By MPA Garcia Ni (ဆောင်းပါး)
အခုတော့ ထီးလင်းနယ်ဘက် ရွာများကပြည်သူတိုင်း ကိုလင်းကို ကြည့်၍ အံ့သြနေကြသည်။
အားလုံးက ပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု မထင်ထားသူသည် အခုတော့ ဆိုင်ကယ်ကို ကိုယ်တိုင်မောင်း၍ ရွာတကာလှည့်ပတ်နေပြီ။ စစ်ဘေးရှောင်များဆီ သွားရောက်၍ အကူအညီများပေးနေသည်။
တချို့လူကြီးသူမများက ကိုလင်းကိုကြည့်၍ “ဆံရှည်ဟမ် နင် တကယ်နတ်ကြီးတယ်”ဟူ၍ ယောသံဖြင့် အားရပါးရပြောကြသည်။ ဟုတ်သည်။ ကိုလင်းသည် နတ်ကောင်းနတ်မြတ်များ၏ စောင့်ရှောက်မှုကြောင့်ပင်လော၊ ဗုံးဒဏ်ကြားက ပြန်လည်နိုးထလာသူတစ်ဦးဖြစ်ပါသည်။
ကိုလင်းသည် အသားခပ်ညိုညို၊ နှုတ်ခမ်းမွှေးရေးရေးဖြင့် ဆံပင်ရှည်ကြီးကို နောက်စေ့အရင်းကစည်း၍ ဖားလျားချထားတတ်သည်။ စကားပြောသည့်အခါ ပြုံးရယ်၍ ပြောဆိုတတ်သူဖြစ်သည်။ ဒေသခံရွာသူရွာသားများက သူ့ကို “ဆံရှည်”ဟူ၍ ခေါ်ဆိုတတ်ပြီး မိန်းကလေးငယ်အချို့နှင့် လူငယ်များက “လွယ်အိတ်ကြီး”ဟု ခေါ်ကြသည်။
“အရင်က ကျတော်က ဖျင်ကြမ်းလွယ်အိတ် အကြီးစားကြီးလွယ်ပြီး စားစရာတွေရော၊ မုန့်တွေရော၊ ပိုက်ဆံတွေရော အကုန်စုထည့်ထားတာ။ ပြီးရင် လွယ်အိတ်ကြီးထဲက မုန့်တွေထုတ်ပြီး ဝေပေးတတ်လို့ ကလေးတွေက ကျတော့်ကို လွယ်အိတ်ကြီးလို့ပဲ ခေါ်ကြတာ” ဟု ကိုလင်းက ပြုံး၍ရှင်းပြသည်။
ကိုလင်းသည် အသက် ၃၅ နှစ်အရွယ် CDM ဝန်ထမ်းတစ်ဦးလည်း ဖြစ်ပါသည်။ စစ်ကောင်စီ အာဏာမသိမ်းမီက စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် လက်ထောက်ဦးစီးအဖြစ် နေပြည်တော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် နေပြည်တော်ရှိ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုတွင် မန်နေဂျာအဖြစ်လည်း လုပ်ကိုင်နေခဲ့သည်။
မင်းအောင်လှိုင် အာဏာသိမ်းသောအခါ ကိုလင်းသည် စစ်ဖိနပ်အောက်တွင် တာဝန်ထမ်းဆောင်ရမည်ကို မလိုလား။ ထို့ကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၇ ရက်နေ့တွင် CDM ပြုလုပ်ခဲ့သည်။ နေပြည်တော် လူထုဆန္ဒပြပွဲများတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်။ စစ်ကောင်စီကလည်း ဆန္ဒပြနေသည့်လူထုကို အကြမ်းဖက်ဖြိုခွဲလာသည်။
တစ်နေ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူအုပ်ကြီးကို စစ်တပ်က သေနတ်များ ပစ်ဖောက်၍ အကြမ်းဖက်ဖြိုခွဲခဲ့ရာ ညီမလေး မြသွဲ့သွဲ့ခိုင် ကျဆုံးသွားသည်ကို ကိုလင်းမျက်ဝါးထင်ထင် မြင်လိုက်ရသည်။ ညီမလေးမြသွဲ့သွဲ့ခိုင်သည် မြန်မာ့နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပထမဆုံးကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းလည်း ဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ ကိုလင်းသည် ဘာလုပ်ရမလဲ စဥ်းစားနေမိတော့သည်။
နေပြည်တော်တွင် နေထိုင်၍ စစ်ကောင်စီကို ဆန္ဒပြနေရသည်မှာ CDM ဝန်ထမ်းတစ်ယောက်အတွက် မလုံမခြုံဖြစ်လာသည်။ စစ်တပ်က CDM ဝန်ထမ်းများအား ဖမ်းဆီးနေသည့် သတင်းများကိုလည်း ကြားနေရသည်။ ထို့ကြောင့် သူ့ဇာတိဖြစ်သော ယောဒေသသို့ ပြန်ရန် ကိုလင်းဆုံးဖြတ်လိုက်သည်။
ကိုလင်းသည် ဇာတိမြေ ထီးလင်းမြို့နယ်သို့ ၂၀၂၁ ခု၊ ဧပြီလပိုင်းတွင် ပြန်လည်ရောက်ရှိလာခဲ့သည်။ တောင်စဥ်၊ တောင်ကုန်းတွေကြားက လွင်ပြင်လေးဖြစ်သော သူ့ဇာတိမြေသည် လွမ်းမောဖွယ်ပင် ကောင်းတော့သည်။ သို့သော် အလွမ်းတွေကို သူ မတွေးအား၊ သူ့ခေါင်းထဲတွင် စစ်ကောင်စီပြုတ်ကျဖို့ တစ်ခုခုလုပ်ရမည်ဟုသာ တွေးတောနေမိသည်။ ထိုလုပ်ရမည့်တစ်ခုခုသည် မြူတွေကြားက ရုပ်ဝတ္ထုတစ်ခုလို မပီမသမြင်နေရသည်။ သို့သော် ထိုအချိန်က ထီးလင်းမြို့နယ်တွင် လက်နက်ကိုင်တော်လှန်ရေးသည် မစတင်သေး။ အနောက်ဘက် ချင်းတောင်တွင်တော့ ချင်းကာကွယ်ရေးတပ်များဖွဲ့၍ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေပြီ။
ကိုလင်းသည် ဇာတိမြေမှ သူငယ်ချင်းများနှင့် စုပေါင်း၍ ချင်းကာကွယ်ရေးတပ် (မင်းတပ်) အတွက် ထောက်ပို့ တာဝန်ယူ၍ ကူညီပေးခဲ့သည်။ ဆန်၊ ဆီမှအစ လိုအပ်သည့် ဆေးဝါးများ၊ ဟင်းချက်စရာ အသီးအနှံများကိုစု၍ ချင်းတော်လှန်ရေးအဖွဲ့အစည်းများထံ ပို့ခဲ့သည်။ ကိုလင်း၏ အစ်မများကလည်း တော်လှန်းရေးနှင့် ကိုလင်း၏ ထောက်ပို့လုပ်ငန်းများတွင် စိတ်အားတက်ကြွစွာ ငွေအား၊ လူအားဖြင့် ပါဝင်ကူညီပေးခဲ့ကြသည်။
ဤသို့ဖြင့် ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF) ပေါ်ပေါက်လာသောအခါ ကိုလင်းတို့သည် HPDF ၏ ထောက်ပို့တာဝန်ခံများဖြစ်လာသည်။ HPDF မှတဆင့် ယောကာကွယ်ရေးတပ် (YDF)၊ ထိုမှတဆင့် ယောတော်လှန်ရေးတပ်-ထီးလင်း (YRA) အဖြစ် အဆင့်ဆင့်ပြောင်းလဲခဲ့သည်။ ထိုအချိန်တွင် ကိုလင်းတို့သည် YRA ရဲဘော်များဖြစ်သကဲ့သို့ အဖွဲ့၏ ထောက်ပို့တာဝန်ခံများအဖြစ် အဆင့်ဆင့်ပြောင်းလဲခဲ့သည်။
“YRA ဖြစ်လာပြီးတော့ ကျတော်တို့ တပ်ရင်းတပ်ဖွဲ့တွေအဖြစ် NUG ကို စာရင်းတင်ခဲ့ကြတယ်။ အဲ့ဒီတုန်းက ကွန်ပျူတာ ကောင်းကောင်းရိုက်တတ်တာဆိုလို့ သုံးယောက်ပဲရှိခဲ့ကြတာ။ ရဲ CDM တစ်ယောက်ရယ်၊ နေပြည်တော်ထွေအုပ်ကနေ CDM လုပ်လာတဲ့ တစ်ယောက်ရယ်၊ ကျတော်ရယ် သုံးယောက်စုပေါင်းပြီး လုပ်ခဲ့ကြတယ်”ဟု ကိုလင်းက ဂုဏ်ယူစွာ ပြောပြသည်။
ယင်းနောက် ထီးလင်းမြို့နယ် အနောက်ခြမ်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဖွဲ့စည်းသောအခါ ကိုလင်းသည် ပအဖတွင် ရုံးပိုင်းဆိုင်ရာ အကြံပေးနှင့် စာရင်းကိုင် ရဲမေလေးများအား ကွန်ပျူတာဆိုင်ရာသင်တန်းများ ပို့ချပေးသည့် တာဝန်ကို ယူခဲ့သည်။ ယင်းအပြင် ဘဏ္ဍာရေး၊ ကျန်းမာရေးဆိုင်ရာများတွင်လည်း ထောက်ပို့အဖြစ်တာဝန်ယူခဲ့သည်။
ထိုအချိန်က ထီးလင်းမြို့ပေါ်မှ စစ်ကောင်စီတပ်သည် ဘေးပတ်ဝန်းကျင် ကျေးရွာများသို့ မကြာခဏ စစ်ကြောင်းထိုးနေသည့် အချိန်လည်းဖြစ်သည်။ ကျေးရွာများကို ဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းများ ခိုးယူသယ်ဆောင်ခြင်း၊ ပြည်သူများအားဖမ်းဆီးခြင်းများကို ပြုလုပ်နေသည်။ ထို့ကြောင့် ထီးလင်းမြို့နှင့်အနီး ကျေးရွာများရှိ ပြည်သူများအနေဖြင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရတော့သည်။
ကျေးရွာလူငယ်များကလည်း ကာကွယ်ရေးအခြေခံစစ်သင်တန်းများ တက်ရောက် လိုနေကြသည့်အတွက် မြို့နယ်ပအဖအနေဖြင့် တပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်း၍ အခြေခံစစ်သင်တန်းများ တက်ရောက်နိုင်ရန် ကူညီပေးခဲ့ကြသည်။
“ပြည်သူတွေက မဖြစ်တော့ဘူး၊ ထီးလင်းမြို့နဲ့ အနီးဆုံးမှာ မိုင်းထောင်ချင်တယ်လို့ ကျတော်တို့ကို လာပြောကြတယ်။ အလှူငွေတွေလည်း ထည့်ကြတယ်ဗျ။ ကျတော်တို့က ပအဖဆိုပေမဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့လည်း မကင်းကွာဘူး။ တပ်ရင်းတပ်ဖွဲ့တွေဆီကနေ လာခဲ့ကြသူတွေဆိုတော့လေ။ အဲ့ဒီ အလှူငွေတွေနဲ့ ကျတော်တို့ ယမ်းဖာတွေ ဝယ်ယူခဲ့ကြတယ်။ အဲ့ဒီအချိန်မှာ သင်တန်းတွေကလည်း ပြီးပြီ။ ကျတော်တို့က ကဲ…ဒါဆိုရင် မိုင်းသင်တန်းလေး ဆက်တက်ကြပါဦးဆိုပြီး ဆက်တက်ခိုင်းခဲ့ကြတယ်။ အဲ့ဒီအချိန်အတောအတွင်းမှာပဲ ကျတော်တို့နေထိုင်ရာ ရုံးလေးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်” ဟု ကိုလင်းကပြောသည်။ ထို့နောက် ကိုလင်းသည်ခဏနားပြီး ဆေးလိပ်ကို မီးညှိလိုက်သည်။
ထိုနေ့သည် ၂၀၂၃ ခုနှစ်၊ ဧပြီ (၂၀) ရက်နေ့ဖြစ်သည်။ မနက်မိုးလင်းကတည်းက ကိုလင်း၏ စိတ်ထဲတွင် ပျော်ရွှင်ခြင်းနှင့် လေးလံခြင်းကို ခံစားနေရသည်။ ၂၂ ရက်နေ့ဆိုလျှင် ကိုလင်း၏ မွေးနေ့ရောက်ပြီ။ ထို့ကြောင့် မွေးနေ့အကြိုအဖြစ် ရုံးတွင်ရှိသော ရဲဘော်များအား မုန့်ကျွေးမည်ဟုခေါ်သည်။ သို့သော် မည်သူမျှ မလိုက်၊ ကိုယ်စီ အလုပ်ရှုပ်နေကြသည်။
ရုံးတွင် လူအယောက် ၂၀ ခန့် ရှိနေသည်။ လကုန်တော့မည် ဖြစ်သည့်အတွက် အားလုံးက ရုံးမှရန်ပုံငွေအဖြစ် ရောင်းချသော ပုံညာထီလက်မှတ်များကို ထုတ်နေကြသည်။ တချို့က ငွေစာရင်းရှင်းတမ်းများ ရှင်းနေကြသည်။ ရုံးရှိလူများ အလုပ်ရှုပ်နေကြသည့်အတွက် ကိုလင်းတစ်ယောက်တည်း မုန့်သွားစားခဲ့သည်။ ထို့နောက် နံနက် ၁၁ နာရီအချိန်ခန့်တွင် ရုံးသို့ ပြန်ရောက်လာခဲ့သည်။
“ရုံးရောက်တော့ ရုံးပစ္စည်းတွေ တင်ထားကြ။ စစ်ကြောင်းက နီးလာပြီဆိုတော့ ပအဖဆိုတာ လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် တစ်နေရာရာတော့ ရွှေ့ကြရမှာလို့ ပြောခဲ့ကြတယ်။ အဲ့ဒီတော့ အကုန်လုံးက ခဏအနားယူကြဦးမယ်။ စစ်ကြောင်းကလည်း နှစ်မိုင်၊ သုံးမိုင်လောက်တော့ ဝေးပါသေးတယ်ဆိုပြီး နားနေကြတယ်” ဟု ကိုလင်းက ထိုနေ့က အဖြစ်အပျက်ကို ပြောပြသည်။
ထို့အတွက် အားလုံးထမင်းစားနိုင်ရန် ကိုလင်း သရက်သီးများကို ထောင်းသည်။ သရက်သီးထောင်း၍ သုပ်ပြီးသောအခါ အားလုံးကို ထမင်းစားရန် ခေါ်သည်။ သို့သော် အများစုက ထမင်းမဆာကြ။ မောမောဖြင့် နားနေကြသည်။ ကိုလင်းအပါအဝင် လေးဦးသာ ထမင်းစားဖြစ်ခဲ့သည်။
“ထမင်းစားပြီးလို့ ပန်းကန်ဆေးနေတုန်းမှာပဲ အိုင်ကွန် (စကားပြောစက်) ကနေ ရှဲရှဲ ရှဲရှဲနဲ့ မြည်လာတယ်။ အဲ့ဒီတုန်းက ဖုန်းလိုင်းတွေ ဖြတ်ခံထားရတော့ အိုင်ကွန်ကိုပဲ အသုံးပြုပြီး ဆက်သွယ်နေကြရတာ။ ရုံးထဲကနေလည်း တစ်ယောက်တစ်ပေါက် အော်ပြောနေကြတယ်။ နောက်ဆုံးတချက်မှာပဲ လေကြောင်းလာတယ်ဆိုပြီး ကြားလိုက်ရတယ်”
ကိုလင်းကောင်းကင်ပေါ် မော့ကြည့်လိုက်သောအခါ အနောက်တောင်အရပ်မှ ဂျက်ဖိုက်တာတစ်စင်းသည် ရုံးတည့်တည့်သို့ အရှိန်ဖြင့် ခေါင်းစိုက်ဆင်းလာသည်ကို မြင်လိုက်ရသည်။ ကိုလင်းမြေပြင်တွင် ဝပ်ရန်ကြိုးစားလိုက်သည်။ သို့သော် မြေပြင်သို့ သူ မဝပ်မီ ပေါင် (၅၀၀) ဗုံးတစ်လုံးသည် ကျရောက်ပေါက်ကွဲနှင့်ပြီ။
ကိုလင်း၏ ခန္ဓာကိုယ်သည် လေထဲတွင် မြောက်တက်သွားပြီး (၁၀) ပေခန့် လွင့်စင်သွားသည်။ နားများ အူနေသည်။ ဘေးပတ်ဝန်းကျင်တွင် ဖုန်မှုန့်များ၊ မီးခိုးလုံးများ လှိုင်းထနေပြီး ဘာကိုမှ သူ မမြင်ရ။ သူ သတိထားမိချိန်၌ သူ့ခန္ဓာကိုယ်ပေါ်တွင် သစ်ကိုင်းများ၊ အုတ်ခဲကျိုးများနှင့် ပိကျနေသည်။ ထိုအချိန် ကိုလင်း သတိထားမိလိုက်သည်မှာ သူ့ပေါင်ကျိုးသွားပြီ ဆိုသည်ကိုသာ။ ဘယ်ဘက်ခြေမမှာ ပြတ်ထွက်သွားပြီး အရေခွံလေးသာ ကျန်ရစ်တော့သည်။ ထိုအချိန် ဂျက်ဖိုက်တာသည် ပြန်လှည့်လာသည်။ ကိုလင်းစိတ်ထဲတွင် ငါတို့ကို အပြတ်ဆော်နေပြီဟု တွေးလိုက်မိသည်။ သို့သော် နောက်ထပ်ကြဲလိုက်သော ဗုံးတစ်လုံးမှာ သူ့ကိုကျော်လွန်၍ တောင်ကုန်းထိပ်တွင် ကျရောက် ပေါက်ကွဲသွားတော့သည်။
သူ့ခန္ဓာကိုယ်ပေါ်မှ သစ်ကိုင်းနှင့် အုတ်ခဲကျိုးများကို ကိုလင်းဖယ်ရှားလိုက်သည်။ ပေါင်ကျိုးသွားသည်ကို သတိထားမိသော်လည်း သွေးပူနေသောကြောင့် နာကျင်ခြင်းကိုမူ သူ မခံစားရသေး။ သူ့စိတ်ထဲတွင် နောက်ထပ်လေယာဥ်များ၊ ရဟတ်ယာဥ်များ ရောက်လာပြီး ဗုံးများ၊ စက်သေနတ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်လာမည်ကို တွေးပူနေသည်။ ထို့ကြောင့် အကာအကွယ်ရယူရန် သူ ရှာလိုက်သည်။
ကိုလင်းလွင့်စင်ကျသွားသည့်ဘေး၊ တောင်ကုန်းနံရံတွင် လူတစ်ကိုယ်စာ ကလိုင်ပေါက်များရှိသည်။ ကိုလင်းသည် ကလိုင်ပေါက်ထဲတိုးဝင်၍ အကာအကွယ်ယူရန် ကြိုးစားသည်။ ခန္ဓာကိုယ်ကို ကလိုင်ပေါက်ထဲတိုးဝင်နိုင်သမျှ တွားသွား၍ တိုးဝင်နေမိသည်။
လေယာဥ်ပြန်သွားပြီးနောက် ငါးမိနစ်ခန့် အကြာတွင် နောက်ထပ်လေယာဥ် ရောက်မလာနိုင်တော့ဟု သူယုံကြည်လိုက်သည်။ ထို့ကြောင့် ကလိုင်ပေါက်ထဲမှ သူကြိုးစား၍ ထွက်လာခဲ့သည်။ ထိုအချိန် ပျက်စီးသွားသောရုံးအတွင်းမှ “ကယ်ကြပါဦးဗျာ၊ လုပ်ကြပါဦး”ဟူ၍ အော်သံများကို သူ ကြားနေရသည်။ တချို့မှာ ငိုကြွေးနေကြသည်။ တချို့ ဒဏ်ရာမပြင်းထန်သည့် လူများမှာလည်း ကယောင်ကတမ်း ပြေးလွှားနေသည်။ တချို့မှာ လှုပ်ရှား၍ မရကြတော့။ တချို့မှာမူ ခန္ဓာကိုယ်တစ်ခုလုံးကို သဲနှင့် ပက်ခံထားရသူများလို ဒဏ်ရာဗရပွနှင့် ဖြစ်နေသည်။
ထိုအချိန် “ဟိုမှာ လွယ်အိတ်ကြီး” ဟူသည့် အသံနှင့်အတူ လုပ်ဖော်ကိုက်ဖက် ညီမလေးနှစ်ယောက် ရောက်လာသည်။
“လွယ်အိတ်ကြီး ဘာဖြစ်သွားပြီလဲ။ ရရဲ့လား” ဟု မေးသောအခါမှ သူ့ ခန္ဓာကိုယ်က “ဗွက်ဗွက်” ဟူ၍ အသံမြည်လာသည်ကို သတိထားမိလိုက်သည်။ ဘယ်ဘက်နံစောင်းမှ သွေးများသည်လည်း စီးကျလာသည်။ လက်ဖြင့် စမ်းကြည့်လိုက်သောအခါ လက်မဝက်ခန့် အပေါက်ကြီးပေါက်နေသည်။ ညီမလေးနှစ်ယောက်အား သူ့အတွက် သားပိုးစောင် (ကလေးပိုးသည့် ဖျင်ကြမ်းစောင်) တစ်ထည်ယူခဲ့ရန် ပြောလိုက်သည်။
ထို့နောက် သူ အသက်ရှူ၍ မဝသလို ခံစားလာရသည်။ သွေးများဖုံများဖြင့် ညစ်ထေးပေပွနေသည့် သူ့ (Victor) အင်္ကျီ အဖြူလေးကို ချွတ်၍ ဆုတ်ဖြဲလိုက်ပြီး သွေးထွက်နေသည့် အပေါက်ထဲသို့ အင်္ကျီစကို ကျစ်၍ထိုးသွင်းကာ သွေးတိတ်သွားစေရန် ဆို့သည်။ ထို့နောက် လက်ဖြင့် ဖိထားလိုက်သည်။
သားပိုးစောင်ရလာသောအခါ သွေးထွက်နေသည့် အပေါက်ပိတ်သွားစေရန် သူ့ခန္ဓာကိုယ်ကို စောင်ဖြင့် တင်းတင်းကျပ်ကျပ် စည်းခိုင်းလိုက်သည်။ ညီမလေးများ သူ့ခန္ဓာကိုယ်ကို စည်းပေးနေချိန်တွင် သူ့လက်မောင်းသည် နာလာသည်။ လက်မောင်းကို ကြည့်လိုက်သောအခါ ပြတ်ရှနေသည့် ဒဏ်ရာမှာ သုံးလက်မခန့် ပြဲနေသည်။ ကိုလင်းသည် တွေ့ရာကြိုးဖြင့် လက်မောင်းကိုပတ်၍ စည်းထားလိုက်သည်။ ထိုအချိန်အထိ ကိုလင်းသည် သူ့ကိုယ်သူ ဒဏ်ရာရ အနည်းဆုံးနှင့် အသက်သာဆုံးလူဟူ၍ ထင်နေမိသည်။ သူ့ကိုယ်သူ မစိုးရိမ်အားဘဲ အခြားရဲဘော်များအတွက်သာ စိတ်ပူနေမိသည်။ ထို့ကြောင့် သူ့ကိုထားခဲ့၍ အခြားလူများအား သွားရောက်ကူညီရန် ခိုင်းလိုက်သည်။
“နောက်ဆုံး ကျတော်တစ်ယောက်တည်း ကျန်ခဲ့တာ။ အကုန်လုံးက ဒဏ်ရာရတဲ့လူတွေကိုတင်ပြီး ဆေးရုံသွားကြပြီ။ ဘယ်သူမှ မရှိတော့ဘူး။ အော်ခေါ်လည်း မကြားတော့ဘူး။ လာကြပါဦး ငါကျန်သေးတယ်၊ လာခဲ့ကြဦးလို့ အော်ခေါ်လည်း ဘယ်သူမှမရှိတော့ဘူး” ဟု ကိုလင်းက ပြောသည်။
ထိုအချိန် ကိုလင်းတို့ ပအဖရုံးလေးမှာ မီးလောင်နေပြီ။ ရုံးထဲတွင် RPG ကျည်ဖူးများ၊ (၈၀) မမ၊ (၆၀) မမ ကျည်များ၊ AK ကျည်များ၊ ယမ်းပျော့ဖာများ၊ ကက်သီးများ၊ ကွန်ပျူတာနှင့် ငွေသားများရှိနေသည်။ မီးလောင်နေသည့် ရုံးထဲတွင် RPG ကျည်ဖူးများ၊ ၈၀ မမ၊ ၆၀ မမကျည်များ ပေါက်ကွဲနေသည့်အသံသည် ဆူညံနေသည်။
ကိုလင်းသည် ထွက်ပေါက်ရှိရာသို့ ပေ ၁၀၀ ခန့် တရွတ်တိုက် ဆွဲ၍ သွားခဲ့သည်။ သို့သော် ထွက်ပေါက်ကိုကား မရောက်သေး။ ဘေးနားရှိ တိုင်လေးတစ်တိုင်တွင် မှီ၍ လှဲနေလိုက်သည်။ ထို တိုင်လက်တစ်ကမ်းတွင် ချိတ်ထားသည့် အိုင်ကွန်တစ်လုံးရှိနေသည်။ အိုင်ကွန်မှ အသံများမြည်နေသည်။ အိုင်ကွန်ကို ဖြုတ်၍ အကူအညီတောင်းရန် သူကြိုးစားသည်။ သို့သော် အိုင်ကွန်ကို သူ မဖြုတ်နိုင်တော့။ သူ့ခန္ဓာကိုယ်တစ်ခုလုံး မောဟိုက်နေသည်။ အသက်ရှူရ ကျပ်လာသည်။
“ကျတော်မှီနေတဲ့ တိုင်ရဲ့နောက်မှာ စစ်သားတွေ ကျတော်တို့ ရွာဝင်တုန်းက ကျန်နေခဲ့တဲ့ RPG7 ကျည်ဖူးအသစ် တစ်လုံးရှိတယ်။ ပို့ကျည်ရော ထည့်ပြီးသား။ ကျတော့်စိတ်ထဲမှာ အဲ့ဒီ RPG ဖူးကို လှမ်းယူမှ ဖြစ်မယ်၊ ဒါပေမဲ့ လှမ်းမယူနိုင်တော့ဘူး။ အဲ့ဒီ RPG ဖူးသာ ပေါက်သွားရင် ငါတော့သေပြီလို့ တွေးနေတာ”
ထိုအချိန်တွင် ရုံးအတွင်းမှ ပေါက်ကွဲသံကြီး မြည်လာပြီး ၈၀ မမ ဗုံးသီးတစ်လုံးသည် သူ့ နံဘေး ၁၀ ပေခန့်အကွာသို့ လွင့်ကျလာသည်။ သို့သော် မပေါက်ကွဲ။ ရုံးအတွင်းမှ ပေါက်ကွဲသံများသည် တရစပ်မြည်ဟိန်းနေပြီး ရုံးတစ်ခုလုံးသည်လည်း မီးလောင်ကျွမ်းကာ မီးခိုးလုံးများ မှိုင်းတက်နေသည်။ တလောကလုံး ဘာကိုမှ မမြင်ရတော့။ ကိုလင်း၏ ခန္ဓာကိုယ်သည် နာကျင်ခြင်းကို မသိတော့ဘဲ အသက်ရှူမဝ ဖြစ်လာသည်။ ကိုလင်း၏ မျက်လုံးများသည် တဖြည်းဖြည်းငိုက်မှေးပြီး အိပ်ချင်လာသည်။
ကိုလင်းသည် အားတင်း၍ အသက်ကို ခပ်ပြင်းပြင်းရှူသည်။ သူ့ကိုယ်သူ အိပ်မပျော်သွားစေရန် သတိပေးသည်။ ထိုအချိန်တွင် ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီး၏ အသံကိုကြားလိုက်ရသည်။ ကိုလင်းသည် သူ့ကို လာကယ်ကြခြင်းဖြစ်သည်ဟု ယုံကြည်လိုက်သည်။ သို့သော် အားလုံးက သူ့ကို မမြင်ကြ။ သယ်လို့ရသေးသည့် ပစ္စည်းများကို လာသယ်ကြခြင်း ဖြစ်သည်။ ကိုလင်းသည် သူကျန်သေးသည့်အကြောင်း အော်၍ပြောသည်။ သို့သော်သူ့အသံကို မည်သူမျှမကြား။ ၁၀ ခွန်းလောက် အော်ခေါ်လိုက်သောအခါ ညီလေးတစ်ယောက်က သူ့ကိုမြင်သွားပြီး “ဟိုမှာ ကိုဆံရှည် ရှိသေးတယ်ဟိတ်၊ လာကြဦး”ဟူ၍ သူ့လူတွေကို အော်ခေါ်လိုက်သည်။
ထို့နောက် ကိုလင်းကို ကားပေါ်သို့ဝိုင်း၍ သယ်ဆောင်ကြသည်။ ထိုအချိန်မှ ကိုလင်း၏ခန္ဓာကိုယ်သည် အပြင်းအထန်နာကျင်ခြင်းကို ခံစားသိရှိလာသည်။ သူ့ကိုယ်သူ အသက်မသေနိုင်တော့ဟူ၍လည်း ယုံကြည်သွားသည်။
ကားမောင်းထွက်သွားသည့် အချိန်တွင် လာကယ်သည့် ရဲဘော်ညီလေးတစ်ယောက်က ကိုလင်းကို ကြည့်၍ ငိုနေသည်။ ကိုလင်းသည် နာကျင်မှုကြောင့် မျက်လုံးများကို မှိတ်ထားပြီး အသံမထွက်နိုင်တော့။ သူ့ကိုယ်သူ သတိမေ့မျောမသွားစေရန် ညီလေးတစ်ယောက်အား သူ့လက်ကို ကိုင်ထားရန် ပြောဆိုသောအခါမှ အသံသည်ထွက်လာသည်။ သူ့နားများသည် အူနေသည်။ ရဲဘော်ညီလေးများ၏ ပြောဆိုနေသည့်အသံကိုကား သဲ့သဲ့ကြားနေရသည်။
ဆေးခန်းသို့ရောက်သောအခါ လူနာခုတင်ပေါ်တွင် သူ့ထက်အရင် ရောက်နှင့်နေသော သွေးအလိမ်းလိမ်း ရဲဘော်များကို ကြည့်၍ သူ့ကိုယ်သူ ထိခိုက်ဒဏ်ရာ အသက်သာဆုံးသူဟူ၍ ကိုလင်းတွေးနေမိသည်။ ထိုယုံကြည်မှုကြောင့်ပင် သူ့ဒဏ်ရာများကို သူမမှုတော့။ သူနာပြုဆရာမရောက်လာသောအခါ ပေါင်နှင့်လက်တွင် ဒဏ်ရာရရှိထားသည့်အကြောင်း ပြောလိုက်သည်။
ထိုအခါဆရာမက ပတ်တီးပြန်လည်စည်းပေးပြီးနောက် ပြန်လည်ကောင်းမွန်သွားမည့်အကြောင်း အားပေးစကားပြောဆို၍ ထွက်ခွာသွားတော့သည်။ နံစောင်းကပေါက်သွားသည့် ဒဏ်ရာကိုမူ ဆရာမအားပြောပြရန် ကိုလင်း ရုတ်တရက်မေ့သွားသည်။ အသက်ရှူပြန်၍ကျပ်လာသည့်အချိန်တွင် နံစောင်းကဒဏ်ရာကို ကိုလင်းသတိရလာသည်။ နံစောင်းတွင် ဒဏ်ရာရရှိထားကြောင်း လှမ်းအော်ပြောသော်လည်း ဆရာမက မကြားတော့။ ဘေးနားတွင် ရှိနေသည့် ညီမလေးတစ်ယောက်က ကိုလင်းအသက်ရှူကျပ်နေသည့်အကြောင်း သွားပြောမှ ဆရာမက ပြန်လာကြည့်သည်။
ချည်ထားသည့် စောင်ကိုဖြည်၍ အထဲကိုထိုးထားသည့် အင်္ကျီကို ဖယ်လိုက်သောအခါမှ ဆရာမက “ဟဲ့ နင့်ဟာက သေလောက်တဲ့ ဒဏ်ရာကြီးကို ဘာလို့ အခုမှပြောတာလဲ” ဟူ၍ ပြောသည်။ ကိုလင်းသည် အသက်ရှူပို၍ ကျပ်လာသည်။ ဆရာမက အနာကို သန့်ရှင်းရေးလုပ်၍ အပေါက်ထဲသို့ ပတ်တီးစများ ထိုးထည့်ကာ လေမဝင်စေရန်ပိတ်ပြီး ပတ်တီးပြန်လည်စည်းပေးလိုက်သည်။ ထို့နောက် အောက်စီဂျင်ပေး၍ ဆရာဝန်များရှိသည့် နေရာသို့ ချက်ချင်းသွားရန် လွှဲပေးလိုက်သည်။
ဆရာဝန်များဆီသို့ ရောက်သောအခါ အနာဘေးသို့ အပ်နှင့်ထိုး၍ စုပ်ထုတ်ကြသည်။ ထို့နောက် ခွဲစိတ်အထူးကု ဆရာဝန်ရှိသော ၁၀ မိုင်ခန့် ဝေးကွာသည့် နေရာသို့ ထပ်မံလွှဲပေးလိုက်သည်။ ခက်ခဲကြမ်းတမ်းသည့် တောလမ်းများတွင် ကားဆောင့်လိုက်တိုင်း ကိုလင်းသည် သေလောက်အောင် နာကျင်နေမိသည်။ ရေဆာနေသောကြောင့် လမ်းတွင် ရေဝင်သောက်လိုက်သေးသည်။
လမ်းတဝက်တွင် အောက်စီဂျင်ပြတ်သွားသည်။ အသက်ရှူရကျပ်လာ ပြန်သည်။ ကိုလင်းက သူ့မျက်နှာရှေ့တွင် ထန်းလက်ယပ်တောင်ကြီးဖြင့် ခပ်ပေးနေရန် ရဲဘော်များအား ပြောလိုက်သည်။ ဤသို့ဖြင့် လေရရန်ကြိုးစား၍ ဆေးရုံသို့ ရောက်ရန် ခက်ခဲစွာသူတို့လာခဲ့ရသည်။
ညနေ ၅ နာရီအချိန်ခန့်တွင် ခွဲစိပ်အထူးကုဆရာဝန်ရှိသည့် ဆေးရုံသို့ရောက်သွားသည်။ ခုတင်ပေါ်ရောက်သည့်အချိန်၌ ဆရာဝန်က ဘာစားထားလဲ၊ ဘာသောက်ထားလဲ မေးသည်။ နေ့လယ်က ထမင်းစားထားကြောင်းနှင့် လမ်းတွင် ရေနှစ်ဖုံး သောက်ခဲ့ကြောင်း သူပြောလိုက်သည်။ ဆရာဝန်များက ကိုလင်းကို အောက်စီဂျင်ပေး၍ ပုလင်းကြီးများ ချိတ်ပေးကြသည်။ ထို့နောက် ခွဲစိပ်ဆရာဝန်က “တော်တော်လေးကို သတ္တိကောင်းလို့ ဒီကို ရောက်လာတာ။ တခြားလူဆို လမ်းမှာသေခဲ့ပြီးပြီ” ဟူ၍ မှတ်ချက်ပြုသည်။ ထိုည ၁၀ နာရီတွင် ကိုလင်းခွဲစိတ်ခန်းဝင်ခဲ့၏။
ခန္ဓာကိုယ်တွင် ဆေးပိုက်များ၊ ပုလင်းကြီးများဖြင့် ကိုးလခန့် ဆေးကုသမှု ခံယူပြီးနောက် ကိုလင်းသည် ချိုင်းထောက်ဖြင့် ပြန်လည်လမ်းလျှောက်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာသည်။ ချိုင်းထောက်ဖြင့် လမ်းလျှောက်နိုင်သည့် အခြေအနေတွင် သူရရှိထားသော မုန့်ဖိုးများကိုယူ၍ စစ်ဘေးရှောင်များဆီ ပထမဆုံးသွားရောက်ခဲ့သည်။
အသားဟင်းနှင့်ထမင်း၊ ကလေးများအတွက် မုန့်များဝေခဲ့သည်။ “ကျတော့်ထက်သူတို့က ပိုခက်ခဲပါတယ်” ဟု ကိုလင်းက ပြောသည်။ ယခုတော့ ကိုလင်းသည် ချိုင်းထောက်မလိုဘဲ လမ်း ပြန်လည်လျှောက်နိုင်ခဲ့ပြီ။ ထို့ကြောင့် ယောတော်လှန်ရေးတပ် (YRA-ထီးလင်း) သို့ ပြန်လည်ဝင်ရောက်၍ ဘဏ္ဍာရှာဖွေရေးနှင့် တပ်ရင်း၏ နိုင်ရာတာဝန်များကို ပြန်လည်ထမ်းဆောင်ခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် အနောက်ခြမ်းပအဖမှ ရဲဘော်သုံးဦးကျဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အချို့မှာ မျက်စိအမြင်အာရုံ ချို့ယွင်းသွားကြပြီး အချို့မှာ တော်လှန်ရေးတွင် နိုင်ရာတာဝန်ကို ဆက်လက်ထမ်းဆောင်နေကြဆဲ ဖြစ်ပါသည်။