အလုပ်သမားထုကြီးသည် သမိုင်းဝင် အလုပ်သမားသပိတ်လှုပ်ရှားမှုအား ရဲဝင့်စွာ ဖော်ဆောင်ခဲ့ကြပြီး အလုပ်သမားများ၏ အခွင့်အရေး အပြည့်အဝရရှိရေးအတွက် စုပေါင်း၍ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြရာ ၁၉၇၄ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့မှသည် ယနေ့တွင် (၅၀)နှစ်တိုင် ရောက်ရှိခဲ့ပြီ ဖြစ်သည်။
၁၉၆၂ စစ်အာဏာသိမ်းအစိုးရက ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးပြုကာ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ကို ဖော်ဆောင်လာခဲ့သည်။
၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေပြုလုပ်ပြီးနောက် တစ်တိုင်းတစ်ပြည်လုံးအထွေထွေအကျပ်အတည်း ဖြင့်ရင်ဆိုင်ရကာ ၁၉၇၄ ခုနှစ် မတ်လတွင် ရန်ကုန် ဝိဇ္ဇာ နှင့် သိပ္ပံ တက္ကသိုလ် RASU (ယခု ရန်ကုန်တက္ကသိုလ်) အနီးရှိ ကမာရွတ် ရဲစခန်း မီးရှို့မှု ပေါ်ပေါက်လာခဲ့သည်။
အဖြစ်အပျက်မှာ အဆောင်နေ ကျောင်းသားတစ်ဦးကို ခါးပိုက်နှိုက်နှင့် မှားကာ ရဲက ဖမ်းလိုက်ခြင်းမှစတင်သည်။ ကမာရွတ် ရဲစခန်းရှိ ရဲများက အဆိုပါကျောင်းသားကို ရိုက်နှက် စစ်ဆေးခြင်းကို ကျောင်းသားများက မခံမရပ်နိုင် ဖြစ်ပြီး ကမာရွတ်ရဲစခန်းကို ဝိုင်းကာ ရိုက်နှက် စစ်ဆေးခဲ့သော ရဲများကို ဖော်ထုတ် အရေးယူပေးရန် တောင်းဆို ဆန္ဒပြကြသည်။
စခန်းမှူး နှင့် အာဏာပိုင်များက အရေးယူ ဆောင်ရွက်ပေးမှု မရှိသည့်အပြင် ကျောင်းသားများ အပေါ် မချေမငံ ဆက်ဆံသည့်အတွက် ကျောင်းသားထုကြီးက ကမာရွတ်ရဲစခန်းကို မီးရှို့ ဖျက်ဆီးပစ်လိုက်ကြသည်။
ကမာရွတ်ရဲစခန်း မီးရှို့မှု ဖြစ်ပြီး သိပ်မကြာခင် ၁၉၇၄ ခုနှစ် မေလ နှင့် ဇွန်လ အတွင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလုပ်သမားများ၏ အုံကြွမှုကြီးများဆက်တိုက် ပေါ်ပေါက်လာကာသမိုင်းစာမျက်နှာပေါ်မှ ဇွန် (၆) ရက် အလုပ်သမားအရေးတော်ပုံကြီးသည် မြန်မာနိုင်ငံ အလုပ်သမား လှုပ်ရှားမှု သမိုင်းမှာသာမက မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု သမိုင်းတွင်လည်း ထာဝရ မော်ကွန်းတင် ထားရမည်ဖြစ်သည်။
ဆိုရှယ်လစ်အတုအယောင်သာဖြစ်ကြောင်း မြန်မာပြည် တနံတလျားရှိ စက်ရုံ၊ အလုပ်ရုံ၊ ဝန်ဆောင်မှုလုပ်ငန်း စုစုပေါင်း ၁၂၈နေရာမှ အလုပ်သမား လေးသောင်းကျော်က သပိတ်တိုက်ပွဲ တစ်ခု ဆင်နွဲကာ ဖော်ထုတ်ဖွင့်ချခဲ့သည်။
အစောဆုံး ပေါ်ထွက်လာသည့် အလုပ်သမားထု ဆန္ဒပြပွဲမှာ ၁၉၇၄ ခုနှစ် မတ်လ ပလိပ် ချည်မျှင် နှင့် အထည် စက်ရုံ၊ ဧပြီလတွင် မန္တလေးမြို့ရှိ အစိုးရပိုင် သစ်စက်များတွင်ဖြစ်ပြီး မေလ ၁၃ ရက်နေ့ မြစ်ငယ် မီးရထား တွဲပြင်စက်ရုံ နှင့် ရွာသစ်ကြီး ချည်မျှင်အထည်စက်ရုံ၊ မေလ ၁၇ ရက် မိတ္ထီလာ ဆည်မြောင်း ဦးစီးဌာန စက်မှုလုပ်ငန်း၊ မေလ ၁၈ ရက် မန္တလေး ကုန်းလမ်း ပို့ဆောင်ရေး ကုန်စည်ဌာနခွဲတို့မှ အဆိုပါ နေရာ အသီးသီးတွင် အလုပ်သမား သပိတ်များဆက်တိုက် ပေါ်ထွက်လာခဲ့သည်။
၁၉၇၄ ခုနှစ် ဇွန်လထဲတွင် မြစ်ငယ် မီးရထား စက်ခေါင်းရုံမှ စတင်လိုက်သည့် အလုပ်သမား သပိတ်သည် တစ်နိုင်ငံလုံးကို ပျံ့နှံ့ ကူးစက်သွားပြီး နိုင်ငံလုံးဆိုင်ရာ အထွေထွေ အလုပ်သမားသပိတ်ကြီး အဖြစ် ရောက်ရှိသွားသည်။
အင်းစိန် မီးရထားစက်ခေါင်းရုံ၊ သမိုင်းချည်မျှင်နှင့် အထည်စက်၊ အုတ်ကျင်း ဂုံနီစက်ရုံ၊ ဆင်မလိုက်သင်္ဘောကျင်းတို့မှ ရန်ကုန်မြို့၏ စက်ရုံအလုပ်ရုံများ ထူထပ်ရာ အင်းစိန်လမ်းမကြီးတစ်လျှောက် အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်မြို့နယ်တစ်လျောက်ရှိ စက်ရုံအလုပ်ရုံများတွင်လည်း သပိတ်ကြီးများ ပေါ်ပေါက်လာခဲ့သည်။
အလုပ်သမားများသည် “ ကုန်စျေးနှူန်းကျဆင်းရေး ၊ လုပ်ခလစာတိုးမြှင့်ရရှိရေး ၊ ဆန်လုံလောက်စွာရရှိရေး ၊ နေအိမ်လိုင်းခန်းရရှိရေး” ဆိုသည် အလုပ်သမားအခွင့်အရေးများကို တောင်းဆိုခဲ့ကြရာ ကျောင်းသားနှင့် ပြည်သူလူထုကလည်း အလုပ်သမားသပိတ်ကြီးကို တခဲနက်အားပေးထောက်ခံ ဝန်းရံကြသည်။
မဆလ စစ်အစိုးရက အလုပ်သမားသပိတ်ကို ဖြိုခွဲရန် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်လိုက်ကာ အလုပ်သမားအ ရေးခင်းများကို အကြမ်းဖက်ဖြိုခွင်းခဲ့သည်။
“ကုန်စျေးနှုန်းကျဆင်းရေး ၊ လုပ်ခလစာတိုးမြှင့်ရရှိရေး ၊ ဆန်လုံလောက်စွာရရှိရေး ၊နေအိမ်လိုင်းခန်းရရှိရေး” ဆိုသည် အလုပ်သမားအခွင့်အရေးများကို တောင်းဆိုခဲ့ကြသည့် အလုပ်သမားများကို “ ဆန်တော့မရဘူး ၊ ကျည်ဆန်ပဲရမယ်” ဆိုပြီး ဆန္ဒပြအလုပ်သမားများကို လျှံစွပ်(ဘက်နက်)ဖြင့်တက်ထိုး၊ သေနတ်နှင့်ပစ်သတ်ခဲ့သဖြင့် ဆင်မလိုက်သင်္ဘောကျင်းအလုပ်သမား ၊ သမိုင်းချည်မျှင်နှင့်အထည်စက်ရုံအလုပ်သမားများစွာ ကျဆုံးခဲ့ရသည်။
မှတ်တမ်းများအရ အလုပ်သမားခေါင်းဆောင် ၁၄၇ ဦး ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်ခံခဲ့ရကာ၊ အလုပ်သမား တော်တော်များများလည်း အလုပ်ဖြုတ်ခံခဲ့ရသည်။ မဆလ အစိုးရဟာ အလုပ်သမား သပိတ်ကို ကွန်မန်ဒိုတပ်အသုံးပြုကာ အကြမ်းဖက်ဖြိုခွင်းခဲ့သည်။
ယင်း ဇွန် ၆ ရက်နေ့ အလုပ်သမားတိုက်ပွဲကို ပစ်ခတ်သတ်ဖြတ်နှိမ်နင်းခဲ့သည့် စစ်တပ်၏ ကာကွယ် ရေးဦးစီးချုပ်မှာ သူရတင်ဦး ပင်ဖြစ်သည်။ သူရဦးတင်ဦးတာဝန်ယူခဲ့ရသည့် ကာလတွင် ဖြစ်ပျက်ခဲ့သည့် သပိတ်ဖြိုခွင်းမှုများနှင့်ပတ်သက်ပြီး နိုင်ငံရေး ဆောင်းပါးရှင်တစ်ဦးဖြစ်သည့် ဦးမောင်မာင်စိုးက ယခုလိုမှတ်ချက်ပြုရေးသားထားသည်။
“နှစ်ငါးဆယ်ဆိုတာ ဘာမှ မကြာလိုက်သလိုဘဲ၊ ဒီနေ့ မိတ်ဆွေတစ်ယောက်ကမေးတယ်၊ ဒီအရေးအခင်းတွေ၊ သပိတ်တွေ နှိမ်နင်းခဲ့တာနဲ့ပတ်သက်ပြီး ဦးတင်ဦးတောင်းပန်ဘူးလားတဲ့၊ ကျတော်တော့ မကြားဖူးဘူး။ သူကပဲ ဒီလှိုင်းထဲက ဆောင်းပါးတစ်ပုဒ်ပြပါတယ်။ ၁၉၇၄ / ၇၅ အရေးအခင်းတွေကို အထိခိုက်နည်းအောင်ကိုင်တွယ်ခဲ့လို့ ကျောင်းသားနဲ့ ပြည်သူများက ဦးတင်ဦးကို ကျေးဇူးတင်ကြတယ်လို့ရေးထားပါတယ်။ ၁၉၇၄ ဇွန် နဲ့ ဒီဇင်ဘာ အရေးအခင်းနှစ်ခုလုံးမှာ မျက်ရည်ယိုဗုံးနဲ့ပစ်တယ်။ နံပါတ်တုတ်နဲ့ ရိုက်တယ်။ သေနတ်နဲ့ပစ်တယ်။ ဆန္ဒပြသူတွေ အရိုက်ခံရတယ်။ အဖမ်းခံရတယ်။ သေဆုံးသူတွေရှိတယ်။ ၁၉၇၅ ခုနှစ် ဇွန်သပိတ်ပဲ နောက်ဆုံး ရွှေတိဂုံဘုရားပေါ်မှာရောက်ပြီး လူလည်းနည်းသွားတော့ ပစ်တာခတ်တာ မရှိတာပါ၊ ဒီလှိုင်းထဲမှာရေးသလို ဘယ်သူတွေ ကျေးဇူးတင်ကြသလဲတော့မသိပါဘူး” ဟုရေးသားထားသည်။
ဗိုလ်ချုပ်သူရတင်ဦးသည် ဇွန်လ ၁ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီး ဇွန်လ ၅ ရက်နေ့တွင် ဈာပနကိုကျင်းပခဲ့သည်။
ကိုးကား
၁။ ဝင်းတင့်ထွန်း၊ ၁၉၇၄ ဇွန် (၆) အလုပ်သမားသပိတ်ကြီး၊ အမှောင်ကြားက ဗမာပြည် (စာ ၄၁၆-၄၁၈) မှ
၂။ အောင်ဝေး၊ ဇွန် (၆) အလုပ်သမားအရေးအခင်း၊ (ဆောင်းပါး)
၃။ http://daung-zarni.blogspot.com/2009/10/blog-post_3.html