By Hlaing / MPA (ဆောင်းပါး)
“ ကျောင်းဆောင် သေသေချာချာမရှိ၊ မိုးကာနဲ့သာ လုပ်ထားတာမို့ မလုံခြုံတာ။ တစ်တန်းတစ်တန်းရဲ့ ဆူညံသံကြောင့် စာသင်ရ ခက်ခဲတယ်။ ရှိလက်စ ကျောင်းဆောင်မှာ သင်ဖူးကြပေမယ့် လက်နက်ကြီးကျ လေယာဥ်နဲ့ကြဲတာ ကြုံပြီး မဖွင့်ရဲကြတော့ဘူး” ဟု မနန်းဖြူလွင်ဦးက ပြောပြသည်။
မနန်းဖြူလွင်ဦးမှာ CDM သူနာပြု ဆရာမတစ်ယောက်ဖြစ်ပြီး ကရင်နီပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းအချို့တွင် ကျောင်းကျန်းမာရေးအတွက် ကူညီဆောင်ရွက်ခဲ့သူဖြစ်ပြီး စာသင်ကြားမှုလည်း ပြုလုပ်နေသူဖြစ်သည်။
လက်ရှိ လွတ်မြောက်နယ်မြေများတွင် စစ်နယ်မြေ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ စာသင်ကျောင်းများကို တိုက်ပွဲများနှင့် ဝေးသည့် နေရာများသို့ မကြာခဏ ပြောင်းရွှေ့နေကြရသည်ဟု ဆိုသည်။
“ စာရေးကရိယာ မလုံလောက်တာတွေ ဖတ်စာအုပ်က အစအပေါ့ မလုံလောက်ဘူး။ CDM ဆရာ၊ ဆရာမတွေကို သီးသန့် support မရှိတော့ ကျောင်းသားမိဘတွေဆီကနေ တစ်လကို တစ်ထောင်သော်လည်းကောင်း (စျေးအတိအကျ မမှတ်မိတော့) ကောက်ပြီး ဆရာ၊ ဆရာမတွေ အတွက် စားဝတ်နေရေး စီစဥ်ပေးခဲ့ရတာတွေ ရှိတယ်။ ပညာရေး နောက်မကျချင်လို့သာ ကျောင်းဖွင့်ရတာ။ စိတ်လုံခြုံမှုမရှိတော့ စာကို အပြည့်အဝ အာရုံမစိုက်နိုင်ကြဘူး” ဟု မနန်းဖြူလွင်ဦးက ဆိုသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၆ တွင် “ လူတိုင်းပညာသင်ကြားခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားသည်။ သို့သော် မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ ပြဋ္ဌာန်းချက်များသည် ချိုးဖောက်ခံနေရမြဲဖြစ်သည်။
“ မြန်မာနိုင်ငံမှာ နှစ်စဥ် ဇွန်လ ၁ ရက်နေ့ဆိုရင် ကျောင်းတွေ ဖွင့်တယ်။ အဲ့ဒီ အချိန်မျိုးဆို အဖြူအစိမ်းဝတ် ကျောင်းသား ကျောင်းသူလေးတွေ ကျောင်းသားမိဘတွေ ကျောင်းတက်ခေါင်းလောင်း ထိုးသံတွေနဲ့ အနာဂတ်နိုင်ငံရဲ့ ခေါင်းဆောင်လောင်းတွေကို မြင်တွေ့ရတယ်။ အခုတော့ အဲ့ဒီ မြင်ကွင်းတွေ မမြင်ရတာ ကိုဗစ်ကာလကနေ အခုအချိန်ထိပဲ” ဟု စစ်ကိုင်းတိုင်းအတွင်း ရောက်ရှိနေသည့် CDM ကျောင်းဆရာတစ်ဦးက မှတ်ချက်ပြုသည်။
အထူးသဖြင့် ပညာရေးစနစ်သည် ခေတ်အဆက်ဆက် စစ်အာဏာရှင်များ၏ စိတ်ကြိုက် ခြယ်လှယ်ခဲ့မှုများကြောင့် ၂၀၁၅ ခုနှစ်တွင် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ပြီး ဒီမိုကရေစီပညာရေးစနစ် ပေါ်ထွန်းလာရေးတောင်းဆိုသည့် စတုတ္ထကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့ရသည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသည့် အချိန်မှစ၍ ယနေ့အချိန်ထိ ပညာရေးကို ကောင်းမွန်စွာ လည်ပတ်နိုင်ခဲ့ခြင်း မရှိတော့ပေ။
“ ပညာရေးနဲ့ ပတ်သက်ရင် ကျောင်းသားကျောင်းသူတွေမှာ ပညာသင်ယူခွင့် ဆုံးရှုံးနေတာတွေ တော်တော်ဆိုးဆိုးရွားရွား ကြုံနေရတယ်” ဟု အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ကိုနောင်ချိုက ပြောသည်။
ယခင်နှစ်က စစ်ကောင်စီလက်အောက်ခံ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူဦးရေ ငါးသန်း တက်ရောက်ခဲ့ပြီး ယခုစာသင်နှစ်တွင် ခြောက်သန်းကျော်တက်ရောက်သည်ဟု စစ်ကောင်စီ၏ ပညာရေးဌာနက ဆိုထားသည်။
လွတ်မြောက်နယ်မြေများတွင် NUG အစိုးရက ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများတွင် ကျောင်းသားဦးရေ တစ်သန်းကျော် ပညာသင်ယူနေပြီး တိုင်းရင်းသား EROs များ ဖွင့်လှစ်ထားသည့် ကျောင်းများတွင် ကျောင်းသားဦးရေ သုံးသန်းကျော် ရှိသည်ဟု သိရသည်။
“ တော်လှန်ရေးဘက်က ဖွင့်ထားတဲ့ ကျောင်းတွေမှာ ကျောင်းသားဦးရေ လေးသန်းလောက်ရှိတယ်။ အဲ့ဒီအထဲမှာ ဘယ်ကျောင်းကိုမှ မတက်နိုင်တဲ့ NUG ကျောင်းတွေနဲ့လည်း လက်လှမ်းမမီတဲ့ ကျောင်းသားဦးရေ နှစ်သန်းလောက်ရှိမယ်။ ဒီနှစ်သန်းသော ကျောင်းသားတွေအတွက် ပညာသင်ယူခွင့်က စိန်ခေါ်မှုတစ်ခုဖြစ်နေတယ်” ဟု ကိုနောင်ချိုက ရှင်းပြသည်။
ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ တအာင်း၊ ကယန်း၊ မွန်စသည့် ဒေသများတွင် သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများက တာဝန်ယူ ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများ တိုးပွားလာသည်ဟု စဥ်းစားတွေးခေါ်သော စာသင်ခန်းဖောင်ဒေးရှင်း (Thinking Classroom Foundation) မှ ဒေါက်တာသိန်းလွင်က ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
“ ကျမဆိုရင် ပညာရေးတစ်ပိုင်းတစနဲ့ တော်လှန်ရေး ရဲမေဖြစ်လာတာပေါ့။ ၂ နှစ်နီးပါးလောက် ထောက်ပို့ လုပ်ပြီးမှ ကျမရောက်နေတဲ့ဒေသမှာ တက္ကသိုလ်ဖွင့်တာကြုံလို့ ကျောင်းပြန်တက်ဖြစ်တယ်။ တော်လှန်ရေးလုပ်ရင်း ဘွဲ့တစ်ခုရလိုက်တာတော့ ကံကောင်းတယ်ပြောရမယ်” ဟု KSCU (ကချင်ပြည် ပညာရပ်စုံတက္ကသိုလ် – KSCU) မှ ဘွဲ့ရရှိခဲ့သူ မဇင်က ပြောသည်။
သို့သော် လူငယ်အများစုမှာ တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူခွင့်ကို လျစ်လျူရှုကာ လက်နက်ကိုင်တော်လှန်ရေးအတွင်း အဆုံးအထိပါဝင်ပြီး စစ်ကောင်စီပြုတ်ကျမှသာ ပညာဆက်လက်သင်ယူမည်ဟု ခံယူထားကြသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ စိုးမိုးနယ်မြေများတွင် CDM ကျောင်းဆရာနှင့် ဆရာမများ၊ တက္ကသိုလ်ဘွဲ့ရ လူငယ်များ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများက စဥ်ဆက်မပြတ် ပညာသင်ကြားရေးအတွက် ကြိုးပမ်းလျက်ရှိကြသည်။
“ သင်ကြားသူနှင့် သင်ယူသူရှိရင် အဆောက်အအုံ မလိုဘူး။ ကျောင်းဖွင့်လို့ရတယ်” ဆိုသည့် မူဝါဒဖြင့် မြေပြင်ပညာသင်ကြားရေးစနစ်ကို အကောင်အထည်ဖော်ခဲ့ကြသည်။
“ ပညာရေးဆိုတာမျိုးကတော့ နောက်ကျ ကျန်ခဲ့လို့ မရဘူး။ အဆောက်အအုံမရှိလည်း ကျောင်းသားနဲ့ ဆရာရှိရင် အဆောက်အအုံ မလိုဘူး။ အဓိကက ပညာသင်ကြား၊ သင်ယူခွင့်ရှိနေဖို့ လိုအပ်တယ်” ဟု စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပကဖတာဝန်ခံက ဆိုသည်။
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လွတ်မြောက်နယ်မြေများတွင် ဖွင့်လှစ်ကာ ပညာသင်ကြားနေသည့် စာသင်ကျောင်းများကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ယင်းသို့ တိုက်ခိုက်ခံရမှုများကြောင့် စာသင်ကျောင်း ၁၁၄ ခု ပျက်စီးခဲ့ရသည်ဟု ဥာဏ်လင်းသစ် သုတေသနအဖွဲ့၏ စာရင်းများအရ သိရသည်။
“ စာရေး၊ စာဖတ်တတ်အောင်တော့ ပညာသင်ပေးရတာပ။ ကျမတို့နဲ့ လက်လှမ်းမီတဲ့ကျောင်းတွေမှာ တက်ခိုင်းတယ်။ စစ်ကြောင်းဝင်ရင် လေယာဥ်လာရင်တော့ ပြေးကြရတာပေါ့။ အဲ့ဒီလို မဟုတ်ဘဲ ကျောင်းမထားရင်လည်း အသက်တွေ ကြီးသွားပြီး ပညာမတတ်ဖြစ်ကုန်မှာပဲ” ဟု စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံပညာရေးရပ်ဝန်းအတွင်း ကျောင်းသားကျောင်းသူများအပြင် ကျောင်းသားမိဘများအနေနှင့်ပါ ဒွိဟဖြစ်စရာ အချက်များလည်း ရှိလာနေသည်။
“ ဘယ်ဘက်က ဖွင့်တဲ့ကျောင်းကို ထားရမလဲဆိုတာ ပြဿနာရှိလာတာပေါ့။ စစ်တပ်ကဖွင့်တဲ့ ကျောင်းမနှစ်က ထားတယ်။ မထားလို့လည်း မရဘူးလေ။ ပညာရေး အာမခံချက်က ဘယ်ဘက်ကကျောင်းမှာ ပိုရှိမလဲဆိုတာ ဝေခွဲမရဖြစ်တယ်။ ဒွိဟဖြစ်ရတယ်” ဟု မုံရွာမြို့မှ အထက်တန်းကျောင်းသားတစ်ဦး၏ မိခင်က ပြောသည်။
ပညာရေး အာမခံချက်သည် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားသည့် ၂၀၂၁ မှစတင်၍ ဆုံးရှုံးခဲ့ခြင်း မဟုတ်ခဲ့ပေ။ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်တွင် ပညာရေးစနစ်သည် တစ်နှစ်ထက်တစ်နှစ် နိမ့်ကျလာခဲ့ခြင်းဖြစ်သည်။
“ ဒီမိုကရေစီလို့ပြောတဲ့ ဦးသိန်းစိန် လက်ထက်မှာတောင် ဒီမိုကရေစီပညာရေးမရှိခဲ့လို့ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ရသေးတာပဲ။ ပြောရမယ်ဆိုရင် ပညာရေးအာမခံချက်ဆိုတာ လုံးဝမရှိခဲ့ဘူး။ စစ်ကျွန်ပညာရေးစနစ်ပဲ။ ပညာရေးစနစ်ကိုပါ အသစ်ပြုပြင်ရေးဆွဲရမယ်။ စစ်အာဏာရှင်ကျဆုံးသလို စစ်ကျွန်ပညာရေးပါ အဆုံးသတ်ဖို့လိုတယ်” ဟု ၂၀၁၅ ခုနှစ် ကျောင်းသားသပိတ်တွင်ပါဝင်ခဲ့သည့် ဗကသကျောင်းသားဟောင်း ကိုမျိုးထက်က ဆိုသည်။
စစ်ကောင်စီ လက်အောက်ခံ ကျောင်းများတွင် မတတ်ရောက်ဘဲ CDM ပြုလုပ်ကြသည့် ကျောင်းသားကျောင်းသူများအတွက် NUG ပညာရေးဝန်ကြီးဌာနက လုပ်ဆောင်နေသော်လည်း လိုအပ်ချက်များရှိနေပြီး အငြင်းပွားဖွယ်ရာများလည်း ရှိနေသည်။
“ ကျမတို့က အထက်တန်းကို NUG ကျောင်းမှာအောင်တယ်။ အမှတ်လည်းကောင်းတယ်။ တက္ကသိုလ်ဆက်တက်ဖို့ကျတော့ တစ်ခါ ပြန်စဥ်းစားရပြန်ရော။ ကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ်မှာ ဆက်တက်ဖို့ ဆုံးဖြတ်ပြီး လာတယ်။ အဲ့ဒီကနေ ဘွဲ့ရရင် လုပ်ငန်းခွင်ဝင်ဖို့က တစ်ခါစဥ်းစားရပြန်ပြီ။ ရန်ကုန်မှာ အလုပ်လုပ်လို့ရမှာ မဟုတ်ဘူးလေ” ဟု CDM ကျောင်းသူ မနိုဘယ်က ဆိုသည်။
ဝေခွဲရခက်ခဲနေသည့် ကျောင်းရွေးချယ်ခွင့်များကြောင့် ကျောင်းသားကျောင်းသူများ၏ ပညာရေးမှာ တစ်နေ့ထက်တစ်နေ့ အလှမ်းဝေးလာနေလျက်ရှိသည်။ အနာဂတ်ခေါင်းဆောင်လောင်းများ မွေးထုတ်ပေးရာ ပညာရေးရပ်ဝန်းမှာ လုံခြုံစိတ်ချမှုမရှိတော့သည့်အပြင် အာမခံချက်များပါ ပျောက်ဆုံးနေကြပြီဖြစ်ပေသည်။
ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုဘ်ချုပ်ကြီး ဂွန်မော်က ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့တွင် ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပညာရေးနှင့် ပတ်သက်၍ ယခုကဲ့သို့ မှတ်ချက်ပြုထားသည်။
“ နေရာအသီးသီးမှ ကျောင်းသားများ မိမိတို့စိတ်တိုင်းကျ “ ကျောင်းရွေးချယ်ခွင့်” ရရှိကြပါစေ” ၊ “ ကျောင်းများ အားလုံး (အားလုံး) စစ်ဘေးဒဏ်မှ ကင်းလွတ်နိုင်ကြပါစေ” ဟု ရေးတင်ထားသည်။