By Maung Dagon / MPA (ဆောင်းပါး)
“ စစ်တပ်က နိုင်ငံရေးကနေ အပြီးအပိုင် ထွက်ရမယ်။ စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုကို ခံယူရမယ်။ ဒီလို ခံယူနိုင်တယ်ဆိုရင် စကားဝိုင်းဆွေးနွေးပွဲဆိုတာ ဖြစ်လာပါလိမ့်မယ်” ဟု မန္တလေး PDF တပ်ဖွဲ့၏ စစ်ဦးစီး အဖွဲ့ဝင် ဒေါက်တာ စိုးသူရဇော်က BBC သို့ သူ၏ သဘောထားအား ပြောလိုက်သည်။
၄င်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ပစ်သတ်ဖြိုခွင်းသဖြင့် လက်နက်ကိုင်တော်လှန်ရန် ရွေးချယ်ခဲ့သည့် လူငယ်များထဲမှ တစ်ဦးဖြစ်သည်။
စက်တင်ဘာ ၂၆ ရက်တွင် စစ်ကောင်စီက ၄င်းတို့ အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် PDF များကို နိုင်ငံရေး စားပွဲဝိုင်းသို့ လာရန် ဖိတ်ခေါ်ချက် ပေါ်လာပြီးနောက် ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။
စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး အဖက်ဖက်မှ အထိနာနေချိန်တွင် စစ်ကောင်စီအား တရုတ်နိုင်ငံက ၄င်းတို့ အပေါ် အထောက်အပံ့များ ပုံပေး၍ ကူညီလာခဲ့သည်။
အဆိုပါ အထောက်အပံ့များ၏ နောက်ကွယ်တွင် အပေးအယူများစွာ ရှိနေပြီး စစ်ကောင်စီ၏ ယခု ဖိတ်ခေါ်ချက်သည် ထို အပေးအယူများအနက်မှ တစ်ခု ဖြစ်ဖွယ် ရှိသည်ဟု နိုင်ငံရေး အကဲခတ်များက ယူဆသည်။
၂၀၂၀ ခုနှစ် မတိုင်မီက တရုတ်ကို ဆက်ရန် ကြွေးမြီ ၄ ဘီလျံ နီးပါး ကျန်ရှိထားသော်လည်း လက်ရှိ စစ်ကောင်စီ၏ အကျပ်အတည်းအတွက် တရုတ်က ထပ်မံ၍ ဒေါ်လာ သုံးဘီလီယံ ထုတ်ချေးရန် ပြောလာခြင်းလည်း ဖြစ်သည်။
တရုတ်သည် ၄င်း၏ နိုင်ငံတွင်း၌ ကိုဗစ် လွန်ကာလများအတွင်း စီးပွားရေး တုံ့ဆိုင်းလာမှု၊ ပြည်တွင်း၌ အလုပ်လက်မဲ့နှုန်း မြင့်လာမှု၊ ဒေသဆိုင်ရာ အစိုးရများ အကြွေးနွံနစ်နေသည့် အခြေအနေများ ကြုံနေရမှုများရှိနေသော်လည်း အာဏာသိမ်း စစ်ကောင်စီ ဆက်လက်တည်မြဲရန် ပုံအော ထောက်ပံ့လာခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ စစ်ကောင်စီထံမှ တရုတ် မည်သည့် အကျိုးအမြတ်များကို မျှော်လင့်ထားပါသနည်း။
သမိုင်းဖြစ်ရပ်များအား ပထမဆုံး လေ့လာကြည့်ရမည် ဖြစ်သည်။
၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီ ပြည်တွင်းစစ်နိုင်ပြီး အာဏာရလာချိန်တွင် ကနဦး အသိအမှတ်ပြုခဲ့သည့် အစိုးရများထဲတွင် ဦးနု၏ ဖဆပလ မြန်မာအစိုးရလည်း ပါဝင်သည်။
ဦးနုသည် ပြည်တွင်းရှိ လက်နက်ကိုင် လက်ဝဲအင်အားစုများ စွပ်စွဲသကဲ့သို့ ၄င်းတို့ အစိုးရသည် အနောက်ယိမ်း အရင်းရှင် အစိုးရမဟုတ်ကြောင်း ပြသလိုခြင်း၊ အင်အားကြီးဖြစ်လာမည့် အိမ်နီးချင်းနိုင်ငံကြီးနှင့် သင့်မြတ်နေလိုခြင်း၊ ၄င်းကိုယ်တိုင် မတ်စ်ဝါဒအပေါ် လေးစားတိမ်းညွှတ်မှုရှိခြင်း စသည့် အချက်များအပေါ် အခြေခံပြီး တရုတ်ကွန်မြူနစ်ပါတီအား တရုတ်အစိုးရအဖြစ် အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။
ဦးနု၏ ဖဆပလ အစိုးရသည် ဗိုလ်ချုပ် ချန်ကေရှိတ်၏ ကူမင်တန်တပ်များအား မြန်မာ့မြေပေါ်၌ လက်ခံထားပြီး တရုတ်ကွန်မြူနစ် အစိုးရကို ပြန်တိုက်ခြင်းအား ကူညီရန် အမေရိကန်၏ ညှိနှိုင်းမှုကိုလည်း လက်မခံခဲ့ပေ။
ထို့ပြင် ကူမင်တန်များအား အနိုင်တိုက်ပေးထားသဖြင့် ထွန်းသစ်စ တရုတ်ကွန်မြူနစ် အစိုးရအတွက် မြန်မာ ဖဆပလ အစိုးရသည် ကျေးဇူးရှိသည့် မိတ်ဆွေကောင်း အစိုးရအဖြစ် တည်ရှိခဲ့သည်။
သို့သော် အခြေအနေများမှာ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းလိုက်ချိန်တွင် ပြောင်းလဲသွားခဲ့သည်။
ဦးနုကဲ့သို့ ဗိုလ်ချုပ် နေဝင်းအပေါ် တရုတ်အစိုးရက ယုံကြည်ခြင်း မရှိပေ။
ထို့ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီထံ အထောက်အပံ့များ စတင်ပေးအပ်လာခဲ့ပြီး ဗိုလ်ချုပ်နေဝင်းက တရုတ်-ဗမာ အရေးအခင်း ဖန်တီးကာ တုံ့ပြန်လိုက်ချိန်တွင် လူသူလက်နက်များပါ ပါဝင်သည့် အလုံးအရင်း အထောက်အပံ့များကို ပေးအပ်လိုက်တော့သည်။
သို့ဖြင့် ဗကပ၏ အရှေ့မြောက် စစ်ဒေသကြီး ပေါ်ထွက်လာခဲ့ပြီး ဗိုလ်ချုပ်နေဝင်းနှင့် မြန်မာစစ်တပ်သည် ၄င်းတို့ နိုင်လုနီးပါး ဖြစ်နေသည့် ပြည်တွင်းစစ်အား တစ်ဖန်ပြန်၍ မီးကုန်ယမ်းကုန် တိုက်ရန် ဖြစ်လာခဲ့ပြန်သည်။
တိုင်းပြည်၏ ဘဏ္ဍာများသည် စစ်စရိတ်များအတွက် ကုန်ဆုံးခဲ့ရပြီး မှားယွင်းသော စီးပွားရေး စီမံခန့်ခွဲမှု စနစ်ကြောင့် အဆင်းရဲဆုံး နိုင်ငံဘ၀သို့ ကျရောက်သွားသည်။
၁၉၈၀ ခုနှစ်ကျော် ကာလများ ဖြစ်သည်။ ထိုအချိန်တွင် တရုတ်ကွန်မြူနစ်ပါတီသည် မူဝါဒ အပြောင်းအလဲများ ပြုလုပ်လာပြီး ၄င်းတို့ နိုင်ငံကို တံခါးဖွင့်ရန် အစီအစဥ်များ ချမှတ်လာသည်။
ဗမာပြည်ကွန်မြူနစ်ပါတီက တရုတ်ကွန်မြူနစ်ပါတီ၏ မူဝါဒ အပြောင်းအလဲကို ပြင်းပြင်းထန်ထန်ပင် ဝေဖန်သည်။
သို့ဖြင့် အထောက်အပံ့များ ရပ်ဆိုင်းသွားပြီး ဗကပ ပြိုကွဲရန် ဖြစ်လာခဲ့သည်။
သို့သော် ဗိုလ်ချုပ်နေဝင်း၏ မဆလ အစိုးရယန္တရားမှာမူ အတိုက်အခံ ပါတီကြီး မပြိုကွဲခင်ကပင် ဆင်းရဲမွဲတေမှု၊ ခြစားပြိုလဲနေသည့် အစိုးရ ဗျူရိုကရေစီ စနစ်၊ မတည်ငြိမ်သည့် မူဝါဒများ၊ ဖိနှိပ်ချုပ်ချယ်မှုများကြောင့် လူထု၏ ဖြုတ်ချခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။
ဗကပ ပြိုကွဲအပြီး မြန်မာစစ်တပ် အာဏာသိမ်းလိုက်ချိန် ၁၉၉၀ ခုနှစ် ၀န်းကျင်ကာလများသည် တရုတ်ပြည်တွင်း၌ နိုင်ငံခြားပို့ကုန်များ ဦးတည်သည့် စက်မှုထွန်းကားရေး အရှိန်ရလာပြီးနောက် အပြင်ထွက်ရေး ဗျူဟာ ကို ကျင့်သုံးလာချိန် ဖြစ်သည်။
တရုတ်သည် ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများတွင်ပါ စက်မှုလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်ကြတော့မည် ဖြစ်သည်။
မြန်မာစစ်အစိုးရသည် ရွေးကောက်ပွဲ အနိုင်ရပါတီအား အာဏာမလွှဲပေးသဖြင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများကို ခံနေရသည်။
သို့ဖြင့် ၁၉၉၀ ခုနှစ် ကစ၍ တရုတ် မြန်မာ စင်္ကြံလမ်း (CMEC ) နားလည်မှု စာချွန်လွှာဖြင့် တရုတ်နှင့် မြန်မာစစ်အစိုးရတို့ သဘောတူညီချက်များရယူပြီး တရုတ် ရင်းနှီးမြှပ်နှံမှုများ မြန်မာနိုင်ငံသို့ အလုံးအရင်းဖြင့် စီးဝင်လာရန် ဖြစ်လာခဲ့သည်။
တစ်ဖက်တွင်လည်း တရုတ်သည် ၄င်း၏ နယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များအား မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ နိုင်ရန် ကြား၀င်ကူညီသည် သို့မဟုတ် EAOs များအား ဖိအားပေးသည်။
စီးပွားရေး လုပ်ရန် နယ်စပ်ဂိတ်များကိုလည်း စစ်အစိုးရဘက်နှင့် EAOs ဘက်ဟူ၍ နှစ်ခုခွဲ ဖွင့်ကာ နှစ်ဖက်စလုံးနှင့် စီးပွားရေး တွဲလုပ်သည်။
နိုင်ငံ၏ သယံဇာတများသည် တရုတ်နိုင်ငံဘက်သို့ နည်းအမျိုးမျိုးဖြင့် စီးဆင်းကုန်ပြီ ဖြစ်သည်။
တရုတ်သည် မြန်မာဘက်မှ ပေါက်စျေးထက် နှိမ်၍ ရထားသည့် သယံဇာတ ပစ္စည်းများကို ၄င်းတို့ နိုင်ငံ၌ ကုန်ချောပြန်လုပ်ကာ အဆပေါင်းများစွာ အမြတ်အစွန်းများကို ရရှိစေသည်။
မြန်မာဘက်တွင်မူ တရုတ်နှင့် ကုန်သွယ်မှုသည် စစ်အစိုးရရော တရုတ်နယ်စပ်မှ EAOs များအတွက်ပါ အဓိက ဝင်ငွေရလမ်း တစ်ခု ဖြစ်နေခဲ့ပြီး ရသည့် ဝင်ငွေများအား လက်နက်ခဲယမ်း ဖြည့်တင်းခြင်း၊ စစ်အင်အား တိုးချဲ့ ခြင်းများကို ပြုလုပ်ကြသည်။
ဦးသန်းရွှေ အုပ်ချုပ်မှုအောက်၌ ပြည်တွင်းစစ်သည် ယာယီ ရပ်တန့်နေခဲ့သော်ငြား တစ်ဖက်နှင့် တစ်ဖက် အပြီးသတ် နိုင်ငံရေး ညှိနှိုင်းမှုများကတော့ လုံးဝ မရှိခဲ့ပေ။
ဦးသန်းရွှေသည် သယံဇာတ ရောင်းချမှုများမှ ရသည့် ဝင်ငွေများဖြင့် မြန်မာစစ်တပ်အား ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းများကို ပြုလုပ်သည်။ အနောက်နိုင်ငံများက ပိတ်ဆို့ထားသည့်တိုင် တရုတ် အပါအဝင် တစ်ဖက်အင်အားစု များထံမှ လက်နက်ခဲယမ်းများကို ဝယ်ယူဖြည့်တင်း၍ ရနေသည်။
မြန်မာစစ်တပ်သည် ဗိုလ်ချုပ်နေဝင်းလက်ထက်ကထက် ပိုမို ခေတ်မီသည့် စစ်လက်နက်များကို တပ်ဆင်လာနိုင်ပြီး အောင်မြင်သည့် ဝါဒဖြန့်မှုများ အောက်၌ ပြင်ဦးလွင် စစ်တက္ကသိုလ်သို့ နှစ်စဥ် တက်ရောက်သည့် သင်တန်သားဦးရေမှာ နှစ်ထောင် အထက်တွင် ရှိနေခဲ့သည်။
သို့သော် တစ်ဖက်တွင်မူ ညံ့ဖျင်း ယိုယွင်းစွာဖြင့် အကျင့်ပျက် ခြစားမှုများ ဖြင့် ပုတ်ပွနေသည့် စစ်ဗျူရိုကရေစီ ယန္တရားအောက်၌ တိုင်းပြည်နှင့် လူထုသည် တစ်ဖြည်းဖြည်း စီးပွားရေး လူမှုရေး ချွတ်ခြုံကျလာနေသည်။
၂၀၀၇ ခုနှစ်တွင် လောင်စာဆီ အကျပ်အတည်းကြောင့် အစိုးရ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်ခများ တိုးမြှင့်ကောက်ခံရာမှ သံဃာတော်များ ဦးဆောင်သည့် လူထု အုံကြွမှုကြီး ဖြစ်ခဲ့သည်။
၈၈၈၈ အရေးတော်ပုံ နောက်ပိုင်း အကြီးဆုံး လူထုအုံကြွမှုကြီး ဖြစ်ပြီး စစ်အစိုးရက ရက်ရက်စက်စက်ပင် ဖြိုခွဲခဲ့ပြန်သည်။
လူထုနှင့် စစ်တပ်အကြား ယုံကြည်မှု အချင်းဝက်သည် ပျောက်ဆုံး လုနီးပါးထိ ရောက်သွားပြီး စစ်အစိုးရအတွက် ၄င်းတို့ အာဏာ မဆုံးရှုံးရေး အပြောင်းအလဲများ အလောတကြီး ပြုလုပ်ရန် လိုအပ်လာသည်။
သို့ဖြင့် နာဂစ်ကြောင့် ပြိုလဲနေသည့် လူထုအား ဥပေက္ခာပြုကာ စစ်အာဏာရှင်စနစ်အား ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ပုံဖော်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား အတင်းအကျပ် ပြဌာန်းလိုက်သည်။
နောက်တစ်နှစ် ၂၀၀၉ ခုနှစ်တွင် အပစ်အခတ်ရပ်ထားသည့် EAOs များအား နယ်ခြားစောင့်တပ် ပြောင်းရန် ဖိအားပေးရာမှ ပြည်တွင်းစစ်မီး တစ်ကျော့ပြန်တောက်လောင်လာခဲ့သည်။
သို့သော် ဦးသန်းရွှေသည် ၂၀၁၀ ခုနှစ်တွင် တရုတ်သို့ သွားရောက်ကာ တရုတ်လုပ်ငန်းများအတွက် အာမခံချက် ပေးခဲ့ခြင်းဖြင့် ပိတ်ဆို့မှုများ အောက်၌ ကာလရှည် မဟာမိတ်ဖြစ်ခဲ့သူ တရုတ်အား ချွေးသိပ်နိုင်ခဲ့ပြီး ၄င်းပြုလုပ်မည့် အပြောင်းအလဲနောက်သို့ ဆက်လက်ကူညီရန် ဖိတ်ခေါ်ထားနိုင်ခဲ့သည်။
တရုတ်သို့ ဦးသန်းရွှေ မသွားမီ ၂၀၀၉ ခုနှစ်တွင် နောက်တက်လာမည့် ဦးသိန်စိန် အစိုးရအတွက် ပြည်တွင်း တရားဝင်မှု ပြဿနာကို ဖြေရှင်းလိုက်နိုင်မည့် မြစ်ဆုံစီမံကိန်းကို သဘောတူခဲ့သည်။
မြစ်ဆုံစီမံကိန်းသည် ဦးသိန်းစိန် အစိုးရ ပထမဆုံးကြုံတွေ့ရသည့် ပြည်တွင်းရှိ လူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ တော်လှန်ရေး အင်အားစုများထံမှ ပြင်းထန်သည့် ဖိအားဖြစ်သည်။
သို့မဟုတ် ဦးသန်းရွှေ စီစဥ်ပေးခဲ့သော နိုင်ငံရေး စာမေးပွဲတစ်ခုဟုလည်း ယူဆနိုင်သည်။
ဦးသိန်းစိန် သမ္မတအဖြစ် လက်ခံရယူခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လတွင် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) က တရုတ်သမ္မတ ဟူကျင်တောင်ထံသို့ မြစ်ဆုံစီမံကိန်းသည် ပြည်တွင်းစစ်စီသို့ ဦးတည်နေသဖြင့် ရပ်ဆိုင်းပေးရန် စာပို့တောင်းဆိုသည်။
သို့သော် မြန်မာစစ်တပ်က KIO ဌာနချုပ် လိုင်ဇာမြို့အဝင်ထိ ၄င်းတို့၏ တပ်များပို့၍ ခြိမ်းခြောက်လာခဲ့သည်။
ထို့နောက် မကြာမီ လပိုင်းအတွင်း ဦးသိန်းစိန်က ၄င်း၏ အစိုးရသက်တမ်းအတွင်း မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းကြောင်း ကြေညာလိုက်သည်။
အဆိုပါ လုပ်ရပ်က ဦးသိန်းစိန် အစိုးရအတွက် ပြည်တွင်း၌ မျက်နှာကောင်းရစရာ အကြောင်းဖြစ်လာသလို လူထုအနေဖြင့် ယခင် စစ်အစိုးရ စစ်စစ်ထက် ပိုမို၍ ၄င်းတို့ကို မျက်နှာမူသည့် အစိုးရ တစ်ရပ်အဖြစ် အသိအမှတ်ပြုလာကြသည်။
ထို့ပြင် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များထံသို့လည်း နိုင်ငံအတွင်းရှိ စီးပွားရေး နိုင်ငံရေး လုပ်ပိုင်ခွင့်များ သို့မဟုတ် အာဏာသည် ၄င်းတို့ အစိုးရထံတွင် ရှိနေကြောင်း ပြသလိုက်ခြင်းမျိုး ဖြစ်သည်။
တစ်ဆက်တည်းမှာပင် ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်မှာ ပြန်လွှတ်ကာ ၂၀၀၈ ခြေဥအောက် လာရောက်ရန် ဖိတ်ခေါ်သည်။
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ကာ NLD ပါတီ လွှတ်တော်သို့ ရောက်လာခြင်းဖြင့် ဦးသိန်းစိန်အစိုးရသည် အနောက်နိုင်ငံများ အပါအဝင် နိုင်ငံတကာထံမှ တရားဝင်မှုကို ပါရလာသည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲ၏ တရားနည်းလမ်းမကျမှုကြောင့် တရားနည်းလမ်းမကျသည့် အစိုးရ ပုံစံ ဖြစ်နေသည့် ဦးသိန်းစိန် အစိုးရသည် ပြည်တွင်း ပြည်ပ တရားဝင်မှုကိုတော့ ခိုင်ခိုင်မာမာ ရသွားခဲ့ပြီ ဖြစ်သည်။
တစ်နည်းအားဖြင့် ဦးသိန်းစိန်သည် ဦးသန်းရွှေစစ်သည့် နိုင်ငံရေး စာမေးပွဲအား အောင်မြင်သွားပြီ ဖြစ်သည်။
တစ်လစတည်းမှာပင် ဦးသိန်းစိန်နှင့် ၄င်း၏ စစ်အာဏာရှင်အသိုင်းအဝိုင်းသည် နောင်တွင် ကြုံလာတော့မည့် ရိုဟင်ဂျာ ဂျီနိုဆိုဒ် ဖြစ်စဥ်များ ဖြစ်လာစေမည့် ပဋိပက္ခမီးများအား မွှေးထားခဲ့သည်။
သို့သော် ၄င်း၏ အစိုးရလက်ထက်တွင်မူ အဆိုပါ ပဋိပက္ခများအား ၄င်းတို့ အလိုရှိသလောက်သာ တောက်လောက်စေထားခဲ့သည်။
၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်ဆန်းပိုင်းအတွင်း ဖြစ်ခဲ့သည့် ရခိုင်၊ မိတ္ထီလာ အပါအဝင် ဒေသအချို့၌ ဘာသာရေး ပဋိပက္ခ ပုံစံ စနစ်တကျစီစဥ် ပုံဖော်သည့် အရေးအခင်းများ ဖြစ်ခဲ့သည်။
နောက်ကွယ်တွင် မဘသ အဖွဲ့များ ပါဝင်ပြီး ၄င်းတို့အား စစ်အာဏာရှင် အသိုင်းအဝိုင်းက ထောက်ပံ့ပေးထားသည်။
အဆိုပါ အမျိုးသားရေး အစွန်းရောက်များ ပုံဖော်သည်မှာ ဗုဒ္ဓဘာသာဝင်များက အစ္စလာမ်ဘာသာ၀င်များ၏ အကြမ်းဖက်မှုကို ခံနေရသည် ဆိုသည့် ပုံစံဖြစ်ပြီး အစ္စလာမ် ဘာသာဝင်များ ဘက်တွင်မူ ဗုဒ္ဓဘာသာဝင်များက အကြမ်းဖက်နေသည်ဟူသည့် ပုံစံ ဖြစ်သည်။
နယ်စပ်တွင် တိုက်ပွဲများ ပြန်ဖြစ်လာသော်လည်း အဆိုပါ တိုက်ပွဲများမှာ မြန်မာစစ်တပ်၏ အင်အားပြခြင်းများကို အခြေခံပြီး ဖြစ်လာရခြင်း ဖြစ်သည်။
ဦးသိန်းစိန် အစိုးရသည် ၄င်းတို့၏ အာဏာစက်အား ဖြန့်ကျက်ရန် လုပ်ဆောင်မှုအဖြစ် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကိုလည်း ပုံဖော်လာနေသည်။
အဆိုပါ လုပ်ဆောင်မှုက နိုင်ငံတကာ၏ ထောက်ခံအားပေးမှုနှင့် အကူအညီများအားလည်း ရရှိလာစေသည်။
ထို့အတူ ပြည်တွင်းသို့ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုများ အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ဦးသိန်းစိန် အစိုးရသည် တရုတ် ရင်းနှီးမြှပ်နှံများမှုများအား ပို၍ ပစ်ပယ်လာနိုင်သည်။
ထိုအချိန်တွင် တရုတ်၌ ခေါင်းဆောင် အပြောင်းအလဲ ဖြစ်ကာ ရှီကျင့်ဖျင် သမ္မတဖြစ်လာခဲ့သည်။
၂၀၁၃ခု နှစ် မတ်လတွင် ရှီကျင့်ဖျင် အာဏာရလာပြီး နောက်ပိုင်း နှစ်များအတွင်း တရုတ် မြန်မာ ဆက်ဆံရေးမှာ ယခင် စစ်အစိုးရ ကာလကဲ့သို့ အဆင်မပြေနေတော့ပေ။
မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းခြင်း၊ ကူမင်း ကျောက်ဖြူ ရထားလမ်းစီမံကိန်း ပယ်ဖျက်ပစ်ခြင်း၊ ဝမ်ပေါင်ကဲ့သို့ သဘာ၀ပတ်၀န်းကျင်နှင့် ဒေသခံ အခွင့်အရေးများကို လစ်လျူရှုတတ်သည့် တရုတ်ကုမ္ပဏီများမှာလည်း လူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အပြစ်တင်မှုအောက်၌ ရုန်းကန်နေရသည်။
သို့ဖြစ်ရာ အပြင်ထွက်ရေး မဟာဗျူဟာ ချမှတ်ပြီးနောက် မြန်မာ စစ်အစိုးရနှင့် စီးပွားရေး ပူးပေါင်းမှုများစွာ ရှိခဲ့သည့် တရုတ်သည် ဦးသိန်းစိန် အစိုးရကာလအတွင်း ဆက်ဆံရေး နောက်ပြန်လှည့်သွားသည်။
မြန်မာစစ်တပ်ကလည်း ဦးသိန်းစိန် အစိုးရ ဖော်ဆောင်နေသည့် NCA စာချုပ်ကို လက်မှတ်မထိုးသည့် EAOs များနှင့် ၄င်းတို့ အသိအမှတ်မပြုသည့် အဖွဲ့များ အပေါ် စစ်အင်အားပြလာခဲ့သည်။
တရုတ် နယ်စပ်မှ KIA ၊ UWSA တို့သည် NCA ကို လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့ပြီး မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ကိုမူ မြန်မာစစ်တပ်က အသိအမှတ်မပြုခဲ့ပေ။
ထိုအခါ တရုတ်နယ်စပ်တစ်လျှောက်၌ စစ်ပွဲများ ပြန်၍ ဖြစ်လာပြီး ၂၀၁၅ ခုနှစ် လောက်ကိုင် စစ်ပွဲကာလအတွင်း တရုတ် မြန်မာ ဆက်ဆံရေးမှာ အဆိုးရွားဆုံး ဖြစ်လာခဲ့သည်။
အဆိုပါ ဂယက်မှာ တရုတ်စီးပွားရေး သမားများ၏ ၄င်းတို့လုပ်ငန်းများ ရှေ့မရောက်မှုကြောင့် မကျေမနပ် ဖြစ်ရာမှ သမ္မတ ရှီကျင့်ဖျင်ထံသို့ ရောက်လာရာ ရှီကျင့်ဖျင်က ဘယ်သူက မြန်မာကို ဆုံးရှုံးခဲ့တာလဲ ဟူ၍ မေးခွန်း ထုတ်မှုပင် ဖြစ်လာခဲ့သည်။
ရှီကျင့်ဖျင်သည် ၄င်း တရုတ်နိုင်ငံ၏ ခေါင်းဆောင် ဖြစ်လာချိန်တွင် ဖြေရှင်းရမည့် စီးပွားရေး ပြဿနာများစွာ ရှိသည်။
၁၉၈၀ ခုနှစ်များမှစ၍ စီးပွားရေး တိုးတက်လာမှုသည် ပြည်ပ ပို့ကုန် တိုးတက်ရေးမူဝါဒ အပေါ် အခြေခံပြီး တိုးတက်လာခြင်း ဖြစ်ရာ ထုတ်ကုန်များ တိုးထုတ်လာနိုင်သည်နှင့်အမျှ စျေးကွက် လိုအပ်ချက် မြင့်မားမှု ပြဿနာ ပေါ်ပေါက်လာသည်။
ထို့ကြောင့် တရုတ်သည် နိုင်ငံတကာသို့ ရင်းနှီးမြှပ်နှံမှုများ ခြေဆန့်ခဲ့သော်လည်း မြန်မာနိုင်ငံမှာကဲ့သို့ပင် တရုတ်ကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှုမရှိပဲ ကိုယ်ကျိုး ကြည့်လွန်းသော လုပ်ကိုင်မှုများကြောင့် နာမည်ပျက်များ ရနေသည်။
စီးပွားရေး တံခါးဖွင့်လာပြီး ပြည်တွင်း၌ တိုးတက်လာကာ အခြေခံအဆောက်အအုံများ၊ လမ်းပန်းဆက်သွယ်ရေးများနှင့် ထုတ်ကုန်များ တိုးလာသော်လည်း ရောင်းစရာ နေရာမရှိသဖြင့် တရုတ် ဒေသဆိုင်ရာ အစိုးရများမှာ အမြတ်မရဘဲ အကြွေးမဆပ်နိုင်သည့် အခြေအနေကိုလည်း ကြုံနေရသည်။
ထိုအခါ အလုပ်အကိုင် ဆုံးရှုံးမှု ပြဿနာများ အလုပ်လက်မဲ့ တိုးလာမှု အခြေအနေများကို ရင်ဆိုင်လာရတော့သည်။
တရုတ်ရင်ဆိုင်နေရသည့် အခြေအနေ ပြဿနာမှာ အရင်းရှင်နိုင်ငံများ ကြုံတွေ့ရလေ့ ရှိသည့် ပြဿနာ တစ်ရပ် ဖြစ်သည်။
ဗြိတိသျှ-အမေရိကန် ကပြား ပထဝီပညာရှင် တစ်ဦးဖြစ်သည့် ဒေးဗစ်ဟာဗေးက အဆိုပါ အခြေအနေအား “ အကြောင်း အမျိုးမျိုးကြောင့် အရင်းအနှီး( Capital )သည် အမြတ်အစွန်း ရရှိနိုင်မည့် လမ်းကြောင်းများကို ရှာဖွေနိုင်ခြင်း မရှိတော့သည့် အကျပ်အတည်း ပေါ်လာလျှင် ၄င်းသည် ပိုလျှံငွေကြေးများ (Money)၊ ထုတ်ကုန် ပစ္စည်းများ( Commodities) နှင့် စက်မှုလုပ်ငန်း စွမ်းဆောင်ရည်များ (Industrial Capacity) အနေဖြင့် ပေါ်ထွက်လာပြီး ” လူ အမြောက်အမြား အလုပ်လက်မဲ့ ဖြစ်ခြင်း ( mass unemployment of labour) နှင့် အရင်းအနှီးများ အလွန်အကျွံ ပေါများတည်ရှိခြင်း (Overaccumulation of Capital) ဆီသို့ ဦးတည်စေသည်” ဟု ဆိုထားကြောင်း သိရသည်။
အဆိုပါ ပြဿနာသည် တရုတ်အစိုးရအတွက် ၄င်းတို့၏ အာဏာစက်ကိုပါ ထိခိုက်လာနိုင်ချေ ရှိနေသဖြင့် ရှီကျင့်ဖျင် အဓိက ကိုင်တွယ်ရမည့် ပြဿနာတစ်ခု အဖြစ်လည်း ရှိနေသည်။
နယ်သာလန် အခြေစိုက် အရပ်ဘက် သုတေသန အဖွဲ့တစ်ခုဖြစ်သည် Transnational Institute (TNI) က “ အရင်းရှင် အင်္ဂါလက္ခဏာများ ရှိသည့် နိုင်ငံများ၏ အစိုးရမင်းများ ( တရုတ်နိုင်ငံ အပါအဝင် ) အနေဖြင့် အဆိုပါ အကျပ်အတည်းအား အောင်မြင်စွာ ကိုင်တွယ် စီမံ ဖြေရှင်းရမည် ဖြစ်သည်။ သို့မဟုတ်ပါက ကြီးမားပြင်းထန်သော လူမှုရေး မတည်ငြိမ်မှုများ ဖြစ်ပွားနိုင်ပြီး အစိုးရကို အာဏာမှ ဖယ်ရှားမှုမျိုးထိ ဖြစ်လာနိုင်သည်” ဟု ပိုးလမ်းမစိတ်ဓာတ်ကို စျေးကွက်တင်ခြင်း အစီရင်ခံစာ၌ ရေးသားဖော်ပြသည်။
ရှီကျင့်ဖျင်သည် ၂၀၁၅ ခုနှစ်တွင် BRI ဟု လူသိများသည့် ခါးပတ်လမ်းအစီအစဥ် (Belt and Road Initiative) ကို မူလ အမည် “ ရပ်ဝန်းတစ်ခု လမ်းတစ်ခု( One Belt One Road ) မှ ပြောင်းလဲပြီး အကောင်အထည်ဖော်လာသည်။
BRI သည် ရှီကျင့်ဖျင် ဦးဆောင်သည့် တရုတ်အစိုးရကျင့်သုံးနေသည့် မဟာသေနင်္ဂဗျူဟာ ဖြစ်သည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းက ရှုမြင်ကြသည်။
မြန်မာနိုင်ငံသည် BRI အတွက် ပထဝီ အနေအထားအရ အရေးပါသည့် နေရာတွင် ရှိနေပြီး တရုတ်အနေဖြင့် မလက္ကာရေလက်ကြားကို ရှောင်ကွင်းသွားနိုင်သည့် ရေလမ်းကြောင်းကို မြန်မာနိုင်ငံမှ တစ်ဆင့် ဖော်ဆောင်နိုင်သည်။
ရှီကျင့်ဖျင် သမ္မတဖြစ်လာချိန်တွင် မြန်မာမှ ဦးသိန်းစိန် အစိုးရသည် အနောက်နိုင်ငံများနှင့် ပို၍ နီးစပ်မှု ရှိလာနေသည့် ကာလ ဖြစ်သည်။
မြန်မာစစ်ခေါင်းဆောင်များသည် အတိတ်က ခါးသီးသည့် သမိုင်းကြောင်းများကြောင့် တရုတ် နိုင်ငံ အပေါ် တွင် စိတ်ချယုံကြည်ခြင်း မရှိသလို တရုတ်ဆန့်ကျင်ရေး စိတ်အခံများကိုလည်း ပိုင်ဆိုင်ထားသည်။
အမေရိကန်နှင့် ဆက်ဆံရေး ကောင်းလာသည့် ဦးသိန်းစိန်နှင့် မြန်မာအစိုးရသည် ဂျပန်၊ အိန္ဒိယကဲ့သို့ တရုတ် သြဇာကို အန်တုနေသည့် အခြားနိုင်ငံကြီးများနှင့်လည်း ပို၍ ထိတွေ့ဆက်ဆံလာသည်။
တရုတ်ဘက်ကလည်း ၄င်းတို့ နယ်စပ်တစ်လျှောက်မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပေါ် ပိုမို သြဇာ လွှမ်းမိုးနိုင်ရန် ကြိုးစားလာခဲ့သည်။
မြောက်ပိုင်းမှ တရုတ်နယ်စပ်ရှိ တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ၏ အခြေအနေသည် ဗကပကဲ့သို့ပင် တရုတ် အပေါ်တွင် အများကြီး မူတည်နေရသည်။
တစ်ဖက်တွင် မြန်မာစစ်တပ်၏ ဖိနှိပ်မှုမှ တွန်းလှန်ရန်လည်း ရှိနေရာ မလူးသာ မလွန့်သာ အခြေအနေပင် ဖြစ်သည်။
ဦးသိန်းစိန် အစိုးရ သက်တမ်းကုန်ပြီးနောက် NLD အစိုးရ တက်လာသည့် အခါ တရုတ်သည် အနောက်နိုင်ငံများနှင့် ပိုမို နီးကပ်သွားမည့် အရေးအား ကန့်ကွက်သည့် သဘောအား ထုတ်ပြလာသည်။
သို့သော် မြန်မာစစ်တပ်သည် ဦးသိန်းစိန် အစိုးရက NLD အစိုးရအတွက် ဖန်တီးထားခဲ့သည့် ရခိုင်မြောက်ပိုင်းမှ ပဋိပက္ခမီးအား အကြီးအကျယ်တောက်လောက်ရန် ပြုလုပ်ခဲ့တော့သည်။
ရိုဟင်ဂျာအရေး ဖြစ်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရ အပေါ် လစ်ဘရယ် နိုင်ငံများ၏ ဆက်ဆံရေး နောက်ဆုတ်သွားသည်။
NLD အစိုးရအတွက် တရုတ်သည် စီးပွားရေး တွဲလုပ်ရန် မဖြစ်မနေ ရွေးချယ်ရမည့် နိုင်ငံတစ်ခု အဖြစ် အသွင်ပြောင်းသွားခဲ့သည်။
သို့ဖြင့် NLD အစိုးရ သည် ရှီကျင့်ဖျင်၏ BRI စီမံကိန်းများအတွင်းသို့ ဝင်ရောက် ပူးပေါင်းလာခဲ့သည်။
တရုတ်စီမံကိန်းများသည် အကျိုးအမြတ် ခွဲဝေမှုအရ တစ်ဖက်စောင်းနင်း ကျလွန်းသဖြင့် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးနိုင်ကြောင်း ဝေဖန်မှုများကို ရင်ဆိုင်နေရသည်။
NLD အစိုးရသည် တရုတ်ထံမှ ယခင် စစ်ခေါင်းဆောင်များ နှင့် သဘောတူညီထားခဲ့သည့် မညီမျှသော အကျိုးအမြတ် ခွဲဝေမှု သဘောတူညီမှုများအား ပိုမို အကျိုးမြတ်ရစေသည့် သဘောတူညီချက်များ ရရန် ကြိုးစားခဲ့သည်။
တရုတ်၏ အကြွေးထောင်ချောက်ကို ကျော်လွှားနိုင်ရန် ပြည်တွင်း ပြည်ပ ကျွမ်းကျင်သူများကလည်း ထောက်ပြ သတိပေးကြသည်။
တရုတ်အစိုးရဘက်ကလည်း ၄င်းတို့ ၏ ပုံရိပ်ကျဆင်းစေသည့် လုပ်ရပ်များကို ချိန်ညှိရန် ကြိုးစားလာမှုများကို လမ်းဖွင့်ပေးထားခဲ့သည်။
သို့ဖြင့် ၂၀၂၀ခုနှစ်တွင် ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ၄င်း၏ BRI ရည်မှန်းချက်အတွက် အာမခံချက်ကို လာယူခဲ့သည်။
ထိုသို့ အစိုးရချင်း စီးပွားရေးသဘောတူညီမှုများ ရလာခြင်း အပြင် တရုတ်သည် ၄င်း၏ နယ်စပ်မှ EAOs များအား NCA လက်မှတ်ထိုးရန် ဖိအားပေးလာသည်။
BRI အောက်မှ စီမံကိန်းများသည် ကချင်၊ ရှမ်းနှင့် ရခိုင် ဒေသတစ်လျှောက်တွင် အများဆုံး တည်ရှိနေပြီး ၄င်းဒေသမှ EAOs များသည် တရုတ်ဘက်မှ အထောက်အပံ့များကို မှီခိုနေရသည်။
တရုတ်သည် အဆိုပါ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ မည်သည့်အတွက်ကြောင့် ၄င်းတို့၏ အကူအညီကို ယူကာ မြန်မာစစ်တပ်ကို တော်လှန်နေရသည် ဆိုခြင်းကိုမူ ဂရုပြုခြင်း မရှိပေ။
မြန်မာ အစိုးရများနှင့် စစ်ခေါင်းဆောင်များ၏ စီးပွားရေးသယံဇာတ လက်ဝါးကြီးအုပ်မှု ၊ အမျိုးသားတန်းတူညီမျှမှုမရှိမှု၊ ကိုယ်ပိုင် ပြဌာန်းခွင့် မရှိမှုများကြောင့် တော်လှန်နေရသည်ဆိုခြင်းအား တော်လှန်ရေးဖြင့် အာဏာရလာသည့် တရုတ်ကွန်မြူနစ်အစိုးရက အလေးမထားခြင်းလည်း ဖြစ်သည်။
တစ်ဖက်တွင်မူ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နှင့် ထိတွေ့မှုများကို လျှော့ချပြီး ၄င်း၏ ရွေးချယ်မှုများကို အခြား တစ်ဖက်စီသို့ ပြောင်းလဲ ပစ်လာသည်။
ရေငုပ်သင်္ဘောအား တရုတ်ထံမှ မယူဘဲ အိန္ဒိယထံမှ လက်ခံခြင်းမျိုးနှင့် အိန္ဒိယ၌ မြန်မာစစ်အရာရှိများ လေ့ကျင့်သင်ကြားခွင့် ရစေရန် ကြိုးစားမှုမျိုး ဖြစ်သည်။
ပြည်တွင်းတွင်မူ မြောက်ပိုင်း မဟာမိတ် အဖွဲ့များအား နိုင်ငံရေး စားပွဲဝိုင်းများမှ ဖယ်ကျဥ်ရန် ကြိုးစားနေပြီး အင်အားသုံး ချေမှုန်းပစ်ရန် လုပ်ဆောင်နေခဲ့သည်။
စစ်အာဏာရှင် အသစ်ဖြစ်လာမည့် စစ်ခေါင်းဆောင်သည် EAOs များအား အမြဲတစေ လက်နက်ဖြုတ်ရန် သာ ပြောဆိုနေပြီး လက်နက်ကိုင်ရသည့် အကြောင်းအရင်းကိုမူ တရုတ်ကဲ့သို့ပင် အလေးမထားလှပေ။
NLD အစိုးရသည်လည်း ၄င်း၏ နိုင်ငံရေး အာဏာကို စစ်တပ်အား ထိန်းချုပ်နိုင်သည်ထိ ဖြန့်ကျက်နိုင်မှသာ ငြိမ်းချမ်းရေးကို အပြည့်အဝ ဖော်ဆောင်နိုင်မည်ဟု ယူဆလာသည်။
၂၁ ရာစု ပင်လုံ အစည်းအဝေးများမှာ စစ်တပ်၏ အတိုက်အခံလုပ် တင်းမာမှုများကြောင့် အလုပ် မဖြစ်တော့ပေ။
ရိုဟင်ဂျာအရေး၊ ရခိုင့်တပ်တော် အရေး၊ အပါအဝင် ဗစ်တိုးရီးယား ဖြစ်စဥ်ကဲ့သို့ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ ကိစ္စများထိ မြန်မာစစ်တပ်နှင့် ၄င်းတို့ သြဇာခံအသိုင်းအဝိုင်းသည် အရပ်သားအစိုးရ အမည်အောက်မှ နေ၍ မတည်မငြိမ်မှုများကို ဖန်တီးနေခဲ့သည်။
နိုင်ငံတကာတွင် ပုံရိပ်ကျနေသော်လည်း NLD အစိုးရသည် ပြည်တွင်း၌ လူအများစုထံတွင် ထောက်ခံမှုများ အားကောင်းနေဆဲဖြစ်သည်။
ကိုဗစ် ထိန်းချုပ်မှု အောင်မြင်ရခြင်းမှာ အစိုးရ အစီအစဥ်များကို လူထုက လိုက်နာမှု အားကောင်း၍ ဖြစ်ပြီး တစ်နည်းဆိုပါက NLD အစိုးရသည် လူထု လက်ခံမှုဆိုသည့် တရားဝင်မှုတွင် အားကောင်းနေစဲဆိုသည့် သဘော ဖြစ်သည်။
ကပ်ရောဂါ အကြားမှ ပြုလုပ်ရန် ရှိသည့် ရွေးကောက်ပွဲအတွက် အစိုးရအနေနှင့် ယုံကြည်မှုများ ပိုရှိလာသည်။
သို့သော် မြန်မာစစ်တပ်နှင့် အတိုက်အခံများဘက်ကမူ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် ဖိအားပေးနေသည်။
ရွေးကောက်ပွဲသည် စနစ်တကျပင် အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။ NLD သည် ၂၀၁၅ ခုနှစ်ကထက်ပင် ပို၍ အနိုင်ရသွားခဲ့သည်။
အဆုံးသတ်တိုက်ပွဲ ဟူသည့် ကြွေးကြော်သံများသည် နိုင်ငံအနှံ့တွင် ပြည့်နေခဲ့ပြီး NLD အစိုးရသည် စစ်တပ်၏ နိုင်ငံရေး ဝင်စွက်ဖက်နေမှုကို ဖယ်ရှားနိုင်လိမ့်မည်ဟု မဲဆန္ဒရှင်လူထုက ယုံကြည်လျက် ရှိနေခဲ့သည်။
မြန်မာစစ်တပ်ဘက်က အာဏာသိမ်းရန် ခြိမ်းခြောက်မှုများ ပေါ်ပေါ်တင်တင်လုပ်လာသည့်တိုင် လူထုသည် NLD ပါတီကိုပင် ရဲရဲဝံ့ဝံ့ ထောက်ခံနေခဲ့သည်။
မြို့ကြီးများ၌ ရပ်ကွက်လမ်းများတွင် တတိယအကြိမ် လွှတ်တော်ကို ကြိုဆိုကြောင်း ထောက်ခံသည့် အနီရောင် စာတမ်းများ ချိတ်ဆွဲကာ စစ်တပ်နှင့် အတိုက်အခံများ စွတ်စွဲသည့် မဲမသာမှုအား တုန့်ပြန်ကြသည်။
NLD အစိုးရသည် ထို စွတ်စွဲချက်များကို ဖြေရှင်းခြင်း မပြုခဲ့ပေ။
“ ဖြေရှင်းလိုက်ရင် ဟုတ်ဟုတ် မဟုတ် ဟုတ် လက်ခံလိုက်သလို ဖြစ်သွားမှာပေါ့။ ဒါဆို ဒေါ်အောင်ဆန်းစုကြည်အတွက် သူ့ပါတီရဲ့ ပုံရိပ်နဲ့ သူ့ရဲ့ နိုင်ငံရေး သိက္ခာကို အရင် ထိမှာ။ နောက်ပြီး အဲ့ဒီလို မဲတွေ ပြန်စိစစ်ရင် အရေးပေါ် အခြေအနေကြေညာရမှာပဲ။ ဒါဆို ဘယ်သူက အာဏာ ရလာမလဲ။ ဒါ ၁၉၅၈ အကျပ်ကိုင်ပုံ နည်းလမ်းနဲ့ ခပ်ဆင်ဆင်ပဲ” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေး လေ့လာသူတစ်ဦးက မှတ်ချက်ပေးသည်။
သို့ဖြစ် အစိုးရဖွဲ့ရန် လွှတ်တော်ခေါ်မည့် မနက်၌ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်သည်။
တရုတ်သည် ၄င်းတို့နှင့် အဆင်မပြေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းမှုကို ထောက်ခံခြင်း မပြုသလို ကန့်ကွက်ခြင်းလည်း မရှိပေ။
မြန်မာ စစ်တပ် အာဏာသိမ်းမှုသည် ၄င်းတို့နှင့် မဆိုင်ကြောင်း သဘောထားနှင့် ၄င်းတို့ အကျိုးစီးပွားများကို မထိရန်သာ တုံ့ပြန်မှုများ ရှိခဲ့သည်။
မြန်မာစစ်တပ်သည် အာဏာသိမ်းမှု အတွေ့အကြုံများစွာ ရှိနေပြီး အခြေအနေများကို ထိန်းသိမ်းနိုင်မည်ဟု တရုတ်ဘက်က မျှော်လင့်ခဲ့သည်။
သို့သော် ယခုတစ်ကြိမ် အာဏာသိမ်းမှုသည် ယခင် အကြိမ်များနှင့် အခြေအနေခြင်း မတူပေ။
၁၉၅၈ ခုနှစ် စစ်အာဏာသိမ်းမှုသည် တရားဝင်မှုဖြစ်စေရန် ဝန်ကြီးချုပ် ဦးနုက အလျှော့ပေးခဲ့၍ အခြေခံဥပဒေအတိုင်း ဖြစ်သွားခဲ့သည်။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုတွင် လူထုသည် ပါလီမာန် နိုင်ငံရေးကို စိတ်ပျက်နေကြပြီး စစ်တပ်သည် အဆိုပါ အခြေအနေများမှ ကယ်တင်နိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။
၁၉၈၈ ခုနှစ်တွင် ရွေးကောက်ပွဲ ကတိကဝတ်ဖြင့် လူထုအား လှည့်စားနိုင်ခဲ့ပြီး လူထုအုံကြွမှု အရှိန်ကို သတ်ပစ်နိုင်ခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင်မူ လူထုသည် ယခင် အာဏာသိမ်းမှုများအတွက် အတွေ့အကြုံများ ရှိနေပြီး ဖြစ်သလို နိုင်ငံရေးယဥ်ကျေးမှု မြင့်တက်နေချိန်နှင့် နည်းပညာတိုးတက်မှု အခြေအနေများ ရှိနေသည်။
စစ်အာဏာသိမ်း ဆန့်ကျင်မှု လူထုသပိတ်များသည် မြေပြင်တွင်ထက် အွန်လိုင်းပေါ်၌ အာဏာသိမ်းမှုကို သိရှိပြီးချိန်ကစ၍ ပေါ်ပေါက်လာခဲ့သည်။
စစ်ကောင်စီ အဖြစ် ပြောင်းလဲလာသည့် အာဏာသိမ်းစစ်တပ်သည် အွန်လိုင်း အသုံးပြု၍ စိတ်ဓာတ်စစ်ဆင်ရေးများ ပြုလုပ်ခဲ့သော်လည်း မြေပြင်၌ ပေါ်ထွက်လာတော့မည့် လူထုအုံကြွမှုကြီးအား တားဆီးနိုင်စွမ်း မရှိခဲ့ပေ။
နည်းပညာ တိုးတက်မှုက သတင်းအချက်အလက်များ လွယ်ကူစွာ စီးဆင်းနိုင်သလို လွယ်ကူစွာပင် အချက်အလက်များကို စုဆောင်းရရှိနိုင်သည်။
လူမှုကွန်ရက်များသည် လူ့အဖွဲ့အစည်းတစ်ရပ် အသွင်ဆောင်လာသဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ်မှောက်မှုများက မြေပြင်မှာသာမက လူမှုကွန်ရက်များပေါ်တွင်လည်း အားကောင်းစွာ ပေါ်ပေါက်လာသည်။
သို့သော် အာဏာသိမ်း စစ်တပ်သည် ၄င်းတို့၏ ပုံစံအတိုင်း မြေပြင် သပိတ်များကို အကြမ်းဖက် ဖြိုခွင်းရာ လူမှုကွန်ရက်များမှ တစ်ဆင့် အဆိုပါ အကြမ်းဖက်မှုများက ကမ္ဘာသို့ ပျံ့နှံကုန်သည်။
ထို့အတူ ကမ္ဘာကြီးဆီမှ အခြားသော အဖိနှိပ်ခံများ၏ တော်လှန်ရေး တိုက်ပွဲများကိုလည်း အလွယ်တကူလေ့လာနိုင်လာကြသည်။
မြန်မာစစ်တပ်သည် တိုင်းပြည်အနှံ့တွင် လူထုကို အကြမ်းဖက်မှုများ ကျူးလွန်နေသည်။
ဆန္ဒပြ ဖြိုခွင်းခံရ၍ ပုန်းအောင်နေရာမှ မိုဘိုင်းဖုန်းကို ထုတ်ကြည့်တိုင်း အခြား နေရာပေါင်းများစွာ၌လည်း အလားတူ ဖြစ်စဥ်များ ဖြစ်နေသည်ကို ကြုံလာကြရသည်။
“ လိုက်ပစ်လို့ ပုန်းနေတုန်း ဖုန်းလေးထုတ်ကြည့် ဘယ်မှာတော့ ပစ်နေပြီ သတ်နေပြီတွေပဲ။ အပြင်မှာလည်း စစ်သားတွေရဲ့ အော်ဆဲသံတွေ သေနတ်သံတွေနဲ့ တကယ် နာကျည်းစရာတွေပါပဲ” ဟု အသက် ၃၀ ကျော် လူငယ်တစ်ဦးက ၄င်း၏ အတွေ့အကြုံကို ပြောပြသည်။
စနစ်ကျစွာဖြင့် ဖြိုခွင်းမှုများကို အန်တုနေသည့် လူထု သပိတ်များကို အာဏာသိမ်းစစ်တပ်က ခုခံမှုအားကောင်းလေ ပြင်းထန်သည့် ဖိနှိပ်မှုကို အသုံးပြုလေ နည်းဖြင့် အကြမ်းဖက်ခဲ့သည်။
ပြောက်ကျား ဆန္ဒပြ စစ်ကြောင်းများအား သတင်းပေးများ အကူအညီဖြင့် စောင့်ဆိုင်းကာ ပစ်ခတ် ဖြိုခွဲသည်။
ဆိုင်းဘုတ်ကိုင်ထားသည့် လူငယ်အများအပြားစစ်သားများ၏ ပစ်ခတ်မှုကြောင့် ကျဆုံးကုန်သည်။
မျက်စိရှေ့တွင် မိတ်ဆွေ၊ မိသားစုများ စစ်သားများ ပစ်၍ သေဆုံးနေရ ဖမ်းဆီး အကြမ်းဖက်ခံနေရသည်ကို ကြုံလိုက်သည့် သူများသည် တရားမျှတမှုအတွက် ရယ်ဒီကယ် လမ်းသို့ ရွေးချယ်လာကြတော့သည်။
“ အကုန် ပစ်သတ်ခံရတော့မှာ လက်နဲ့ ပြန်ချလို့ မရတော့ဘူး။ ဒီကောင်တွေ လူစိတ်မရှိတော့ဘူး” ဟု ဦးခေါင်း ရာဘာကျည်ထိမှန်ခံခဲ့ရသူ လူငယ်တစ်ဦးက ပြန်ပြောင်း ပြောပြသည်။
လက်နက်ကိုင်ရန် မြို့ပြကို စွန့်ခွာကုန်သည့် လူငယ်များသည် စစ်အာဏာရှင် ဆန့်ကျင်ရေး မြို့ပြသပိတ်များကို တက်ကြွစွာ ပါဝင်နေသူများ ဖြစ်သည်။
နေ့ သပိတ် ည သပိတ် များဖြင့် စစ်ကောင်စီအား လုံး၀ အုပ်ချုပ်ခွင့်မရ ကြွေးကြော်သံဖြင့် ဆန့်ကျင်အံတုနေသူများလည်း ဖြစ်သည်။
သို့ဖြင့် အဆိုပါ လူငယ်များ မရှိတော့သည့်နောက် မြို့ပြ သပိတ်များသည် စစ်ကောင်စီ၏ အကြမ်းဖက် ဖြိုခွင်းမှုများအောက်၌ မရှိသလောက် ဖြစ်သွားခဲ့သည်။
ထိုအခါ CDM ဝန်ထမ်းများ၊ အခြားသော ဆန္ဒပြ တက်ကြွလှုပ်ရှားသူများ အား ရှာဖွေဖမ်းဆီးရန် စစ်ကောင်စီအတွက် အခွင့်သာလာခဲ့သည်။
“ အခုထိ ဧည့်စာရင်းစစ်ရင် ကြောက်နေရတယ်။ စိတ်မလုံခြုံဘူး” ဟု ပညာရေး CDM ဝန်ထမ်းတစ်ဦးက ပြောပြသည်။
စစ်ကောင်စီသည် မြို့ပြ၌ ဆန္ဒပြပွဲများ ပေါ်လာတိုင်း အကြမ်းဖက်ဖြိုခွဲခြင်းဖြင့် အကြောက်တရားသွင်း တုံ့ပြန်သည်။
သို့သော် ကျေးလက်ဒေသများတွင် မူ ရရာ လက်နက်စွဲကိုင်ကာ ခုခံမှုများ ပေါ်ပေါက်လာပြီး ထိုမှတစ်ဆင့် လက်နက်ကိုင်တော်လှန်ရေး အသွင်သို့ ကူးပြောင်းလာခဲ့သည်။
၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီသည် အလယ်ပိုင်းဒေသရှိ စစ်အာဏာသိမ်းမှုဆန့်ကျင်သူများကို အကြမ်းဖက်ဖြိုခွင်း၍ လက်နက်ကိုင် ခုခံနေသည့် ဒေသခံများအား မြေလှန်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။
ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ ဒေသများတွင်လည်း အလားတူ အကြမ်းဖက်မှုများကို ကျူးလွန်နေခဲ့သည်။
သို့သော် ခုခံမှုများမှာ တိုး၍သာ အားကောင်းလာနေပြီး သိန်းနှင့်ချီ၍ နေရပ်စွန့်ခွာထွက်ပြေးရမှုများ၊ ထောင်နှင့်ချီသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများဖြင့် မတားဆီးနိုင်ခဲ့ပေ။
စစ်ကောင်စီသည် လူထု၏ အခြေခံ လူ့အခွင့်အရေး ဖြစ်သည့် အသက်ရှင်သန်ခွင့်အား အကြမ်းဖက်မှုများဖြင့် ခြိမ်းခြောက်နေသော်လည်း တရုတ်နိုင်ငံသည် အဆိုပါ အကြမ်းဖက်မှုများအား မည်သည့်အခါမျှ ရှုတ်ချခဲ့ခြင်း မရှိပေ။
၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် စစ်အင်အား မလောက်မင ဖြစ်နေသည့် စစ်ကောင်စီနှင့် တရုတ်တို့ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီသည် ရှမ်းမြောက်မှ ၄င်းတို့၏ တပ်အင်အား အချို့အား ကရင်နီပြည်နယ်ဘက်သို့ ရွှေ့ပြောင်းလိုက်သည်။
နှစ်နှစ်အတွင်း ကရင်နီပြည်နယ်သည် ပြည်မမှ တော်လှန်ရေး လူငယ်များနှင့် နယ်ခံ ကရင်နီလူငယ်များ စုစည်းမှုဖြင့် မြို့တော် လွိုင်ကော်ထိ စစ်ရေး အင်အားပြလာနိုင်သည်။
နေပြည်တော်နှင့် နီးကပ်သည့် ဒေသဖြစ်၍ စစ်ကောင်စီသည် ကရင်နီနယ်အား ပြန်လည် ထိန်းချုပ်လိုနေခြင်း ဖြစ်သည်။
နိုင်ငံရေးအရ တရားနည်းလမ်းကျမှုရော တရားဝင်မှုပါ ပျောက်ဆုံးနေသည့် စစ်ကောင်စီသည် တရုတ်နှင့် အပေးအယူများ ပြုလုပ်လာခြင်း ဖြစ်သည်။
တရုတ်နယ်စပ်ရှိ EAOs များ ၄င်းတို့ကို မတိုက်ပါရန် အာမခံချက်မျိုး ယူသွားပြီး ယင်းနောက် မကြာမီတွင် မြစ်ဆုံစီမံကိန်းအား ပြန်စရန် စစ်ခေါင်းဆောင်က လေသံ ပစ်လာခဲ့သည်။
သို့သော် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ကျားဖြန့် ကိစ္စ အကြောင်းပြုကာ တရုတ်က မြောက်ပိုင်း မဟာမိတ် အဖွဲ့များအား ရှမ်းမြောက်၌ စစ်ဆင်ရန် အချက်ပြလိုက်တော့သည်။
၁၀၂၇ စစ်ဆင်ရေး စပြီးနောက် စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်သွားခဲ့သည်။
မြန်မာစစ်တပ်သည် ယခင်ကကဲ့သို့ တိုက်ရည် ခိုက်ရည် မရှ်ိတော့ဟူသည့် အမြင်များလည်း ပေါ်ပေါက်လာခဲ့သည်။
လောက်ကိုင်မြို့အား စစ်ကောင်စီ လက်လွှတ်ရပြီးနောက် တရုတ်သည် ဟိုက်ဂင် သဘောတူညီချက်ဖြင့် နှစ်ဖက် အပစ်ရပ်ရန် လုပ်ဆောင်သည်။
နိုင်ငံတွင်း၌လည်း စီးပွားရေး အကျပ်အတည်းများ ဆိုးဆိုးရွားရွား ဖြစ်နေခဲ့ရာ စစ်ကောင်စီသည် အထွေထွေ အကျပ်အတည်းအောက်၌ နစ်မြုပ်နေခဲ့ပြီ ဖြစ်သည်။
စစ်ကောင်စီသည် ထွက်ပေါက်အဖြစ် စစ်ဆက်တိုက်ရန်သာ ဆုံးဖြတ်ပြီး စစ်မှုထမ်းဥပဒေကို ပြဌာန်းလိုက်သည်။
စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးကုန်ပြီး အလုပ်လက်မဲ့ ဦးရေ အလွန်အမင်းများလာခဲ့သည်။
လူငယ်များသည် အလုပ်အကိုင် ရှားပါးမှု ပြဿနာ အပြင် စစ်ကောင်စီ၏ တင်းကျပ်သည့် ထိန်းချုပ်မှုများကြောင့် တစ်ကိုယ်ရည် မလုံခြုံမှု ပြဿနာများကို လည်း ရင်ဆိုင်နေရသည်။
ထိုအချိန်တွင် စစ်မှုထမ်းဥပဒေသည် အဆိုပါ လူငယ်တို့၏ အသက်ရှင်နေထိုင်ခွင့်ကိုပါ ခြိမ်းခြောက်လာခဲ့တော့သည်။
ဟိုက်ဂင်သဘောတူညီချက် အပြီး အလျင်အမြန် အကောင်အထည်ဖော်လာသည့် အဆိုပါ စစ်မှုထမ်းဥပဒေသည် ငါးလအတွင်း စစ်ကောင်စီအတွက် တပ်သားသစ် သောင်းချီ၍ အဓမ္မ စုဆောင်းနိုင်ခွင့် ရသွားစေသည်။
စစ်ကောင်စီသည် လောက်ကိုင်မြို့အား အပူတပြင်း ပြန်သိမ်းနိုင်ရန် ကြံစည်လာခြင်း ဖြစ်သည်။
လောက်ကိုင်သည် ၂၀၀၉ ခုနှစ်က စစ်ခေါင်းဆောင်အတွက် ယခု MNDAA တပ်များကို တိုက်ခဲ့သည့် နေရာ ဖြစ်သည်။
ထို့အတူ တရုတ်အလိုကျ ဖြစ်ရတော့မည့် ၄င်းတို့၏ အခြေအနေအား ပြောင်းလဲနိုင်ရန် လောက်ကိုင်အား ပြန်သိမ်းရမည့် အခြေအနေကိုလည်း ရင်ဆိုင်နေရသည်။
MNDAA နှင့် TNLA တို့သည် ပြည်မမှာ စစ်ကောင်စီ အာဏာသိမ်းမှုကို ဆန့်ကျင်သူ လူငယ်များ ဝင်ရောက်လာမှုဖြင့် အင်အားပိုမိုတောင့်တင်းလာခဲ့သည်။
တရုတ်သည် BRI စီမံကိန်း နေရာမှ နယ်မြေများအား ၄င်းတို့ ထိန်းချုပ်နိုင်ရန် သာ စစ်ရေးဖော်ဆောင်စေလိုခြင်း ဖြစ်သည်။
သို့သော် ၄င်း၏ သြဇာလွှမ်းမိုးမှု ရှိသည် ဆိုသော တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် အမျိုးသားတန်းတူညီမျှသည့် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးကိုသာ အားသန်လျက် ရှိနေသည်။
သို့ဖြင့် နိုင်ငံရေး စစ်ရေး ပရိယာယ်များစွာကြားမှ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ပေါ်ပေါက်လာပြီး စစ်ကောင်စီတို့ ဗကပကို အနိုင်တိုက်နိုင်သဖြင့် ဂုဏ်ယူခဲ့ရသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရုံးစိုက်ရာ လားရှိုးမြို့သည် တော်လှန်ရေး တပ်ဖွဲ့များ လက်သို့ ကျရောက်လာခဲ့သည်။
ထို့အတူ မန္တလေးမြို့သည်လည်း တော်လှန်ရေး တပ်ပေါင်းစုများ၏ နောက်ထပ် စစ်ရေး ပစ်မှတ်အဖြစ် ရုပ်လုံး ပေါ်လာခဲ့သည်။
ရမခကို လက်လွှတ်ရခြင်းက စစ်ခေါင်းဆောင်အား ၄င်းကို ထောက်ခံသူများ၏ အမျက်ဒေါသကို ခံလာရစေသည်။
တရုတ်သည် တစ်ပြိုင်တည်းလိုပင် စစ်ကောင်စီအား အပြောင်းအလဲများ ပြုလုပ်ရန် ဖိအားပို၍ ပေးလာခဲ့သည်။
တပ်တွင်း အာဏာသိမ်းသည်ဟု ကောလာဟလ ထွက်ခဲ့သည့် ယခုနှစ် သြဂုတ်လအတွင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။
ရမခ ကျသဖြင့် တရုတ်ဆန့်ကျင်ရေး အသံများ စစ်တပ်အသိုင်းအဝိုင်းအတွင်း ညံနေချိန်လည်း ဖြစ်သည်။
၀မ်ရိပြန်သွားပြီးနောက် စစ်ကောင်စီသည် ၄င်း၏ရွေးကောက်ပွဲ အစီအစဥ်ကို အကောင်အထည်ဖော်ရန် ခြေလှမ်း သိသိသာသာ တိုးလာခဲ့သည်။
မကြာမီ မန္တလေး PDF နှင့်အတူ တိုက်ပွဲဝင်နေသည့် TNLA အား တရုတ်က သတိပေးခြိမ်းခြောက်လာသလို MNDAA ကလည်း မန္တလေးနှင့် တောင်ကြီးကို မသိမ်းပါကြောင်းနှင့် ပြည်ထောင်စုမှ ခွဲမထွက်ခြင်း၊ NUG အစိုးရနှင့် မပူးပေါင်းခြင်းများကို ထုတ်ပြန်လာခဲ့သည်။
ယခုရက်ပိုင်းတွင် စစ်ကောင်စီသည် နိုင်ငံရေး ဆွေးနွေးရန်ဟုဆိုကာ သုံးနှစ်ကျော်အတွင်း ပထမဆုံးအဖြစ် PDF တပ်ဖွဲ့များကို ဖိတ်ခေါ်လာခဲ့သည်။
တရုတ်သည် ၂၀၀၈ ခြေဥကို ပြန်အသက်သွင်းမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ အမြန်ဆုံး အထမြောက်ရေး အဖက်ဖက်မှ ဖိအားပေးလာခြင်း၏ ရလာဒ် ဖြစ်သည်။
သို့သော် တော်လှန်ရေး တပ်ဖွဲ့များသည် စစ်ကောင်စီ၏ ကမ်းလှမ်းချက်အား အယုံအကြည် မရှိပေ။
၄င်းတို့သည် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေး အခိုင်အမာ ရပ်တည်ကြောင်း လူထုထံ ရှင်းလင်းစွာ အသိပေးထားသဖြင့် ထောက်ခံမှုများ ရထားသူများ ဖြစ်သည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲလမ်းကြောင်းသည် ၂၀၀၈ ခြေဥ ဖြင့်သာ လုပ်မည် ဖြစ်၍ ဖက်ဒရယ်ပြည်ထောင်စုအတွက် အာမခံချက် မရှိပေ။
ရွေးကောက်ပွဲ ဝင်ရန် ပြင်ဆင်နေသည့် နိုင်ငံရေးသမားများကိုလည်း စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ဆန့်ကျင်ရန် ပျက်ကွက်သဖြင့် လူထုက မနှစ်သက်ပေ။
ထို့ပြင် အစဥ် အပြစ်ပေး အရေးယူခံရခြင်း ကင်းလွတ်နေသည့် စစ်ဗိုလ်ချုပ်များ ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် တရားမျှတမှုကိုလည်း ရရှိရန် ဆန္ဒ ပြင်းပြနေကြသည်။
ထို့အတူ ထွက်ပေါက်ပိတ်နေသည့် စစ်ကောင်စီအား အသက်သွင်းပေးသည့် တရုတ်၏ ဒေါ်လာ သုံးဘီလီယံ ကမ်းလှမ်းချက် ကိစ္စများနှင့် ဖိအားပေး သဘောတူခိုင်းထားသည့် BRI စီမံကိန်းများသည် နိုင်ငံအား အကြွေးထောင်ချောက်ထဲမှ ရုန်းထွက်နိုင်ရန် ခက်ခဲသွားစေနိုင်သည်။
၂၁ ရာစု ပင်လုံ ဆွေးနွေးပွဲများ၌ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အား သဘောမတူခဲ့သော မြန်မာစစ်တပ်သည် မြန်မာတစ်နိုင်ငံလုံးအား ကိုယ်ပိုင်ပြဌာန်းခွင့် ပျောက်ဆုံးစေမည့် တရုတ်လက်ဖြင့် လုပ်မည့် ရွေးကောက်ပွဲအား အကောင်အထည်ဖော်နေခြင်း ဖြစ်သည်ဟုလည်း ယူဆမှုများ ရှိလာသည်။
“ တရုတ်အတွက် သူ့လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့က အရေးကြီးဆုံးပဲ ကျန်တာ ဘာမှ စိတ်မဝင်စားဘူး။ ဘယ်ဘက်နဲ့ ဖြစ်ဖြစ် သူပေါင်းလုပ်မှာပဲ။ အဲ့ဒီတော့ ထိန်းညှိနိုင်တဲ့ အစိုးရကောင်း မရှိရင် တရုတ်က နိုင်ငံကို အကြွေးနဲ့ သိမ်းသွားမယ်။ ကိုယ့်မြေ ကိုယ်ရေ မှာ ဒေသခံတွေက ငတ်ပြီး တရုတ်တွေ ကြီးပွားနေတာကို မြင်ရမှာ အသေအချာပဲ” ဟု ရန်ကုန် အခြေစိုက် နိုင်ငံရေး ဆောင်းပါးရှင် တစ်ဦးက သုံးသပ်သည်။
သို့သော် တော်လှန်ရေး အင်အားစုများမှာ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအား ပူးပေါင်းရန် အခြေအနေမရှိပေ။
ထို့အတူ လူထုသည်လည်း တော်လှန်ရေး တပ်ဖွဲ့များ စစ်ကောင်စီနှင့် မပူးပေါင်းဘဲ စစ်ကောင်စီအား ဖယ်ရှားကာ စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်လာရေးကို မျှော်လင့်နေကြသည်။
စစ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက် အကြမ်းဖက်မှုများအား နေ့စဥ် ကျူးလွန်လျက် ရှိနေသော်လည်း ၂၀၀၈ ခြေဥတွင် အဆိုပါ အကြမ်းဖက်မှုများအတွက် အပြစ်ပေးနိုင်သည့် ဥပဒေပြဌာန်းချက် မပါဝင်ပေ။
သို့ဖြစ်ရာ တရုတ်လက်ဖြင့် လုပ်မည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲမှ တက်လာသော အစိုးရတစ်ရပ်သည် စစ်ကောင်စီ ကျူးလွန်ခဲ့သော ပြစ်မှုများအား နောက်ကြောင်းပြန် အရေးယူနိုင်မည်တော့ မဟုတ်ပေ။
“ ကျတော်တို့ နာကျည်းခဲ့ရတာ အများကြီးပဲ။ ဒီစစ်ခေါင်းဆောင်တွေ တာ၀န်ယူမှု တာ၀န်ခံမှု ရှိရမယ်။ မဟုတ်ရင် မတရား ဖိနှိပ်ခံခဲ့ရတာတွေက သံသရာ တစ်ပတ် ပြန်လည်လာမှာ” ဟု လက်နက်ကိုင် တော်လှန်ရေးအား ထောက်ခံသူ လူငယ်တစ်ဦးက ပြောပြသည်။