“ ဝက်တစ်ကောင်ကို သေသွားရင် report တွေ အများကြီး တင်ရတယ်။ ပြည်သူတစ်ယောက် သေသွားရင်တော့ စာလေးတစ်စောင် ပို့လိုက်ရုံနဲ့ ရတယ်။ ကျတော်တို့ ပြည်သူတွေရဲ့ အသက်တွေက၊ ငါးကျပ်တန် မိတ္တူစာရွက် တစ်ရွက်စာလောက်ပဲ အသက်က တန်ဖိုး ရှိနေပါတယ်” ဆိုသည့် ပြောစကားက လူ့ဖြစ်တည်မှုအတွက် စဉ်းစားစရာပင်။
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ စတင်ကာ တရားဥပဒေသည် အလွန်ဆိုးရွားလျက်ရှိနေပြီး မတရားဖမ်းဆီးခံရမှုများလည်း များပြားလျက်ရှိသည်။ ဖမ်းဆီးခံရပြီး နောက်တွင်လည်း အကျဉ်းထောင်အတွင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ခံစားနေရသည်။
စစ်ကောင်စီတပ်သည် ပြစ်မှုကျူးလွန်ကြောင်း တစ်စုံတစ်ရာ မပြနိုင်ဘဲ လူတန်းစားမရွေးကို ဖမ်းဆီးချုပ်နှောင်ကာ နီးစပ်ရာ ရဲစခန်း၊ အချုပ်ခန်းများထံ ခေါ်ဆောင်သွားခြင်းများကို ပြုလုပ်လျက်ရှိသည်။
ထိုမှတဆင့် ၎င်းတို့၏ ပါးစပ်ဖျားပေါ်တွင်ရှိသည့် ဥပဒေဖြင့် တရားဆွဲခြင်းတို့ကို အကန့်အသတ်မဲ့ ပြုလုပ်ကြသည်။ လက်ရှိတွင်လည်း အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများသည် စစ်ကောင်စီတပ်၏ ဥပဒေမဲ့ သတ်ဖြတ်ခြင်းကို ခံနေကြရသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ ၂၀၂၄ ခုနှစ် မတ်လ ၂၄ ရက်အထိ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသူ (၂၆၂၄၄) ဦးရှိပြီး ၎င်းတို့အနက် အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူများမှာ (၂၀၂၆၃) ဦးအထိ ရှိနေသည်။ ထို့အတူ သေဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားအရေအတွက်မှာလည်း (၁၆၆) ဦးထိရှိနေကြောင်း AAPP ၏ စာရင်းများအရ သိရသည်။
စစ်တပ်အာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်သည့် ထောင်များအနက် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ဒိုက်ဦးအကျဥ်းထောင်က အဆိုးဆုံး ဖြစ်လာနေပြီး ၂၀၂၃ ခုနှစ် မေလမှ ၂၀၂၄ ခုနှစ် မတ်လအထိ တစ်နှစ်နီးပါးအတွင်း ဒိုက်ဦးအကျဉ်းထောင်တွင် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၁၄ ဦးအထိ ရှိသည်။
“ ခေတ်သမိုင်းမှာ သာယာဝတီထောင်က ကျော်ကြားတယ်။ အဲဒီလိုပဲ အင်းစိန်၊ အိုးဘို နောက်ပိုင်း မြင်းခြံတို့ လိုက်လာတယ်ပေါ့နော်။ ဒါပေမဲ့ ၂၃ -၂၄ ခုနှစ် အတွင်းမှာ အဆိုးဆုံးထောင်ကို ညွှန်ပြဆိုရင် နံပါတ်တစ်နေရာကတော့ ဒိုက်ဦးအကျဉ်းထောင်ဖြစ်တယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်တွင် ဒိုက်ဦး အကျဉ်းထောင်မှ အကျဉ်းသား ၃၇ ဦး ခေါ်ထုတ်ခံခဲ့ရပြီးနောက် အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေပြီး ၁၀ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်၏ စာရင်းများအရ သိရသည်။
ထို့အတူ ဒိုက်ဦးအကျဉ်းထောင်အတွင်း လုံလောက်စွာ ဆေးဝါးစောင့်ရှောက်မှု မရရှိသောကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် အောင်စိုးမိုး (ခေါ်) ကိုမဲလုံးနှင့် ဇူလိုင်လ ၁၇ ရက်တွင် ဝေါမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီးတို့ သေဆုံးခဲ့ရသည်။
၂၀၂၄ ခုနှစ် အစပိုင်းဖြစ်သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦး ထပ်မံ သေဆုံးခဲ့ရပြန်သည်။ သေဆုံးခဲ့သည့်သူ နှစ်ဦးအနက် ဇန်နဝါရီလ ၆ ရက်တွင် သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ဦးခင်စိုးသည် စစ်ကောင်စီတပ်မှ သားဖြစ်သူကို ဖမ်းမမိ၍ ဖခင်ဖြစ်သည့် ၎င်းကို ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
“ သားဖြစ်သူကို ဖမ်းမမိလို့ စစ်တပ်က သူ့ကို ဖမ်းဆီးသွားတာပါ။ ထောင်ထဲမှာ ကျန်းမာရေး ဆိုးရွားနေတာကို ကြိုတင် သတင်းသိရပေမယ့် ကူညီခွင့်မရလို့ သေဆုံးသွားတာပေါ့” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အသက် ၆၈ နှစ်အရွယ် ရှိသည့် နိုင်ငံရေး အကျဉ်းသား ဦးအေးဝင်းသည်လည်း ပုဒ်မ ၅၀၅/၁၂၄ တို့ဖြင့် စစ်ကောင်စီတပ်မှ တရားစွဲခြင်းခံရကာ ထောင်ဒဏ် ၈ နှစ်ကျခံနေရပြီး ဒိုက်ဦးအကျဉ်းထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု မရရှိသောကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၉) ရက်တွင် သေဆုံးခဲ့ရသည်။
အကျဉ်းထောင်ထဲတွင် ခေါင်းကိုက်သည်မှစ၍ အရေးပေါ်ကျန်းမာရေး အခြေအနေ မရောက်မချင်း မည်သို့ပင် ဖြစ်စေကာမူ ပါရာစီတမော့ ဆေးတစ်မျိုးသာ ပေးပြီး အကျဉ်းသားတစ်ဦးကို တစ်လလျှင် ဆေးကုသစားရိတ် မြန်မာငွေ ၈၀၀ ကျပ်သာ ရရှိကြောင်း ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောသည်။
မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့က အရေးပေါ်ဆေးကုသခွင့် မရှိခဲ့သောကြောင့် နိုင်ငံရေးအကျဉ်းသား ကိုရာရှင်နှင့် ဇန်နဝါရီ ၁၆ ရက်တွင် အကျဉ်းထောင်ဆေးရုံ ဆရာဝန် ဆေးထိုးမှားမှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုးအောင်တို့ သေဆုံးခဲ့ပြီး တစ်ပတ်အတွင်း နိုင်ငံရေးအကျဉ်းသား ၂ ဦးအထိ သေဆုံးခဲ့ခြင်း ဖြစ်သည်။
ကျိုက်မရောအကျဉ်းထောင်မှ ယင်းနိုင်ငံရေးအကျဉ်းသားနှစ်ဦး သေဆုံးခဲ့ရခြင်းသည် စစ်ကောင်စီ သတ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။
“ နှစ်ယောက်စလုံးမှာ သူတို့ရဲ့ ရောဂါအခံက အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ချက်ချင်း သေစေနိုင်တာမျိုး မဟုတ်ဘူး။ ထောင်က ကျွေးတဲ့ ထမင်းဆိုတာ ခွေးပေးလို့ ဝက်မစားတဲ့ ထမင်းကို ကျွေးနေတာ။ ထောင်ဝင်စာ ပါဆယ်တွေကိုလည်း သူတို့က ဖြတ်စားလုစား လုပ်တယ်။ ပုံမှန်ဆေးသောက်ရမယ့် နိုင်ကျဉ်း လူနာတွေ ရှိတယ်။ အချိန်နဲ့တပြေးညီ ဆေးတွေ မရောက်ဘူး။ စစ်ကောင်စီက နိုင်ကျဉ်းတွေကို စစ်ကြောရေးမှာ မသေလို့ ထောင်ထဲမှာ သတ်နေတာပါ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။
စစ်ကောင်စီသည် အကျဉ်းထောင်လက်စွဲဥပဒေကို ကိုင်စွဲကာ အကျဉ်းသားများ၏ ရပိုင်ခွင့်များကို မျက်ကွယ်ပြု၍ အမိန့်နှင့်ညွှန်ကြားချက်များအတိုင်းသာ ပြုလုပ်နေခြင်းသည် လိုင်စင်ရထားသည့် သားသတ်သမားများနှင့် တူကြောင်း နိုင်/ကျဉ်းဟောင်းများက ဝေဖန်ကြသည်။
ကျိုက်မရော အကျဉ်းထောင်တွင် ရေသန့်သောက်သုံးခွင့် မရှိဘဲ ကြက်နှင့် ဘဲ မွေးမြူရာတွင် အသုံးပြုသည့် ရေများကိုသာ အသုံးပြုနေရမှု၊ နေရာထိုင်ခင်း မသန့်ရှင်းမှု၊ ဆေးဝါးမလုံလောက်မှု အရေးပေါ် ဆေးဝါးကုသခွင့်မရရှိမှု စသည့်အချက်များကြောင့် နိုင်ငံရေးအကျဉ်းသားများ သေဆုံးနေရခြင်းဖြစ်သည်။
“ အခု ကျိုက်မရော ထောင်ထဲမှာ ယားနာရောဂါ၊ ဝေဒနာလည်း ပြင်းပြင်းထန်ထန် ဖြစ်နေကြတယ်” ဟု ထောင်တွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
ထို့အတူ မြင်းခြံ အကျဉ်းထောင်တွင်လည်း သောက်သုံးရေများတွင် ခဲဓာတ် ပါဝင်မှုများခြင်း၊ ချိုးရေ မလုံလောက်ခြင်းများကြောင့် အကျဉ်းသား၊ အကျဉ်းသူအားလုံး ဝမ်းရောဂါနှင့် ပွေး၊ ဝဲ ရောဂါများလည်း ဖြစ်ပွားနေကြသည်။
“ ခဲဓာတ်ပါဝင်မှုနှုန်းက ဘယ်လောက်အထိ များလဲဆိုရင် ကျတော်တို့ မြင်းခြံထောင်မှာ ကျတုန်းက ရေသန့်စက် ကိုယ့်ဘာကိုယ်စုပြီး တပ်ကြတာပေါ့၊ ရေသန့်စက်ထဲက ကျောက်ခဲတွေဆိုရင် ခဲအရောင်ပြောင်းနေတဲ့ အထိကို ဖြစ်နေပါတယ်” ဟု မြင်းခြံ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက ပြောသည်။
သောက်သုံးရေများတွင် ထိုကဲ့သို့ ခဲဓာတ်ပါဝင်မှု ပမာဏများပြားပါက ဦးနှောက်နှင့် ကျောက်ကပ်ပျက်စီးမှုများဖြစ်ကာ အသက်သေဆုံးနိုင်သည်အထိ ဆိုးရွားလာနိုင်ကြောင်း ကျန်းမာရေး ဆရာဝန်များထံမှ သိရသည်။
မြင်းခြံထောင်တွင် ထောင်ဒဏ် ၆ နှစ်ကျခံရခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးသည်လည်း ကျန်းမာရေးကောင်းသဖြင့် မန္တလေးအိုးဘိုအကျဉ်းထောင်သို့ ရွှေ့ပြောင်းပြီးနောက် ကုသမှုများ ပြုလုပ်နေစဉ် ကျောက်ကပ်ပျက်စီးမှုကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် သေဆုံးခဲ့ရသည်။
မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ အကျဉ်းထောင်များ၌ သောက်သုံးရေ အဆင်မပြေမှုများသာမက အကျဉ်းသားများကို ကျွေးသည့် အစားသောက်များသည် တစ်နေ့ထက်တစ်နေ့ ပို၍ပင် ဆိုးရွားလျက်ရှိသည်။
“ တစ်ပတ်ကို ဟင်း လေးတုံးပဲ ပေးတယ်။ လေးတုံးဆိုပေမဲ့ ကြက်သားဆိုရင် လည်ချောင်းရိုးတွေ၊ ခြေထောက်တွေ တောင်ပံတွေပဲ ကျွေးတာ များတယ်။ အဲဒါကလည်း လုံးဝ လောက်ငှမှု မရှိဘူး။ တစ်ခါတစ်ခါကြရင် အညှီနံ့တွေ၊ သိုးနံ့တွေ လည်းပါတယ်။ တချို့တွေ မစားနိုင်ကြဘူး။ အဲဒီတော့ ကြက်သွန်နီကနေ ခရမ်းချဉ်သီးအဆုံး ဝယ်နေရပြီး ကိုယ့်စရိတ်နဲ့ကိုယ် ထောင်ကျနေသလို ဖြစ်နေပါတယ် “ ဟု မြင်းခြံအကျဥ်းထောင်သို့ ထောင်ဝင်စာပေးပို့နေသူတစ်ဦးက ပြောသည်။
ရန်ကုန်အင်းစိန်ထောင်တွင်လည်း ကျွေးသည့် အစားအသောက်များမှာ အရင်ထက် အခြေအနေဆိုးဝါးလာနေပြီး ပုံမှန်ကျွေးသည့် ကန်စွန်းရွက်များထဲတွင် မြက်ပင်များ၊ အမှိုက်များပါ ပါနေသည့် အနေအထားဖြစ်နေကြသည်။ ယခင်က တစ်ရက်လျှင် ကြက်ဥနှစ်လုံးကျ ကျွေးသော်လည်း ယခုအခါ ကြက်ဥတစ်လုံးနှင့် လက်ဆေးရေနီးပါး အရည်ကျဲပဲဟင်းကိုသာ ကျွေးတော့သည်။
စစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်များက ရာဇဝတ်အကျဉ်းသားများကို တန်းစီး၊ စည်းကမ်းထိန်းစာရေး အစရှိသည့် ရာထူးများပေးပြီး နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှုများ ပြုလုပ်စေခိုင်းနေကြသည်။
အင်းစိန်ထောင်နှင့် သာယာဝတီထောင်တွေများတွင် နိုင်ငံရေးအကျဉ်းသားများကို ရာဇ၀တ်ပြစ်မှု အကျဉ်းသားများနှင့်အတူ ထားနေခြင်းများလည်း ရှိသည်။ ထို့အပြင် အလုပ်မလုပ်ရရန်အတွက် ငွေကျပ် တစ်သိန်းခွဲမှ စတင်ကာ ငါးသိန်းကျပ်အထိ အာဏာပိုင်များကို ပေးနေရကြောင်း နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်များထံမှ သိရှိရသည်။
ထို့ကြောင့် အကျဉ်းသားများဆီကို မိသားစုဝင်များက လစဉ် ထောင်ဝင်စာပို့သည့်အခါ ထောင်ဝန်ထမ်းများ အတွက်ပါ ငွေကို အပိုဆောင်းပေးနေရသည့် အခြေအနေများ ကြုံနေကြရသည်။
“ အသက် ၆၀ ကျော်အရွယ် နိုင်ကျဉ်းအမျိုးသမီးတွေကို တောင်ယာလုပ်ခိုင်းတာမျိုးတွေ၊ ချည်ထိုးခိုင်းတာမျိုးတွေ လုပ်ခိုင်းတယ်။ ချည်ထိုးတယ်ဆိုတာကလည်း မျက်လုံးနဲ့ သေချာအားစိုက်ပြီး လုပ်ရတဲ့အတွက် ခက်ခဲနေတယ်။ သူတို့ ခိုင်းတဲ့အတိုင်း တစ်နေကုန် လုပ်ရတယ်။ အမေအရွယ်တွေပါ မချန်ဘဲ လုပ်ခိုင်းနေတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
အကျဉ်းထောင်းအတွင်း ဖြစ်ပွားနေသည့် အခြေအနေများတွင် နိုင်ကျဉ်း အမျိုးသမီးများကို နေရာမပေးခြင်းနှင့် ဖိနှပ်ချင်သည့်အတွက် အခြားသော ရာဇဝတ်သားများကို စည်းကမ်းထိန်းသိမ်းရေးကဲ့သို့ နေရာမျိုးပေး၍ ၎င်းတို့စိတ်ကြိုက် စေခိုင်းနေကြခြင်းများလည်း ပါဝင်နေသည်။
“အကျဉ်းဦးစီးကနေ နိုင်ကျဉ်းတွေကို ဖိနှိပ်ချင်တဲ့အခါ သူတို့ ကိုယ်တိုင် မပြောဘဲ သူတို့ခန့်ထားတဲ့ သူတွေကတစ်ဆင့် လုပ်ခိုင်းတယ်။ အဲဒီမှာ ဆဲဆိုတာတွေ ဖိနှိပ်တာတွေ ဖြစ်နေပါတယ်” ဟု မြင်းခြံအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အကျဉ်းထောင်လက်စွဲ ဥပဒေတွင် အကျဉ်းသားအချင်းချင်း အုပ်ချုပ်သည့် ဥပဒေကို ထည့်သွင်းထားခြင်းသည် နိုင်ငံရေးအကျဉ်းသားများအတွက် ပိုမိုဆိုးရွားစေသည်။
ယခုလက်ရှိ အကျဉ်းထောင်အတွင်းတွင် နိုင်ငံရေး အကျဉ်းသူ အမျိုးသမီးများကို ဖိနှိပ်မှုများအပြင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကိုလည်း ပေါ်ပေါ်တင်တင် ကျူးလွန်လျက်ရှိသည်ဟု ဆိုသည်။
အကျဉ်းထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသူများ ရုံးချိန်းသို့ အသွားနှင့် အပြန်အချိန်များတွင် အဆောင်ရှေ့လူမြင်ကွင်း၌ အင်္ကျီများကို ချွတ်ခိုင်းကာ အဝတ်ဗလာထား၍ ရှာဖွေခြင်း၊ အမျိုးသမီးများ၏ လိင်အင်္ဂါအတွင်းထဲသို့ လက်ဖြင့်နှိုက်၍ ရှာဖွေခြင်း၊ စအိုအတွင်းသို့ လက်နှိက်ခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“ ရုံးချိန်းနေ့တွေ ရောက်တိုင်း အထွက်တစ်ခါ၊ အဝင်တစ်ခါ၊ တစ်နေ့ကို နှစ်ခါလောက် စစ်ဆေးခံရတယ်။ စစ်တဲ့အခါမှာလည်း ဓမ္မတာလာနေတဲ့ ကာလတွေမှာပါ မချန်ဘဲ အတွင်းခံတွေကို ချွတ်ပြီး စစ်ဆေးတာမျိုးတွေ လုပ်တယ်။ တချို့တွေက ဒီလိုမျိုး မစစ်ဆေးဖို့ တင်ပြတဲ့အခါမှာ လက်မခံဘဲ အော်ဟစ်ဆဲဆိုတာတွေရှိတယ်” ဟု မအူပင်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မန္တလေး အိုးဘို အကျဉ်းထောင်တွင်လည်း လုံခြုံရေးအကြောင်းပြကာ အမျိုးသမီး အဆောင်တွေတွင် CCTV များတပ်ထားကာ တချို့ ကင်မရာများသည် အမျိုးသမီးများ ရေချိုးသည့်နေရာများအထိ မြင်နေရပြီးရင်လျားနှင့် သွားလာလှုပ်ရှားမှုတွေကိုပါ မြင်နေရသည်။
ထို့နောက် ထောင်အာဏာပိုင် အမျိုးသားဝန်ထမ်းများက ပြဿနာတစ်စုံတစ်ရာဖြစ်သည်ဟူသော အကြောင်းပြချက်များဖြင့် CCTV Record အား ကြည့်ရှုခြင်း ပြုလုပ်နေကြခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
၂၀၂၃ ခုနှစ်မှ ဇန်နဝါရီလ ၂၇ ရက်အထိ အကျဉ်းထောင်အတွင်း လုံလောက်စွာ ဆေးကုသခွင့် မရရှိသောကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေး အကျဉ်းသား ၂၁ ဦးအထိ ရှိလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ စာရင်းများအရ သိရသည်။
စစ်ကောင်စီတပ်သည် အခြေခံအခွင့်အရေးများကိုပင် မပေးဘဲ နိုင်ငံရေး အကျဉ်းသား အပေါ် ရန်သူသဖွယ် သဘောထား၍ ပေါ်ပေါ်တင်တင်ကျူးလွန်နေမှုများသည် တရားမျှတမှု ဖော်ဆောင်နိုင်သည့်အချိန်တွင် မလွှဲမသွေ အရေးယူအပြစ်ပေးမှုများ ခံရမည်ဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုကြသည်။
” ပြည်သူတွေကို ပုဒ်မ အမျိုးမျိုးတပ်ပြီး ဖမ်းတယ်။ ပြီးတော့ ထောင်တွေထဲကို ပို့တယ်။ ထောင်ထဲမှာ အစားအသောက်တွေက ဆိုးဆိုးရွားရွားနဲ့၊ ဆေးဝါးစောင့်ရှောက်မှုလည်း မရနဲ့၊ ဒါတွေက သူတို့ တာဝန်ယူပြီး ခေါ်လာခဲ့တာ၊ အခုက လက်ခုပ်ထဲကရေဆိုပြီး လုပ်ချင်သလို လုပ်နေကြတယ်။ တစ်ချိန် အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှုကို ဖော်ဆောင်တဲ့အခါ ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူမှုတွေကိုတော့ မလွှဲမသွေ ရင်ဆိုင်ရပါလိမ့်မယ်” ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံက အကျဥ်းထောင်များအတွင်းသို့ ဝင်ရောက်စစ်ဆေးခွင့်ရရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ တာဝန်ရှိသူများသည် စစ်ကောင်စီထံ နှစ်ကြိမ်ထက်မနည်း တွေ့ဆုံကာ တောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ အကျဉ်းထောင်များ အတွင်းသို့ ဝင်ရောက်ခွင့် မရခဲ့ပေ။ ထို့ကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့် အကျဉ်းသားများ အတွက်လည်း ထူးခြားမှုတစ်စုံတစ်ရာ မရှိခဲ့ပေ။
ICRC သည် အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပက်သတ်ပြီး ယခင်စစ်အစိုးရလက်ထက်ကတည်းက ဝေဖန်ပြောဆိုမှုများ ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ အကျဉ်းထောင်များအတွင်းသို့ ဝင်ခွင့်မရတော့သည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်သည် အာဏာမသိမ်းခင် အချိန်အခါလများအထိ ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး တိုးတက်မှုရှိအောင် ဆောင်ရွက်မှု ရှိခဲ့သော်လည်း လက်ရှိတွင် ၎င်းတို့အပါအဝင် ICRC အဖွဲ့များက အသံတိတ်နေရသည့် သဘောမျိုး ဖြစ်နေရသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် အကျဉ်းထောင်နှင့် တရားရုံးများကို သွားရောက်ကာ စစ်အုပ်စုကို ဖိအားပေး အကြံပြုတိုက်တွန်းမှုများ ပြုလုပ်ရမည့်အစား နိုင်ငံတကာ ပလက်ဖောင်းများအပေါ်တွင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဒိုင်းသဖွယ် ကာပြောလျက် ရှိသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လက သာယာဝတီထောင်ရှိ အမျိုးသမီးဆောင်တွင် နိုင်ငံရေးအကျဉ်းသူတစ်ယောက်ကို ထောင်ဝန်ထမ်း အမျိုးသားများက ကာအိန္ဒြေပျက်အောင် ရိုက်နှက်သည့်အဖြစ်အပျက် ဖြစ်ခဲ့သည်။ ယင်းကို သတင်းဌာနများက ဖော်ပြခဲ့သောကြောင့် လူ့အခွင့်အရေးအဖွဲ့များ သွားရောက်စစ်ဆေးခဲ့သည်။
သို့သော် စစ်ဆေးရာတွင် အကျဉ်းသားများကို အိမ်သာတက်ခွင့်၊ အပေါ့သွားခွင့် ပိတ်ပင်ထားမှုများ ရှိသလား ဆိုသည့် မေးခွန်းကိုသာ အကျဉ်းသားများကို မေးပြီး ပြန်သွားခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
“ ကျတော်တို့ အကျဉ်းသားတွေဘက်က ပြောစရာရှိတာက လူ့အခွင့်အရေးဆိုတာ ချီးမပါရဘူး၊ ချီးပါ သေးပေါက်ခွင့်ရတာကိုကပဲ လူ့အခွင့်အရေးလား၊ ကျန်တာ လူ့အခွင့်အရေး မဟုတ်ဘူးလား” ဟု သာယာဝတီအကျဉ်းထောင်မှ ပြန်လွတ်လာသည့် နိုင်ကျဉ်းတစ်ဦးက ပြောလိုက်သည်။