By MPA / Bywar Oo (ဆောင်းပါး)
အာဏာသိမ်းပြီးနောက် လူမှုကွန်ရက်စာမျက်နှာများတွင် ဖျော်ဖြေရေး မီဒီယာများ (သို့မဟုတ်) ဆယ်လီမီဒီယာများ များစွာ ပေါ်ပေါက်လာခဲ့သည်။ နာမည်အမျိုးမျိုးဖြင့် လုပ်ကိုင်နေကြသည့် အဆိုပါမီဒီယာများသည် အနုပညာရှင်များ၊ အောင်မြင်ကျော်ကြား ထင်ပေါ်နေသည့် လူများ၏ အတင်းအဖျင်းများနှင့် လှုပ်ရှားမှုများကို ရိုက်ကူးတင်ဆက်ကြသည်။
ထိုသို့တင်ဆက်ရာတွင် ယခုနောက်ပိုင်း၌ ကလေးသူငယ်များလည်း များစွာပါဝင်လာသည်ကို တွေ့ရသည်။ ကလေးသူငယ်ဟု ဆိုရာတွင် အသက် (၁၈) နှစ် မပြည့်သေးသူများကို ဆိုလိုခြင်းဖြစ်သည်။
ယင်းမီဒီယာများသည် ဖေ့ဘွတ်၊ ယူကျူ့(ဘ်)၊ တစ်တော့(ခ်) အစရှိသည့် လူမှုကွန်ရက်စာမျက်နှာတွင် ချစ်စဖွယ်ဟန်ပန်အမူအရာများနှင့် လှုပ်ရှားမှုပုံရိပ်များကို တင်ဆက်ကြသည့် ကလေးငယ်များ၊ အခြားသူတစ်ဦးမှ သနားစဖွယ်ကလေးများ၏ အကြောင်းကို ဗွီဒီယိုရိုက်ကာ တင်ပြလိုက်သည့်အခါ လူအများ၏ စိတ်ဝင်စားခြင်းခံ ရသည့် ကလေးများကို ပစ်မှတ်ထားလာကြသည်။
ပစ်မှတ်ထားလာသည်နှင့်အမျှ ယင်းအကျိုးအမြတ်က မည်သူတွင် ရှိသလဲဆိုသည့် မေးခွန်းပေါင်းများစွာကလည်း ပေါ်ထွက်လာခဲ့သည်။ ယင်းသို့ ရိုက်ကူးတင်ဆက်ပေးခြင်းက ထိုကလေးများ၏ ဘဝကို အမှန်တကယ် တိုးတက် သွားအောင် လုပ်ဆောင်ပေးနိုင်ပါသလား။
ထိုသို့ ကလေးသူငယ်များနှင့် ပတ်သက်၍ ရိုက်ကူးတင်ဆက်ခြင်းမပြုမီ ကလေးသူငယ်အရေး ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးသင့်သည်ဟု ကလေးသူငယ်အရေး လုပ်ဆောင်နေသူတချို့ကတော့ အကြံပြုပြောဆိုကြသည်။
ကလေးသူငယ်အရေးလုပ်ဆောင်နေသူ ကျောင်းဆရာတစ်ဦးဖြစ်သည့် ကိုမင်းမင်းက “ကလေးတွေဘက်က အကျိုးစီးပွားကို သိပ်မဟုတ်ဘဲနဲ့ ကိုယ့်မီဒီယာပေါ်ပြူလာဖြစ်ရေး သတင်းပေါက်ရေးတွေသာ ဦးစားပေးနေတာ ကျတော်တွေ့ရတယ်။ တွေ့ရတဲ့အခါမှာ ကျင့်ဝတ်အပိုင်းလည်း ပျောက်ဆုံးနေတယ်။ နောက်တစ်ခုကကျတော့ သတင်းလိုက်တဲ့နေရာမှာ တစ်ခေါက်ပဲ အဲ့ဒီတစ်ခေါက်စာအတွက်ပဲ နောက်ထပ်ဟာတွေက တာဝန်ယူမှု၊ တာဝန်ခံမှုနည်းတယ်။ နောက်ကူညီရေး ကဏ္ဍမှာလည်း နည်းတာကို တွေ့ရတယ်”ဟု ထောက်ပြပြောဆိုသည်။
ကလေးငယ်များ၏ အကြောင်းကို ရိုက်ကူးတင်ဆက်ပေးရာတွင် ယင်းအခြေအနေသည် အဆိုပါ ကလေး၏ဘဝကို မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ တွန်းတင်ပေးသည့် အခြေအနေမျိုးတွင်သာ ရှိသင့်ပြီး ထိုသို့မဟုတ်ပါက မှားယွင်းသည့် အခြေအနေတစ်ခုကို ဖန်တီးရာ ရောက်မည်ဖြစ်ကြောင်း အစိုးရမဟုတ်သော အဖွဲ့အစည်းတချို့က တာဝန်ရှိသူတချို့ကလည်း ပြောသည်။
“ဒီလိုတွေ လုပ်တာက မှန်လား၊ မှားလားဆိုတာ အရင်ဆန်းစစ်စေချင်တယ်။ တစ်ခါတလေမှာ ကောင်းစေချင်တဲ့ စေတနာတွေ ပါတယ်ဆိုပေမယ့်လည်း လမ်းတွေ လွဲသွားတတ်တယ်။ နောက်ဆုံးမှာ ကျန်ခဲ့တာက မီဒီယာတွေမှာ ကြည့်ရှုသူတိုးလာတယ်။ တစ်နည်းပြောရရင် အဲ့မီဒီယာကိုပဲ ပိုစိတ်ဝင်စားသွားကြတယ်။ ဒီကလေးတွေရဲ့ ဘဝက ဒုံရင်းကဒုံရင်းပဲ ဘယ်သူကမှ ပြန်ပြီး အမှတ်ရနေမှာ မဟုတ်ဘူး” ဟု ကလေးသူငယ်အရေးဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသူတစ်ဦးကလည်း မှတ်ချက်ပြုသည်။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်၏ အပိုဒ် ၁၇ တွင် ကလေးများဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုသတင်းလုပ်ငန်းများက လုပ်ဆောင်ပေးရမည်ဟု ဖော်ပြထားသည်။
စာချုပ်တွင် ကလေးသူငယ်များ အသက်ရှင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရန်၊ ၎င်းတို့အပေါ်ကျရောက်သည့် အန္တရာယ်များကို ကာကွယ်ပေးနိုင်ရန်နှင့် ကလေးများပါဝင်နိုင်မှုကို အားပေးရန်လိုအပ်သည့် အခွင့်အရေးများကို ပြဋ္ဌာန်း ထားသည်။
ကမ္ဘာ့ကုလသမဂ္ဂက ၁၉၈၉ ခုနှစ် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၀ ခုနှစ်မှာ လက်မှတ်ထိုးခဲ့သည့် နိုင်ငံပေါင်း (၂၀) ပြည့်ခဲ့သည့်အတွက် ယင်းစာချုပ်အသက်ဝင်လာခဲ့သည်။ မြန်မာနိုငံအနေဖြင့် ယင်းစာချုပ်ကို ၁၉၉၁ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့မှာ အတည်ပြု လက်မှတ်ရေးထိုးထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စာချုပ်သည် အစိုးရအနေဖြင့် ပိုမိုများပြားသော ကလေးသူငယ်များ ရှင်သန်ဖွံ့ဖြိုးရန် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု၊ အာဟာရ ရရှိစေရန်၊ ကလေးများအား အကြမ်းဖက်မှုနှင့် ခေါင်းပုံဖြတ်ခံရခြင်းတို့မှ ကာကွယ်ပေးမည့် ပိုမိုခိုင်မာသော အကာအကွယ်များရှိစေရန် ဥပဒေများနှင့် မူဝါဒများပြောင်းလဲရန် လှုံ့ဆော်ပေးသည်ဟု ဆိုထားသော်လည်း မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် မည်သည့်ကာကွယ်ပေးမှုမျိုးကိုမှ မလုပ်ဆောင်နိုင်သေးပေ။
“အဲ့ဒီမီဒီယာတွေဆိုတာ သူတို့အကျိုး အမြတ်လိုချင်လို့ လိုက်ရိုက်တာလေ လိုင်းပေါ်တင်ပြီးဆိုကတည်းက နှစ်ဖက် အုပ်ထိန်းသူတွေနဲ့ သဘောတူလို့လားပေါ့။ တစ်ခုတော့ရှိတာပေါ့ ကလေးတွေကို ရိုက်ကူးပြီး အလှူခံပေးတယ် ဆိုပြီး အဲ့ဒီငွေတွေကို ကြားထဲက ဖြတ်စားတယ်ဆိုရင်တော့ တိုင်တန်းခွင့် ရှိတယ်။ ဘယ်လိုပုဒ်မလဲဆိုတာကတော့ အတိအကျပြောလို့ မရဘူး၊ ဖြစ်စဉ်အပေါ် ကြည့်ရတာပေါ့” ဟု အထက်တန်း ရှေ့နေတစ်ဦးက မှတ်ချက်ပေးသည်။
လက်ရှိ စစ်ကောင်စီ၏ မီဒီယာလုပ်ငန်းများအား တရားဝင်ခွင့်ပြုပေးနေသည့် အခြေအနေကို ကြည့်မည်ဆိုပါက အာဏာသိမ်းပြီးနောက် လွတ်လပ်သော သတင်းဌာနများအား ပြည်တွင်း၌ အလွန်အမင်း တင်းကျပ်ထားပြီး ဆယ်လီမီဒီယာများကိုသာ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ဆက်လက်ပေးထားသည်ကို တွေ့ရသည်။
စစ်ကောင်စီက လက်ရှိနိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် လူမှုရေး ကိစ္စရပ်များကို ရေးသားဖော်ပြနေသည့် မီဒီယာများကို ဖမ်းဆီး ပိတ်ပင်ခြင်းတွေကြောင့် အများစုမှာ ဖျော်ဖြေရေးသတင်းများကို ဦးတည်လာကြကြောင်း သတင်းမီဒီယာ လုပ်ငန်းလုပ်ကိုင်နေသူများ၏ ပြောပြချက်အရ သိရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့သည့် လှိုင်သာယာ ကလေးမုဒိမ်းအမှုတွင် ပါဝင်ကျူးလွန်သူများမှာ လက်ရှိအချိန်ထိ လွတ်မြောက်နေဆဲဖြစ်သည်။ သို့သော် ထိုကဲ့သို့ ကလေးများနှင့် သက်ဆိုင်သည့် သတင်းများသည် ယခုကာလတွင် ကလေးဆယ်လီသတင်းများထက် များစွာ တိမ်မြုပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။ ထိုကဲ့သို့ သတင်းများကို ဆယ်လီသတင်းဌာနများအနေဖြင့်လည်း အထူးမေးမြန်းတင်ဆက်မှုများ မရှိပေ။
“ဖျော်ဖြေရေး သတင်းတွေက ဆိုရှယ်မီဒီယာက ဝင်ငွေရတာလည်း အကြောင်းတစ်ချက် ဖြစ်နေတာကြောင့် ဖျော်ဖြေရေး အကြောင်းအရာတွေ လူတွေရဲ့ စိတ်ဝင်စားမှု၊ သည်းခြေထိမယ့် အကြောင်းအရာတွေ လိုက်ရှာဖွေတင်ကြတယ်။ အဲဒီလမ်းကြောင်းက အခုလို လူတွေရဲ့နှလုံးသည်ခြေကို ဆွဲလှုပ်နိုင်မယ့်ဟာ၊ ပရိသတ်အတွက် ဘာမှအကျိုးမ ရှိစေသည့်တိုင် နာမည်ကြီး ကျော်ကြားသူတွေရဲ့ မှတ်ချက်ပြောစကားနဲ့ လူကြည့်များအောင် လုပ်လာကြတယ်။ အဲဒီမှာ ကလေးသူငယ်တွေကို သနားစရာဖြစ်အောင် ပုံဖော်တာလည်း အကြောင်းအရာ တစ်ခုဖြစ်လာတယ်” ဟု ဝါရင့်သတင်းစာဆရာ ဦးမြင့်ကျော်က သုံးသပ်ပြောဆိုသည်။
အဆိုပါ မီဒီယာများသည် ကျင့်ဝတ်ဆိုင်ရာ၊ ကလေးသူငယ်နှင့် ပတ်သက်သည့် ထိရှလွယ်မှု၊ ၎င်းတို့၏ အနာဂတ်၊ ပစ္စုပ္ပန်တွင် သက်ရောက်နိုင်သည့် အကျိုးဆက်များကို မစဥ်းစားဘဲ တင်ဆက်နေကြခြင်း ဖြစ်သည်ဟု မီဒီယာလုပ်ငန်း လုပ်ကိုင်နေကြသည့်သူများအကြား ဝေဖန်မှုများလည်း ရှိနေသည်။
ဦးမြင့်ကျော်က ဆက်လက်ပြောကြားရာတွင် “ဒီလို အကြောင်းအရာတွေနဲ့ ရပ်တည်တဲ့ မီဒီယာတွေက ငွေကြေး အကျိုးအမြတ်တွက် အဓိကလုပ်ကြတာလို့ပဲ မြင်တယ်။ ကျန်တဲ့ ကျင့်ဝတ်တွေ ပရိသတ်နဲ့ သတင်းရင်းမြစ်အပေါ် သက်ရောက်မှုတွေကို ထည့်သွင်းစဥ်းစားကြတာ မဟုတ်ဘူး” ဟု ပြောသည်။
ထို့အပြင် ကလေးများနှင့် ပတ်သက်၍ ရိုက်ကူးတင်ဆက်မည်ဆိုပါက လုပ်သင့်၊ မလုပ်သင့်သည့် အချက်များကိုလည်း သေချာနားလည်ထားသင့်ပြီး ကျင့်ဝတ်ကိုလည်း လိုက်နာရမည်ဟု သတင်းစာဆရာများက အကြံပြုသည်။
“အဓိကကတော့ ကိုယ့်ရဲ့ သတင်းရင်းမြစ်ကို ထိခိုက်အောင် မလုပ်ရဘူးဆိုတာကို အမြဲအောက်မေ့ထားရမယ်။ သူ့အတွက် ဘာဖြစ်သွားနိုင်လဲဆိုတာကို ထောင့်စေ့အောင်တွေးပေးရမယ်။ ကလေးသူငယ်ဖြစ်နေတော့ ပိုဆိုးတယ်။ ဖြစ်နိုင်ရင် ကလေးသူငယ်ရေးရာနဲ့ ပတ်သက်တဲ့ သတင်းသင်တန်းမျိုး တက်ထားတဲ့သူတွေကိုပဲ ကလေးသူငယ်တွေနဲ့ ပတ်သက်တာ ခိုင်းသင့်တယ်။ မဟုတ်ရင်လည်း ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး လမ်းညွှန်တွေ၊ မူဝါဒတွေ ရေးဆွဲထားသင့်ပါတယ်” ဟု မဲခေါင်သတင်းဌာန တည်ထောင်သူ ကိုဉာဏ်လင်းထက်က ဆိုသည်။
မီဒီယာကျင့်ဝတ်စည်းကမ်းနှင့် ကလေးသူငယ်များကို ရိုက်ကူးမှုမပြုလုပ်မီ မည်သို့ ပြင်ဆင်ကြသည်ကို မေးမြန်းနိုင်ရန် ဆယ်လီမီဒီယာတချို့ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။
သို့သော် ယင်းမီဒီယာများထဲမှ တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းတစ်ဦးနှင့် ဆက်သွယ်မေးမြန်းကြည့်ရာတွင် “ခွင့်ပြုချက်ကတော့ တောင်းပါတယ်။ အများစုကတော့ မိဘတွေကိုယ်တိုင်က ခွင့်ပြုပေးတာပေါ့၊ အယ်ဒီတာရော၊ ထုတ်လုပ်သူရော အခုနောက်ပိုင်း သတင်းသမားအမည်ခံတွေက ကျင့်ဝတ်ကို မသိပါဘူး။ ကလေးသူငယ်နဲ့ ပတ်သက်ရင် ပိုဆိုးတယ်။ တစ်ခါတလေတော့လည်း မရည်ရွယ်ဘဲ ဖြစ်တဲ့ အမှားလေးတွေပါ။ ခုနက ပြောသလိုပေါ့ ကလေးသူငယ်နဲ့ ပတ်သက်တဲ့အကြောင်းတွေဆို ဘယ်လိုတင်ဆက်ရမလဲ ဘယ်လို စည်းကမ်းတွေချသင့်လဲ ဘာတွေ ဆောင်ရရှောင်ရမလဲဆိုတာ အယ်ဒီတာကိုယ်တိုင်က အကြံပေးဆွေးနွေးတာမရှိပါဘူး။ သူတို့သိတာ ဘာလုပ်ရင်တော့ ငါတို့တွေ ပေါက်မှာ ဒါပဲရှိတယ်”ဟု ၎င်းကြုံတွေ့ရသည့် အခြေအနေကို ပြောပြသည်။
ဆိုရှယ်မီဒီယာများတွင် React များသည့် အပေါ် မူတည်ပြီး ဆယ်လီမီဒီယာများမှာ ငွေကြေးအကျိုးအမြတ်အပြင် အခြားသော အကျိုးအမြတ်များစွာရရှိကြသည်။
နည်းပညာကျွမ်းကျင်သူ အသက် ၃၅ အရွယ်အမျိုးသားတစ်ဦးက “အကျိုးအမြတ်ရသူက အဲဒီပေါ်ပင်မီဒီယာ တိုက်တွေပဲ။ အနည်းဆုံးတော့ သူတို့ Brand ကို လူသိများလာမယ်။ အဲဒီအပေါ်မူတည်ပြီး Digital Revenue တွေ ရနိုင်သလို တခြား Commercial ပိုင်းအကျိုးအမြတ်လည်း ရနိုင်တယ်ပြီးတော့ Cele တွေဆီကလည်း အကျိုးအမြတ်ရနိုင်တယ်” ဟု ဆိုသည်။
ကိုဗစ်ကာလနောက်ပိုင်း အပြင်ထွက်သွားလာခွင့် မရှိတော့ခြင်း၊ စီးပွားရေးကျပ်တည်းလာကြသည့် အချိန်မှစတင်ကာ လူမှုကွန်ရက်ကို အသုံးပြုကာ ပုံစံမျိုးစုံဖြင့် ငွေကြေးရှာဖွေသူ ပိုမိုများပြားလာခဲ့ခြင်းဖြစ်သည်။ တချို့မှာ မိမိ စီးပွားရေးအတွက် ဈေးရောင်းချသည့် ပေ့ချ်ကို ဖွင့်လှစ်ပြီး စီးပွားရှာလာကြသည်။ တချို့မှာလည်း မီဒီယာလုပ်ငန်းနှင့် ပတ်သက်ဆက်စပ်သည့် ပေ့ချ်များတည်ထောင်ကာ ငွေကြေးရှာဖွေလာကြသည်။
တချို့မှာလည်း မူလရည်ရွယ်ချက်က ငွေရှာဖွေခြင်းမဟုတ်ဘဲ မိမိ (သို့မဟုတ်) မိမိ မိသားစုဝင်များနှင့် အပျော်တမ်း ရိုက်ကူးထားကြသည့် ဗွီဒီယို အတိုများတင်ကာ ကြည့်ရှုသူတိုးလာအောင် ပြုလုပ်ကြသည်။ ထိုမှတစ်ဆင့် လူသိများလာပြီး ဝင်ငွေရှာဖွေသည့်ဘက်သို့ ပြောင်းလာကြသည်ကို တွေ့ရသည်။
တစ်(ခ်)တော့တွင် ဖော်လိုဝါ ၅ သိန်းကျော်ရှိသည့် အသက် ၈ နှစ်ဝန်းကျင်ရှိ ဆယ်လီကလေးငယ် တစ်ဦး၏ ဖခင်က “သမီးလေးသီချင်းဆိုတာကို တင်လိုက်တာကနေ လူကြည့်များ လူသိလာပြီး မီဒီယာတွေက အင်တာဗျူး လာကြတာပေါ့၊ မလာခင်တော့ ခွင့်တောင်းကြပါတယ်။ ကျတော်တို့အတွက်ကတော့ အနုပညာသမားဆိုတော့ သမီးလေးဒီလိုဆိုတော့ ဝမ်းသာရတာပေါ့။ ကျန်တဲ့ ဖေ့ဘွတ်ခ်တို့ ယူကျူ့တို့ တစ်ခ်တော့ တို့ကနေ အခုထိ ဘာဝင် ငွေမှတော့ မရသေးပါဘူး။ သိပ်လည်းနားမလည်တာလည်း ပါတာပေါ့” ဟု ၎င်းတို့၏ အကြောင်းကို ရှင်းပြသည်။
ထိုသို့ မီဒီယာများတွင် ရိုက်ကူးမေးမြန်းဖော်ပြခံရပြီးနောက် ကြော်ငြာလုပ်ငန်းများက လာရောက်ဆက်သွယ် ရိုက်ကူးကြသည်များရှိသော်လည်း အနုပညာကြေး ပေးကြသည်မှာ လွန်စွာနည်းပါးကြောင်း ၎င်းက ထပ်မံပြောသည်။
ယင်းအခြေအနေများမှာ ကလေးငယ်များကို ခဏတာ အသုံးပြုသည့် သဘောမျိုးသက်ရောက်ပြီး လုပ်အားခကိုလည်း ခေါင်းပုံဖြတ်သည့် အခြေအနေမျိုးပင်ဖြစ်သည်။ နောက်ပိုင်းတွင်မူ အသစ်အသစ်သော အကြောင်းအရာများကြောင့် ကလေးတစ်ဦးချင်းစီ၏ ဖြစ်တည်မှုကို မေ့လျော့သွားကြပြီး ကျန်ခဲ့သည့် ကြီးမားသော အမှတ်တရဆိုသည်မှာ ဆိုရှယ်မီဒီယာများတွင် ကြည့်ရှုနှုန်းတိုးလာခြင်း၊ ထိုမှတစ်ဆင့် ယင်းမီဒီယာများ ပိုမိုလူသိများလာခြင်းနှင့် ဝင်ငွေများတိုးပွားလာခြင်းပင်ဖြစ်ပေသည်။
လက်ရှိတွင် ဆယ်လီ မီဒီယာအချို့အနေဖြင့် သတင်းကျင့်ဝတ်ပိုင်းထက် ၎င်းတို့ စာမျက်နှာ လူသိများရေးကို ဦးစားပေးလျက်ရှိသည်။ ကလေးငယ်များနှင့် ပတ်သက်ပြီး သတင်းများ ရိုက်ကူးသည့်အခါ နောက်ပိုင်းဖြစ်လာနိုင်သည့် အကျိုးဆက်ကို ထည့်သွင်းစဉ်းစားရန် အရေးကြီးလှပေသည်။
“ မိဘတွေ ခွင့်ပြုလို့ ကလေးတွေကို အင်တာဗျူးတယ်ဆိုပေမဲ့ အဲ့ဒီကလေးတွေအတွက် အကျိုးရှိလား၊ မရှိလား မစဉ်းစားပေးဘဲ မျက်နှာကြီးတွေကို ဖော်ပြထားတာတွေက မီဒီယာရှုထောင့်အနေနဲ့ ဘယ်လိုမှ ကျင့်ဝတ်အရကို မဖြစ်သင့်ဘူး။ သူတို့လေးတွေ ကြီးလာတဲ့အချိန် အဲ့ဒီရုပ်သံကို ပြန်ကြည့်မိတဲ့အခါ စိတ်ဓာတ်ကျသွားနိုင်တာတွေ မဖြစ်ဘူးလို့ ပြောနိုင်မလား။ ဆိုရှယ်မီဒီယာဆိုတာ တကယ့် ထိလွယ်ရှလွယ်ကြီး မီဒီယာတံဆိပ်ကပ်ထားရင်တော့ မီဒီယာစံနှုန်းအတိုင်း လုပ်သင့်တယ်” ဟု မြန်မာသတင်းသမားတစ်ဦးက မှတ်ချက်ပေးသည်။