အညာဒေသတစ်နေရာတွင် ရဲဘော်တစ်ဦး အပြင်းဖျား ဖျားနေသည်။ အဖျားကြောင့် အိပ်မက်ဆိုးများ မက်ကာ ကယောင်ကတန်း ဖြစ်နေသည်။
အနီးနားရှိ ပြုစုသူများက ဝိုင်းချုပ်ကာ အဖျားကျစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ကုသနေကြသည်။
“ နေမကောင်းဖြစ်တဲ့ အချိန်တွေဆို ပိုဆိုးတယ်။ အရင်က အဖြစ်အပျက်တွေက ခေါင်းထဲပေါ်လာတယ်။ ပြန်မြင်ယောင်လာတယ်။ အဲ့ဒီအချိန်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ပေါက်တယ်”
ယခုကဲ့သို့ ပြောနေသူမှာ အညာဒေသအခြေစိုက် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) ၏ တာဝန်ခံ အသက် ၂၅ နှစ်အရွယ် ကိုလင်းနွေဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးဖြင့် စစ်ကောင်စီကို တိုက်ခိုက်ရန် တောခိုကြသည့် လူငယ်များထဲတွင် ကိုလင်းနွေလည်း ပါဝင်ခဲ့သည်။
KNU နယ်မြေတွင် စစ်ပညာသင်ကြားပြီးနောက် အညာဒေသသို့ ရောက်ရှိလာကာ လက်နက်ကိုင်တော်လှန်ရေး စတင်တော့သည်။
ထိုအချိန်တွင် ကိုလင်းနွေ၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဖြစ်သူ ကိုနှင်းအောင် (ခေါ်) ရဲဘော် အောင်ဘညိုကို ပျူစောထီးများက ၂၀၂၁ ဒီဇင်ဘာ ၃ ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
သူငယ်ချင်းဖြစ်သူ ဆုံးပါးသွားသည့် စိတ်ဒဏ်ရာကြောင့်ပင် ကိုလင်းနွေတစ်ယောက် အိပ်မက်ဆိုးများ စတင်လာတော့မည်ကို မသိခဲ့ပေ။
“ ဘဝမှာ ဘယ်တော့မှ မေ့လို့မရတော့မယ့် အရာတစ်ခု အမြဲခြောက်လှန့်နေတဲ့ အိပ်မက်ဆိုးတွေထဲက တစ်ခုပေါ့။ ရဲဘော် အောင်ဘညိုကျသွားတော့ သူနဲ့ကျတော်က တော်တော်ရင်းနီးတော့ ထိုင်ငိုမိတယ်။ စိတ်ထဲလည်း တော်တော်သွေးဆူသွားတယ်။ အဲ့ဒါနဲ့ ပျူရိက္ခာလမ်းကြောင်းကို တိုက်ကြတယ်။ ၃ ယောက်လောက်ကို စိတ်တိုတိုနဲ့ စိတ်ကြိုက်လုပ်မိတယ်။ စိတ်က မကျေနပ်သေးတာနဲ့ ညမှာ ပျူသင်တန်းဆင်း တစ်ယောက်အိမ်ကို ဝင်စီးတာ သူ့ကလေး လေးယောက်က ကျတော့်ခြေထောက်ဖတ်ပြီး ငိုကြ တောင်းပန်ကြ ရှိခိုးကြတာ၊ အဲ့ဒါကြီးက အခုထိ ခြောက်လှန့်နေတာ မေ့လို့လည်း မရဘူး။ သူ့မိန်းမ မွေးခါနီး ကိုယ်ဝန်သည်ကလည်း ငိုနေတယ်။ အခုဆို စိတ်ဒဏ်ရာကြီးလိုကိုဖြစ်နေပြီ၊ ပြန်မြင်ယောင်တဲ့ညဆို ထိုင်ငိုမိတယ်” ဟု ကိုလင်းနွေက သူကြုံတွေ့ခဲ့ရသည့် အခြေအနေကို ရှင်းပြသည်။
ထိုအချိန်တွင် ကိုလင်းနွေ အသိစိတ်က ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ယင်းနေရာရှိ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်အောင် ထပ်မလုပ်တော့ဘဲ အဆိုပါနေရာမှ လှည့်ထွက်လာခဲ့သည်။
“ ကျတော် အဲ့ဒီနေရာက ထွက်လာခဲ့တယ်။ ဘယ်သူ့ကိုမှတော့ သေအောင်မလုပ်ခဲ့ဘူး။ ကလေးငယ်တွေ အမျိုးသမီးကိုယ်ဝန်သည်တွေကိုတော့ အစကတည်းက လက်ဖျားနဲ့ မထိခဲ့တာပါ၊ အဲ့ဒီပျူကိုပဲ ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တာ။ ဒါပေမယ့် လက်မလွန်ခဲ့ဘူး” ဟု ၎င်းက ဆိုသည်။
သို့သော် စိတ်ဒဏ်ရာကတော့ သူနှင့်အတူ ကပ်ပါလာခဲ့သည်ကို နောက်မှ သိခဲ့ရသည်။ ကိုလင်းနွေတစ်ယောက် စိတ်ရောဂါကု ဆရာဝန်ဖြင့် counselling လုပ်ကာ အချိန်ယူကုသခဲ့ရသည်။
သို့သော် တွေ့ကြုံခဲ့ရသည့် အဖြစ်ပျက်များသည် အိပ်မက်ဆိုးများသဖွယ် ဖြစ်တည်ပြီးနောက် ကိုလင်းနွေတစ်ယောက် စိတ်ဒဏ်ရာများ ဖြစ်တည်လာခဲ့ရတော့သည်။
ထိုကဲ့သို့ စိတ်ဒဏ်ရာများကြားမှပင် လက်နက်ကိုင်တော်လှန်ရေးကို စိတ်အားတင်းကာ ဆက်လက်လုပ်ကိုင်ခဲ့ပြီး အထက်ပါ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားအောင် စိတ်အားထိန်းချုပ်ထားရလေသည်။
၎င်းကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်နှင့် နှိုင်းယှဉ်ပြီး လက်နက်ကိုင်တော်လှန်နေသည့် လူငယ်များအတွက် ကိုလင်းနွေက “ ကိုယ့်စိတ်ကိုယ် ထိန်းနိုင်ဖို့က အဓိကကျတယ်။ ဘယ်အရာမဆို စိတ်လွတ်သွားလို့မရဘူး။ ကျတော်တို့က လူငယ်တွေ ဖြစ်တဲ့အတွက် ပိုသတိထားရမယ်။ စိတ်လွတ်သွားရင် ထရော်မာတွေအများကြီးနဲ့ ဘဝတစ်ခုလုံး ခြောက်လှန့်ခံနေရတော့မှာပါ” ဟု အကြံပြုထားသည်။
စိတ်ဒဏ်ရာကိုကုသရင်း ၂၀၂၄ မတ် ၂ ရက်နေ့မှ စတင်ကာ ၁၂ ရက်နေ့အထိ ကနီမြို့သိမ်းတိုက်ပွဲ ၁၁ ရက်ကြာ စစ်ဆင်ရေးအတွင်းပါဝင်ခဲ့ပြီး စိတ်ကျရောဂါများ ပြန်လည်စတင်ခဲ့ရသည်။
“ အဲ့ဒီ ၁၁ ရက်တာတိုက်ပွဲမှာ လေယာဥ်သံ၊ လက်နက်ကြီးသံ လူသေအလောင်းတွေ အများကြီးမြင်ခဲ့ရတယ်။ တိုက်ပွဲကနေ ကျတော်တို့ ပြန်ဆုတ်လာချိန်မှာ စစ်တပ်က ရွာတစ်ရွာကို လက်နက်ကြီးနဲ့ပစ်တာ၊ ရွာသား လေးယောက် ကိုယ့်ရှေ့တင်သေသွားတယ်။ ကြောင်တောင်တောင်ကြီး ဖြစ်သွားတယ်။ စိတ်ကမနည်း ထိန်းထားရတယ်။ အဲ့ဒီကအပြန် အပြင်းဖျားဖျားတော့တာပဲ” ဟု ကိုလင်းနွေက ပြောသည်။
ထရော်မာများကို ဖြစ်စေနိုင်သည့် အဖြစ်ဆိုးများနှင့် ကြုံတွေ့ခဲ့ရသူများတွင် စိတ်မလုံခြုံမှုများ၊ အိပ်မပျော်နိုင်တော့ခြင်းများ ဖြစ်တည်လာပြီး အချိန်မီပြင်ဆင်ကုသခြင်းများမပြုလျှင် စိတ်ရောဂါ (PTSD) ဖြစ်သွားနိုင်သည်ဟု CDM ဆရာဝန်တစ်ဦးက ဆိုသည်။
“ ဒီအခြေအနေမျိုးတွေက ထရော်မာတွေ ဖြစ်ဖို့ လွယ်ကူတယ်။ ကြုံတွေ့ရတဲ့ အဖြစ်ဆိုးတွေခြင်း တူချင်မှတူလိမ့်မယ်။ ထရော်မာဖြစ်တိုင်းတော့ PTSD မဖြစ်နိုင်သေးဘူးပေါ့ဗျာ။ ဒါပေမယ့် အချိန်ကာလတစ်ခုထိ စိတ်ဒဏ်ရာတွေ စွဲကပ်နေပြီဆိုရင်တော့ စိတ်ရောဂါဖြစ်ဖို့ များသွားပြီ၊ စိတ်ရောဂါပညာရှင်တွေနဲ့ ကုသဖို့လိုတယ်” ဟု ၎င်းက ပြောသည်။
စစ်ပွဲသည် အနိဋ္ဌာရုံကြီးတစ်ခုဖြစ်သည်။ ကမ္ဘာပေါ်တွင် ခေတ်အဆက်ဆက်ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် လူအများအပြား သေကြေခဲ့ရကာ၊ ဒုက္ခိတများ၊ စိတ်ဒဏ်ရာများ၊ စိတ်ရောဂါများဖြစ်ခဲ့ရသည့် လူများလည်း မရေမတွက်နိုင်အောင် ရှိခဲ့ရသည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေးကြေညာနိုင်ခဲ့သော်လည်း လွတ်လပ်ရေးရပြီး ၂ လအကြာတွင် စတင်ဖြစ်ပွားခဲ့သည့် စစ်မီးသည် ယနေ့အချိန်အထိ အရှိန်အဟုန်ပြင်းထန်လျက်ရှိသည်။
အာဏာရှင်စနစ် အခြေခိုင်နေသည့်အတွက် တန်းတူအခွင့်အရေးရရန် တိုင်းရင်းသားအသီးသီးက လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေခဲ့သည်။
နှစ်ပေါင်း ၇၀ ကျော်အကြာ ပြည်တွင်းစစ်အတွင်း တိုင်းရင်းသားဒေသအသီးသီးတွင် စစ်ပွဲအနိဋ္ဌာရုံများကို အများဆုံးခံစားခဲ့ကြရသည်။ ၂၀၂၁ အာဏာသိမ်းပြီး ချိန်တွင် စစ်မီးသည် မြေပြန့်ဒေသများအထိပါ ကူးစက်လာသည်။
ခေတ်ပညာတတ် လူငယ်လူရွယ်များက အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် လက်နက်ကိုင်လမ်းစဥ်ဖြင့် ကိုယ်ပိုင်ဖန်တီးခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေကြသည်။
“ နောက်ဆုံးလမ်းစဥ်ပေါ့။ တိုက်ကိုတိုက်မှ ရမှာမို့လို့ ရွေးချယ်ခဲ့တယ်။ နောင်တတော့မရဘူး။ ဒါပေမယ့် မိသားစုနဲ့ ဝေးနေရတာတွေ ချစ်ရသူတွေနဲ့ဝေးနေရတာတွေက စိတ်အဆင်မပြေခဲ့ဘူး။ ဒါပေမယ့် အဆုံးထိ တိုက်မယ်” ဟု PDF တပ်သားတစ်ဦးဖြစ်သူ အသက် ၂၁ နှစ်အရွယ် ကိုကျန်ကျောင်းက ဆိုသည်။
စစ်ပွဲအတွင်း လက်နက်ကိုင် တိုက်ပွဲနေသည့် သူများပင် စိတ်ဒဏ်ရာများရနေခြင်းမဟုတ်ဘဲ တိုက်ပွဲများနှင့်ဝေးရာသို့ အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်နေကြရသူများတွင်လည်း စိတ်ရောဂါများ စွဲကပ်နေကြရသည်။ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များလည်း ပါဝင်နေသည်။
စစ်ကောင်စီဘက်က အရပ်သားများအပေါ် လက်နက်ကြီးနှင့် လေယာဥ်အသုံးပြု တိုက်ခိုက်ခဲ့ခြင်းများရှိသည်။ ထိုသို့ တိုက်ခိုက်ခဲ့သည့်အတွက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရမှုဖြစ်စဥ်များလည်း ရှိခဲ့သည်။
အဆိုပါဖြစ်စဥ်များအနက် ၂၀၂၃ ဧပြီလ ၁၁ ရက်တွင် စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာဖြစ်စဥ်နှင့် ၂၀၂၃ အောက်တိုဘာ ၉ ရက်တွင် ကချင်ပြည်နယ် မုန်လိုင်ခတ်စစ်ရှောင်စခန်းဖြစ်စဥ်များကို မြင်တွေ့နိုင်သည်။
“ အဲ့ဒီဖြစ်စဥ်အပြီးမှာ ကလေးတွေ သက်ကြီးရွယ်အိုတွေ မဆိုထားနဲ့ ကျတော်တို့လို လူငယ်တွေပါ စိတ်ခြောက်ခြားကုန်တာ၊ မတော်တဆ ပစ္စည်းပြုတ်ကျတာမျိုးလေးက ထွက်လာတဲ့အသံကိုတောင် လန့်ကုန်တာ၊ တံခါးစောင့်ပိတ်တဲ့ အသံမျိုးတွေကအစ ကြောက်ပြီး ရင်တွေတုန်လာတယ်။ အဲ့ဒါမျိုး စိတ်ရောဂါတွေပေါ့ဗျာ။ အဲ့ဒီကနေ လွတ်မြောက်ခဲ့ပေမယ့် နောက်ထပ်များ ထပ်ဖြစ်လာရင် လွတ်မှလွတ်ပါ့မလားဆိုတာမျိုးတွေ အိပ်မရတာတွေအထိ ဖြစ်လာတယ်” ဟု ကချင်ပြည်နယ် စစ်ရှောင်စခန်းတစ်ခုမှ လူငယ်တစ်ဦးက ပြောသည်။
အလားတူ လွတ်မြောက်နယ်မြေအတွင်း ရောက်ရှိခဲ့ကာ စစ်ပညာသင်ကြားပြီး နိုင်ရာတာဝန်ထမ်းဆောင်နေကြသည့် အမျိုးသမီးများတွင်လည်း စိတ်မလုံခြုံမှုများကို အခြေပြုကာ စိုးရိမ်ထိတ်လန့်နေကြရမှုများလည်း ရှိသည်။
အဆိုပါ အကြောင်းအရာနှင့်ပတ်သက်ပြီး အသက် ၂၄ နှစ်အရွယ် အမျိုးသမီး မအိက ၎င်းကြုံတွေ့ခဲ့ရမှုများကို ယခုကဲ့သို့ဆိုသည်။
“ ကျမတို့လို အမျိုးသမီးတွေက စိတ်မလုံခြုံမှု ပိုရှိတာပေါ့၊ ကျမဆိုရင် ကိုယ့်လူအချင်းချင်းရဲ့ အဓမ္မကြံစည်မှုကိုခံခဲ့ရတာ၊ အခုဆို အဲ့ဒီစိတ်ဒဏ်ရာကြီးက ရှိနေပြီ၊ ဒါပေမယ့် ကျမ အချိန်မီ အဲ့ဒီစိတ်ဒဏ်ရာကို ကုသနိုင်ခဲ့လို့သာ စိတ်ရောဂါ မဖြစ်ခဲ့တာ၊ သို့ပေမယ့်လည်း အခုဆို ဘယ်သူ့ကိုမှ မယုံကြည်တာမျိုးတွေ ရှိလာတယ်။ အဲ့ဒါကြောင့် တစ်ခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေမှုတွေဖြစ်လာရတယ်” ဟု မအိက ပြောသည်။
ယခုအချိန်တွင်မှု မြို့ပြနေထိုင်သူများထံသို့ စိတ်မလုံခြုံမှု၊ စိတ်ခြောက်ခြားမှုများ စတင်လာနေပြီဖြစ်သည်။
အကြောင်းမှာ စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းလိုက်ပြီးနောက် ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကြောင့်ပင်ဖြစ်သည်။
“ ကျတော့်အသက်အရွယ်က စစ်မှုထမ်းရမယ့်အထဲ ပါနေတယ်။ သွားပြီပေါ့၊ သူငယ်ချင်းတွေနဲ့တိုင်ပင်ဖြစ်တော့ မဲပေါက်မှ သွားရမယ်ဆိုတော့ အေးဆေးပေါ့ဗျာ၊ ဒါပေမယ့် အခု ရပ်ကွက်ရုံးက စာပို့ပြီး ခေါ်တယ်။ သွားတော့ စစ်မှုထမ်းရမယ် ဘယ်မှမသွားပါဘူးဆိုတာ ခံဝန်ထိုးခိုင်းတယ်။ ကျတော်ပြေးရင် မိသားစုက အဖမ်းခံရမယ်ဆိုတော့ ညတိုင်း အိပ်မပျော်တော့ဘူး။ ဘာလုပ်ရမှန်းလည်း မသိဘူး။ ထမင်းစားလို့လည်း မဝင်ဘူး။ လူက ကြောင်တောင်တောင်ဖြစ်နေပြီ” ဟု ရန်ကုန်မြို့ ထီးလှိုင်ရှင်အိမ်ရာတွင်နေထိုင်သူ အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။
ဥပဒေပြဋ္ဌာန်းလိုက်ချိန်တွင် အသက်အရွယ်အရ အကျုံးဝင်သူများသာ စိုးရိမ်ပူပန်မှုများရှိခဲ့ပြီး အသက်အရွယ်ကျော်လွန်သူများက လွတ်ကင်းမည်ဟု မှတ်ယူထားကြသည်။ သို့သော် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေသည့်အခြေအနေများမှာ ထင်ထားသလို မဟုတ်တော့ချေ။
စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းဦးရေ ပြည့်မီရေးအတွက် အသက်အရွယ်အရ အကျုံးဝင်ခြင်းမရှိသူများကိုပါ စစ်မှုထမ်းရန် သွတ်သွင်းနေပြီဖြစ်သည်။
“ facebook ပေါ် သတင်းတစ်ခု တက်လာလို့ကြည့်လိုက် ပျော်လိုက်၊ နောက်သတင်းဖတ်လိုက် စိတ်ညစ်လိုက်နဲ့။ စိတ်ရောဂါကိုဖြစ်နေရပြီ” ဟု ပဲခူးမြို့တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုအခြေအနေကြောင့် စစ်ပွဲအတွင်းတွင် သာမက မြို့ပြရှိ လူကြီး လူငယ်လူရွယ်များအားလုံးထံတွင် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုများ မသိမသာစွဲကပ်လာနေကြသည်။
စိတ်ဓာတ် အတက် အကျမြန်သည့် ကာလများပင်ဖြစ်သည်။ ယင်းအခြေအနေများကြောင့် အိပ်ရေးမဝခြင်းများ၊ ထမင်းစားမဝင်ခြင်းများဖြစ်လာကာ စိတ်ကျန်းမာရေးအပြင် ကိုယ်ခန္ဓာကျန်းမာရေးများပါ ထိခိုက်လာနေကြပြီဖြစ်သည်။
ယင်းသို့ လူငယ်လူရွယ်များ စိတ်ရောဂါ စိတ်ဒဏ်ရာ ဖြစ်ပွားနေရသည်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုအပေါင်းအပါများ၏ အာဏာရူးမှုမှ အခြေခံနေသည်မှာ အထူးပင် ဖော်ပြရန် မလိုအပ်တော့ပေ။