By Garcia Ni / MPA (ဆောင်းပါး)
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာ။ လှိုက်လှဲစွာကြိုဆိုပါ၏ ဆိုသည့်ဆိုင်းဘုတ်မှ ဆိုင်ကယ်ဖြင့် မိနစ်ဝက်ခန့်ကျော်လွန်၍ စီးပြီးသောအခါ တိုင်တွေမီးလောင်ပြာကျ၍ ရှုံ့တွမဲညစ်နေသည့်သွပ်များ ပြန့်ကျဲနေသည့် ရွာအဝင်ဇရပ်ပျက်တစ်ခုကိုတွေ့ရသည်။
ထိုဇရပ်တွင် လူလေးယောက်ကို စစ်ကောင်စီတပ်သားများက သေနတ်ဖြင့်ပစ်၍ ဓာတ်ဆီများဖြင့်လောင်းကာ မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ရသည်။ အိမ်ခြေတစ်ရာ့သုံးဆယ်ခန့်ရှိသော ကျားခဲရွာသည် လူသံတိတ်ဆိတ်၍ ပကတိသင်္ချိုင်းမြေအလား ခြောက်ခြားစရာကောင်းနေခဲ့သည်။
ဆိုင်ကယ်ကိုဆက်မောင်းလာသောအခါ လမ်းချိုးကွေ့တစ်ခုတွင် ဘေးဘီဝဲယာကိုဂရုတစိုက်ကြည့်ကာ လူတစ်ယောက်ကုပ်ချောင်းချောင်းဖြင့် ရွာထဲမှပြန်လည်ထွက်ခွာသွားသည်ကိုတွေ့ရသည်။ တစ်ရွာလုံးမှာ ကြောက်စိတ်ဖြင့် တောတိုက်များအတွင်း ထွက်ပြေးနေထိုင်နေကြရသည်ဟုသိရသည်။
ကျေးရွာလူကြီးအိမ်သို့ရောက်သောအခါ အိမ်အောက်တွင် ကျေးရွာလူကြီးနှင့် လူငယ်နှစ်ဦးထိုင်နေသည်ကိုတွေ့ရသည်။ သူတို့သည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာ၂၆ရက်က ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကို စားမြုံ့ပြန်၍ ပြောနေကြခြင်းဖြစ်လေသည်။
“ အရင်ကလည်း ထီးလင်းစစ်ကြောင်းကထွက်လာလိုက်၊ ပြန်ဝင်သွားလိုက်ဆိုတော့ လာလိမ့်မယ်လို့လည်း မထင်ကြဘူးလေ” ဟု ကျေးရွာလူကြီးကပြောသည်။
အောက်တိုဘာ ၂၅ရက်၊ ည ၇နာရီခန့်တွင် ထီးလင်းမြို့မှစစ်ကောင်စီသည် အင်အား၈၀ ကျော်ဖြင့်စစ်ကြောင်းထွက်လာကြောင်းသိရသည်။ ထိုစစ်ကြောင်းမှာ မည်သည့်အရပ်သို့ ထွက်ခွာမည်ကိုမသိရှိရသေးသည့်အတွက် ထီးလင်းမြို့၊ အရှေ့တောင်ဘက် ငါမိုင်ခန့်အကွာရှိ ကျားခဲကျေးရွာမှ ပြည်သူများအနေဖြင့် ယခင်ကကဲ့သို့ မြို့တွင်းပြန်လည်ဝင်ရောက်သွားလိမ့်မည်ဟု ထင်နေခဲ့ကြသည်။
ထိုနေ့တွင် ကျားခဲကျေးရွာ၏ ရပ်ရွာလုံခြုံရေးကင်းအတွက် ကိုမိုး(အမည်လွှဲ)လည်း ကင်းတာဝန်ကျသည်။ ခေတ်အခြေအနေမကောင်းသည့်အတွက် ကျားခဲရွာအထွက်ဇရပ်၌ ရွာရှိလူငယ်များက နေ့စဥ်ညတိုင်း အလှည့်ကျကင်းစောင့်နေကြရခြင်း ဖြစ်လေသည်။
“ အဲ့ဒီနေ့က ကင်းတာဝန်ကျတာက သုံးယောက်တည်းဗျ။ ကျန်တဲ့နှစ်ယောက်က ထီးလင်းကလည်းစစ်ကြောင်းထွက်တယ်ဆိုတော့ ကူစောင့်ပေးမယ်ဆိုပြီးလာစောင့်ကြတာ” ဟု ကိုမိုးကပြောသည်။
ကိုမိုးတို့သည် တစ်ညလုံးမအိပ်ဘဲ စကားတပြောပြောဖြင့်ကင်းစောင့်နေကြသည်။ တစ်ရွာလုံးအိပ်မောကျနေချိန်တွင် ဇရပ်ဘေးရှိ ရေမြောင်းတံတားလေးမှ ရေစီးကျသံသည်သာ ကိုမိုးတို့အတွက်အဖော်ပြုစရာဖြစ်ခဲ့သည်။
ထိုသို့ဖြင့် ညဆယ့်တစ်နာရီကျော်ကျော်တွင် လက်နက်ကြီးသံတစ်ချက်ကို ကိုမိုးခပ်သဲ့သဲ့ကြားလိုက်ရသည်။ သို့သော် မည်သည့်ဘက်က ပစ်ခတ်သည့်အသံဆိုသည်ကိုမူ ကိုမိုးမခန့်မှန်းနိုင်၊ ရေစီးကျနေသည့်အသံကြောင့် ခပ်ဝေးဝေးကဖြစ်လိမ့်မည်ဟု သူတွေးနေခဲ့သည်။ ထို့နောက်တစ်နာရီခန့်အကြာ ညဆယ့်နှစ်နာရီကျော်အချိန်၌ လက်နက်ကြီးသံတစ်ချက်ထပ်မံကြားလိုက်ကြရပြန်သည်။
“ အဲ့ဒီအချိန်မှာ ကျတော်လည်းအိမ်ပြန်ပြီး တစ်ခုခုဆိုရှောင်ဖို့ အထုပ်အပိုးတွေ ပြင်ဆင်စရာရှိတာပြင်ထားဖို့ သွားပြောမလို့လုပ်သေးတယ်။ အားလုံးကလည်း မပြောချေပါနဲ့၊ မလာနိုင်လောက်ပါဘူး။ ညကြီးရွာထဲရုတ်ရုတ်သဲသဲတွေဖြစ်လိမ့်မယ်ပြောတာနဲ့ မပြောဖြစ်တော့တာ” ဟု ကိုမိုးကပြောသည်။
ဤသို့ဖြင့် ကိုမိုးတို့သည် စကားပြောလိုက်၊ ဖုန်းကြည့်လိုက်ဖြင့် တဖြည်းဖြည်းပင်ပန်းလာကြသည်။ အပြင်ဘက်တွင်လည်း မိုးတဖွဲဖွဲကျနေပြီး တလောကလုံး မှောင်မိုက်၍နေသည်။ တစ်ညလုံးမအိပ်ခဲ့သည့်ဒဏ်ဖြင့် ကိုမိုးတို့လည်း တဖြည်းဖြည်းငိုက်မှေးလာကြသည်။
“ မိုးလည်း လင်းတော့မှာပါလေဆိုပြီး ကျတော်တို့လေးယောက်က တောင်မြောက်တန်းစီပြီး မှိန်းနေကြတာဗျ၊ တစ်ယောက်ကတော့ ကျတော်တို့ခြေရင်းမှာ အရှေ့အနောက်လှဲအိပ်နေတာ” ဟု ကိုမိုးကပြောသည်။
မနက်သုံးနာရီ၅၀မိနစ်ခန့်အချိန်၊ ကိုမိုးသည် ရုတ်တရက်လူသံကြား၍ စစ်ဆေးရန် အိပ်ရာမှထဟန်ပြင်သည်။ ထိုအချိန် ဇရပ်ခြေတင်ခုံသို့ လူတစ်ယောက်တက်လာပြီး `ဟိတ်ကောင်မပြေးနှင့်´ဟုဆိုကာ သေနတ်ဖြင့်ချိန်လိုက်သည်။
ကိုမိုးရုတ်တရက်လန့်ဖြတ်သွားကာ ဇရပ်တောင်ဘက်လေသာပေါက်မှ လှိမ့်ချ၍ လယ်ကွင်းဘေးမှ အရှေ့ဘက်သို့ ထွက်ပြေးသည်။ အနောက်ဘက်မှ သေနတ်ကိုဘောက်လိုက်ဆွဲ၍ ကိုမိုးအားလိုက်ပစ်နေကြသည်။ ၄၀မမ လက်နက်ကြီးဖြင့် လိုက်လံပစ်ခတ်သည်ကိုလည်း သူကြားရသည်။ သို့သော် ကိုမိုးသည်ဘာကိုမှ ဂရုမစိုက်အား၊ ကြောက်စိတ်ဖြင့်မရပ်မနား ထွက်ပြေးနေခဲ့သည်။
သူခုန်ဆင်းချိန်၌ အနောက်ဘက်တွင်အိပ်နေသည့် သူငယ်ချင်းဖြစ်သူသည်လည်း ခုန်ဆင်း၍လယ်ကွင်းထဲပြေးသည့်အသံကိုကြားလိုက်ရသည်။ သို့သော် သူ့အနောက်တွင် မည်သို့ဖြစ်ကျန်နေခဲ့သည်ကိုမူ သူမသိတော့။ အမှောင်ထဲသို့သာ တိုးဝင်ထွက်ပြေးနေမိလေသည်။
“ တောထဲရောက်မှ လက်ကနာလာပြီးသွေးစီးကျလာတာကို သိတာ။ ဒဏ်ရာကမများပါဘူး။ လက်ခုံကိုရှပ်ထိသွားတာ” ဟု ကြောက်စိတ်မပြေသေးသည့်ဟန်ဖြင့် ကိုမိုးက ပတ်တီးစည်းထားသည့် သူ့ဘယ်ဘက်လက်ကိုမြှောက်ပြသည်။ သူ့မျက်လုံးများကမူ ယခုအထိဂနာမငြိမ်သေး။
ကိုမိုးထွက်ပြေးချိန်၌ ဇရပ်အတွင်းကျန်နေခဲ့သူများမှာ ကိုမျိုးကျော်၊ ကိုသန်းစိန်မင်း၊ ကိုဝင်းဆန်းဦးနှင့် ကိုနေဆန်းဝင်းတို့ဖြစ်ကြောင်းသိရသည်။
“ တစ်ရွာလုံးကလည်း သေနတ်သံကြားမှသာ ရွာထဲဝင်တာသိတာ၊ မိုးကလည်းမှောင်တုန်းကိုး၊ ကျတော်တို့လည်း အဲ့တော့မှ ထွက်ပြေးနိုင်တာ။ ဒါပေမဲ့ ရွာအနောက်ပိုင်းကတော့ မပြေးနိုင်ဘူး၊ အကုန်ဝိုင်းခံထားရပြီးပြီ။ ရွာအရှေ့ပိုင်းလောက်သာ ထွက်ပြေးနိုင်တာ” ဟု ကျားခဲရွာလူကြီးက ပြောသည်။
ထိုသို့ရွာသူရွာသားများထွက်ပြေးစဥ် ကျားခဲရွာအနောက်ပိုင်းမှ ကိုမင်းသူသည် စစ်ကောင်စီတပ်သားများနှင့်တွေ့ကာ ဖမ်းဆီးခံလိုက်ရသည်ဟုဆိုသည်။ စစ်ကောင်စီတပ်သားများသည် ၎င်းတို့ဝိုင်းမိထားသည့် ရွာသူရွာသားများအား နေအိမ်အတွင်းမှလုံးဝမထွက်ရန်နှင့် လမ်းပေါ်ထွက်ပါကပစ်ခတ်မည်ဖြစ်ကြောင်း ပြောဆိုကြိမ်းမောင်းကြသည်။
ထို့နောက် စစ်ကောင်စီတပ်သားများသည် ကျေးရွာအတွင်းရှိစျေးဆိုင်များမှ စျေးပစ္စည်းများကို သိမ်းယူသယ်ဆောင်ကြသည်။ ယင်းအပြင်နေအိမ်များတွင် ကျန်ရှိနေခဲ့သည့် ပြည်သူများ၏ ဆန်၊ စပါး၊ ဆီ၊ ဆား၊ ငပိနှင့် အဖိုးတန်လက်ဝတ်ပစ္စည်းများကိုလည်း တစ်အိမ်တက်ဆင်း စစ်ကောင်စီတပ်သားများက ယူဆောင်ကြလေသည်။
” ရွာထဲက ကလေးနှစ်ယောက်ကိုဖမ်းပြီး ရွာထဲမှာရှိတဲ့စျေးဆိုင်တွေကို လိုက်ပြခိုင်းတယ်လို့ပြောတယ်။ အဲ့ဒီကလေးနှစ်ယောက်ပြောတာကတော့ ကိုမင်းသူကိုဖမ်းမိပြီး ရိုက်နှက်မေးမြန်းတာတွေလုပ်တယ်လို့ပြောတယ်။ ပြီးတော့မှ ဇရပ်ပေါ်မှာကျန်ခဲ့တဲ့ သုံးယောက်ရော၊ ကိုမင်းသူရောကိုတစ်ယောက်စီ ပစ်သတ်တာလို့ပြောတယ် “ ဟု ကျားခဲရွာလူကြီးနှင့်အတူ ထိုင်နေသည့်အသက်၂၀အရွယ် ကျားခဲရွာလူငယ်တစ်ဦးက ၎င်းသိရှိထားသည်များကို ဝင်ပြောသည်။
ကျားခဲရွာသားလေးယောက်အား ပစ်သတ်ပြီးနောက် အလောင်းများကို ဇရပ်ပေါ်တင်ကာ စစ်ကောင်စီတပ်သားများသည် ဓာတ်ဆီဆိုင်များမှ ယူဆောင်လာသည့် ဓာတ်ဆီများဖြင့်လောင်း၍ ဇရပ်နှင့်အတူမီးရှို့ပစ်လိုက်ကြသည်။
ထို့နောက် နံနက် ငါးနာရီခန့်တွင် စစ်ကောင်စီတပ်သားများသည် ကျားခဲရွာမှ အနောက်ဘက် သရခါရွာဘက်သို့ ဆုတ်ခွာသွားကြသည်။ စစ်ကောင်စီစစ်ကြောင်းရှင်းချိန်၌ ကျေးရွာလူကြီးနှင့်ကျေးရွာလုံခြုံရေးအဖွဲ့များသွားရောက်စစ်ဆေးသောအခါ မီးလောင်ပြာကျနေသည့် ဇရပ်အတွင်း မီကျွမ်းနေသည့်အလောင်းလေးလောင်းကို တွေ့ရှိရလေသည်။
ယင်းအလောင်းများမှာ ကိုမျိုးကျော်၊ ကိုသန်းစိန်မင်း၊ ကိုဝင်းဆန်းဦးနှင့် ကိုမင်းသူတို့၏အလောင်းများဖြစ်ကြောင်း အတည်ပြုချက်ရယူနိုင်ခဲ့သည်။ ယင်းနောက် ဇရပ်တောင်ဘက်အတောင်နှစ်ဆယ်ခန့်အကွာ လယ်ကွင်းထဲတွင် ပေါင်တစ်ဖက်ပွင့်ထွက်ဒဏ်ရာဖြင့် ကိုနေဆန်းဝင်း၏ ရုပ်အလောင်းကိုထပ်မံတွေ့ရှိခဲ့ရသည်။
“ စုစုပေါင်း ငါးယောက်အသတ်ခံရတယ်။ နှစ်ယောက်ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရတယ်ဗျ။ ရွာထဲတော့ ဘယ်သူမှမအိပ်ရဲသေးဘူး။ ပြန်ပြီးစစ်ကြောင်းထိုးမှာကိုလည်း ကြောက်နေကြတယ်။ နေ့လယ်နေ့ခင်းလောက်ပဲ တချို့ဝင်နေ၊ ညကျတောထဲပြန်အိပ်ပါ့” ဟု ကျေးရွာလူကြီးကပြောသည်။
အောက်တိုဘာ ၁၉ရက်နေ့ကလည်း ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၍ ပြည်သူ ခြောက်ဦးကို လူမဆန်စွာသတ်ဖြတ်ကာ ကိုယ်လက်အင်္ဂါများကိုဖြတ်တောက်ချိတ်ဆွဲထားခဲ့သည်။ ယင်းအပြင် နိုင်ငံအနှံ့ ပြည်သူများကိုပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများကိုလည်း စစ်ကောင်စီက နေ့စဥ်ကျူးလွန်လျက်ရှိသည်။ သို့သော် ကမ္ဘာကြီးမှာ မြန်မာ့အရေးလျစ်လျူရှုနေဆဲပင် ဖြစ်သည်။