By MPA / Maung Dagon
“ အဲ့ဒီလောက် ဘဝ အခြေအနေဆိုးတဲ့ ကလေးမျိုးတစ်ခါမှ မတွေ့ဖူးဘူး” ဟု ပန်းကလေး (အမည်လွှဲ) ၏ အကြောင်းကို သိရှိသူများက စုတ် တစ်သပ်သပ်ဖြင့် သုံးသပ်ကြသည်။
ပန်းကလေးက အသက် ဆယ်နှစ် အရွယ်သာ ရှိသေးသည့် မိန်းကလေးငယ်လေး တစ်ယောက် ဖြစ်သည်။
လေးနှစ် အရွယ် မောင်ဖြစ်သူ တစ်ယောက် ရှိသည်။ ယခုကဲ့သို့ မိုးရာသီ၌ လမ်းဘေး အလေ့ကျ ပေါက်သည့် ဟင်းရွက်များ ခူးရောင်းပြီး ဝမ်းရေးကို ပန်းကလေးတို့ မောင်နှမ ဖြေရှင်းရသည်။
“ မိုးတွင်းဆို သူတို့ မောင်နှမ နှစ်ယောက် လမ်းဘေးက အရွက်တွေ ခူးရောင်းပြီး ရတာနဲ့ ဝယ်စားကြတာပေါ့” ဟု ပန်းကလေး၏ မိသားစုနှင့် သိရှိသူတစ်ဦးက ပြောပြသည်။
မိသားစုဆို၍ များများစားစားတော့ မဟုတ်။ ပန်းကလေးတို့ မောင်နှမက လှိုင်သာယာရှိ ကျူးကျော် လိုင်းခန်းတစ်ခု၌ အဖွားဖြစ်သူနှင့်အတူ ငှားရမ်း နေထိုင်ကြသည်။
မိဘများက ပန်းကလေးနှင့်အတူ မရှိကြတော့ပေ။ ပန်းကလေးတို့၌ အသက် ၁၇ နှစ်အရွယ် အစ်ကို တစ်ယောက်တော့ ရှိသည်။
သူတို့ မောင်နှမ လမ်းတစ်ကာလှည့် စျေးရောင်းရသလို သူတို့ အစ်ကိုကလည်း ရသမျှ အလုပ်ရှာဖွေလုပ်နေရသည်။
ပန်းကလေးတို့အစ်ကိုက ဝမ်းရေးအတွက် အလုပ်လုပ်နေရခြင်းတော့ မဟုတ်။ သူတို့၏ မိခင်ဖြစ်သူအား သူတို့ အနားပြန်ရောက်နိုင်ရေး ကြိုးစားနေရခြင်း ဖြစ်သည်။
“ သူတို့ အမေက အကြွေးတွေ တင်လို့ ထွက်ပြေးနေရတာ။ အဲ့ဒါနဲ့ သူတို့ အစ်ကိုက အဲ့ဒီ အကြွေးတွေ ဆပ်ဖို့ အလုပ်လုပ်နေရတယ်” ဟု ပန်းကလေးတို့ ရပ်ကွက်၌ နေထိုင်သူ တစ်ဦးက ပြောပြသည်။
ပန်းကလေးသည် ရေလယ်က ဗေဒါကဲ့သို့ ဒိုက်သရိုက်များ ကြားမှာပင် သန့်စင်စွာ မြင်တွေ့ရသူမျိုး ဖြစ်သည်။
ဖိနပ်မပါ အင်္ကျီ ညစ်ညစ်ဖြင့် လမ်းတကာ လှည့်လည်နေရသည်တိုင် ပန်းကလေးက ရုပ်ရည်သန့်ပြန့်သည့် ကလေးငယ်တစ်ဦးအဖြစ် အများက မှတ်ချက် ပြုရသည်။
သို့သော် ပန်းကလေးနေထိုင်ရာ ပတ်ဝန်းကျင်က စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ လက်ကိုင်တုတ် ပျူစောထီးများ ကျင်လည်ရာ နေရာဖြစ်သည်။
ဒုစရိုက်မှုများ မှိုလိုပွနေသည့် နေရာ၊ အာဏာရူး လက်ဝေခံများ မတရားမှု ပေါင်းစုံ ကျူးလွန်တတ်ရာ နေရာ ဖြစ်သည်။
သားရဲတိရစ္ဆာန်တို့ ကြီးစိုးရာ တောနက်တစ်ခု အလယ်မှာကဲ့သို့ပင် ကြီးနိုင်ငယ်ညှင်း နိုင်ရာစား ဥပဒေ ထွန်းကားရာ နေရာတစ်ခုဟုလည်း ဆိုနိုင်သည်။
တောနက် အလယ်၌ သမင်ငယ်လေးသည် မွေးကင်းစပင် ဖြစ်ပါစေ အလွတ်ပေးမည်မဟုတ်။ သားရဲများအတွက် အစာပင် ဖြစ်ပေလိမ့်မည်။
ပန်းကလေးသည်လည်း လူ့ တိရစ္ဆာန်များ ကြီးစိုးရာ နေရာမှ လူသားကလေးငယ်လေး ဖြစ်နေခဲ့ရခြင်းပင်။
၂၀၂၃ ခုနှစ် အောက်တိုဘာလခန့်က လူ့ တိရစ္ဆာန် တစ်ဦးက လူသားမျိုးနွယ်တစ်ခုလုံး ရွံရှာသည့် ပြစ်မှု တစ်ခုကို ပန်းကလေးအပေါ် ကျူးလွန်ခဲ့သည်။
ပန်းကလေး ပတ်ဝန်းကျင်ရှိ လူ့တိရစ္ဆာန်များ အကြားမှ အနည်းငယ်သော လူ့အချို့က ရိပ်စားမိခဲ့၍သာ ပန်းကလေး၏ အဖြစ်ဆိုးက ပေါ်လာခဲ့ခြင်း ဖြစ်သည်။
“ ဖြစ်ခဲ့တာ ခုနှစ်လ လောက်ရှိပြီ” ဟု ပန်းကလေးနေထိုင်ရာ ရပ်ကွက်မှ လူတစ်ဦးက ပြောသည်။
ခိုင်မာသည့် အစိုးရတစ်ရပ် ရှိခဲ့သည့် ကာလ၌ပင် စစ်တပ် လက်ဝေခံများနှင့် ပတ်သက်ပါက ဗစ်တိုးရီးယား လေးကဲ့သို့ သက်သေအတိအကျနှင့် သက်ငယ် မုဒိမ်း အမှုပင် တရားမျှတမှု မရခဲ့ပေ။
ဤသည်မှာ မြန်မာနိုင်ငံ၏ အလေ့အထကဲ့သို့ပင် ဖြစ်နေခဲ့သည်။ ၂၀၁၉ ခုနှစ်၌ သမ္မတ ဦးဝင်းမြင့်က သက်ငယ်မုဒိမ်း ကျူးလွန်သူကို အနိမ့်ဆုံး ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ပေးရမည့် ဥပဒေပြင်ဆင်ချက်ကို လက်မှတ်ရေးထိုးပေးခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီသည် အဆိုပါ ပြင်ဆင်ချက် ဥပဒေအား မဖျက်သိမ်းထားခဲ့ပေ။ သို့သော် ပန်းကလေးအတွက် မည်သည့် ဥပဒေ၏ ကာကွယ်ခြင်းကိုမျှ မရခဲ့ရှာပေ။
ဟင်းရွက်ခူးရောင်းနေသည့် ကလေးငယ်အား မည်သူက အဓမ္မပြုကျင့်ခဲ့ပါသနည်း။ အဖြေက ပေါ်ထွက်ခဲ့ပါသည်။ သို့သော် ထိုက်တန်သည့် ပြစ်ဒဏ်ဖြင့် အရေးယူခံရခြင်းတော့ မရှိခဲ့ပေ။
“ ကျတော် သိရသလောက်တော့ ပြုကျင့်သူက လျော်ကြေးပေးတယ် ပြောပါတယ်။ အဲ့ဒီလျော်ကြေးကို အမေဖြစ်သူက ယူပြီး ထွက်ပြေးသွားတယ်။ အဲ့ဒီ ကိစ္စကြောင့်နဲ့ လူကြီးတွေက တာဝန်ရှိသူတွေနဲ့က သူတို့ မိသားစုကိုပါ မကျေမနပ် ဖြစ်နေပုံရတယ်။ ဒါပေမဲ့ ကလေးနဲ့တော့ ဘာမှ မဆိုင်ဘူးပေါ့” ဟု ပန်းကလေး အဓမ္မပြုကျင့်ခံရမှု ဖြစ်စဥ်အား မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။
ကမ္ဘာမီးလောင်ချိန် သားကောင်ချနင်းတတ်သည့် မိခင်မျိုးအား ပန်းကလေး ပိုင်ဆိုင်ထားရသည်။ မိခင်နို့နံ့ မစင်သေးသည့်အရွယ် ပန်းကလေးခမျာ အကာအကွယ်ပေးမည့်သူဟူ၍ မရှိနိုင်တော့ပေ။
သို့ဖြင့် ရဲအရေးပိုင်သော ပိတ်၍ မရသည့် အမှုက ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက ၀င်ရှင်းပေးသည်ဟူသည့် သတင်းဖြင့်သာ ပန်းကလေး၏ ပတ်၀န်းကျင်၌ ကျန်ရစ်ခဲ့သည်။
“ ရပ်ကွက် အုပ်ချုပ်ရေးပိုင်းက ဝင်ရှင်းပေးလိုက်တယ်” ဟု ပန်းကလေးအား အကူအညီပေးနေသူ တစ်ဦးက ပြောပြသည်။
ဆိုးရွားသည့် အဖြစ်ဆိုးကို ကြုံခဲ့ရပေမယ့် ပန်းကလေးက သူ၏ မောင်လေးအတွက် ဟင်းရွက် ခူးရောင်းပေးနေဆဲ၊ ရသမျှအား မိသားစုကို ထောက်ပံ့နေရဆဲပင်။
အရွယ်မရောက်သေးသည့် ကလေးငယ်ဖြစ်၍ စိတ်ဒဏ်ရာအားလည်း အဓိပ္ပါယ် မဖွင့်တတ်သေးပေ။
ပန်ကလေး၏ မိသားစုနှင့် ခင်မင်သူ တစ်ဦးက
“ ကလေးက အခု ဆယ်နှစ်ဆိုပေမယ့် ကလေးမှာလည်း သူကြုံတွေ့ရတာတွေအပေါ် ကလေး အသိစိတ်နဲ့ သိနေတာမျိုး ရှိပါတယ်။ ကျတော်တို့တော့ မမြင်နိုင်ဘူးပေါ့” ဟု ပန်းကလေး၏ စိတ်ခံစားချက် အပေါ် သုံးသပ် တွေးဆပြသည်။
အပြစ် မသိသေးသည့် ကလေးငယ်လေး ပန်းကလေးက သူ့ ပတ်၀န်းကျင်၌ နေမြဲအတိုင်း လှုပ်ရှားသွားလာနေဆဲပင်။
ကလေးသဘာ၀ လွတ်လပ်စွာ နေထိုင်နေခြင်းက ကြုံခဲ့ရသည့် အန္တရာယ်မျိုးကို ထပ်မံ လက်ကမ်းခေါ်နေသကဲ့သို့ ဖြစ်နေသည်ဟု ပတ်၀န်းကျင်မှ လူအချို့က စိုးရိမ်ကြသည်။
ပန်းကလေးက တောနက်ထဲမှ သမင်ငယ်လေးပမာဖြစ်နေခဲ့၍ ထိုသို့ စိုးရိမ်နေကြခြင်းပင်။
“ ကလေးက ပုံမှန်အတိုင်း သွားလာနေတယ်။ ဒါပေမဲ့ သူက လမ်းပေါ်မှာပဲ သွားလာနေတာကြောင့် ပြီးတော့ ကလေးက ကားဂိတ်မှာ ရှူးပေါက်တာမျိုး ကလေးတွေလိုပေါ့ လုပ်တာတွေကြောင့် ပိုပြီး အန္တရာယ် ရှိတယ်” ဟု ပန်းကလေး၏ အနီးပတ်၀န်းကျင်၌ နေထိုင်သူ တစ်ဦးက ပြောသည်။
အရွယ်နှင့်မမျှသည့် လောကဓံကို ထမ်းပိုးထားရသော်လည်း ပန်းကလေးက သူ့ ဘ၀အတွက် လက်မလျှော့တတ်သူ ဖြစ်သည်။
ပညာရေးအတွက် ပရဟိတ စာသင်၀ိုင်းများထံ မောင်လေးအား လက်ဆွဲခေါ်ကာ နေ့စဥ် သွားရောက်သင်ကြားလေ့ ရှိသည်။
ယခု ကျောင်းဖွင့် ရာသီဖြစ်၍ အများနည်းတူ ပန်းကလေးလည်း ကျောင်းတက်လိုသည်။ ပန်းကလေး၏ ပညာရေးအတွက်လည်း ထောက်ပံ့ပေးမည့်သူများက အဆင်သင့် ရှိနေသည်။
သို့သော် ပန်းကလေး တက်ခဲ့ရာ အစိုးရကျောင်းကတော့ ပန်းကလေးအား ကျောင်းအပ်လက်မခံတော့ပေ။
အကြောင်းပြချက်က ပန်းကလေးသည် အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်တစ်ဦး၊ သို့မဟုတ် သက်ငယ်မုဒိမ်း အကျင့်ခံရသူ တစ်ဦးဖြစ်နေ၍ ဟုပင်။
” ကျောင်းက အဲ့ဒီကိစ္စကြောင့် လက်မခံတာ ဖြစ်ပါတယ်။ အဖွားဖြစ်သူက ပြောပြပါတယ်” ဟု ပန်းကလေး၏ မိသားစုနှင့် နီးစပ်သူက ပြောပြသည်။
ဆယ်နှစ်အရွယ် ကလေးငယ်လေးမှာ အဓမ္မပြုကျင့် ခံရမှုအတွက် မည်သည့် အပြစ်ရှိပါသနည်း။ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ အဖြစ်ဆိုးများကို ကြုံနေရပါသနည်း။
ဗုဒ္ဓဘာသာ အလိုအရ ဝဋ်ကြွေးကြောင့်လော
ဒါမှမဟုတ် ဘုရားသခင် အလိုကြောင့်လော
အာဏာသိမ်း စစ်တပ်ကြောင့်လော
လူမဆန်သော လူ့တိရစ္ဆာန်များကြောင့်လော
သို့တည်းမဟုတ် တရားမျှတမှုကို မေ့လျော့နေသူများကြောင့်လော။
မည်သူ့ကြောင့်ပင် ဖြစ်ပါစေ ပန်းကလေးအတွက် တရားမျှတမှုနှင့် နွေးထွေးသည့် စောင့်ရှောက်မှုများ အရေးတကြီး လိုအပ်နေသည်က အမှန်ပင် ဖြစ်ပေတော့မည်။
အဆိုပါ ဖြစ်စဥ်အား MPA က ကလေးငယ်အား စောင့်ရှောက်ပေးနေသူများနှင့် မေးမြန်းခွင့် ရခဲ့ပြီးနောက် ပြန်လည် ပုံဖော်တင်ပြခြင်း ဖြစ်သည်။
ကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သူမှာ လွတ်မြောက်နေဆဲ ဖြစ်ပြီး ကလေးငယ်၏ လုံခြုံရေး အပါအဝင် ကူညီပေးနေသူများ၏ လုံခြုံရေး အခြေအနေများကြောင့် ဖြစ်စဥ် ဖြစ်ရာ နေရာအား သိရှိသော်လည်း ဖော်ပြပေးနိုင်ခြင်း မရှိသည်ကို စာဖတ်သူပြည်သူများထံ လေးစားစွာဖြင့် အသိပေးပါသည်။
ကလေးငယ်နှင့် ပတ်သတ်၍ လက်ရှိတွင် ရေချမ်းစင် Facebook Page က အကူအညီပေးလျက်ရှိပြီး အကူများလည်း တောင်းခံနေကြောင်း သိရသည်။