By Garcia Ni / MPA (ဆောင်းပါး)
“ဘာစစ်ဆေးမေးမြန်းမှုမှ မရှိဘူးဗျ။ ခေါင်းကိုချိန်ပြီး ပစ်ချလိုက်တာ” ဟု ကိုမော်ကွန်း အသတ်ခံရမှုနှင့် ပတ်သက်၍ မျက်မြင်ကြုံတွေ့ခဲ့ရသော ကိုနေဆန်းက ပြောသည်။
ကိုမော်ကွန်းသည် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရွာစည်ရွာသား တစ်ဦးဖြစ်သည်။ လက်သမားနှင့် ပန်းရံဆရာတစ်ဦးဖြစ်သော ကိုမော်ကွန်းမှာ စစ်ကောင်စီ အာဏာမသိမ်းခင်ကတည်းက သူ့အစ်ကိုနှင့် အမျိုးများရှိသည့် ဂန့်ဂေါမြို့နယ်၊ မြောက်ပိုင်းရှိ အလယ်ရွာသို့ မကြာခဏ သွားရောက်၍ အနေများခဲ့သည်။ ထို့ကြောင့် အလယ်ရွာတွင် ကိုမော်ကွန်းအား မသိသူမရှိသလောက်ပင် ဖြစ်သည်။
စစ်ကောင်စီအာဏာသိမ်းသောအခါ တော်လှန်ရေးစိတ် ပြင်းထန်သော ကိုမော်ကွန်းသည် ယောကာကွယ်ရေးတပ် (YDF) ထံသို့ ဝင်ရောက်၍ စစ်သင်တန်းတက်ခဲ့သည်။ ကိုမော်ကွန်းမှာ အနေအေး၍ အမိန့်နာခံမှုကောင်းသော တပ်သားတစ်ယောက်ဖြစ်ကြောင်း ၎င်း၏ သင်တန်းဆရာဖြစ်ခဲ့ဖူးသည့် ကိုဘိုဝင်းက ထောက်ခံသည်။ ထို့အပြင် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများတွင်လည်း ရဲရင့်စွာ တိုက်ပွဲဝင်တတ်သည့် ရဲဘော်တစ်ယောက်ဖြစ်ကြောင်း သိရသည်။
“အဲ့ဒီအချိန်က မောင်မော်ကွန်းက ခွင့်တစ်လယူထားတဲ့ အချိန်ဗျ။ အိမ်ကမိဘတွေရဲ့ လုပ်ငန်းကိစ္စတွေ ရှိလို့လို့ ပြောတယ်။ ခွင့်ယူတဲ့ရဲဘော်တွေကို ကျတော်အမြဲဆုံးမတာက တပ်မှာတပ်စည်းကမ်းနဲ့ နေရမယ်။ ရွာထဲရောက်ရင်လည်း ရွာရဲ့သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ နေထိုင်ကြရမယ်လို့ အမြဲဆုံးမပါတယ်။ ကျတော့် ရဲဘော်တွေကလည်း လိုက်နာကြပါတယ်”ဟု ကိုဘိုဝင်းက ပြောသည်။
ထိုနေ့သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့၊ တန်ဆောင်တိုင်လပြည့်ည ဖြစ်သည်။ ကိုမော်ကွန်းနှင့် ညီအစ်ကို တစ်ဝမ်းကွဲတော်စပ်သော ရွာစည်ရွာသား ကိုနေဆန်းတို့သည် အလယ်ရွာမှ တောင်ဘက် တစ်ဖာလုံခန့်သာ ကွာဝေးသော ရွာမရွာသို့ ဆိုင်ကယ်တစ်စီးဖြင့် အလည်သွားရောက်ခဲ့ကြသည်။
“ကျတော်တို့ ညနေ ၆ နာရီ၊ မိနစ် ၂၀ လောက်မှာ ရွာမက သူငယ်ချင်းက အလည်ခေါ်လို့ သွားကြတာဗျ။ အဲ့ဒီမှာ အလယ်ရွာက ကျတော်နဲ့ နာမည်တူပဲ နေဆန်းဦးဆိုတဲ့ တစ်ယောက်ကလည်း ရွာမမှာ ရောက်နှင့်နေတော့ ၇ နာရီလောက်မှာ ဆိုင်ကယ်ကို သုံးယောက်စီးပြီး ပြန်လာကြတာဗျ”ဟု ကိုနေဆန်းက ပြောပြသည်။
ကိုနေဆန်းတို့သည် ရွာမရွာ သူငယ်ချင်းအိမ်တွင် အရက်တစ်ပုလင်းဝယ်ယူ၍ တစ်ယောက်တစ်ခွက် သောက်ခဲ့ကြသေးသည်။ သို့သော် တခြားရွာတွင် မူးမည်စိုး၍ ဆက်မသောက်တော့ဘဲ အရက်ပုလင်းကို ဆိုင်ကယ်တူးဘောက် (Toolbox) ထဲတွင် ထည့်၍ ပြန်လာကြသည်။
ဤသို့ဖြင့် ရွာမရွာအထွက် ကျေးရွာပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) ၏ လုံခြုံရေးဂိတ်နား အရောက်တွင် ဆိုင်ကယ်အား ဝါးရင်းတုတ် (သုံးတောင်ခန့်ရှိသော) ဖြင့် ရိုက်ချလိုက်သည်ကို ခံလိုက်ရသည်။ ဆိုင်ကယ်အရှေ့ကာဗာများကွဲ၍ ဆိုင်ကယ်သည်လည်း လဲကျသွားခဲ့သည်။
“ရိုက်တဲ့ လူက အောင်သောင်းတဲ့ဗျ။ လုံခြုံရေးဂိတ်နားက အိမ်ကလူဗျ။ သူက မူးနေတာ။ မူးပြီးတော့ ရိုက်တာဗျ။ ဆိုင်ကယ်လဲသွားတော့ လူကို ထပ်ရိုက်ဖို့ လုပ်တယ်ဗျ။ အဲ့ဒီအချိန်မှာ ကျတော်လည်း တုတ်ကို ဆွဲလုတာဗျ။ ထပ်ပြီး ရိုက်ခံရမှာစိုးလို့၊ ဒါပေမဲ့ တုတ်ကို လုမရဘူး”ဟု ကိုနေဆန်းက ပြောသည်။
ထိုအချိန် ဆိုင်ကယ်လဲသွားသည့် နေရာသို့ ဂိတ်အတွင်းမှ သေနတ်များ ကိုင်ဆောင်ထားသော ဂိတ်စောင့်နှစ်ဦးထွက်လာပြီး ကိုနေဆန်းတို့အား ဖမ်းသည်။ ခေါင်းပေါ်လက်တင်ကာ ဒူးထောက်ထားရန် ပြောသည်။ ထို့ကြောင့် ကိုနေဆန်းတို့မှာ မည်သည့်အတွက် ရိုက်သည်ကို မသိရှိဘဲ တန်းစီ၍ ဒူးထောက်နေကြရသည်။
တန်းစီနေသည့် အချိန်တွင် ခါးချိုးသေနတ်ကိုင်ထားသောသူမှ ကိုနေဆန်းနှင့် ကိုမော်ကွန်းအား တစ်လှည့်စီ ချိန်ရွယ်နေသည်။ အလယ်ရွာမှ ကိုနေဆန်းဦးကိုကား အလယ်ရွာပကဖအဖွဲ့ဝင် ဖြစ်သောကြောင့်ပင်လော သေနတ်ဖြင့် ချိန်ရွယ်ခြင်းမပြုဟု ဆိုသည်။
“သေနတ်ကတော့ ကျတော့်ကို တစ်လှည့်၊ မော်ကွန်းကို တစ်လှည့် ချိန်နေတာဗျ။ ကျန်တဲ့တစ်ယောက်ကိုက မချိန်ဘူးဗျ။ အစကတော့ လူကြီးတွေလာအောင် စောင့်ဦးဆိုပြီး ပြောတယ်ဗျ။ ပြီးတော့ ဘာစစ်ဆေးမေးမြန်းမှုမှ မရှိဘူးဗျ။ ခေါင်းကို ချိန်ပြီး ပစ်ချလိုက်တာ”ဟု ကိုနေဆန်းက ပြောသည်။
ခါးချိုးသေနတ်ဖြင့် နဖူးတည့်တည့် ပစ်ခံလိုက်ရသောကြောင့် ကိုမော်ကွန်းမှာ ဦးခေါင်းတစ်ခုလုံး ကြေမွ၍ မျက်နှာတစ်ခြမ်းပဲ့ကျကာ နေရာမှာပင် ဒူးထောက်လျက်သား ပက်လက်လဲကျ သေဆုံးသွားသည်။ ကိုနေဆန်းမှာ ကိုမော်ကွန်းနှင့် ဘေးချင်းကပ်လျက် ဒူးထောက်နေရသည့်အတွက် ကိုမော်ကွန်းထံမှ ဦးနှောက်အပိုင်းအစများနှင့် သွေးစများသည် မျက်နှာနှင့် အင်္ကျီပေါ်သို့ လာစင်လေသည်။
“စိတ်ကတော့ ကယောင်ခြောက်ခြားတော့ နည်းနည်းဖြစ်သွားတာပါ့ဗျာ။ ကိုယ့်ညီလည်း သေသွားတာဆိုတော့ ဝမ်းနည်းသွားတာပါ့။ အသံမထွက်နဲ့ မင်းတို့ ငိုသံထွက်ရင်တောင် တစ်ခုခုလုပ်မယ်ဆိုတဲ့ ပုံစံမျိုး ခြိမ်းခြောက်တော့ အသံမထွက်ရဲဘူး။ ဒူးတွေတော့ တဆတ်ဆတ်တုန်နေပြီဗျ။ ဝမ်းထဲလည်း တထိတ်ထိတ်နဲ့ နေပြီးပြီ။ ဦးနှောက်ခွံတွေ၊ သွေးစတွေကလည်း ကျတော့်တစ်ကိုယ်လုံးစင်ထားတာ”ဟု ကိုနေဆန်းက ပြောသည်။
ဂိတ်စောင့်နှစ်ဦးမှာ ရွာမရွာမှ ချမ်းဘိုနှင့် လင်းလင်းဆွေဟု စုံစမ်းသိရပြီး သေနတ်နှင့်ပစ်လိုက်သည့် တရားခံမှာ လင်းလင်းဆွေ ဖြစ်သည်ဟု ဆိုသည်။ ထိုလင်းလင်းဆွေမှာ ကိုနေဆန်းတို့ ဆိုင်ကယ်မောင်းလာသည်ကို တုတ်ဖြင့်ရိုက်သည့် အောင်သောင်း၏ သားဖြစ်သည်။
“ဖအေက တုတ်နဲ့ရိုက်ပြီး သားက သေနတ်နဲ့ ပစ်တာဗျ။ မော်ကွန်းအသတ်ခံရပြီးတော့ သူတို့လည်း လူတစ်ယောက်ကို သတ်ပြီးတော့ လန့်သွားတဲ့ ပုံစံမျိုးဗျ။ တခြား ဘာမှတော့ မပြောတော့ဘူး။ ပြီးတော့ ဘယ်သူလဲတော့ မသိဘူး။ သူတို့ထဲက တစ်ယောက်က သူတို့ ရွာဥက္ကဋ္ဌ မျိုးမြင့်ထွန်းကို ဖုန်းဆက်နေတဲ့ အသံတော့ကြားရတယ်ဗျ”ဟု ကိုနေဆန်းက ပြောသည်။
၁၀ မိနစ်ခန့်အကြာတွင် အခင်းဖြစ်ပွားသည့် နေရာသို့ ရွာမရွာ ပအဖ ဥက္ကဋ္ဌ မျိုးမြင့်ထွန်းနှင့်အဖွဲ့သည် သေနတ်များကိုင်ဆောင်၍ ရောက်လာကြသည်။ ကိုနေဆန်းနှင့် ကိုနေဆန်းဦးကိုမူ လုံခြုံရေးဂိတ်၏ အနောက်ဘက် မြစ်သာမြစ်ကမ်းဘေးတွင်ရှိသည့် အောင်သောင်း၏ အိမ်အတွင်းသို့ ခေါ်ဆောင်သွားကြသည်။
ရွာမရွာ မြောက်ဘက်တွင် တသီးတသန့်တည်းဖြစ်နေသော ထိုအိမ်သည် တိတ်ဆိတ်နေသည်။ အိမ်အတွင်းသို့ ရောက်သောအခါ သွေးစများ ပေပွနေသည့် ကိုနေဆန်းတို့ကို အဝတ်အစားများ လဲခိုင်းကြသည်။ ထို့နောက်အခန်းထဲတွင် ပိတ်ထားပြီး သေနတ်များကိုင်ဆောင်ထားသည့် အစောင့်များကလည်း စောင့်နေကြသည်။
ထိုအချိန်တွင် ရွာမရွာ ပအဖ ဥက္ကဋ္ဌ မျိုးမြင့်ထွန်းဦးဆောင်၍ ကိုမော်ကွန်း၏ အလောင်းကို အိမ်အနောက်ဘက်သို့ သယ်လာကြသည်ကို ပြတင်းပေါက်မှတဆင့် ကိုနေဆန်း အတိုင်းသားမြင်နေရသည်။ အလောင်းဖျောက်ရန်အတွက် အိတ်များရှာခိုင်းနေသည့် အသံများကိုလည်း ကြားနေရသည်။
ပလတ်စတစ်အိတ်အကြည်ဖြင့် အလောင်းကို ပထမပတ်လိုက်သည်။ ထို့နောက် ကြက်စာများထည့်သည့် ပီနံအိတ်ခွံကြီးအတွင်းသို့ ပလတ်စတစ်ပတ်ထားသည့် အလောင်းကိုထည့်၍ အိတ်ကို စည်းပိတ်လိုက်ကြသည်။ ထို့နောက်တွင် ကမ်းပါးပေါ်မှတဆင့် မြစ်သာမြစ်အတွင်းသို့ အလောင်းပစ်ချလိုက်သည့် အသံကို ဗုန်းခနဲ ကိုနေဆန်းကြားလိုက်ရတော့သည်။
“အလောင်းဖျောက်နေတဲ့ အချိန်မှာ ကျတော်တို့ကို သေနတ်တွေနဲ့ ဘယ်သူ့မှ မပြောဖို့ ခြိမ်းခြောက်တယ်ဗျ။ မင်းတို့ပြောရင်တော့ တွေ့မယ်နဲ့ ခြိမ်းခြောက်တယ်ဗျ။ ကျတော်တို့ကလည်း လွတ်မြောက်လာဖို့ ဘယ်သူ့မှ မပြောပါဘူးဗျ။ မပေါ်စေရပါဘူးဗျပေါ့၊ အဲ့ဒီလိုပဲ ပြောခဲ့ရတယ်”ဟု ကိုနေဆန်းက ဆက်ပြောသည်။
ည ၈ နာရီခွဲ အချိန်ခန့်တွင် ဤကိစ္စအားမည်သူ့ကိုမျှ မပြောရန်နှင့် ဆိုင်ကယ်ကိုလည်း မစီးဘဲ တွန်းသွားရန် ပြောဆို၍ ကိုနေဆန်းတို့ကို ရွာမရွာ ပအဖ ဥက္ကဋ္ဌ မျိုးမြင့်ထွန်းမှ ပြန်လွှတ်လိုက်သည်။ အလယ်ရွာသို့ ရောက်သောအခါ ကိုနေဆန်းမှာ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကြောင့် ယူကြုံးမရစိတ်ဖြင့် သတိလစ်သွားခဲ့သည်။ အလယ်ရွာမှ ဆေးဆရာမတစ်ဦး၏အိမ်တွင် တစ်ညလုံးဆေးကုသမှု ခံယူလိုက်ရတော့သည်။ ထို့နောက် ကိုမော်ကွန်းအသတ်ခံရသည့် အဖြစ်အပျက်သည်လည်း အလယ်ရွာတစ်ရွာလုံး ပျံ့နှံ့သွားခဲ့သည်။
“မိုးလင်းခါမှ မပြန်ခဲ့ကြသေးဘူးဆိုပြီး တစောင့်စောင့်ပါ့။ သူတို့ အိပ်ရာတွေကိုလည်း ကြည့်တယ်။ မပြန်ခဲ့ကြသေးဘူးပါ့။ လင်းတော့မှ အစ်မဝမ်းကွဲက အိမ်ကိုရောက်လာတယ်။ မောင်မော်ကွန်း အသတ်ခံရတယ်တဲ့ဆိုတော့ မယုံနိုင်ဘူး”ဟု ကိုမော်ကွန်း၏ မရီး (အစ်ကို၏မိန်းမ) မသန်းမူက ပြောသည်။
မသန်းမူတို့သည် ကိုမော်ကွန်းအသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ရွာမရွာသို့ သွားရောက်စုံစမ်းခဲ့သည်။ ကိုမော်ကွန်းအသတ်ခံရသည်မှာ သေချာသောအခါ ကျေးရွာပအဖများမှတဆင့် သက်ဆိုင်ရာလူကြီးများသို့ တိုင်ကြားခဲ့ကြသည်။
ထိုအချိန်က NUG ၏ တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်ပအဖ၊ ပကဖများ မပေါ်သေးဘဲ အနောက်ပိုင်းတိုင်းစစ်ဌာန (နပတ) အဖြစ်သာ ရှိသေးသည်။ သက်ဆိုင်ရာလူကြီးများ ရောက်လာသောအခါ မောင်မော်ကွန်းအလောင်း ပြန်ရရေး ရှာဖွေပေးရန် ပြောဆိုသော်လည်း ရှာဖွေပေးခြင်းမရှိခဲ့ပေ။ ထို့ကြောင့် အလယ်ရွာမှ လူများကိုယ်တိုင် ရှာဖွေခဲ့ကြရသည်။
“အသတ်ခံရတဲ့ ညပြီး နောက်နေ့မှာပဲ ရေငုတ်တဲ့လူက ငုတ်၊ အပေါ်ကကြည့်တဲ့ လူကကြည့်ပြီး ရှာခဲ့ကြတယ်ဗျ။ စက်လှေတွေနဲ့ပါ အောက်ဘက်ကို မျောလာရင်ကြည့်ထားဖို့ ပတ်ရှာကြတယ်။ မတွေ့ဘူးဗျ။ ၂ ရက်လောက် (နိုဝင်ဘာ ၂၀) မှ အလောင်းကပုပ်ပြီး မြင်သားရွာတံတားမှာ တင်နေတော့တာ”ဟု ကိုနေဆန်းက ပြောသည်။
အလောင်းပြန်ရချိန်တွင် မောင်မော်ကွန်းအား ပစ်သတ်ခဲ့သည့် လင်းလင်းဆွေဆိုသူကို ရွာမရွာ ပကဖအဖွဲ့မှ ရှောင်တိမ်းခိုင်းထားခဲ့ပြီး ဖြစ်ကြောင်းသိရသည်။ နပတမှ လူကြီးများရောက်လာ၍ မောင်မော်ကွန်းသတ်ခံရသည့် အမှုအား စုံစမ်းစစ်ဆေးကြသောအခါ ရွာမရွာ ပအဖ ဥက္ကဋ္ဌဖြစ်သူ မျိုးမြင့်ထွန်းက မောင်မော်ကွန်းသည် သေနတ်ကို လုယက် ခုခံသောကြောင့် ပစ်သတ်ခဲ့ခြင်းဖြစ်၍ အလောင်းဖျောက်သည်မှာ ရုတ်တရက် မည်သို့ လုပ်ရမည်မသိ၍ အလောင်းဖျောက်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု မသန်းမူက ပြောသည်။
“သေနတ်လုတယ်ဆိုတာလည်း အကြောင်းပြတာဗျ။ ဘာမှတောင် ကျတော်တို့ စကားလည်းမပြောရဘူး။ ကျတော်တို့ ဘာအပြစ်မှလုပ်မထားတော့ ဒီလိုပစ်မယ်တောင် မထင်ဘူး။ ဘာမှမပြောနဲ့ အကုန်ဒူးထောက်လို့ ပြောပြီးမကြာဘူး ပစ်ချလိုက်တာ။ တကယ်သေနတ်လုရင်လည်း နဖူးတည့်တည့်တော့ ပစ်လို့ မရဘူးလေ။ ရုန်းရင်းဆန်ခတ်ဖြစ်မှာပါ့။ အခုက ဒီအတိုင်း ချိန်ပြီးပစ်ချလိုက်တာ”ဟု ကိုနေဆန်းက ရှင်းပြသည်။
ထိုအမှုနှင့် ပတ်သက်၍ လူကြီးပိုင်းများက ဆွမ်းသွတ်စရိတ်ဟူ၍ ၅ သိန်းကျပ်ဖြင့် ကျေအေးပေးရန် ပြောဆိုခဲ့သော်လည်း ကိုမော်ကွန်း၏ မိသားစုများအနေဖြင့် မကျေအေးနိုင်ကြပါ။ ထို့ကြောင့် ထိုငွေအားလည်း လက်မခံခဲ့ကြချေ။
“သူတို့ (သက်ဆိုင်ရာလူကြီးများ) ကတော့ အခုလောလောဆယ် လုပ်လို့မရသေးဘူးလို့ ပြောတယ်။ နောက်မှ နောက်မှလို့ပဲ ပြောတယ်ရှင့်။ အခုထိလည်း ဘာအရေးယူမှုမှမရှိဘူး”ဟု မသန်းမူက ဆက်ပြောသည်။
ကိုမော်ကွန်း၏ မိသားစုများအနေဖြင့် မြို့နယ်၊ အုပ်စုအုပ်ချုပ်ရေးဆိုင်ရာ အစည်းအဝေးများတွင် ယင်းအမှုနှင့် ပတ်သက်၍ စစ်ဆေးအယူမှုများပြုလုပ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုမှုများ၊ တင်ပြမှုများပြုလုပ်ခဲ့သော်လည်း အရေးယူနိုင်မှု မရှိခဲ့ချေ။ ပြစ်မှုကျူးလွန်ခဲ့သူများမှာလည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ အရေးယူအပြစ်ပေးခြင်း မခံရဘဲ လွတ်မြောက်နေဆဲဖြစ်သည်။
အလောင်းဖျောက်မှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ရွာမရွာ ပအဖ ဥက္ကဋ္ဌဖြစ်ခဲ့သူ မျိုးမြင့်ထွန်းမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဂန့်ဂေါမြို့နယ်ပြည်သူ့လုံခြုံရေးဌာနတွင် အရာရှိတစ်ဦးအဖြစ် ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ကိုမော်ကွန်းသတ်ခံရသည့်အမှုမှာ လာမည့် နိုဝင်ဘာလ၊ (၁၈) ရက်တွင် သုံးနှစ်တင်းတင်း ပြည့်တော့မည် ဖြစ်သည်။ ဤအမှုနှင့် ပတ်သက်၍ မောင်မော်ကွန်း၏ မိသားစုဝင်များအနေဖြင့် ပြစ်မှုကျူးလွန်သူများကို တရားဥပဒေအတိုင်း အရေးယူမှုခံရသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
“အခုချိန်ထိ မော်ကွန်းရဲ့ ဝိညာဉ်က ကျတော့်ဘေးမှာ ရှိသေးတယ်လို့ ထင်တုန်းပဲဗျ။ အသတ်ခံရတဲ့ ညကလည်း သူ့ဦးနှောက်အစတွေသွေးတွေက ကျတော့် တစ်ကိုယ်လုံး လာစင်နေတာလေ။ အခုထိ အဲ့ဒီအနံ့တွေ ရနေသေးတယ်” ဟု ကိုနေဆန်းက ဆက်ပြောသည်။