By Garcia Ni / MPA (ဆောင်းပါး)
“ပုံပြတေး..ဆို အခုခြေခိုက်စရာမို့၊ လုံမလေးကိုနော်ဗျာ သူ့အမေရိုက်ပါလို့၊ ဟို..မှောင်မိုက်မှာတဲ့ ရှိုက်ရှိုက်ကာ ငိုသံတွေ၊ ကြားရသူ ပူဗျာပါဗွေ ကိုယ်လေ မနေတတ်ပြီမို့ လာလာလေ လိုက်ခဲ့ပါတော့ မောင်တို့ဌာနေ ချစ်သောအညာမြေ” အစချီ မြန်မာပြည်သိန်းတန်သီဆိုခဲ့သည့် “ယောသူတို့ရွာ”သီချင်းကို လူတိုင်းကြားဖူးကြလိမ့်မည်ဟု ထင်ပါသည်။
ယောနယ်ပယ်သည် ယခင်က အရှေ့သို့လားသော် သလ္လာဝတီမြစ်၊ ဧရာဝတီမြစ်တို့၏ အနောက်ဘက်တစ်လွှား၊ ရခိုင်ရိုးမတောင်တန်း၏ အရှေ့မြောက်ဘက်နှင့် ချင်းတောင်တန်း၏ အရှေ့ဘက်ထိ၊ တောင်သို့လားသော် မြောက်ဖျားသောင်သွပ်မှ ဖားအိုင်၊ စေတုတ္တရာစသည့် တောင်စဥ် (၇) ခရိုင်အထိ ဖြစ်သည်ဟု ဆိုခဲ့သည်။
ယခုအချိန်တွင်မူ ပုံတောင်ပုံညာ တောင်တန်းကြီးများနှင့် ချင်းတောင်အကြားဒေသ ဂန့်ဂေါခရိုင်အတွင်းကို ယောဒေသဟု ခေါ်ကြသည်။ ထို ယောဒေသကိုပင် အတွင်းယော၊ အပြင်ယော၊ ယောကြီး၊ ယောလေး၊ တောင်ယော၊ မြောက်ယောဟု ခွဲခြားပြန်သည်။ တက်မတောင်၏ အရှေ့ဘက်ကို အပြင်ယော၊ တက်မတောင်၏ အနောက်ဘက်ကို အတွင်းယော၊ ပုံတောင်အနောက်ပိုင်းကို ယောကြီး၊ ပုံတောင်အရှေ့ဘက်ကို ယောလေး၊ ထီးလင်းမြို့ကို ဗဟိုပြု၍ ကျောက်ထုနှင့် ဆောမြို့နယ်များကို တောင်ယော၊ ဂန့်ဂေါမြို့နယ်ကို မြောက်ယောဟု ခေါ်ကြလေသည်။
အဆိုပါယောဒေသတွင် ဗမာ/ယော၊ တောင်သားနှင့် ချင်းပုံလူမျိုးများ အတူတကွ နေထိုင်ကြသည်။ ယော/ဗမာလူမျိုးများသည် မူလဘူတဌာနေတိုင်းရင်းသားများဖြစ်၍ ချင်းပုံလူမျိုးများမှာ ယောနှင့်ချင်းစပ်သည့် တိုင်းရင်းသားများကို ဆိုလိုကြောင်း သိရသည်။ တောင်သားလူမျိုးများမှာမူ ပျူနွယ်ဝင်များဖြစ်၍ ပျူလူမျိုးများမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ တောင်သားလူမျိုးများသည် ယောဒေသအနှံ့အပြားတွင် နေထိုင်ကြပြီး ယခုမူ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်တို့တွင် အများဆုံးနေထိုင်ကြကာ ဂန့်ဂေါမြို့နယ်တွင် တိမ်မြုတ်ပျောက်ကွယ်နေပြီဖြစ်သည်။
တောင်သားလူမျိုးများဖြစ်ပေါ်လာပုံ
“တောင်သားအစ ပုပ္ပါးက” ဟု အဆိုရှိပါသည်။ တောင်သားလူမျိုးစတင်ဖြစ်ပေါ်လာပုံမှာ သက်ကြီးစကားသက်ငယ်ကြား၊ ပါးစပ်ရာဇဝင်များကို အခြေခံသည်ဖြစ်၍ ပုံပြင်၊ ဒဏ္ဍာရီဆန်ပါသည်။ ပေစာ၊ ပုရပိုက်စာ၊ ကျောက်စာများနှင့်တကွ သက်သေမပြနိုင်၍ အထောက်အထားမခိုင်လုံပါ။
သာသနာတော်သက္ကရာဇ် (၆၅၁)ခု၊ ခရစ်သက္ကရာဇ် (၁၀၇)ခု၊ မြန်မာသက္ကရာဇ် (၂၉) ခုနှစ်တွင် သရေခေတ္တရာ နောက်ဆုံးမင်းဆက် သုပညာနဂရဆိန္ဒမင်း၏တူတော် သမုတိရာဇ်မင်းကြီးသည် ပျူ၊ ကမ်းယံ၊ သက်လူမျိုးများကိုစုစည်း၍ ယုန်လွှတ်ကျွန်း၌ ရွာကြီး (၁၉) ရွာကို စုစည်းကာ ပေါက္ကံ (ပုဂံပြည်) ကို စတင်တည်ထောင်ခဲ့သည်။ ထိုရွာကြီး (၁၉) ရွာတွင် ပျူလူမျိုးများနေထိုင်သည့် ပုပ္ပါးနယ်၊ တောင်ပရွာလည်း တစ်ရွာပါဝင်လေသည်။
တောင်ပရွာတွင် ပန်းပဲပညာရှင် မောင်စိန့်နှင့် နှမဖြစ်သူ ခင်မူယာတို့လည်း နေထိုင်လျက်ရှိသည်။ မောင်စိန့်နှမဖြစ်သော ခင်မူယာလေးသည် တဖြည်းဖြည်း အရွယ်ရောက်လာသည်နှင့်အမျှ သူ၏ချောမောလှပမှုနှင့် ချစ်စရာကောင်းသည့် ဟန်ပန်အမူအယာများကြောင့် ပုဂံတစ်ပြည်လုံးသာမက သမုတိရာဇ်မင်းကြီးထံသို့ပင် ပေါက်ကြားကျော်ဇောလာခဲ့သည်။ ထို့ကြောင့်ပင် သမုတိရာဇ်မင်းကြီးသည် မောင်စိန့်တို့မောင်နှမအား နန်းတော်သို့ ခေါ်ယူတွေ့ဆုံကာ ခင်မူယာလေးအား မြင်မြင်ချင်း ချစ်ခင်စုံမက်သည်ဖြစ်၍ စန္ဒာဒေဝီဘွဲ့အမည်ပေးကာ ပျူမိဖုရားကြီးအဖြစ် မြှောက်တော်မူလေသည်။ ထိုအခါ မောင်စိန့်သည်လည်း ဘုရင့်ယောက်ဖတော် ဖြစ်လာခဲ့သည်။
မောင်စိန့်သည် ပန်းပဲပညာတွင် ဝိဇ္ဇာဟု ဆိုရလောက်အောင် ထူးချွန်ပြီး ကျောက်သံရိုင်းများကို သံဖြစ်အောင် ကိုယ်တိုင်ကြိုချက်ထုတ်ယူ၍ ဓားလှံလက်နက်များကို ပြိုင်စံမတူအောင် ခတ်လုပ်နိုင်သည်။ ထိုသတင်းကို သမုတိရာဇ်မင်းကြီး သိတော်မူသောအခါ လက်သုံးတော် ဓားတစ်လက်ခတ်လုပ်၍ ဆက်သရန် မိန့်တော်မူလေသည်။
မောင်စိန့်သည် သူ၏ ပန်းပဲပညာအစွမ်းကို ပြရတော့မည်ဖြစ်၍ ဝမ်းသာပီတိဖြင့် အမျိုးအစားကောင်းမွန်သော သံငါးပိဿာကိုစုဆောင်းပြီး ပန်းပဲဆရာကြီးများ၏ နည်းအမျိုးမျိုးဖြင့် မီးထိုးထုခတ်ခြင်းများကို ကြိမ်ဖန်များစွာ ပြုလုပ်လေသည်။ နောက်ဆုံးစိမ်းညိုလှပသည့် သံအစိတ်သားသာကျန်တော့သည့်အခါ ဓားပုံကို ကောင်းမွန်စွာခတ်လုပ်၍ ဓားရိုး၊ ဓားအိမ်ပါ တပ်ဆင်၍ မင်းကြီးအားဆက်သလေသည်။
သမုတိရာဇ်မင်းကြီးသည် ယောက်ဖတော်မောင်စိန့်ဆက်သလိုက်သောဓားကို ဓားအိမ်မှထုတ်ချည်သွင်းချည် အလီလီရှုစားပြီးနောက် ဓားစွမ်းကောင်းသည်ကို မသိဘဲ ဓားဦးတွင် မှဲ့အမာပါသည်ဟုဆိုကာ ဓားကိုမောင်စိန့်သာလျှင်ကိုင်ပါဟု ငြင်းလွှတ်လိုက်လေသည်။ မောင်စိန့်မှာ မိမိ၏ဓားစွမ်းကောင်းသည်ကိုမသိဘဲ မှဲ့အမာပါသည်ဆိုခြင်းမှာ အပြစ်ပြောဆိုခြင်းဖြစ်သည်ဟု ယူဆ၍ ဒေါသဖြစ်လေသည်။
ထို့ကြောင့် မောင်စိန့်လည်း ငါ့ဓားအစွမ်းဘုရင်သိစေရမည်ဟု နှလုံးပိုက်ကာ ဓားဦးကို အနည်းငယ်ဖိနှိပ်၍ ထိုင်ရာမှထပြန်သွားလေတော့သည်။ ဓားဦးထိသောနေရာမှ ပျဥ်နှစ်ချပ်ပြတ်သွားသော်လည်း ပြတ်ရာမထင်ဘဲ ပကတိအတိုင်းရှိလေသည်။
နန်းတော်မှအထွက် တံခါးဝသို့ရောက်သောအခါ မောင်စိန့်သည် ငါ့ဓားအစွမ်းသိစေဦးဟု နှလုံးပိုက်၍ နန်းတော်တံခါးတိုင်များကို ဝှေ့ယမ်း၍ခုတ်ထားခဲ့သည်။ နန်းတော်တံခါးတိုင်များ ပြတ်ရှသွားသော်လည်း ပြတ်ရာမထင်ဘဲ ပကတိအတိုင်းရှိလေပြန်သည်။
နေဝင်ချိန်၌ တံခါးမှူးသည် ၎င်း၏သားငယ်ကိုခေါ်၍ တံခါးရွက်များကိုတွန်းလှိမ့်၍ပိတ်ရာ တံခါးတိုင်များပြိုလဲကာ သားငယ်အားပိ၍ သေဆုံးသွားရသည်။ တံခါးမှူးသည်လည်း ပြင်းထန်စွာဒဏ်ရာရရှိသွားသည်။ ဤသို့ဖြစ်ရသည်မှာ မောင်စိန့်လက်ချက်မှန်းသိသောအခါ တံခါးမှူးသည်မောင်စိန့်အား အငြှိုးထားလေတော့သည်။
သမုတိရာဇ်မင်းသည် အကြောင်းစုံကို သိသောအခါ ငါ၏ အပြစ်စကားကို မနှစ်မြို့၍ ဓားကောင်းကြောင်း အစွမ်းပြခြင်း ဖြစ်တန်ရာသည်ဟု နှလုံးပိုက်၍ ဓားကိုပြန်လည်ဆက်သရန် စေခိုင်းလိုက်သည်။ မောင်စိန့်သည် ဤဓားစွမ်းကောင်းသည် ငါနှင့် မတန်ဟုယူဆကာ ဧရာဝတီမြစ်အတွင်း စွန့်ပစ်ခဲ့ကြောင်း လျှောက်သောအခါ မင်းကြီးသည် ဓားစွန့်ပစ်ခဲ့သည့်နေရာကို တံငါများငှား၍ ရေငုတ်ရှာခိုင်းလေသည်။ သို့သော် ဓားစွမ်းကောင်းသည် မြစ်ရေကြမ်းပြင်သို့ ကျရောက်သွားခြင်းမရှိဘဲ ဝဲတွင်စကြာသဏ္ဍာန်လှည့်ပတ်နေရာ တံငါသည်များ တစ်ယောက်ယောက်ပြီး တစ်ယောက် ဓားစကြာနှင့်ထိ၍ ဦးခေါင်းများပြတ်ကာ အသက်ဆုံးရှုံးရလေသည်။
သမုတိရာဇ်မင်းကြီးလည်း မောင်စိန့်၏ ဓားစွမ်းကောင်းကို ပြန်လည်ဆယ်ယူ၍ မရသောကြောင့် နောက်ထပ်ဓားစွမ်းကောင်းတစ်လက်ခတ်လုပ်၍ ဆက်သရမည်ဟု မိန့်တော်မူသည်။ ဤသို့ဖြင့် မောင်စိန့်သည် သူ၏ဓားအစွမ်းကို ဘုရင်ကြီးသိရှိသွားပြီဟု များစွာနှစ်ထောင်းအားရဖြစ်၍ ယခင်ကထက်ပိုမိုကောင်းမွန်သော ဓားကောင်းတစ်လက်ရရှိရန် လုံ့လဝီရိယစိုက်ထုတ်၍ ဓားကိုထုခတ်တော့သည်။ ထိုသို့ မောင်စိန့်တို့လူစု၏ ညာသံပေး၍ အားစိုက်ကာဓားထုခတ်နေသံများသည် နန်းတော်မှပင် ကြားရသည်ဟုဆိုသည်။
သမုတိရာဇ်မင်းကြီးလည်း ထိုအသံများသည်ဘာသံလဲဟု မေးသောအခါ အခွင့်စောင့်နေသောတံခါးမှူးသည် မောင်စိန့်တို့လူတစ်စု မင်းကြီးအားပုန်ကန်ရန် လက်နက်မျိုးစုံထုခတ်နေသည့် အသံဖြစ်သည်ဟု လျှောက်တော်မူလေသည်။ နန်းတွင်းမှူးမတ်များကလည်း နန်းတော်တွင်းမောင်စိန့်၏ ထင်ပေါ်ကျော်ကြားမှုကို မနာလိုသည်ဖြစ်၍ မှန်ကန်ကြောင်း ထောက်ခံကြသည်။ ထို့ကြောင့် သမုတိရာဇ်မင်းကြီးလည်း စဥ်းစားဆင်ခြင်နိုင်စွမ်းမဲ့ပြီး မောင်စိန့်အား တစ်ပတ်အတွင်းသတ်ရန် အမိန့်ချမှတ်လေတော့သည်။
ဤအကြောင်းကို စန္ဒာဒေဝီမိဖုရားကြီး သိတော်မူသောအခါ မောင်တော်နှင့် ဆွေမျိုးများအတွက် ရာဇဘေးမို့ ရတက်မအေးဖြစ်ရတော့သည်။ ထို့ကြောင့် မောင်တော်မောင်စိန့်အား ဆက်သွယ်၍ မိမိတို့ မောင်နှမဆွေမျိုးတသိုက် ထွက်ပြေးရန် တိုင်ပင်ကြသည်။ နောက်တစ်နေ့တွင် ပျူမျိုးနွယ်စုဆွေမျိုးများအား ခေါ်ဆောင်၍ မိဖုရားကြီးကိုယ်တိုင် ပါဝင်ထွက်ပြေးသဖြင့် သမုတိရာဇ်မင်းကြီးမှာ အမျက်ပြင်းစွာ ထွက်တော်မူသည်။ ထို့ကြောင့် စစ်သည်ဗိုလ်ပါများစုရုံး၍ ရှမ်းစစ်သည်များကို မောင်စိန့်တို့ မောင်နှမဆွေမျိုးအုပ်စုအား လိုက်၍ဖမ်းစေသည်။
မောင်စိန့်တို့ မောင်နှမဆွေမျိုးများသည် ပထမပခုက္ကူနယ်ဘက်သို့ ရောက်ရှိလာသည်။ သမုတိရာဇ်မင်းကြီးသည် ရှမ်းစစ်သည်တော်များကို လိုက်လံစေသောကြောင့် မြိုင်နယ်၊ ပခန်းနယ်များသို့ ဆက်ပြေးကြရသည်။ ဤသို့ဖြင့် ပခန်းနယ်၊ မြိုင်နယ်များမှ ပေါက်နယ်သို့ပြေးသည်။ ရှမ်းစစ်သည်များဆက်၍ လိုက်လာသဖြင့် ပေါက်နယ်မှတဆင့် သားရဲတိရစ္ဆာန်များ ထူပြော၍ သစ်ကြီးဝါးကြီး၊ စိမ့်စမ်းလျှိုမြောင်ပေါများသည့် အနောက်ဘက်တောင်းတန်းကြီးဆီသို့ ဆက်၍ပြေးလာခဲ့ကြသည်။ အစပထမတွင် ဤတောင်ကို ယောတောင်တော်ဟုခေါ်ဆိုသော်လည်း မောင်စိန့်တို့ဆွေမျိုးများသည် ဤတောတောင်ထဲတွင် ရှမ်းစစ်သည်များ မဆုတ်ခွာမီအထိ ပုန်းအောင်းနေခဲ့ကြရသဖြင့် ပုန်းတောင်ဟု ခေါ်ဆိုခဲ့ကြသည်။ ယခုမူ ပုံတောင်ဟုပြောင်းလဲခေါ်ဆိုနေကြပြီဖြစ်သည်။
မောင်စိန့်တို့ မောင်နှမဆွေမျိုးများသည် ပုံတောင်၏ အနောက်ဘက်ချိုင့်ဝှမ်းဆီသို့ ဆင်းသက်၍ ကာလအတန်ကြာနေခဲ့ပြီးနောက် ရှမ်းစစ်သည်များ၏ရန်ကို စိုးရိမ်ရသည်ဖြစ်၍ အနောက်ဘက်တောင်တန်းကြီးကို ဆက်လက်တက်ပြေးပုန်းရှောင်လာကြသည်။ ထိုတောင်ကိုတက်စဥ် ရန်သူနှင့်ဝေး၍ စိတ်အေးကာ ညာသံပေးပြီးတက်ခဲ့ကြသောကြောင့် ပုံညာဟုခေါ်ကြောင်း သိရသည်။ ပုံတောင်ပုံညာသည် တောင်ဘက်ငဖဲမြို့မှ မြောက်ဘက်ကလေးဝမြို့အထိ တောင်မြောက်မျဥ်းပြိုင်သဏ္ဍာန် သွယ်တန်းနေသော တောင်တန်းညီနောင်ဖြစ်သည်။
ဤသို့ဖြင့် မောင်စိန့်တို့ မောင်နှမဆွေမျိုးတစ်သိုက်သည် ယောဒေသသို့ ရောက်ရှိလာပြီး ယောသူယောသားများနှင့်အတူ ထီးလင်းမြို့နယ်ရှိ၊ ဆေးမင်းတောရွာ၏မြောက်ဘက် စမ္ဘာရွာ (ယခုမရှိတော့) တွင် ခြောက်နှစ်ခန့် ရောနှောနေထိုင်လေသည်။ မင်းဘေးမင်းရန်ကြောင့် မိမိတို့သည် ပျူလူမျိုးများဖြစ်ကြောင်း၊ ပုပ္ပါးဘက်မှလာခဲ့သည်ဖြစ်ကြောင်းကိုမူ ထုတ်ဖော်မပြောဝံ့ခဲ့ကြချေ။ ဤသို့ဖြင့် ပျူလူမျိုးများအဖြစ် မသိစေဘဲ စတင်ရုပ်ဖျက်၍ ဇာတ်မြှုပ်နေထိုင်ခဲ့ကြလေသည်။
စမ္ဘာရွာတွင် ခြောက်နှစ်ခန့် နေထိုင်ပြီးနောက် မောင်စိန့်တို့ဆွေမျိုးအုပ်စုများသည် ပြောင်းရွှေ့သွားကြပြန်သည်။ ပြောင်းရွှေ့ရန် တိုင်ပင်ကြသောအခါ လမ်းကြောင်းမတူဘဲ သဘောထားကွဲလွဲခဲ့ကြသည်။ မောင်စိန့်တို့မောင်နှမအုပ်စုသည် အနောက်ရိုးမချင်းတောင်တန်းဆီသို့ ထွက်ခွာသွားခဲ့ကြပြီး ကျန်တစ်စုမှာ တောင်ဘက်အရပ်သို့ ခွဲထွက်လာခဲ့ကြသည်။
မောင်စိန့်တို့မောင်နှမအုပ်စုသည် မြစ်သာမြစ်၏ လက်တက်တစ်ခုဖြစ်သော ချော်ရော်ချောင်းအတိုင်း ချင်းတောင်တန်းဆီသို့ ဆန်တက်လာခဲ့ပြီး ချောင်းဖျားတွင် ချောင်းဖျားရွာကို တည်ထောင်လေသည်။ ချောင်းဖျားရွာအမည်မှ ရောင်ပြားရွာဟု ခေါ်တွင်ပြီး ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တိုက်နယ်အမှတ် (၁၄) ဘက်တွင် တည်ရှိခဲ့ခြင်းဖြစ်သည်။
မောင်စိန့်တို့မောင်နှမအုပ်စုသည် ရောင်ပြားရွာတွင် နှစ်ပေါင်း ၃၀ ကျော်၊ ၄၀ ခန့် နေထိုင်ခဲ့ကြသည်။ ယင်းနောက် သဘာဝဘေးဒဏ်ကြောင့် ကာလနာကပ်ရောဂါ ဘေးဆိုက်၍ မောင်စိန့်၏ သားမြေးများဖြစ်ကြသော မောင်ဦး၊ မောင်လတ်နှင့် မောင်ထွေးတို့သည် ၎င်းတို့ဇနီးများ၊ သားသမီးများနှင့်အတူ ယောဒေသနေရာအနှံ့အပြားသို့ ရောက်ရှိနေထိုင်ကြလေသည်။
မောင်ဦးတို့ ညီနောင်ဆွေမျိုးများသည် ယောဒေသသို့ ရောက်ရှိလာသောအခါ ယောသူယောသားများက သင်တို့ကား အဘယ်ကလာကြသနည်း၊ ဘာလူမျိုးနည်းဟု မေးကြသည်။ ထိုအခါ သမုတိရာဇ်မင်း၏ မင်းပြစ်မင်းဒဏ်ကို သားစဥ်မြေးဆက် ကြောက်ရွံ့နေရသည်ဖြစ်၍ ပျူလူမျိုးမောင်စိန့်မျိုးနွယ်များဖြစ်ကြောင်း တပါးသူများမသိစေရန် တောင်ပေါ်မှာလာကြသည့် တောင်ပေါ်သားများဖြစ်ကြောင်း တညီတညွတ်တည်း ပြန်ဖြေကြလေသည်။ ကာလကြာလာသောအခါ “တောင်ပေါ်သား” မှ “တောင်သား”များအဖြစ် ခေါ်ဝေါ်လာကြခြင်းဖြစ်သည်။
ထို့ကြောင့် ပျူလူမျိုးမောင်စိန့်၏ မျိုးနွယ်များအား ယောဒေသသို့ ရောက်ရှိနေထိုင်သူများကို “တောင်သား” လူမျိုးအဖြစ်ခေါ်တွင်၍ ရောင်ပြားရွာမှတဆင့် ချင်းတောင်ဒေသ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁၄) နှင့် မတူပီမြို့နယ်ကျေးရွာ အချို့တွင် ပျံ့နှံ့နေထိုင်သူများကို ရောင်တူး (ရုန်တူး) ဟူ၍ ခေါ်ဆိုကြသည်။ ရောင်တူးဟူသည့် အဓိပ္ပါယ်မှာ ရောင်ပြားရွာ (ရောင်ပြားဒေသ) တွင် မှီတင်းနေထိုင်သူဟူ၍ အဓိပ္ပါယ်ရကြောင်း သိရသည်။
တောင်သားလူမျိုးများ၏ ဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းများ
တောင်သားလူမျိုးတို့၏ ဝတ်စားဆင်ယင်ပုံမှာ ယောက်ျားများသည် ရှေးအခါက အဖြူအမဲကွက်ကြဲ တောင်ရှည်ပုဆိုးကို ဝတ်ဆင်ကြသည်။ အင်္ကျီမှာ ပင်နီရောင်ရင်ဖုံး၊ ခါးတိုလက်တိုလက်ကြပ်ကို ဝတ်ဆင်ကြသည်။ သျှောင်ကို တစောင်းထုံးကာ ထိုသျှောင်ကို မြဲမြံစေရန် ဆံထိုးဖြင့် ထိုးညှပ်ကြသည်။ ယင်းနောက် ပန်းနုရောင်ပိုးထည်ကို ခေါင်းပေါင်းကြသည်။ တောင်သားအမျိုးသားများသည် ဒူးအထက်မှ ခါးအထိ ဆေးမင်ကြောင် အပြည့်ထိုးထားကြသည်။ ယောက်ျားဖြစ်ပြီး ဆေးမင်ကြောင် မထိုးထားပါက သတ္တိမရှိသော ယောက်ျား၊ ဇွဲမရှိသော ယောက်ျား၊ ပေါင်ဖြူကြီး ယောက်ျားမပီသဟူ၍ မှတ်ယူကြောင်းသိရသည်။ ယခုအခါတွင်မူ ယောဗမာများကဲ့သို့ပင် ဝတ်စားဆင်ယင်နေကြပြီဖြစ်သည်။
တောင်သားအမျိုးသမီးများ၏ ဝတ်စားဆင်ယင်ပုံမှာ တမူထူးခြားသည်ကို တွေ့ရပါသည်။ အမျိုးသမီးများသည် ဂါဝန်သဏ္ဍာန် ခါးစည်းကြိုးဖြင့်ဝတ်ဆင်ရသော ကွင်းစွပ်အဖြူရောင်ထဘီများကို ဝတ်ဆင်ကြသည်။ အခြားအရောင်ကို မဝတ်ဆင်ခဲ့ကြပေ။ အင်္ကျီမှာ ဖျင်ပင်နီဖြစ်သည်။ ရှေးက တောင်သား အမျိုးသမီးများသည် မင်းသမီးများကဲ့သို့ ထိုင်မသိမ်းအင်္ကျီကို ဝတ်ဆင်ခဲ့ကြသည်။
နောက်ပိုင်းအင်္ကျီအဖြူကိုသာ ဝတ်ဆင်လာကြသည်။ ပြီးနောက် အင်္ကျီအပေါ်မှ ရင်သိုင်းတဘက်ဖြင့် ရစ်ပတ်ဝတ်ဆင်ကြသည်။ ထိုရင်သိမ်းတဘက် ဝတ်ဆင်ခြင်းသည် မောင်စိန့်တို့ မင်းပြစ်မင်းဒဏ်ကြောင့် ပုံတောင်ပေါ်သို့ တက်၍ပြေးရစဥ် အမျိုးသမီးများသည် မောပမ်းလွန်း၍ ရင်ဘတ်ကိုတဘက်စည်း၍ တက်ခဲ့ရာမှ စတင်ခဲ့သည်ဟုဆိုသည်။
သက်လုံမကွဲစေရန်၊ အမောခံနိုင်ရန် ရင်ဘတ်ကို တဘက်စည်းခဲ့ကြခြင်းဖြစ်သော်လည်း အသွင်တစ်မျိုးအဖြစ် ဆက်လက်သယ်ဆောင်လာခဲ့ပြီး ယနေ့တိုင် တောင်သမဝတ်စုံတွင် ရင်စည်းကို ဝတ်ဆင်ခဲ့ကြခြင်းဖြစ်သည်။ ထိုရင်စည်းကိုကြည့်၍ အဖြူရောင် များများပါသော တဘက်ကို ဝတ်ဆင်ပါက အပျိုမဖြစ်မီအရွယ် အမျိုးသမီးများ၊ အနီရောင်များများပါသော တဘက်ကို ဝတ်ဆင်ပါက အပျိုအရွယ် အမျိုးသမီးများနှင့် အမည်းရောင်များများ ပါသောတဘက်ကို ဝတ်ဆင်ပါက အိမ်ထောင်ကျပြီး အမျိုးသမီးများဟူ၍ ခွဲခြားနိုင်သည်။ ယနေ့ခေတ်တွင်မူ ဘာသာရေးနှင့် ပွဲလမ်းသဘင်များတွင်သာ ရိုးရာယဥ်ကျေးမှုအဖြစ် တောင်သမဝတ်စုံကို ဝတ်ဆင်ကြပြီး သာမန်အချိန်တွင်မူ ယောဗမာအမျိုးသမီးများကဲ့သို့ပင် အသွင်ပြောင်း ဝတ်ဆင်နေကြပြီဖြစ်သည်။
ရိုးရာဓလေ့အနေဖြင့် တောင်သားလူမျိုးများနှင့် ယောလူမျိုးများအကြား အတူတကွ ယှဥ်တွဲနေလာသည်မှာ ကြာပြီဖြစ်၍ ကွဲပြားမှုမရှိသလောက် နည်းပါးလာပြီဖြစ်သည်။ သို့သော် အချို့သော ဓလေ့ထုံးတမ်းတို့မှာ ယနေ့တိုင် ထူးခြားစွာ လက်ခံကျင့်သုံးနေကြဆဲ ဖြစ်သည်ကို တွေ့ရပါသည်။
ယောဗမာများတွင် ကလေးမွေးပြီး အရွယ်တစ်ခုသို့ ရောက်လာပါက အမည်ပေးကင်ပွန်းတပ်ခြင်းကို ကျင်းပပြုလုပ်လေ့ရှိသော်လည်း တောင်သားလူမျိုးများတွင် ထိုသို့ မရှိပါ။ သို့သော် ကင်ပွန်းတောင်းခြင်း ဓလေ့ရှိပါသည်။ တောင်သားအိမ်သို့ ကိုယ်ဝန်ဆောင်အမျိုးသမီး လာရောက်တည်းခိုပါက ကင်ပွန်းဖိုးအဖြစ် ငွေသို့မဟုတ် ဆန်ပေးရသည်။ ကင်ပွန်းဖိုးမပေးပါက အိမ်ရှင်ခိုက်တတ်သည်ဟု အယူရှိသည်။ တပါးသူ၏ သွေးကို ကိုင်မိခြင်း၊ ရေနစ်တာကို ကူညီခြင်း၊ ကျွဲနွားများတောထဲ၌ ကြိုးငြိခြင်းကို ဖြုတ်ပေးခြင်းစသည့် ကူညီသူများကို ကင်ပွန်းဖိုးပေးရသည်။ ထိုဓလေ့သည် ယနေ့တိုင် ကျင့်သုံးဆဲဖြစ်ကြောင်းသိရပါသည်။
လူတစ်ဦးတစ်ယောက်၏ စပါးကောက်လှိုင်းပုံကို အခြားလူတစ်ဦးတစ်ယောက်၏ ကျွဲ၊ နွားများက ခွေ့ယမ်းဖျက်ဆီးမိပါက ကျွဲ၊ နွားပိုင်ရှင်သည် ကြက်အဖိုအမ တစ်စုံကိုသတ်၍ ဖျက်ဆီးခဲ့သည့် စပါးကောက်လှိုင်းပုံနားတွင် ကောက်လှိုင်းပုံစောင့်နတ်အား တိုင်တည်၍ ပူဇော်ပသရသည်။ ပူဇော်ပသသည့် ကြက်သားကို ဆန်ပြုတ်ပြုတ်၍ ကောက်လှိုင်းပုံပိုင်ရှင်နှင့် အခြားသူများအား ခေါ်၍အတူတကွ စားသောက်ကြရသည်။ ထိုသို့ မပြုလုပ်ပါက ကောက်လှိုင်းပုံစောင့်နတ် မကျေနပ်၍ လာမည့်နှစ်တွင် စပါးခင်းများပျက်စီးတတ်သည်ဟု အယူရှိကြသည်။ ကောက်လှိုင်းပုံစောင့်နတ်အား ပူဇော်ပသခြင်းကို “ဖွတ်ပြာချွတ်”ဟု ခေါ်ဆိုပြီး ယနေ့တိုင် ကျင့်သုံးနေကြကြောင်းသိရသည်။
ယခင်က တောင်သားအမျိုးသားက အမျိုးသမီးအား စေ့စပ်တောင်းရမ်းသွားပါက အမျိုးသမီးအိမ်ပေါ် ဧည့်ခံမည့်သူများတွင် ကိုယ်ဝန်သည် မရှိရ။ တစ်ခုလပ်၊ မုဆိုးဖိုမရှိရ၊ မသန်စွမ်းသူများ မရှိရ။ ထို့အတူလာရောက်တောင်ရမ်းသူ အမျိုးသားများဘက်မှလည်း ခေါ်မလာရသည့် ဓလေ့ရှိခဲ့ဖူးသည်။ ယနေ့အချိန်တွင် ထိုဓလေ့မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
ထို့အတူ တောင်သားနှင့် ယော အတူယှဥ်တွဲနေလာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၍ ယောဓလေ့များနှင့်အတူ ရောနှောကျင့်သုံးလျက်ရှိသည့် ဝါဖိုက်ခြင်းတောင်း (မိုးခေါ်ပွဲ) ဓလေ့၊ သနပ်ခါးပါးတို့ပွဲဓလေ့နှင့် ရိုးရာနတ်ပူဇော်ပသခြင်း ဓလေ့များလည်း တည်ရှိနေကြောင်းသိရပါသည်။
တောင်သားများနှင့် ဘာသာစကား
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁၄) ရှိ ရောင်းပြားဒေသမှ ယောဒေသသို့ ဆင်းသက်လာသော မောင်စိန့်၏ သားမြေးများဖြစ်သည့် မောင်ဦး၊ မောင်လတ်နှင့် မောင်ထွေးတို့မိသားစုဆွေမျိုးများသည် ယောဒေသအနှံ့ပျံ့နှံ့နေထိုင်ခဲ့ကြသည်။ တောင်သားရွာများတည်ထောင်၍ နေခဲ့ကြပါသည်။ ဂန့်ဂေါမြို့နယ်တွင် တောင်လုံးရွာ၊ တောင်ယာပြင်ရွာ၊ ဇီးပြားရွာ၊ စပယ်ရွာနှင့်စင်ပုံရွာများမှာ ယခင်ကတောင်သားရွာများဖြစ်ခဲ့ပြီး ယနေ့အချိန်တွင် တောင်သားအဖြစ်ခံယူခြင်း မရှိသကဲ့သို့ တောင်သားစကား ပြောဆိုခြင်းများလည်း မရှိတော့ကြောင်းသိရသည်။ ၂၀၁၉ ခုနှစ်၊ လွတ်လပ်သော မီဒီယာများ၏ အချက်အလက်များအရ တောင်သားလူမျိုး ဦးရေ ၃၀,၀၀၀ ကျော် ရှိကြောင်း သိရှိရသည်။
ထီးလင်းမြို့နယ်တွင် တောင်သားရွာ (၂၃) ရွာခန့် ရှိခဲ့သော်လည်း ယခုအခါ (၁၇) ရွာသာလျှင် တောင်သားရွာအဖြစ် ခံယူလျက်ရှိကြောင်းသိရသည်။ ယင်းရွာများမှာ ဝက်သက်ရွာ၊ ဝက်သက်တောင်ရွာ၊ ဝက်သက်မြောက်ကုန်းရွာ၊ ပစဥ်းချောင်ရွာ၊ ဝါးဘိုးချောင်ရွာ၊ ထန်းပင်ကုန်းရွာ၊ တောရောင်းရွာ၊ ကျောက်အုပ်ရွာ၊ ကြာဥယျာဥ်ရွာ၊ အုန်းတောရွာ၊ လောင်းဘိုကြီးရွာ၊ အိုင်းမရွာ၊ ရွှေဂုံတိုင်ရွာ၊ ဇီးတောရွာ၊ ဟင်းခွတ်ကုန်းရွာ၊ သံပုရာရွာနှင့် အကြည်ဝါးဘင်းရွာတို့ ဖြစ်သည်။ ယင်း (၁၇) ရွာအနက် အချို့ကျေးရွာများသည် သက်ကြီးပိုင်းများမှလွဲ၍ တောင်သားစကား ပြောဆိုခြင်း မရှိတော့ကြောင်း သိရသည်။
ဆောမြို့နယ်တွင်မူ တောင်သားရွာ (၂၈) ရွာရှိခဲ့ပြီး အားလုံးက တောင်သားရွာအဖြစ် ခံယူလျက်ရှိသော်လည်း တောင်သားစကားကိုမူ ပြောဆိုခြင်းမရှိကြတော့ဘဲ ကျေးရွာအနည်းငယ်နှင့် လူကြီးပိုင်းများသာလျှင် ပြောဆိုလျက်ရှိကြောင်းသိရသည်။ ယင်း (၂၈) ရွာမှာ ရေရှင်ရွာ၊ တောင့်ထက်ရွာ၊ အောက်ကျင်းရွာ၊ ပြင်လယ်ရွာ၊ ကံကြီးရွာ၊ ကြန်တောရွာ၊ ရင့်ရဲရွာ၊ ပေါက်ခေါင်းရွာ၊ ကျောက်ထုရွာ (မြို့)၊ ငလွန်းရွာ၊ စံရွာ၊ တေးရွာ၊ ပန်းဆန်ရွာ၊ ကျောက်မရွာ၊ ကံအိုးရွာ၊ ပေါက်တောရွာ၊ ငှက်ချောင်ရွာ၊ ကြီးရွာ၊ မိအယ်ရွာ၊ ရွာသာရွာ၊ နသိုးရွာ၊ အညာပန်းပလွန်းရွာ၊ လက်မွန်ရွာ၊ ကျောက်စစ်ရွာ၊ ကံချောင်းရွာ၊ အညာကတင်းရွာ၊ အကြည်ကတင်းရွာနှင့် ရင့်ရဲချောင်းရွာတို့ ဖြစ်ကြသည်။
တောင်သားစကားသည် စကားသာရှိ၍ စာပေမရှိပေ။ တောင်သားများသည် ပျူမျိုးနွယ်မှ ဆင်းသက်လာသည်ဖြစ်၍ တောင်သားစကားသည် ပျူစကားနှင့် ဆက်နွှယ်မှုရှိနိုင်ကြောင်း ယူဆမှုများလည်းရှိသည်။ သို့သော် ချင်းတောင်ဒေသနှင့် ယောဒေသများတွင် နှစ်ကာလပေါင်းများစွာ ရုပ်ပြောင်း၊ အသွင်ပြောင်း၍ ပုန်းအောင်းနေထိုင်ခဲ့ကြရသဖြင့် စကားများလည်း ပြောင်းလဲခဲ့ကြပေလိမ့်မည်ဟု ယူဆမှုများလည်းရှိပါသည်။
တောင်သားစကားသည် စာပေမရှိဘဲ လက်ဆင့်ကမ်းသယ်ဆောင်လာရခြင်း ဖြစ်သည့်အတွက် ပျံ့နှံ့မှုအားနည်းသကဲ့သို့ ယောဗမာများနှင့် ရောနှောနေရသည်ဖြစ်၍ ဗမာစကားကိုသာ ပြောဆိုလာကြပြီး တောင်သားစကားမပြောချင်တော့သည်များလည်း ရှိလာကြောင်း တောင်သားလူမျိုးစု ယဥ်ကျေးမှုကော်မတီ၏ ဥက္ကဋ္ဌဦးကျော်စိန်က သုံးသပ်သည်။
“ကျတော်တို့ ငယ်ငယ်တုန်းက ဘောလုံးကန်ရင်တောင် လက်ထိရင် ထိတယ်မပြောရဲဘဲကိုး။ ဗမာဧည့်သည်လာရင်တောင် ဧည့်သည်က ရှေ့ခန်းမှာဆို ကလေး (တောင်သား) ဟာ မီးဖိုထဲက မထွက်ရဲဘူးလေ။ သမိုင်းအရ တောင်သားတွေဟာ စာပေမရှိဖြစ်တဲ့ အခါကျတော့ တောင်သားဟာ တောင်သားမဖြစ်ချင်ကြဘူး။ တောင်သားဟာ ပွင့်ပွင့်လင်းလင်း ထင်ထင်ရှားရှား ဗမာတွေကြားမှာ ရောရောနှောနှော နေရာပေးခံရတာ မရှိခဲ့ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ တောင်သားမဖြစ်ချင်လို့၊ နောက်ပိုင်းကျတော့ ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို ဗမာတွေကတော့ လူမျိုးစုကြီးဆိုတော့ နည်းနည်းဝါးမြိုလာလို့ တောင်သားရွာဟာ နည်းပါးသထက် နည်းပါးသွားတယ်” ဟု ၎င်းက ရှင်းပြသည်။
တောင်သားစာပေ ပေါ်ပေါက်ရေးနှင့် တောင်သားလူမျိုးများ တိုးတက်ရေးအတွက် တောင်သားလူမျိုးစု ယဥ်ကျေးမှုကော်မတီကို ထီးလင်းမြို့နယ်တွင် ၂၀၀၂ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ တောင်သားစကားကို မြန်မာစာဗျည်းများဖြင့် ရေးသားနိုင်ရန် တောင်သားဆရာများက ကြိုးပမ်းခဲ့ကြသည်။ သို့သော် တောင်သားစကားသည် ကြားသံများစွာ ပါရှိ၍ စကား၏ အဓိပ္ပါယ်ကို အပြည့်အဝဖော်ပြနိုင်ရန် မြန်မာစာဗျည်း (၃၃) လုံးနှင့် မလုံလောက်ဖြစ်ရသည်။ ထို့ကြောင့် ဗျည်းများအကြားတွင် သင်္ကေတ (ခရေပွင့်စသည်) များ ထည့်သွင်းအသုံးပြုရန် ကြိုးစားခဲ့ကြသည်။
“တော်တော်တော့ ခရီးပေါက်ပြီးသားပါ့ဗျာ။ သုံးရွာလောက်အထိ သက်တန်းတွေ ပေးနိုင်ခဲ့ပြီးပြီ။ ဒါပေမဲ့ တောင်သားဆရာတွေကိုလည်း ပိုက်ဆံမပေးနိုင်တာတွေ၊ လူတွေကလည်း ခေတ်က အပြောင်းအလဲတွေနဲ့ ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ သိပ်စိတ်မဝင်စားနိုင်တာတွေနဲ့ နောက်ပိုင်းသိပ်မလုပ်နိုင်ခဲ့ဘူး” ဟု ဦးကျော်စိန်က ဆက်ပြောသည်။
တောင်သားလူမျိုးစု ယဥ်ကျေးမှုကော်မတီအနေဖြင့် တောင်သားရွာများတွင် လေးလတစ်ကြိမ် ရှေ့လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ အစည်းအဝေးကျင်းပနိုင်ရန် ဆောင်ရွက်ခဲ့ပြီး ခေတ်အဆက်ဆက်အစိုးရများ၏ စောင့်ကြည့်ခြင်းကိုလည်း ခံခဲ့ကြရသည်။ တောင်သားစာပေပေါ်ပေါက်ရေးဆောင်ရွက်သည့် လုပ်ငန်းများနှင့် အခြားလုပ်ငန်းများလည်ပတ်နိုင်ရန် ကော်မတီအနေဖြင့် ရန်ပုံငွေရရှိနိုင်ရေး “ယောစင်တာ”အမည်ဖြင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး ကားလိုင်းများကို ၂၀၀၄ ခုနှစ်တွင် ထီးလင်းမြို့နယ်မှအခြေပြု၍ ပြေးဆွဲနိုင်ခဲ့ကြသည်။ “ယောစင်တာ” ကားလိုင်းများအနေဖြင့် ထီးလင်း၊ ဂန့်ဂေါ၊ ကျောက်ထု၊ မင်းတပ်၊ ပခုက္ကူအထိ ပြေးဆွဲနိုင်ခဲ့ကြသည်။
“တောင်သားအမှတ်တံဆိပ်ကို ပထမက ပေပေါ်မှာ တူလေးတင်လို့ ဓားနှစ်လက်နဲ့။ ဒါမောင်စိန့် ပန်းပဲဆရာကိုအစွဲပြုပြီးမှ လုပ်ခဲ့တာ။ ဒါတုန်းက နအဖ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ခေတ်ဆိုတော့ ဓားပါရင် အထင်အမြင်လွဲတာဖြစ်နိုင်တယ်ဆိုပြီး ပန်းပွင့်ပေါ်မှာပျားကောင်လေးဝတ်ရည်စုပ်နေတဲ့ ပုံလေးလုပ်ခဲ့ကြတယ်။ တောင်သားလူမျိုးစု ယဥ်ကျေးမှုကော်မတီဆိုပြီး အဲ့ဒီပုံနဲ့ ကျတော်တို့ ရန်ပုံငွေအတွက် အင်္ကျီ (၇၀၀) ထုတ်ခဲ့တာမှာ ဘယ်သူက သတင်းပေးတယ်မသိဘူး။ တောင်သားလူမျိုးတွေ အခြေခံဥပဒေမူကြမ်းကို ကန့်ကွက်ဖို့ လုပ်နေတယ်ဆိုပြီး ကျတော့်ကို ခေါ်မေးလို့ သွားရသေးတယ်။ အဲ့ဒီတုန်းက ၂၀၀၈ မတိုင်ခင်ပေါ့။ အဲ့ဒီလိုဖြစ်တော့ အင်္ကျီကို ဘယ်သူမှ မဝတ်ရဲတော့ဘူး။ ရောင်းလို့လည်းမရတော့ဘူး” ဟု ဦးကျော်စိန်က ပြောသည်။
NLD အစိုးရလက်ထက် ရောက်သောအခါ တောင်သားညီလာခံကို ကျင်းပနိုင်ခဲ့ကြသည်။ တောင်သားများသည် ခေတ်အဆက်ဆက် အစိုးရလက်ထက်များတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစု စာရင်းတွင် ပါဝင် အသိအမှတ်ပြုခြင်း မခံခဲ့ရပေ။ တိုင်းရင်းသား လူမျိုး (၁၃၅) မျိုးဆိုသည့် သတ်မှတ်ချက်များတွင် တောင်သားလူမျိုးများမပါဝင်ပါ။ တောင်သားလူမျိုးများ၏ မှတ်ပုံတင်များတွင် လူမျိုးနေရာ၌ ၁၉၉၀ ခုနှစ်များက တောင်သားဟု ဖော်ပြခွင့်ရခဲ့သော်လည်း နောက်ပိုင်းတွင် ဗမာဟူ၍သာ ဖော်ပြခံခဲ့ကြရတော့သည်။
ထို့ကြောင့် ၂၀၁၉ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်၊ ဆော၊ ဂန့်ဂေါနှင့် စေတုတ္တရာမြို့နယ်များအတွင်း နေထိုင်သည့် ပျူမျိုးနွယ်စု (ခေါ်) တောင်သားလူမျိုးများအား တိုင်းရင်းသားလူမျိုးစု စာရင်းသွင်း၍ ကုဒ်နံပါတ်ရရှိရေး တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုလျက် တိုင်းအစိုးရအဖွဲ့မှတဆင့် ပြည်ထောင်စုအစိုးရထံသို့ တင်ပြပေးရန် အဆိုကို တိုင်းလွှတ်တော်ရုံး၌ ဇန်နဝါရီ (၁၇) ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ်၊ သတ္တမနေ့အစည်းအဝေးတွင် ဆွေးနွေးခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်ထက်ဝက်ကျော် ကန့်ကွက်ခဲ့သောကြောင့် လွှတ်တော်မှတ်တမ်းအဖြစ်သာ ထားရှိရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
ယင်းအဆိုကို တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ် ဆဌမအစည်းအဝေးနေ့က ဆောမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က တင်ခဲ့ကြောင်းသိရသည်။ ယင်းအဆိုကိုကန့်ကွက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များက တိမ်မြုပ်ပျောက်ကွယ်လုနီး တိုင်းရင်းသားများကိုဖော်ထုတ်ခြင်းအား ထောက်ခံခဲ့သော်လည်း တောင်သားမျိုးနွယ်တို့၏ သမိုင်းအချက်အလက်များကို ပြုစုစစ်ဆေးရန်အတွက် နက်နဲကျယ်ပြန့်ပြီး ပညာရှင်များပါဝင်ရမည့်အခြေအနေနှင့် ငွေကြေးသုံးစွဲရမည့်အခြေအနေများကို ထောက်ပြခဲ့ကြကြောင်း သိရသည်။
ထောက်ခံခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များက တောင်သားလူမျိုးတို့တည်ရှိလာခဲ့သည့်သမိုင်းနှင့် လက်ရှိထိန်းသိမ်းကျင့်ဆောင်နေဆဲ ဓလေ့များကို သမိုင်းစာအုပ်၊ ပါးစပ်ရာဇဝင်အကိုးအကားများဖြင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
“တောင်သားလူမျိုးဟာ တောင်သားစကားကို ပြောနေတဲ့လူတွေ တကူးတက အမြတ်တနိုးတန်ဖိုးထားပြီး ထိန်းသိမ်းနေလို့သာလျှင် တောင်သားစကားတွေ၊ တောင်သားယဥ်ကျေးမှုတွေ တောင်သားဆိုတာဟာ ရှိနေသေးတယ်။ အဲ့ဒီအတွက် တောင်သားဟာ ရှိသင့်ပါတယ်။ ကျတော့်အနေနဲ့တော့ တစ်ရောင်တည်းစိုက်ထားတဲ့ ပန်းခင်းတစ်ဧကကို ကြည့်ရတာထက် အရောင်အသွေးစုံစိုက်ထားတဲ့ ပန်းခင်းတစ်ဧကကို ကြည့်ရတာဟာ မျက်စိပသာဒ ပိုရှိတယ်လို့ မြင်ပါတယ်”ဟု တောင်သားလူမျိုးစု ယဥ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဦးကျော်စိန်က ဆက်လက်ပြောဆိုသည်။
ကိုးကား –
- အောင်ကျော်ပိုင် – တောင်သားလူမျိုး
- ရိုင်တွေး- တမူပြောင်းပျူဟောင်းမှတောင်သား
- ထီးလင်းမဂ္ဂဇင်း