သင်သည့် အဆင့်သို့ ရောက်ရှိလေ့ရှိသည်။ ခွဲခြားဆက်ဆံမှုကြီးမားသော လူ့အဖွဲ့အစည်းများတွင် မကျေနပ်မှုများ၊ မခံရပ်နိုင်မှုများ ကျယ်ပြန့်နေမည်သာဖြစ်သည်။ ဤသို့ဖြင့် ပြင်းထန်ဆိုးဝါးသော အကြမ်းဖက်မှုများ ပေါ်ပေါက်နိုင်သည့် ရေခံမြေခံဖြစ်နေလိမ့်မည်။
အချို့သော လူအစုအဖွဲ့များကို မိမိတို့ကိုယ်ကျင့်တရားစံနှုန်းအတွင်း ထည့်သွင်းစဉ်းစားရန်မလို၊ တနည်းအားဖြင့် ထိုသူတို့၏ ဖြစ်တည်မှုကို ထည့်တွက်ရန်မလို၊ ပယ်ထုတ်ဖယ်ရှားထားရမည်။ နေရာပေး၍ မရဟူသော ခွဲခြားဆက်ဆံသည့် မူဝါဒများ အရှိန်မြင့်လာလျှင် အကြမ်းဖက်မှုများပေါ်ပေါက်လာနိုင်သည်ဟု ဒေါက်တာမြင့်ဇော် အမှောင်သို့သွားရာလမ်းများ စာအုပ်တွင် ရေးသားထားသည်။
လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုရေးသားခွင့် အခွင့်အရေးဆိုသည်မှာ ဘာသာရေးအပါအဝင် ယုံကြည်သက်ဝင်မှုဆိုင်ရာ စနစ်များ၊ အဖွဲ့အစည်းများ၊ အယူအဆများ၊ အတွေးအခေါ်များအား နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးခွင့်၊ ပွင့်ပွင့်လင်းလင်း ငြင်းခုန်ခွင့်၊ ဝေဖန်ပြောဆိုနှိုင်ခွင့်များသည် ပြင်းထန်ပြီး ကျိုးကြောင်း ဆီလျှော်မှု မရှိသည့်တိုင် ခွင့်ပြုနိုင်သည် ဖြစ်ရမည်ဖြစ်သည်။
သို့သော်လည်း ထိုငြင်းခုန်ဆွေးနွေး ထုတ်ဖော် ပြောဆိုမှုများသည် အဖွဲ့အစည်းတစ်ခုခုကို သော်လည်းကောင်း၊ တစ်ဦးတစ်ယောက်ကို သော်လည်းကောင်း၊ အစုအဖွဲ့တစ်ဖွဲ့ခြင်းကို သော်လည်းကောင်း အကြမ်းဖက်ခြင်း၊ နှိမ်ချခွဲခြား ဆက်ဆံခြင်းနှင့် ရန်လိုခြင်းကို ဖြစ်စေသည့် အမုန်းတရားပြောဆိုမှုများ မဖြစ်ရဟု ဖော်ပြထားသည်။
အမုန်းတရား ပြောခြင်းသည် ဥပဒေနှင့် မညီညွတ်ဘဲ လူတစ်ဦး သို့မဟုတ် လူတစ်စုအပေါ် ခွဲခြားဆက်ဆံ၍ လူဆိုးဇာတ်သွင်းခြင်း ဖြစ်သည်။ ဥပဒေအရ အမုန်းတရားပြောခြင်းသည် စကားဖြင့်ဖြစ်စေ၊ ကိုယ်အမူအယာအရ ဖြစ်စေ၊ စာအရေးအသားဖြင့်ဖြစ်စေ၊ ပုံပြသခြင်းဖြင့်ဖြစ်စေ အဖွဲအစည်း သို့မဟုတ် လူတစ်ဦးကို ဥပဒေပြင်ပမှ တိုက်ခိုက်ခြင်းဖြစ်သည်။
များသောအားဖြင့် လိုရာဆွဲယူကာ တစ်ဘက်သတ် ရေးသားထားသော အချက်အလက်များကိုသာ တင်ပြထားတတ်သည်။ မည်သို့ဆိုစေ၊ ယင်းတို့သည် လူမှုရေး ဆိုင်ရာ ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်ပြီး အကြမ်းဖက်မှုများ၏ အကြောင်းရင်းခံလည်း ဖြစ်လာတတ်သည်။
လူမှု ဦးနှောက်အာရုံဗေဒ (Social neuroscience) ပညာရှင်များရဲ့ တွေ့ရှိချက်အရ ခွဲခြားနှိမ့်ချခံရသည့် နာကျင်မှုသည် ခန္ဓာကိုယ် နာကျင်မှုနှင့် အတူတူပင်ဖြစ်သည်။ စမ်းသပ်တွေ့ရှိချက်များအရ ခန္ဓာကိုယ် နာကျင်ချိန် အလုပ်လုပ်ပေးရသည့် ဦးနှောက်အစိတ်အပိုင်းနှင့် ခွဲခြားနှိမ့်ချခံရ၍ စိတ်ထိခိုက်ခံစားရချိန် အလုပ်လုပ်ပေးရသည့် ဦးနှောက် အစိတ်အပိုင်းတို့သည် အတူတူပင်ဖြစ်သည်။
လူမှုဆိုင်ရာ နာကျင်မှုသည် စိတ်ခံစားမှုဆိုင်ရာ နာကျင်မှုတစ်မျိုးဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာနာကျင်မှုကဲ့သို့ပင် ပြင်းထန်နိုင်သည်ဟု ဒေါက်တာစိုင်းလတ်က ဆိုသည်။
ထို့ကြောင့် အမုန်းစကားများ အပြန်အလှန်ပြောဆိုကာ ခွဲခြားဆက်ဆံမှုကြီးမားသော လူ့အဖွဲ့အစည်းများတွင် မကျေနပ်မှုများ၊ မခံရပ်နိုင်မှုများ ပိုမိုကျယ်ပြန်လာပြီး ပြင်းထန်ဆိုးရွားသော အကြမ်းဖက်မှုများ ဆက်လက်ပေါ်ပေါက်နိုင်သည့် ရေခံမြေခံသာ ဖြစ်နေလိမ့်မည်။
ကိုးကား
- -အမုန်းစကားနှင့်ပတ်သက်သည့် သုတေသနစတမ်းများ
- -ဒေါက်တာမြင့်ဇော် အမှောင်သို့သွားရာလမ်းများ စာအုပ်
- -ဒေါက်တာစိုင်းလတ်၏ ဆောင်းပါးများ
- -ကိုမိုဃ်းသွေး၏ အမုန်းတရားနှင့်ပတ်သက်သည့် ရေးသားချက်များ