By Hlaing / MPA (ဆောင်းပါး)
“ မုန်လိုင်ခက် (Mung Lai Hkyet)” ဟု ဆိုလိုက်သည်နှင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ကိုးရက်တွင် စစ်ကောင်စီတပ်က ဖျက်အားပြင်းဗုံးဖြင့် လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့မှုကြောင့် အသက် ၅ နှစ်အောက် ကလေးငယ် လေးဦးနှင့် အသက် ၁၆ နှစ်အောက် ကလေး ခုနှစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၂၉ ဦး သေဆုံးခဲ့ ပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့် ဖြစ်စဉ်ကို အမှတ်ရကြလိမ့်မည်ဖြစ်သည်။
အဆိုပါ မုန်လိုင်ခက်စစ်ရှောင်စခန်းမှာ ကချင်ပြည်နယ်၊ KIO/ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် နှစ်မိုင်ခန့်အကွာတွင်တည်ရှိသည့် စစ်ရှောင်စခန်းတစ်ခုဖြစ်ပြီး၊ ရာသီဥတု အေးစိမ့်စိမ့်နှင့် အလွန်တရာဆိတ်ငြိမ်သည့် နေရာတစ်ခုလည်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ကိုးရက်၊ ည ၁၁ နာရီခွဲ၌ လက်နက်ကြီးကျသံနှင့်အတူ လိုင်ဇာတစ်မြို့လုံးပင် တုန်ခါသွားခဲ့သည်။ နေအိမ်များရှိ ပြတင်းတံခါးပေါက်များ၊ တံခါးမကြီးတို့မှာ ဆယ်စက္ကန့်မျှကြာအောင် လှုပ်ခတ်ခဲ့သည်ဟု လိုင်ဇာဒေသခံများက ဆိုသည်။
“ အဲ့ဒီညတုန်းက လေယာဉ်သံမကြားမိဘူး။ လက်နက်ကြီးသံထင်တယ်။ ‘ဂျိန်း’ကနဲ အသံအကျယ်ကြီးကြားလိုက်ရတာပဲ၊ မီးလည်းပျက်သွားတယ်။ အဲ့ဒီတုန်းက စစ်တပ်စခန်းကုန်းတွေ မသိမ်းရသေးဘူး။ ခါတိုင်းလည်း လက်နက်ကြီးသံက ကြားနေကြဆိုတော့ ထူးထူးခြားခြားမဖြစ်လောက်ဘူးလို့ ထင်ခဲ့တာ ပြီးမှ ညတွင်းချင်းပဲ သတင်းတွေသိရတော့ တကယ့် ကမ္ဘာပျက်သလိုပဲ” ဟု လိုင်ဇာဒေသခံ အမျိုးသမီးတစ်ဦးက သူမတွေ့ကြုံခဲ့ရသည့် အခြေအနေများကို ပြောပြသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် မုန်လိုင်ခက်စစ်ရှောင်စခန်းတည်ရှိနေသည်မှာ နှစ်ပေါင်း ၄၀ ခန့် ကြာမြင့်နေပြီး အိမ်ထောင်စု ၁၆၈ စု၊ လူဦးရေ ကျား – ၄၃၄ ဦးနှင့် မ – ၄၂၁ ဦး၊ စုစုပေါင်း ၈၅၅ ဦး နေထိုင်ကြသည်။
အဆိုပါ ဖျက်အားပြင်းသည့် လက်နက်ကြီးအရှိန်ကြောင့် အလျား ပေ ၅၀၊ အနံ ပေ ၂၀ ခန့်ကျယ်ဝန်းသည့် ကျင်းကြီးတစ်ခုဖြစ်ပေါ်ခဲ့ပြီး၊ အနီးရှိ နေအိမ် ၁၅၀ ကျော်အပါအဝင် မူကြိုကျောင်းနှင့် ရပ်နားထားသည့် မြေတူးစက်များ၊ ကားများ အားလုံးပျက်စီးခဲ့သည်။
ယင်းဖြစ်စဥ်တွင် စစ်ကောင်စီဘက်က မည်သည့် လက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ကို သိရှိနိုင်ရန် KIA ဘက်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့တိုင် အဖြေရှာမရသေးဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
“ စုံစမ်းစစ်ဆေးမှုတွေတော့ လုပ်ခဲ့တယ်။ ဒါပေမဲ့ တိကျတဲ့အဖြေတော့ မရခဲ့ဘူး။ ဖြစ်နိုင်ချေတွေကို တွက်ချက်သုံးသပ်မှုတွေတော့ ရှိခဲ့တယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ မုန်လိုင်ခက်စစ်ရှောင်စခန်း ဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ နယ်စပ်ဒေသလုံခြုံရေးကို အရေးထားသည့်အတွက် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း လွတ်လပ်သည့်မီဒီယာများကို ဖြေကြားခဲ့သည်။
မုန်လိုင်ခက် စစ်ရှောင်စခန်းဖြစ်စဥ်သာမက သိသာထင်ရှားခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၁၇၁ဦး အသက်ဆုံးရှုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ဖြစ်စဥ်တွင်လည်း စစ်ကောင်စီတပ်က ဝန်ခံခဲ့ခြင်းမရှိပေ။
ထိုကဲ့သို့ မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုကြောင့် မိသားစုတစ်ခုတည်းမှ သားသမီးငါးယောက်ဆုံးရှုံးခဲ့ရသည့် မိဘနှစ်ပါး၊ လသားအရွယ်ကလေးငယ်လေးသာကျန်ရစ်ခဲ့သည့် မိသားစုအပါအဝင် အမိမဲ့၊ အဖမဲ့ ဆုံးရှုံးခဲ့ရသည့် ပြည်သူများလည်း များစွာရှိခဲ့သည်။
“ ဒီနေ့အထိတော့ မေ့မရခဲ့ဘူး။ မျက်စိတစ်မှိတ်အတွင်းမှာကို သားသမီးငါးယောက်လုံး ဆုံးရှုံးခဲ့ရတယ်” ဟု သားသမီးငါးယောက် ဆုံးရှုံးခဲ့ရသည့် ဒေါ်ကွမ်ဘူရယ်ဂျီး က ဆိုသည်။
နေ့တွင်းချင်းပင် သေဆုံးခဲ့သည့် စစ်ရှောင် ပြည်သူများကို လိုင်ဇာမြို့၊ သုသာန်၌ သင်္ဂြိုဟ်ခဲ့သည်။
“ စျာပနအခမ်းအနားမစခင်ကလည်း လက်နက်ကြီးသံတွေ တဂျိန်းဂျိန်းကြားရတယ်။ သေသွားတဲ့အထဲမှာ တချို့ဆို တစ်မိသားစုလုံးပါကုန်ကြတယ်” ဟု ဒေါ်ကွယ်ဘူရယ်ဂျီးက ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များကို ပြန်လည် ပြောဆိုလေသည်။
မုန်လိုင်ခက် စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရသည်မှာ တစ်နှစ်ကြာမြင့်ပြီဖြစ်သော်လည်း ဒေသခံများမှာ အဆိုပါနေရာသို့ ပြန်လည်နေထိုင်ခြင်း မရှိသေးပေ။
“ မုန်လိုင်ခက်က လူတွေကတော့ မိုင်ဆပ်ပါရွာ၊ လမိုင်ပါရွာ၊ ဝေကြိုင်စစ်ရှောင်စခန်း၊ လိုင်ဇာမြို့ပေါ်မှာ နေကြတာရှိသလို နီးစပ်ရာအသိမိတ်ဆွေတွေဆီမှာ နေထိုင်တာပေါ့၊ အရင်နေခဲ့တဲ့ မုန်လိုင်ခက်မှာတော့ ဖြတ်သွားဖြတ်လာလူတွေလောက်ပဲ တွေ့ရတယ်။ တိတ်ဆိတ်နေတာပဲ။ ဗုံးကျတဲ့ ကျင်းကြီးထဲမှာလည်း ရေတွေပြည့်နေတာ” ဟု ကိုဇော်ဆိုင်း (အမည်လွှဲ) က ဆိုသည်။
စစ်ကိုင်းတိုင်းမှ PDF များကို KIA က ထောက်ပံ့ပေးနေသည်ဟူသော စစ်တပ်ထောက်ခံသူများ၏ တိုက်တွန်းပြောဆိုချက်နှင့်အတူ ၂၀၂၃ ခုနှစ်၊ ဇုလိုင် ၃ ရက်မှစ၍ စစ်ကောင်စီတပ်က မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း၊ နမ့်ဆန်ယန် ကျေးရွာမှ စတင်ကာ KIO/KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့သို့ ထိုးစစ်ဆင်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှစတင်ကာ အောက်တိုဘာလဆန်းပိုင်းအထိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် မဟာမိတ်တပ်ဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှာ အထိနာခဲ့ပြီး၊ ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်ခဲ့ရသည်။
အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ကိုးရက်ညပိုင်းတွင် အရပ်သားပြည်သူများသာနေထိုင်သည့် လိုင်ဇာမြို့အနီး၊ မုန်လိုင်ခက်စစ်ရှောင်စခန်းကို ဖျက်အားပြင်း ဗုံးဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းလည်းသည်။
မုန်လိုင်ခက်ဖြစ်စဥ်သည် ကချင်ပြည်နယ်အတွင်း၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်၊ ည ၈နာရီခွဲ၌ ဖားကန့်မြို့၊ KIA တပ်မဟာ ၉ နယ်မြေ၊ အနန့်ပါကျေးရွာ၌ KIO နေ့ အထိမ်းအမှတ်ပွဲ ပြုလုပ်နေစဉ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်မှုကြောင့် KIA တပ်ဖွဲ့ဝင်များ၊ ကချင်အနုပညာရှင်များနှင့် အရပ်သားပြည်သူ ၆၂ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်ပြီးလျှင် ဒုတိယ အသေအပျောက်အများဆုံး ဖြစ်စဥ်လည်း ဖြစ်ခဲ့သည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှစ၍ လက်ရှိအချိန်ထိ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လျက်ရှိသော်လည်း နိုင်ငံတကာ အစိုးရများနှင့် ကုလသမဂ္ဂတို့မှ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်များသာ အမြဲတစ္ဆေ ထုတ်ပြန်နေသော်လည်း ယနေ့အချိန်ထိ အရေးယူမှုတစ်စုံတရာ မရှိသေးပေ။
စစ်အာဏာသိမ်းခံရမှု သုံးနှစ်ကျော် ကာလများအတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း အရပ်သားပြည်သူ အရေအတွက်မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်အထိ ၅၇၂၅ ဦးသေဆုံးခဲ့ပြီး ၄င်းတို့အနက် ကလေးသူငယ် အရေအတွက် ၆၂၉ ဦးအထိ ရှိနေကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ကောက်ယူထားသော သတင်းအချက်အလက်များ၌ တွေ့ရှိနိုင်ပေသည်။
“ အခုထိလည်း စစ်ကောင်စီဘက်က လေကြောင်းကို တွင်တွင်ကျယ်ကျယ်အသုံးပြုပြီး အရပ်သားတွေကို တိုက်ခိုက်နေဆဲဘဲဖြစ်တယ်။ လားရှိုးမြို့ဆိုရင် လူမနေရဲအောင်အထိ နေ့စဥ်တိုက်ခိုက်နေတာကို မြင်တွေ့နိုင်တယ်။ တိုက်ပွဲမရှိဘဲ လက်နက်ကြီး၊ လေယာဥ် တောက်လျောက် သုံးပြီး တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ အများအပြား သေဆုံး ထိခိုက်ဒဏ်ရာရတာ နေရာတိုင်းပါပဲ၊ ပြည်သူတွေအနေနဲ့ ဂရုတစိုက်ရှိကြဖို့နဲ့ ကတုတ်ကျင်းတူးတာမျိုး ပြင်ဆင်သင့်တာ ပြင်ဆင်ကြဖို့ဘဲ ကျတော်ကတော့ တိုက်တွန်းချင်တယ်” ဟု ကချင်ဒေသရှိ လူ့အခွင့်အရေးတတ်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။
လက်ရှိအချိန်တွင် စစ်ရေးပြင်းထန်နေသည့် ကချင်ဒေသအတွင်း ဒေသခံပြည်သူလူထုအနေဖြင့် လက်နက်ကြီးအန္တရာယ်၊ လေကြောင်း အန္တရာယ်များကို အထူးသတိထားကြရန် KIA/KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းထားသည်။
“ မုန်လိုင်ခက်ဖြစ်စဥ်အပါအဝင် ကချင်ဒေသအတွင်းမှာ မြန်မာစစ်တပ်ဘက်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ကချင်ဒေသခံလူထုက ဘယ်တော့မှ မေ့မှာမဟုတ်သလို ခွင့်လွှတ်မှာလည်း မဟုတ်ဘူး။ ခွင့်လွှတ်စရာလည်း မရှိဘူး။မျက်ရည်စတွေလည်း အခုထိ မခမ်းခြောက်သေးဘူး။ ပြန်တွေးတိုင်း ရင်နာရတယ်” ဟု မုန်လိုင်ခက်ဒေသခံ စစ်ရှောင်ပြည်သူတစ်ဦးက ယခုကဲ့သို့ ဆိုသည်။
မုန်လိုင်ခက် ဗုံးကြဲခံရမှုသည် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း အဆိုပါဖြစ်စဉ်ကို လက်တွေ့ခံစားခဲ့ရသူများသည် အိပ်စက်ချိန်၌ လေယာဉ်သံမဟုတ်ဘဲ ကားစက်သံကြားသည်ကိုပင် စိုးထိတ်နေသည်မှာ လက်ရှိချိန်အထိဖြစ်ပေါ်နေပေသည်။
မုန်လိုင်ခက်ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အသက် ၂၄အရွယ် မလုဆပ်က “ ကျမတို့ နှဖူးတွေ့၊ ဒူးတွေ့ကြုံလိုက်ရတဲ့ အရာဆိုတော့ အဲ့ဒီ မြင့်ကွင်းက ဖျောက်လို့မရဘူး။ ဘ၀တစ်ကွေ့မှာ အရမ်းနာကျင်ခဲ့ရတယ်။ ပြန်တွေးမိတိုင်း ဝမ်းနည်းရတယ်” ဟု ……………………….