By Wadi / MPA
“သူပုန်နယ်မြေတွေအကုန် ပေါင် ၂၀၀၀ ဗုံးကြဲလိုက်၊ မြေကျန်ရင်ရပြီ”
“အရပ်သားတွေ မဟုတ်ဘူး။ အကြမ်းဖက်အားပေးတွေ”
ဖော်ပြပါ အမုန်းစကားကို စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများအပြီးတွင် စစ်တပ်ထောက်ခံသော တယ်လီဂရမ် ချန်နယ်များက ဖြန့်ဝေခဲ့ကြသည်။ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများအပေါ် လေကြောင်း တိုက်ခိုက်မှုများသည် စစ်ကောင်စီအပေါ်တွင်သာ လုံးလုံးလျားလျား တာဝန်ရှိနေသည် မဟုတ်ပါ။
အကြမ်းဖက်မှုများ ပြုလုပ်ရန် အမုန်းစကားများဖြင့် လှုံ့ဆော်အခါတော်ပေးနေသည့် စစ်တပ်ထောက်ခံသော တယ်လီဂရမ် ချန်နယ်များကလည်း တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေသည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ကြားတွင် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိသည်။
မြို့သိမ်း၊ စခန်းသိမ်း၊ ဗျူဟာကုန်းသိမ်း စသည့် နယ်မြေစိုးမိုးရေးအတွက် အမျိုးမျိုးသော တိုက်ပွဲများ စစ်မြေပြင်တွင် ဖြစ် နေချိန် ဆိုရှယ်မီဒီယာများ၌ စစ်တပ်ထောက်ခံသူများ၏ အမုန်းစကားပြောဆိုတိုက်ခိုက်မှုများလည်း ပြင်း ထန်နေသည်။ အထူးသဖြင့် စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှု လက်လွတ်ပေးလိုက်ရသော ဒေသများနှင့် ပတ်သက်၍ ဝါဒဖြန့်သူများ၏ အမုန်းစကား ဖြန့်ဝေမှုသည် အမြင့်ဆုံးဖြစ်နေသည်။
” အမုန်းစကားကြောင့် ဖြစ်ခဲ့ဖူးသော ပဋိပက္ခများ “
လူတစ်ဦး၏ ကိုးကွယ်မှု၊ အသားအရောင်၊ လူမျိုး၊ ယုံကြည်မှု၊ ဘာသာစကား၊ လိင်နှင့် လိင်စိတ်တိမ်းညွတ်မှု၊ နိုင်ငံသား ဇာစ်မြစ်၊ တိုင်းရင်းသားဖြစ်မှု၊ နိုင်ငံသားဖြစ်မှု ၊ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင် စသည်တို့အား ထိပါးပြောဆိုခြင်းများကို အမုန်းစကား ပြောခြင်းဟု ဆိုနိုင်သည်။
အမုန်းစကားအား လူတစ်ဦးက အခြားလူတစ်ဦးကို ပြောဆိုခြင်းရှိသလို လူအစုအဖွဲ့က အခြားလူအစုအဖွဲ့ကို ပြောဆိုခြင်းလည်း ရှိသည်။ အစုအဖွဲ့လိုက် အမုန်းစကားပြောဆိုခြင်းသည် ပိုမို အန္တရာယ်များသည်။ အမုန်းစကားများသည် အပြန်အလှန် မယုံကြည်မှု၊ ဘာသာရေး၊ လူမျိုးရေးတင်းမာမှုများကို တောက်လောင်စေပြီး အကြမ်း ဖက်မှုကို ဖြစ်ပေါ်စေသော သဘောရှိသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဟစ်တလာဦးဆောင်သော နာဇီတပ်ဖွဲ့သည် ဂျူးလူမျိုး ခြောက်သန်းကျော်ကို သတ်ဖြတ်ခဲ့သည်။ ၁၉၉၁-၂၀၀၁ခုနှစ်အတွင်း ဖြစ်ခဲ့သော ယူဂိုဆလပ်စစ်ပွဲများအတွင်း သိန်းနှင့်ချီသော လူများ သေဆုံးခဲ့ရပြီး သန်းပေါင်း များစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ၁၉၉၄ခုနှစ်တွင် ရဝမ်ဒါနိုင်ငံ၌ လူရှစ်သိန်းခန့် သေဆုံးခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ခဲ့သည်။
အထက်ပါဖြစ်စဉ်များကဲ့သို့ပင် ၂၀၁၂-၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ရခိုင်၊ မိထ္တီလာ၊ မန္တလေး စသည့်မြို့ကြီးများ၌ ဘာသာရေးကွဲပြားမှုအပေါ် အခြေခံဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူထောင်ပေါင်းများစွာ သေကြေပျက်စီးခဲ့ဖူးသည်။
၂၀၁၇ခုနှစ်တွင်လည်း ရခိုင်ပြည်နယ်တွင် ရဲစခန်း ၃၀ကျော် တိုက်ခိုက်ခံရမှုဖြစ်ပွားပြီးနောက် ကိုးကွယ်မှုမတူညီသော ဘာသာနှစ်ခုကြား တကျော့ပြန် ပဋိပက္ခများဖြစ်ခဲ့သည်။ ထိုပဋိပက္ခကြောင့် ဒေသခံပြည်သူများနှင့် ရိုဟင်ဂျာများ သေဆုံးခဲ့ရသည်။ သိန်းနှင့်ချီ သော ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံနေရမှုသည် ယနေ့အချိန်ထိဖြစ်သည်။
ကမ္ဘာနှင့် မြန်မာတွင် ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ၏ မြစ်ဖျားခံရာ ရင်းမြစ်သည် ခွဲခြားနှိမ်ချသည့် အမုန်းစကားများပင် ဖြစ်သည်။
” အမုန်းစကားကိန်းဂဏန်းအချို့ “
လက်ရှိတွင် စစ်တပ်ထောက်ခံသော ဝါဒဖြန့်သူများသည် တယ်လီဂရမ်နှင့် တစ်တော့တို့တွင် အမုန်းစကားများကို ဖြန့်ဝေမှု ကို အဓိက လုပ်ဆောင်နေကြသည်။ ဝါဒဖြန့်သူများသည် လူနှစ်သိန်းအထိ ပါဝင်နိုင်သောတယ်လီဂရမ်ချန်နယ်များကတဆင့် စာသား၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များဖြင့် အမုန်းစကား ဖြန့်ဝေလျက်ရှိသည်။
မကြာမီကာလအတွင်း မြန်မာပြည်သူများ အသုံးပြုမှု များပြားလာသော တစ်တော့တွင် ဗီဒီယိုဖိုင်များဖြင့် အမုန်းစကား ပြောဆိုလျက်ရှိသည်။ ဆိုရှယ်မီဒီယာများတွင် စစ်ကောင်စီထောက်ခံသူများ ဖြန့်ဝေနေသော အမုန်းစကားများကို လေ့လာစောင့်ကြည့်နေသည့် ဗမာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ၏ အစီရင်ခံစာများအရ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှ ၂၀၂၄ စက်တင်ဘာလ အထိ အမုန်းစကား ၃၀၀၀ ကျော်အား လေ့လာတွေ့ရှိခဲ့သည်။
အဆိုပါပမာဏသည် ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအမုန်းစကားများအနက် တစ်စိတ်တစ်ပိုင်းသာ ရှိသေးသည်။ BHRN ၏ လေ့လာစောင့်ကြည့်မှုနယ်ပယ်အပြင်ဘက်တွင် ပျံ့နှံ့နေသော အမုန်းစကားများလည်း ရှိနေပါသည်။
” Dehumanization လူကို တိရစ္ဆာန်နှင့် ခိုင်းနှိုင်းသော အမုန်းစကားများ “
အမုန်းစကားအမျိုးအစားများစွာရှိသည့်အနက် အပြစ်သားအဖြစ်ပုံဖော်ခြင်း၊ နိုင့်ထက်စီးနင်းပြောဆိုခြင်း၊ လူအဖြစ်မှ နှိမ့်ချဆက်ဆံခြင်း၊ ဆူပူအကြမ်းဖက်မှုကို အားပေးခြင်း၊ ခြိမ်းခြောက်ပြောဆိုခြင်း၊ အကြမ်းဖက်မှုနှင့် အမုန်းစကား၏ နောက်ဆက်တွဲကြောင့် ပြစ်မှုကျူးလွန်သော လုပ်ရပ်များကို ဂုဏ်ယူစရာအဖြစ် သတ်မှတ်ခြင်း စသည့် အမုန်းစကား ခြောက်မျိုးသည် အလွန်အန္တရာယ်များသည်။
စစ်ကောင်စီထောက်ခံသူများ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက လူကို လူအဖြစ်မှ နှိမ့်ချဆက်ဆံပြောဆိုသော dehumanization ဖြစ်သည့် အမုန်းစကားများကို အများဆုံးဖြန့်ဝေရာ နေရာဖြစ်သည်။
စစ်ကောင်စီသည် “Us and Them” ဆိုသည့် ခွဲခြားမှုအတိုင်း စစ်တပ်မဟုတ်သော အဖွဲ့အစည်းနှင့် အဝန်းအဝိုင်းကို အလွန် အမင်းဖိနှိပ် ခွဲခြားခဲ့သလို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကလည်း ဤနည်းအတိုင်း ပြုလုပ်နေကြောင်း တွေ့ရှိရသည်။
စစ်ကောင်စီကို တော်လှန်နေသော အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)၊ ကိုးကန့်တပ်ဖွဲ့(MNDAA)၊ အာရက္ခတပ်တော်(AA) စသည့် ဘက်မတူသော အင်အားစုများကို လူ့အဖြစ်မှ နှိမ့်ချပြောဆိုသော အမုန်းစကားများဖြင့် အများဆုံးတိုက်ခိုက်လာကြသည်။
၂၀၂၄ ဇူလိုင်လတွင် စစ်ကိုင်းတိုင်း၊ ဘုတလင်တိုက်ပွဲ၌ သေဆုံးခဲ့သော PDFများ၏ ဓာတ်ပုံကို စစ်တပ်ဝါဒဖြန့် “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က “ခွေးပဒပ်တွေ” ဟု အမုန်းစကားသုံးနှုန်း၍ ဖြန့်ဝေထားသည်။ သေဆုံးခဲ့သော PDF များကို တိရစ္ဆာန်နဲ့ ခိုင်းနှိုင်း၍ လူအဖြစ်မှ နှိမ့်ချပြီး အမုန်းစကား ပြောဆိုထားခြင်းဖြစ်သည်။
စစ်ကောင်စီက လားရှိုးမြို့အား နယ်မြေစိုးမိုးမှု လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် MNDAA တပ်ဖွဲ့ကို ဝါဒဖြန့် “Ka Ka Han” တယ်လီဂရမ်ချန်နယ်က “ကိုးကန့် ခွေးမိစ္ဆာများ” ဟူ၍ အမုန်းစကား ဖြန့်ဝေခဲ့သည်။
“Doror Waddy Media” ဆိုသည့် သတင်းမီဒီယာအမည်ခံ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ကလည်း အောက် တိုဘာလတွင် အေအေတပ်ဖွဲ့ကို “ခဲဝါ” ဟူသည့် စကားလုံး သုံးစွဲ၍ အမုန်းစကားဖြန့်ဝေထားသည်။ ရခိုင်ဘာသာစကားတွင် ခွေးအ,ကို “ခဲဝါ” ဟု ခေါ် ဝေါ်လေ့ရှိသည်။ အခြားသော စစ်တပ် ဝါဒဖြန့်ချန်နယ်များကလည်း အေအေအဖွဲ့ကို “ခဲဝါ” ဟူ၍ ပြောဆိုနေကြသည်။
ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များသည် စစ်တပ်ကို ဆန့်ကျင်နေသော အင်အားစုများကို နေ့စဉ် လူအဖြစ်မှ နှိမ့်ချဆက်ဆံခေါ် ဝေါ်သော အမုန်းစကား ပြောဆိုနေကြသည်။
“ အပြစ်သားအဖြစ် စွပ်စွဲ ပုံဖော်သော အမုန်းစကား”
စစ်တပ်ထောက်ခံသူများသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များကို နိုင်ငံအတွင်း မငြိမ်းချမ်းမှုကို ဖန်တီးသူများဟူ၍ အပြစ်သားအဖြစ် ပုံဖော်ထားသော အမုန်းစကားများ မကြာခဏ ရေးသားဖြန့်ဝေလေ့ရှိသည်။
၂၀၂၄ စက်တင်ဘာ နှစ်ရက်တွင် ပြည်မြို့ ၊ ဝက်ထီးကန်ကျေးရွာရှိ ကန်ဖျားမဟာစည်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလ အိပ်ရာထဲ၌ အသတ်ခံခဲ့ရသည်။ တရားခံကို မသိရသေးချိန်တွင် စစ်တပ်ထောက်ခံသော “နောင်ရိုး” တယ်လီဂရမ်ချန်နယ်နှင့် အခြားသော ဝါဒဖြန့်ချန်နယ်များစွာက ဆရာတော်ကို PDF တပ်ဖွဲ့ဝင်များ သတ်ခြင်းဖြစ်ကြောင်း “ အမျိုးဘာသာ သာသနာကို ဖျက်ဆီးသည့်” အပြစ်သား အဖြစ် ပုံဖော်ရေးသားသော အမုန်းစကားဖြန့်ဝေခဲ့သည်။
မြေလတ်အသံသတင်းဌာနက ၂၀၂၄ စက်တင်ဘာ ခြောက်ရက်တွင် ဆရာတော်ကို သတ်ခဲ့သူသည် ကန်ဖျားမဟာစည်ကျောင်းတွင် မကြာခဏ ဘုန်းကြီးလာဝတ်လေ့ရှိသော ဝက်ထီးကန်မြို့နေ အသက် ၅၀ ကျော်အရွယ် ဦးကျော်ဦးဖြစ်ကြောင်း သတင်းရေးသားခဲ့သည်။
ဆရာတော်ကို သတ်ခဲ့သူ ဖမ်းမမိသေးချိန်တွင် စစ်တပ်ဝါဒဖြန့်သူများက အမုန်းစကားဖြင့် ဦးစွာ ပြောဆိုဖြန့်ဝေခဲ့သော သာဓက ရှိခဲ့သည်။
ထို့ပြင် ၂၀၂၄ ဇွန်လတွင် အမျိုးသားရေးအစွန်းရောက် နောင်တော်လေး၏ “Myanmar National Post” တယ်လီဂရမ်ချန် နယ်က “ တိုင်းဖျက်၊ ပြည်ဖျက်လုပ်ရုံနဲ့ အားမရလို့ သံဃာတော်တွေကိုပါ သတ်ပြီး သာသနာတော်ကို ဖျက်ဖို့ ကျန်နေတဲ့ ပဒက်မိစ္ဆာတွေကို ဒီတိုင်း လွှတ်ထားကြတော့မှာလားဗျာ” ဆိုသည့် ကာတွန်းသရုပ်ဖော်ပုံဖြင့် အမုန်းစကား ဖြန့်ဝေခဲ့သည်။
စစ်ကောင်စီတပ်က ပြည်သူများနေထိုင်ရာ မြို့ရွာရပ်ကွက်များပေါ်သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများစွာ သေ ဆုံးလျက်ရှိသည်။ အရပ်သားပြည်သူသေဆုံးရမှုများသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များကြောင့်ဟု အပြစ်ပုံချ၍ အမုန်းစကားပြောဆိုခြင်းကိုလည်း ဝါဒဖြန့်သူများက လုပ်ဆောင်နေသည်။
” အမုန်းစကားကြောင့် တိုင်းရင်းသားလူမျိုးစုများကြားက အကွဲအပြဲ “
စစ်ကောင်စီတပ်နှင့် တပ်ထောက်ခံသူများသည် ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအကြား အမုန်းစကားများဖြင့် သွေးထိုးမှုများကို တစိုက်မတ်မတ်လုပ်ဆောင်လေ့ရှိသည်။
လက်နက်ကိုင်အင်အားစု တစ်ခုနှင့် တစ်ခုကြား၊ တိုင်းရင်းသားလူမျိုးစု တစ်စုနှင့် တစ်စုကြား၊ မတူကွဲပြား သော ဘာသာရေး တစ်ခုနှင့် တစ်ခုကြားတွင် အမုန်းစကားများ ပြောဆို၍ သွေးထိုးမှုများကို ဝါဒဖြန့်သူများက တွင်တွင် ကျယ်ကျယ် လုပ်ဆောင်လာသည်။
၂၀၂၃ မတ်လတွင် ရှမ်းပြည်နယ်နှင့် ကရင်နီ(ကယား)ပြည်နယ် နယ်စပ်၊ ပင်လောင်းမြို့နယ်၊ နမ်းနိမ်ရွာရှိ ဘုန်းကြီးကျောင်း၌ သံဃာတော် သုံးပါးအပါအဝင် လူ ၃၀ကျော်ကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း တော်လှန် ရေးအင်အားစုများဘက်က အထောက်အထားများနှင့် ထုတ်ပြန်ခဲ့သည်။
ကရင်နီနှင့် ရှမ်းတောင် ဒေသကာကွယ်ရေးတပ်ဖွဲ့များပါဝင်သောအဖွဲ့က စစ်ကောင်စီတပ်စွဲခဲ့သော ပင်းလောင်းမြို့နယ် နမ်းနိမ်ရွာအား နယ်မြေရှင်း လင်းစဉ် ရွာဘုန်းကြီးကျောင်းဝင်းအတွင်း အသတ်ခံထားရသူများကို တွေ့ခဲ့သည်။
စစ်တပ်ထောက်ခံ ဝါဒဖြန်တယ်လီဂရမ်ချန်နယ်များက နမ်းနိမ်ရွာရှိ လူအစုလိုက် အပြုံလိုက်အသတ်ခံရမှုကို KNDF,PDF နှင့် တော်လှန်ရေးတပ်ဖွဲ့များ ကျူးလွန်ခဲ့သည်ဟု အပြစ်သားကဲ့သို့ ပုံဖော်သော အမုန်းစကားများ ဖြန့်ဝေခဲ့သည်။
“ စစ်ကောင်စီဝါဒဖြန့်ချယ်နယ်တွေက ခွဲခြားဆက်ဆံမှုတွေရှိလာအောင် အမုန်းစကားဖြန့်လေ့ရှိတယ်။ အဓိက လူမျိုးရေး၊ ဘာရေးပေါ့။ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ ဖြန့်တာပိုတွေ့ရတယ်။ ရှမ်းနဲ့ ကရင်နီနယ်စပ်က ကရင်နီလူမျိုးနဲ့ ပအို့ဝ်လူမျိုးကြား လူမျိုးရေးပဋိပက္ခဖြစ်အောင် နှုတ်အားဖြင့်ရော၊ စာနဲ့ရော အမုန်းစကား ဖြန့်ဝေတာတွေရှိတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ပင်လောင်း နမ်းနိမ်ရွာမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရ မှုမှာဆိုရင် ကရင်နီက တော်လှန်ရေးအင်အားစုတွေရဲ့ လက်ချက်ဖြစ်တယ်ဆိုပြီး ပအို့ဝ်(PNO)က ဦးဆောင်ပြီး တောင်ကြီး မှာ ကရင်နီကိုဆန့်ကျင်တဲ့ ဆောင်ပုဒ်တွေ ကိုင်ပြီး ဆန္ဒပြ ခဲ့ကြဖူးတယ် ”ဟု ဆိုရှယ်မီဒီယာများပေါ်ရှိ အမုန်းစကားများအကြောင်း လေ့လာစောင့်ကြည့်နေသော သျှမ်းသံတော်ဆင့် သတင်းဌာန၏ အချက်အလက်စစ်ဆေးသူ စိုင်းဟန်လင်းက ပြောသည်။
ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များသည် ရှမ်းနှင့် ပလောင်လူမျိုးများအကြား၊ ပလောင် နှင့် ကချင်လူမျိုးများအကြား၊ ကချင်နှင့် ရှမ်းလူမျိုးများအကြား၊ ကိုးကန့်နှင့် ရှမ်းလူမျိုးများအကြား စသည့် တိုင်းရင်းသား လူမျိုးစုများကြား၌ လူမျိုးရေးပဋိပက္ခများအသွင် ဖြစ်ပေါ်လာစေရန် အမုန်းစကားများ ပြောဆိုမှုများ ရှိနေသည်။
” ဘာသာရေးပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်ခဲ့သော စစ်အုပ်စု “
ကိုးကွယ်ရာဘာသာ နှင့် လူမျိုး မတူမှုကြောင့် ထိလွယ်ရှလွယ်ဖြစ်နေသော ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားစေရန် စစ်တပ်ထောက်ခံသူများ သွေးထိုးလှုံ့ဆော်မှုများ လုပ်ခဲ့ဖူးသည်။
၂၀၂၄ခုနှစ် မတ်လအတွင်း အာရက္ခတပ်တော်(AA)က စစ်တပ်၏ စခန်းများကို တိုက်ခိုက်သိမ်းပိုက်ချိန်တွင် မတ် ၁၉ရက်၌ ဘူးသီးတောင်မြို့ရှိ ရိုဟင်ဂျာလူမျိုးများကို စစ်တပ်က ဖိအားပေး၍ AAအဖွဲ့ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခဲ့သည်။
မတ် ၂၁ရက်တွင်လည်း အင်အားရာနှင့်ချီသော ရိုဟင်ဂျာလူမျိုးများသည် စစ်တွေမြို့အတွင်း လှည့်လည်၍ AA အလိုမ ရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ ၂၀၂၄ခုနှစ် ဧပြီလ၌ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရိုဟင်ဂျာလူမျိုး ၂၀၀ခန့်က AA အလိုမရှိကြောင်း ထပ်မံ ဆန္ဒပြခဲ့ကြသည်။ စစ်အုပ်ချုပ်ရေးကြောင့် လူစုလူဝေးလုပ်ခွင့် မရှိချိန်တွင် ဆန္ဒပြပွဲကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးခဲ့သည်။
တချိန်တည်းတွင် စစ်တပ်ထောက်ခံ ဝါဒဖြန့် ယန္တရားကလည်း ဆိုရှယ်မီဒီယာများ၌ AA က ရိုဟင်ဂျာလူမျိုးများကို သတ်ဖြတ်မှုများ ရှိနေကြောင်း အမုန်းစကားများဖြင့် သွေးထိုးခဲ့သည်။ စစ်ကောင်စီသည် ရခိုင်ပြည်နယ်ကဲ့သို့ လူမျိုးရေး၊ ဘာသာရေးအထိမခံသော ဒေသတွင် ပဋိပက္ခဖြစ်လာအောင် အကွက်ကျကျ စီစဉ်၍ စစ်ပွဲအရှိန် ရပ်တန့်စေရန် စီစဉ်ခဲ့ဖူးသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ အမုန်းစကားများကြောင့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ၊ အကြမ်းဖက်မှုများဖြစ်လာ နိုင်သည်။ ထိုမှတဆင့် စစ်ပွဲတစ်ခုအသွင်သို့ ကူးပြောင်းသွားနိုင်သဖြင့် သတိကြီးကြီးထားရန် လိုအပ်သည်။
” အမုန်းစကားရဲ့ အန္တရာယ် “
ကမ္ဘာပေါ်တွင် စက်ဆုပ်ရွံရှာစရာအကောင်းဆုံးပုဂ္ဂိုလ်များထဲကတစ်ဦးဖြစ်သူ ဟစ်တလာသည် ငယ်စဉ်ထဲက ဂျူးလူမျိုးများ ကို မုန်းတီးကြောင်း အမုန်းစကားများ အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ နောင်တချိန် ဟစ်တလာ လက်ထဲ အာဏာရလာချိန်တွင် ဂျူးလူမျိုးများကို အစုလိုက် အပြုံလိုက် သတ်ခဲ့သော Holocaust (လူအမြောက်အမြားသတ်ဖြတ်မှု)ကို ကျူးလွန်ခဲ့သည်။
လူတစ်ဦးတစ်ယောက်ချင်းနှင့်ဆိုင်သော အမုန်းထက် အုပ်စုလိုက် ပတ်သက်သော အမုန်းရာဇဝတ်မှုသည် ပိုကြောက်စရာ ကောင်းသည်။ အုပ်စုလိုက် အမုန်းစကားများ ပြောဆိုကြသောအခါ အမုန်းစကားသည် စစ်ပွဲအသွင်သို့ ပြောင်းလဲသွားနိုင်သည်။
“အမုန်းစကားက အရမ်းကို အန္တရာယ်ကြီးတယ်။ ကျတော်တို့ လူ့အဖွဲ့အစည်းမှာရော နိုင်ငံရေးအစုအဖွဲ့တွေမှာရော အမုန်း စကား ပြောဆိုခြင်း၊ ဖြန့်ချိခြင်းအားဖြင့် နက်နက်ရှိုင်းရှိုင်း ကွဲပြဲမှုတွေ ဖြစ်ပေါ်စေခဲ့တယ်။ ဒီလိုအကွဲအပြဲတွေ များလေလေ ကျတော်တို့ တိုင်းရင်းသားတွေ မစည်းလုံးနိုင်လေလေပဲပေါ့။ အမုန်းစကားတွေကြောင့် လူမျိုးစု တစ်စုနဲ့ တစ်စုကြား ပြဿနာတွေ၊ ဘာသာရေးတစ်ခုနဲ့ တစ်ခုကြား ပြဿနာတွေဖြစ်ပေါ်စေနိုင်တယ်” ဟု သျှမ်းသံတော်ဆင့်က စိုင်းဟန်လင်းက အမုန်းစကား၏ အန္တရာယ်ရှိမှုအကြောင်း သုံးသပ်ပြောဆိုသည်။
ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် အမုန်းစကားအသုံးအနှုန်းများ တွေ့မြင်လျှင် လျစ်လျူရှုခြင်း၊ Report ထုခြင်းများ ပြုလုပ်သင့်သည်။ အမုန်းစကားတင်ထားသော ပို့စ်အောက်တွင် မှတ်ချက်(Comment) ရေးသားခြင်း၊ ပြန်လည်မျှဝေခြင်း (Share) မပြုလုပ်ရန် သတိပြုသင့်သည်။
“အမုန်းစကားတွေကို ဆိုရှယ်မီဒီယာကနေ တွင်တွင်ကျယ်ကျယ်ဖြန့်နေတာကို နေ့စဉ်နဲ့အမျှ ကြားနေရတဲ့အချိန်မှာ တဖြည်းဖြည်း အမှန်လို့ ထင်သွားတတ်တယ်။ ဆိုရှယ်မီဒီယာက အမုန်းစကားတွေကို မကြည့်မိဖို့လိုတယ်။ Block ဖို့လို တယ်။ သတိထားရမှာက ဒီလို အမုန်းစကားတွေကို တုန့်ပြန်လိုက်ရင်လည်း လူတွေ ပိုသိလာအောင် ကြော်ငြာပေးသလို ဖြစ်သွားနိုင်တယ်။ သူတို့တွေကို တုန့်ပြန်လိုက်ရင် သူတို့က ပိုသဘောကျတယ်” ဟု ဗမာ့လူ့အခွင့်အရေးကွန်ရက်(BHRN) အမှုဆောင်ဒါရိုက်တာ ဦးကျော်ဝင်းက ဆိုရှယ်မီဒီယာများရှိ အမုန်းစကားများနှင့် ပတ်သက်၍ ပြောဆိုသည်။
အမုန်းစကားသည် တစ်ဖက်သားကို ရွံရှာစက်ဆုတ် မနှစ်မြို့ရာမှ ပေါ်ထွက်လာသော ခံစားချက်ကို ထုတ်ဖော်ပြော ဆိုလိုက်ခြင်းဖြစ်သည်။ ထိုအမုန်းစကားကို ထုထည်ကြီးမားလာအောင် ပုံသွင်းပြောဆိုမှုများကြောင့် ဒေသတွင်း အတူယှဉ်တွဲ နေထိုင်သော လူအချင်းချင်းကြား ယုံကြည်မှုများ ပျက်ပြားစေနိုင်သည်။
အမုန်းစကားသည် သံသယများ ကြီးထွားစေသော သဘောရှိသည့်အပြင် ပဋိပက္ခဆီသို့ ဦးတည်စေနိုင်သည်။
အမုန်းစကားများကို စစ်ကောင်စီထောက်ခံသူများက လူမှုကွန်ရက်များ အသုံးချ၍ တော်လှန်ရေးအင်အားစုများ စိုးမိုးထားသော ဒေသများတွင် ပိုမိုဖြန့်ဝေလျက်ရှိသည်။
စမတ်ဖုန်းတစ်လုံးရှိရုံနှင့် အမုန်းစကားများကို ကမ္ဘာအနှံ့ ဖြန့်ဝေလို့ရနိုင်သည်။
မျက်မှောက်ခေတ် လူတိုင်းနီးပါး ကိုင်ဆောင်ထားသော စမတ်ဖုန်းရှိ ဆိုရှယ်မီဒီယာများတွင် အမုန်းစကား ပြောဆိုမှုများ ကို အလွယ်တကူတွေ့မြင်နိုင်သည်။ စစ်ပွဲများ ဖြစ်နေသော မြန်မာနိုင်ငံတွင် အမုန်းစကား၏ အန္တရာယ် အထူးသတိပြုသင့်သည်။
အမုန်းစကားတစ်ခွန်းတစ်လေသည် မီးခြစ်ဆံ၏ မီးတောက်ကဲ့သို့ သေးငယ်သည်ဟု ထင်ရသော်လည်း ကောက်ရိုးပုံပေါ်ကျရင် တရှိန်ထိုးလောင်မြိုက်နိုင်ပြီး ပြာပုံအတိဖြစ်စေ နိုင်ပေသည်။