By MPA / Maung Dagon (ဆောင်းပါး)
“ ဆီလိုသေးလား” ဟု မမယ်လှ (အမည်လွှဲ) တို့ ဆိုက်ကယ်ဘေးတွဲ ဂိတ်၌ ထိုးရပ်လာသည့် ကိုယ်ပိုင်ကား တစ်စီးပေါ်မှ အမျိုးသားတစ်ဦးက လှမ်း၍ မေးသည်။
သူက ဆီ တစ်လီတာလျှင် ကျပ် ခြောက်ထောင်စျေးဖြင့် ဖြတ်သည်။ ကြိုက်လျှင် မကြိုက်လျှင် မဝယ်ပဲ နေရုံသာ ရှိသည်။
ယခုနှစ်အတွင်း ဓာတ်ဆီ အလွန်ရှားနေပြီး ဆီ မကြာခဏ ပြတ်သည်ဟု မမယ်လှ ထင်မိသည်။ ပြီးခဲ့သည် လပိုင်းကလည်း ယခုကဲ့သို့ ဆီပြတ်ခဲ့သေးသည်။
သို့သော် ထို အချိန်က ယခုလောက် မဆိုးလှသေး။ ဆိုင်များက ရောင်းပေး၍ တန်းစီရသည့်တိုင် ပေါက်စျေးအတိုင်း ရသည်။
ယခုတော့ ပြင်ပက ဓာတ်ဆီကို စျေးနှစ်ဆပေး ဝယ်နေရပြီး ဆစ်ခွင့်မရှိ။ ဆီဆိုင်များရှိ ဘုတ်ပြားပေါ်က ကျပ် သုံးထောင်၀န်းကျင် ဆိုသည်များက မမယ်လှတို့နှင့် မသက်ဆိုင်ပေ။
“ ချမ်းအေးနားက ဆိုင်မှာ ရန်ဖြစ်ကြတာ ဆီတိုးရင်း၊ အဲ့ဒီက စပြီး ဘေးတွဲတွေ ဆီမရောင်းတော့တာ” ဟု မမယ်လှက ဘေးတွဲများကို စက်သုံးဆီ မရောင်းရသည့် အကြောင်းကို ပြောပြသည်။
သြဂုတ်လ ပထမပတ်အတွင်း ရန်ကုန်မြို့ အပါအဝင် တစ်နိုင်ငံလုံး နီးပါး စက်သုံးဆီ ရှားပါးမှုကို ကြုံတွေ့နေရသည်။ စက်သုံးဆီ အရောင်းဆိုင်များ၌ မိုင်နှင့်ချီသော ကားတန် ဘေးတွဲ တန်းကြီးများ ဖြစ်လာခဲ့သည်။
ထို ကာလအတွင်း တစ်ရက်၌ သင်္ဃန်းကျွန်း မြို့နယ်ရှိ မြတ်မေတ္တာမွန် ဆီဆိုင်တွင် စက်သုံးဆီ တန်းစီရင်း ဆိုက်ကယ်ဘေးတွဲသမားများ ရန်ဖြစ်ကြသည်။
စစ်ကောင်စီ ရဲများ ရောက်လာချိန်ထိ လက်စမသတ်သည့် ရန်ပွဲသည် ၄င်း ရဲများထဲက အချို့ထံပါ ဘေးတွဲသမားများ၏ ဒေါသများ ကျရောက်ကုန်တော့သည်ထိ ဖြစ်သွားခဲ့သည်။
“ ရဲပါ ထိသွားတယ်။ ၀ုန်း ၀ုန်း ၀ုန်းနဲ့ ဖြစ်နေကြရင်း” ဟု အဆိုပါ ရန်ပွဲကို မြင်တွေ့ခဲ့ရသူ တစ်ဦးက ပြောပြသည်။
ယင်းနောက်ပိုင်းကစပြီး ဆိုက်ကယ်ဘေးတွဲများအား သင်္ဃန်းကျွန်း၌ စက်သုံးဆီ တရား၀င် မရောင်းရတော့ပေ။
နယ်ခံ ဘေးတွဲသမားများက အဆိုပါ ရန်ပွဲမှာ အခြားမြို့နယ်ကလာသည့် ဘေးတွဲသမား အချင်းချင်း ဖြစ်ခြင်းဟု ပြောကြပြီး ၄င်းတို့ ပါဝင်ခြင်း မရှိဟု ငြင်းဆိုကြသည်။
သို့သော် ရန်ပွဲ မဖြစ်ခင် ရက်ပိုင်းကတည်းက သင်္ဃန်းကျွန်းမြို့နယ်၌ စက်သုံးဆီ မှောင်ခို တစ်လီတာ ကျပ် ရှစ်ထောင်ဖြင့် ဝယ်ပြီး ဘေးတွဲသမားများ ပြေးဆွဲနေခဲ့ရခြင်း ဖြစ်သည်။
စစ်ကောင်စီ ပတ်ကင်းကားများကပါ ထိုအချိန်က ဆီတန်းစီရာသို့ ရောက်လာကြပြီး စက်သုံးဆီ ဝင်၍ တန်းစီ ဝယ်ခဲ့သည်ကို ၄င်းတို့ မြင်တွေ့ခဲ့ရသည်။
“ သူတို့ လှည့်ကင်းကားတွေပါ ဝင်စီတာ။ သူတို့လည်း ဆီမရဘူး ပြောတယ်” ဟု ဆိုက်ကယ် ဘေးတွဲသမားတစ်ဦးက ပြောပြသည်။
မမယ်လှ တစ်ရက်လျှင် ဆီဖိုးချည့် ကျပ် နှစ်သောင်းလောက် ကုန်ကျလာသည်။ ကလေး ကျောင်းစရိတ် စားသောက်စရိတ်များက တစ်ရက်တစ်ရက် အလျင်မီသည် ဆိုရုံမျှသာ ရှိသည်။
စီးနင်းခများလည်း ယခုထက် ပိုကောက်၍ မဖြစ်နိုင်သေး။ တစ်ခါတက် ကျပ် ၁၅၀၀ ဖြစ်လာချိန်ကတည်းက စီးသူ လျော့သွားသည်။
ခရီးသည်များက ကျပ်နှစ်ထောင်ပေး၍ တော်ရုံ မစီးတော့။
“ တစ်ရက် အခေါက် နှစ်ဆယ်တော့ မရဘူးပေါ့။ ဆီက နှစ်သောင်းဖိုးဆို နှစ်ရက်လောက်တော့ ဆွဲရပါတယ်” ဟု မမယ်လှက ပြောပြသည်။
မမယ်လှက အမျိုးသမီးတစ်ဦး ဖြစ်ပေမယ့် မိုး ရွာရွာ နေပူပူ ဂိတ်၌ ရှိနေတတ်သည်။
အသောက်အစားလည်း အမျိုးသားများကဲ့သို့ မရှိ၍ ပို၍ ခရီးသည်များက စိတ်ချကြသည်။
စျေးနှုန်းကတော့ မမယ်လှ ပို မယူပေမယ့် ခရီးသည်များက ပို၍ ပေးတတ်ကြသည်။
ရိုးရှင်းသည့် စိတ်ထားက မျက်နှာပေါ်နေ၍ ဖြစ်မည် ထင်သည်။ မမယ်လှကလည်း ခရီးသည်များ အပေါ် စေတနာထား ဆက်ဆံသည်။
လမ်းရွေးချယ်သည်က အစ သက်သောင့်သက်သာ အဖြစ်ဆုံး လမ်းများကို ရွေးချယ် မောင်းပေးတတ်သည်။
လမ်းမကြီးပေါ်တော့ တက်၍ မောင်းမရပေ။ နေ့လယ်ပိုင်းဆိုလျှင် ယာဥ်ထိန်းရဲများက စောင့်ဖမ်းတတ်သည်။
ထို့ကြောင့် ရပ်ကွက် အတွင်းပိုင်းထဲမှ ပတ်ကာ ရှောင်ကွင်း မောင်းရသည်က ဘေးတွဲသမားများ၏ ကျွမ်းကျင်မှုများထဲက တစ်ခုပင် ဖြစ်သည်။
ရဲရှောင်လမ်းဟု အမည်ပေးထားကြသည်။ ရပ်ကွက်လမ်းများ ဖြစ်၍ အစိုးရ အဆက်ဆက် ခိုကပ်ခဲ့မှုများကို မြင်တွေ့နိုင်သည်။
တစ်ခြမ်းသာ ရှိသော ကတ္တရာလမ်းများ၊ ပလပ်ဖောင်းမရှိသော ကွန်ကရစ်လမ်းတိုများ၊ မြောင်း ပိတ်နေသော လမ်းများ အစုံအလင် တည်ရှိနေသည်။
မိုးတွင်းဆိုလျှင် ရေလျှံသည့် လမ်းက လျှံ၍ ချိုင့်များ ရေအောက် ရောက်နေသည့် လမ်းများလည်း ရှိသည်။
မမယ်လှက လမ်းကလည်း ကျွမ်း၍ ရှောင်ကွင်းသွားတတ်သည်။
” လမ်းမပေါ်က တက်သွား အေးဆေး မြန်တာပေါ့။ ရဲဖမ်းရင် ဆိုက်ကယ်ပါ ယူသွားတာ လိုက်ရွေးရရင် မချောင်ဘူး” ဟု မမယ်လှက ပြောပြသည်။
ဆိုက်ကယ်ဘေးတွဲများကို မြို့နယ်စစ်ကောင်စီက လိုင်စင်များ လုပ်ပေးထားသော်လည်း အဖမ်းအဆီးများက ရှိနေဆဲ ဖြစ်သည်။
လိုင်စင်ရှိသူများလည်း အဖမ်းခံရတတ်ပြီး လိုင်းကြေးပေးရသည်ဟု ဆိုကြသည်။ မဟုတ်ပါက ဆိုက်ကယ်အား သိမ်းယူသွားမည် ဖြစ်သည်။
လိုင်းကြေးမှာ ယခင်က တစ်ခါတွေ့ ကျပ်ငါးထောင်မျှသာ ဖြစ်သော်လည်း ယခုအခါ ကုန်စျေးနှုန်းတက်၍ ဆက်ကြေးပိုကောက်ရသည့် အဖြစ်ကို စစ်ကောင်စီရဲများ ရင်ဆိုင်နေရသည်။
ဆီမှောင်ခိုတန်းက စျေးနှစ်ဆ ပေးဝယ်နေရချိန် ရဲဖမ်း၍ လိုင်းကြေး သုံးသောင်းထပ်ပေးရသည့် ဘေးတွဲသမားအဖြစ်က မကြားချင်မှ အဆုံးပေ။
သို့သော် မတတ်နိုင်၊ ရသည့်နည်းဖြင့် လုပ်နေရဦးမည်သာ ဖြစ်သည်။
မမယ်လှ တစ်ရက် ကျပ်တစ်သောင်းခွဲမျှသာ ရသည့် ရက်များဆိုလျှင် ဟင်းချက်စရာအတွက် စဥ်းစားရတော့သည်။
ဆန်ဖိုးက လေးထောင်၊ ကန်စွန်းရွက်ပင် တစ်စည်း တစ်ထောင် ဖြစ်နေပြီ ဖြစ်သည်။ ကြက်ဥက တစ်လုံးကို ၄၅၀ ကျပ်၊ ကြက်သားက တစ်ဆယ်သား တစ်ထောင့်ငါးရာ ဖြစ်၍ တွေးမိသည့်ထဲတော့ ဖြတ်ခနဲမျှသာ ဝင်လာသည်။
သမီးလေး ကျောင်းစရိတ်ကလည်း ရှိသေးသည်။ အိမ်ငှားခအတွက်လည်း ဖယ်ရဦးမည်။
အတွေးများကို မျက်နှာပေါ်ထိ ထင်ဟပ်နေသည့် မမယ်လှ လမ်းပိတ်နေတုန်း သက်ပြင်းကို တစ်ချက်ချကာ မိုးခံ အိတ်ထဲမှ ဖုန်းကို ထုတ်ဆက်သည်။
“ အမေ သမီးကို ကျောင်းလေး ကြိုပေးပါဦး။ သမီး ခရီးသည် ရလို့ သွားနေလို့” ဟု ပြောပြောဆိုဆို မမယ်လှ ဆက်၍ မောင်းလာသည်။
ယနေ့အတွက်တော့ လာရောင်းသည့် ဆီဝယ်ဖြည့်ထား၍ စရိတ်မကျန်တော့။ ကန်စွန်းရွက်လေးနှင့် ကြက်ဥလေး ဝယ်ပြီး ပြန်ရမည်။
ထိုစဥ်မှာပင် ခရီးသည် လိုက်ပို့ခိုင်းသည့် နေရာသို့ ရောက်လာသည်။ အတွေးများနေသည့် မမယ်လှကို စာနာ၍ လားမသိ တစ်ထောင် ပိုပေးသွားသည်။
ငါးရာထပ်စိုက်၍ သမီးလေးနှင့် အမေ့အတွက် ကြက်သား တစ်ဆယ်သားတော့ ဝယ်သွားပေးရမည်။
သမီးနှင့် မိခင်ကို စဥ်းစားမိတော့ မမယ်လှ ပြုံးမိသွားသည်။ ထို့နောက် လီဗာကိုဆွဲ၍ ဘေးတွဲလေးကို မောင်းထွက်သွားတော့လေသည်။