“ ပူလိုက်တာဟယ်” ဟု ညည်းတွားသံ သဲ့သဲ့က ငြိမ်သက်နေသည့် လူတစ်စုအား နှိုးထနိုင်စွမ်းမရှိ။ “ တခေါခေါ” ဟောက်သံများနှင့်အတူ ပူအိုက်မှုတို့က သီရိအတွက် ဒုက္ခအတိ။ အချိန်ကား ညပိုင်းမဟုတ်၊ နေ့ခင်းကြောင်တောင်ဖြစ်ရုံမက ကြဲကြဲတောက်တောက် ပူနေသည့် နေအရှိန်နှင့် လေပူများက ရိုက်ခတ်နေသေးသည်။
သီရိတစ်ယောက် သက်သာလိုသက်သာငြား ကားထိုင်ခုံပေါ် ကျောမှီကာ မျက်လုံးများ မှိတ်လိုက်သည်။ အိပ်၍ကမပျော်၊ အတွေးစများက လွင့်စင်လျက် ခေါင်းတစ်ခုလုံး ပေါက်ထွက်အောင် ကြံခဲ့သော်လည်း မရတော့သည့်အဆုံး သီရိတစ်ယောက် ဒီလမ်းကို ရွေးချယ်မိတော့သည်။ ထိုလမ်းကား “ ငရဲခန်း” မှန်း သီရိ မသိခဲ့သည့်တိုင်အောင် ရွေးချယ်စရာ မရှိသည့်အဆုံး မဖြစ်မနေ လျှောက်ရမည့် ခရီးကြမ်းဖြစ်လာတော့သည်။
သီရိသည် လူမှန်းသိစအရွယ်ကတည်းက အဖေဆိုသည်မှာ မည်သူမှန်းမသိ၊ ငယ်ငယ်က အမေ့ကို မေးဖူးခဲ့သော်လည်း လူမှန်းသိစရောက်တော့ ထွေထွေထူးထူး မမေးဖြစ်ခဲ့။ ဆယ်တန်းအောင်ပြီးသည့်နောက် သီရိအတွက် အရာရာသည် အဆင်ပြေပြီဟု ယုံကြည်ထားသည့် အမေ့ ယုံကြည်ချက်ကို ရိုက်ချိုးခဲ့သည်က တစ်နိုင်ငံလုံး ရွံမုန်းရသည့် မင်းအောင်လှိုင်ဆိုသူပင်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကြောင့် မစုံလင်တော့သည့် မိသားစု ထမင်းဝိုင်းတွေ၊ ပြန်စရာမရှိတော့သည့် အခြေအနေများနှင့် ကြုံတွေ့နေရသည်များ၊ မိသားစု ဓာတ်ပုံလေးသာ ငေးကြည့်နေရသူများထက်စာလျှင် အခြေအနေမဆိုးသေးသော်လည်း သီရိအနေဖြင့် ကိုယ့်အပူ ကိုယ်သာအသိဆုံးဖြစ်ရသည်။
သီရိ၏ အတန်းပညာသည် ဆယ်တန်းအောင်မျှသာရှိသည့်အတွက် ရန်ကုန်တွင် လစာတပဲခြောက်ပြားရသည့် အလုပ်များနှင့်သာ ကြုံရသည်။ အမေသည် အတန်းပညာမတတ်သော်လည်း သီရိ ဘဝတစ်လျှောက် လိုအပ်သည်များကို ဖန်တီးပေးခဲ့သည်။ ထို့ကြောင့် သူ့အလှည့်တွင် ပြန်လည် ပေးဆပ်ချင်လာမိသည်။
အသက် (၁၉) နှစ် အရွယ်နှင့်မလိုက် အခက်အခဲမျိုးစုံ ကြုံတွေ့နေရသည့်အထဲ နီးရာဓါးက ရင်ဝတည့်တည့်သို့ စိုက်ရလေပြန်သည်။
“ ဒုန်း” ခနဲ မြည်သံကြောင့် အတွေးစတို့ ပျောက်ခြင်း မလှပျောက်သွားသည်။ မျက်လုံးအ စုံက တဖြည်းဖြည်းပွင့်လာခဲ့ပြီ။ စစ်ဆေးရေးဂိတ်ပေါင်းများစွာ ဖြတ်လာခဲ့ပြီးသူမို့ အထူးအဆန်းတော့ ဖြစ်မနေတော့။ ကားပေါ်တွင် အိပ်နေသူ ၃ ဦးလည်း နိုးနေပြီ။ မှတ်ပုံတင်ထုတ်ကာ ကားပေါ်ကဆင်းရန် ပြင်စဉ် ကားဆရာက ဘာပြောလိုက်သည်မသိ ကားပေါ်ပြန်တက်ခိုင်းလေသည်။
“ မြဝတီကို ခဏနေ ရောက်ပြီနော်။ ထမင်းစားဖို့ ဆိုင်ရှာပေးမယ်” ဟု ကားဆရာ၏ ပြောဆိုသံအား ကြားလိုက်ရသည်။ မြဝတီမြို့သည် သိပ်စိမ်းသည့် မြို့တော့မဟုတ်၊ နားယဉ်လှသည့် မြို့တစ်ခုဖြစ်သော်လည်း လူကိုယ်တိုင်ရောက်လာခဲ့ပြီမို့ ကြုံတွေ့ရမည်များနှင့် ပတ်သက်ပြီး ဆယ်တန်းအောင်စာရင်း ကြည့်ရသလို သီရိအနေဖြင့် ရင်ခုန်ရသည်။
မြဝတီမြို့သည် ထင်သလောက် လှပနေခြင်း မဟုတ်။ ဒါကလည်း သီရိအတွက် စစချင်းကြောင့်လည်း ဖြစ်နိုင်သည်။ မြို့သည် စည်ပြီး နေ့ခင်းကြောင်တောင်ပင် လက်ဖက်ရည်ဆိုင်တွင် လူများပြည့်နေသည်။
သီရိတို့ ထိုင်ရာ လက်ဖက်ရည်ဆိုင်လေးသည် ထိုင်းနိုင်ငံဘက်ကို သွားသည့် တံတားနှင့် မဝေးတော့ဟု ဆိုသည်။ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လေတော့ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းထက် ဖုန်းအားသွင်းခြင်းကို ပိုပြီးလုပ်ဆောင်နေသည်ကို တွေ့ရသည်။
မြဝတီမြို့တွင် လျှပ်စစ်မီးမရတော့သည်မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့မှစ၍ ယနေ့အထိဖြစ်ကြောင်း သိရသည့်အခါ သီရိအဖို့ စိုးရိမ်မှုရေချိန်က တရိပ်ရိပ် မြင့်တက်လာခဲ့ပြန်သည်။
သီရိအဖို့ မြဝတီမြို့ကို ရောက်လာခြင်းက အခြားမဟုတ်။ နေဖို့ထက်စားဖို့ခက်နေသည့် ကာလတွင် ဖေ့ဘုတ်ပေါ်မှ အသိတစ်ဦး၏ လမ်းညွှန်မှုဖြင့် လစာ ၁၀ သိန်းကျော်လည်းရ၊ သီရိ၏ ပညာအရည်အချင်းနှင့်လည်း ကွက်တိကျသည့် ကျားဖြန်လုပ်ငန်း လုပ်ကိုင်ရန် ရောက်လာခြင်းဖြစ်သည်။ ကျားဖြန်ဆိုသည်မှာလည်း စာစီစာရိုက်လုပ်တတ်ပြီး အင်္ဂလိပ်စာ အသင့်တင့် ရေးတတ်၊ ဖတ်တတ်သည့် သီရိအဖို့ လက်လွှတ်ရန် ခက်သည့်အတွက် အရဲစွန့်ပြီးရောက်လာခြင်းဖြစ်သည်။ မီးပင်အချိန်မှန် မလာသည့်မြို့တွင် လစာ ဆယ်သိန်းကျပ်ကျော် ရမည်ဟု ယုံကြည်ထားသူ သီရိ အဖို့ လမ်းခရီးပင်ပန်းမှုနှင့် စိတ်ပင်ပန်းမှုတို့ကြောင့် လှုပ်တောင်မလှုပ်ချင်တော့ပေ။
သီရိလိုပင် ကျားဖြန်လုပ်ရန် ရောက်လာသည့် ကောင်မလေးသုံးယောက်ကတော့ ဓာတ်ပုံရိုက်မပျက် မြင်တွေ့နေရသည်။ တစ်ယောက်က သူ့အိမ်ကိုဆက်သွယ်ပြီး မြဝတီသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဖုန်းပြောနေသေးသည်။ သီရိကတော့ မဆက်ဖြစ်။ အမေအတန်တန်တားသည့်ကြားက ခိုးထွက်ခဲ့သည်မို့ ဆက်၍လည်း မထူး၊ အဆူခံရမည်သာ အဖတ်တင်လေမည်။
ထိုစဉ် ကားသမားက “ ခဏနေလာခေါ်တော့မယ်။ လိုတာတွေ အမြန်ဝယ်ထားတော့နော် ညီမတို့” ဟု ပြောသည့်အခါ သီရိတစ်ယောက် ဘုရား မတမိသော်လည်း စိတ်ပြေလက်ပျောက် “ အိုခေနားဆား” ဟု သာရွတ်မိသည်။
၁၀ မိနစ်ခန့် ကြာတော့ ပေါင်မုန့်ကား တစ်စီးဖြင့် မျက်မှန်အမည်း တပ်ထားသူ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သီရိတို့ လေးယောက်အဖွဲ့ကို လာရောက်ခေါ်သည်။ ဘယ်နေရာသို့ ခေါ်သွားသည်ကို မသိရသေး။ မြို့ထဲက ၂၀ ဂိတ်ဟုခေါ်သည့် နေရာအရောက်တွင် ကားကို ရပ်တန့်လိုက်သည်။
အချိန်သည် ညနေ ၃ နာရီ ၄၅ မိနစ်၊ အခိုင်အခံ့ဆောက်ထားပြီး ခမ်းနားလှသည့် အဆောက်အအုံကြီး နှစ်ခုကြားရှိ အဖြူရောင်အဆောက်အအုံ ပေါ်မှ ၄ လွှာသို့ သီရိတို့ ရောက်ရှိသွားသည်။
“ ဒီနေ့တော့ ညီမလေးတို့ နားလိုက်တော့နော်။ မနက်မှ အမလုပ်ရမယ့် ဟာတွေပြောပြမယ်။ ရေချိုးချင်လည်းချိုးကြ၊ အခန်းလိုက်ပြမယ်” ဟု သီရိထက် အသက်အနည်းငယ်သာကြီးမည့် အသက် ၂၂ အရွယ် ခပ်ချောချော အမျိုးသမီးတစ်ဦးက ချိုသာစွာပြောသည်။
သီရိအနေဖြင့် ယခုမှပင် စိတ်အေးရတော့သည်။ သီရိ ရောက်ရှိနေသည့် နေရာက မြဝတီမြို့နှင့် ဘာမှမဆိုင်ချေ။ အဆောက်အအုံတစ်ခုလုံး မီးထိန်ထိန်သာနေသည့်အပြင် အဲကွန်း၊ ရေပူရေအေးပင် ရသေးသည်။ သီရိ နေရာချရန် ပြင်ဆင်ပြီးနောက် ဟောတိုက်တစ်ခန်းစာရှိသည့် အခန်းထဲတွင် နှစ်ထပ်ကုတင်နှစ်လုံးနှင့် နှစ်ယောက်အိပ်မွှေ့ယာပါ ခုတင်နှစ်လုံးနှင့် တစ်ယောက်အိပ် မွှေ့ယာခုတင်တစ်လုံးတို့ကို တွေ့သည်။ သီရိကတော့ တစ်ယောက်သာ သီးသန့်နေလိုသဖြင့် နှစ်ထပ်ခုတင်အားရွေးကာ အပေါ်ထပ်တွင် နေလေသည်။ ပင်ပန်းမှုများကြောင့် အိပ်ပျော်သွားသည်။
ည ၈ နာရီခန့်တွင် “ လောပန်း” ဟူသော စကားသံနှင့် စတင်ကြုံတွေ့ရလေပြီ။ ယနေ့ နေ့လယ်က တွေ့ခဲ့သည့် အမျိုးသမီးကပဲ သီရိတို့ရှိရာ အခန်းသို့ လာပြီး “ လောပန်းက ညစာစားဖို့ ခေါ်နေပြီ။ ရေမိုးချိုးပြီး လာခဲ့ကြနော်” ဟု ပြောကာ ပြန်ထွက်သွားလေသည်။
သီရိတစ်ယောက် မိမိအလုပ်ရွေးခဲ့သည်မှာ မမှားဟု တွေးမိကာ ပျော်နေပြီး သီချင်းများညည်းကာ ရေမိုးချိုးအလှပြင်လိုက်တော့သည်။ လူသစ်ကြိုဆိုပွဲကို ရောက်တော့ သီရိနှင့် အသက်မတိမ်းမယိမ်း မိန်းကလေး ၁၅ ယောက်ခန့်ရှိသည်။
အရက်အကောင်းစားများနှင့် ဧည့်ခံသလို အရက်မသောက်လိုသူများအတွက် ဘီယာနှင့် အအေးပါ စီစဉ်ထားပေးသည်။ ဟင်းများကလည်း စုံလှသည်။ ညစာစားပြီးနောက် အလုပ်ကိစ္စ ပြောကြလေသည်။ သီရိအား ထိုင်းဘတ်ငွေ တစ်သောင်းခွဲဖြင့် အလုပ်ခန့်ပြီး သုံးလအကြာတွင် လစာတိုးပေးမည်ဟု လောပန်းက ယနေ့လာခေါ်သည့် အမျိုးသမီးကို တရုတ်လိုပြောပြီး ထိုအမျိုးသမီးက စကားပြန်လုပ်ကာ ပြန်ပြောပြသည်။ အခန်းပြန်ရောက်တော့ ည ၂ နာရီပင် ထိုးချေပြီ။
သီရိတစ်ယောက် ခုတင်ပေါ်တွင် အဲကွန်း အအေးဓာတ်လေးဖြင့် ကွေးနေရင်း အမေ့ကို မှော်ဘီဘက်ရှိ ခြံလေးတစ်ခြံဝယ်ကာ သူချစ်သည့် ခွေးကလေးတွေ မွေးရင်း နေထိုင်သွားရမည့် အနာဂတ်ကို တွေးကာ ပြုံးနေမိတော့သည်။ အပျော်တို့ကား ကြာကြာမခံ၊ တစ်ခါမှ အိမ်နှင့် မခွဲဖူးသဖြင့် အမေ့ထံ စိတ်ရောက်ကာ စိတ်ပူနေရောပေါ့ဟု တွေးမိပြီး ငိုမိလေတော့သည်။
ကျားဖြန် လုပ်ငန်းပိုင်ရှင်အများစုသည် တရုတ်လူမျိုးများ ဖြစ်ကြပြီး မြန်မာစကားနှင့် အင်္ဂလိပ်စကားကို ထမင်းစားရေသောက်လောက်ပင် နားမလည်ကြသည်ကို သီရိအနေဖြင့် ညစာ စားပွဲအတွင်း သတိထားမိခဲ့သည်။ သတိမထားမိခဲ့သည်က တရုတ်သူဌေးများက မည်သည့်ကိစ္စကြောင့် ငိုငို၊ မျက်ရည်ကျပါက လာဘ်တိတ်သည်ဟု ယူဆကာ အလုပ်ပင် နားခိုင်းတတ်ခြင်းပင်။
နောက်နေ့ နံနက် ၈ နာရီခန့်တွင် ထမင်းနှင့် ဟင်းလာရောက် ယူဆောင်ရန် လာပြောလေသည်။ အိပ်ချင်မူးတူးဖြင့် အခန်းဖော်များနှင့်အတူ မြေညီထပ်သို့ ရောက်ခဲ့သည်။ မြေညီထပ်တွင် ဟောခန်းတစ်ခုရှိပြီး ဘောလုံးကွင်းတစ်ကွင်းစာလောက်ပင် ရှိမည်။ ယင်းနေရာတွင် တရုတ်လူမျိုးနှင့် မြန်မာလူမျိုး စုစုပေါင်း ၈၀၀ နီးပါး ထမင်းစားနေသည်ကို တွေ့လိုက်ရ၍ အံ့ဩမိသည်။
ကျားဖြန်လုပ်ငန်းတွင် တစ်နေ့လျှင် ထမင်းလေးနပ်ကျွေးပြီး နံနက်လေးနာရီခန့်တွင် တရုတ်လူမျိုးများအတွက် ပဲနို့ (သို့) နွားနို့နှင့် မန်ထိုပေါက်စီ၊ မြန်မာလူမျိုးများအတွက် အီကြာကွေး၊ စမူဆာ၊ ပလာတာစသည့် သုံးခုထဲက တစ်ခုခုနှင့် လက်ဖက်ရည် (သို့) ကော်ဖီတိုက်သည်။ နံနက် ၈ နာရီတွင် ဟင်းတစ်မျိုး (သို့) နှစ်မျိုးနှင့် အရွက်ကြော်တစ်မျိုး ကျွေးလေသည်။ ရန်ကုန်တွင်ပင် တစ်ခါမှမရဖူးခဲ့သည့် အတွေ့အကြုံမျိုးမို့ သီရိတစ်ယောက် ပျော်စရာအဖြစ် တွေးမိသည်။
နံနက် ၉ နာရီတွင် အလုပ်ခွင်သို့ ဝင်ရသည်။ သီရိ၏ ဖုန်းအား သတ်မှတ်နေရာတွင် ထားရသည်။ သီရိလုပ်ရသည်ကား ကွန်ပျူတာများစွာ ရှိသည့်အနက် ၁၂ ယောက်တန်းစီ ထိုင်ရသည့် ခုံတန်း နံပါတ် ၈၊ လေးခုံမြောက်တွင် ထိုင်ရခြင်းဖြစ်သည်။ အခန်းထဲတွင်ရှိသည့် လူများသည် စက်ရုပ်သဖွယ်ပင် ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ကိုယ့်အလုပ်ကိုယ်သာ လုပ်နေကြသည်။ အလုပ်လုပ်ရင်း တစ်ပတ်ကြာပြီးနောက် သီရိအနေဖြင့် ငရဲခန်းသို့ ချဉ်းနင်းဝင်ရောက်နေပြီဖြစ်နေမှန်း သိရှိလာတော့သည်။
မြဝတီမြို့ရှိ ကျားဖြန်လုပ်ငန်းများတွင် ဝန်ထမ်းအဖြစ် အမျိုးသမီးများကိုသာ အဓိက ခေါ်ယူတတ်ပြီး ရှာဖွေရေး (Finding)၊ chatting (စာပို့ကာငွေလိမ်ခြင်း) နှင့် Online Video Call (ဗီဒီယိုခေါ်ဆိုမှုဖြင့် ငွေလိမ်ခြင်း) တို့ကို လုပ်ဆောင်စေကြောင်းနှင့် ရာထူးအလိုက် လစာငွေ မတူညီကြပေ။ အများအားဖြင့် ကျားဖြန်လုပ်ငန်းလုပ်ကိုင်ရန် ဝန်ထမ်းခေါ်ယူရာတွင် အနည်းဆုံး အင်္ဂလိပ်စာ အခြေခံစကားပြော၊ အရေး၊ အဖတ်နှင့် ကွန်ပျူတာဖြင့် စာရိုက်တတ်ရန်လိုအပ်ပြီး လစာအနေဖြင့် Finding (လိမ်လည်မည့်သူအား ရှာဖွေခြင်း) လုပ်ကိုင်သူများအား အခြေခံလစာ ဘတ် ၁၅၀၀၀ မှ ဘတ် ၂၅၀၀၀ ကြား၊ Chatting (စာရိုက်လိမ်ခြင်း) လုပ်ကိုင်သူများအား ဘတ် ၃၀၀၀၀ မှ ဘတ် ၄၀၀၀၀ ကြားနှင့် Online Video Call (ဗီဒီယိုဖုန်းခေါ်ခြင်းဖြင့် လိမ်လည်ခြင်း) လုပ်ကိုင်သူများအား ဘတ်တစ်သိန်းဖြင့် ခန့်ထားလေ့ရှိသည်။
“ ကျားဖြန်ထဲမှာ ပိုက်ဆံအရဆုံးက Online Video call ပဲ။ သူက တစ်လကို ဘတ်တစ်သိန်းရတယ်။ သူကျတော့ အင်္ဂလိပ်စာကို အရေးရော၊ အဖတ်ရော၊ အပြောရော ကျွမ်းရတယ်။ ဘာလို့ဆို နိုင်ငံခြားသားတွေနဲ့ မျက်နှာချင်းဆိုင် ပြောပြီး လိမ်ရတာမို့လေ။ တစ်ခါတလေဆို sex ပါ ချက်တင်ဝင်ပေးရတယ်။ တရုတ်သူဌေးတွေရဲ့ ထိကပါးရိကပါး လုပ်တာလည်းခံရတယ်” ဟု သီရိတစ်ယောက် စီနီယာအမများ၏ ပြောဆိုမှုတွေအရ သိလာခဲ့ရသည်။ သီရိတစ်ယောက် ကျားဖြန်လုပ်ငန်း၏ အဆိုးဆုံးအပိုင်းကို ရက်သတ္တတစ်ပတ် အနည်းငယ်အတွင်းမှာပင် သိလာခဲ့ရသည်။
သီရိအနေဖြင့် ကျားဖြန်လုပ်ငန်းတွင် Finding (လိမ်လည်ရန် ရှာဖွေရေး) အဖွဲ့က ဖြစ်သဖြင့် တစ်ရက်လျှင် လိမ်လည်၍ ရမည်ဟု ယူဆရသူ နှစ်ဦးအား ရှာဖွေပေးရသည်။ ရှာပေးသည့် အရေအတွက် ကိုက်ညီသော်လည်း လေးဦးမှာ Chatting (စာရိုက်လိမ်ခြင်း) အဖွဲ့အတွက် လိမ်လည်၍ မရသောကြောင့် ထမင်းအငတ်ထားသည်။ သတ်မှတ်လူ မပြည့်၍ ထမင်းမကျွေးခြင်းအား သတ်မှတ်ထားသော်လည်း အလုပ်ပြီးချိန်တွင်လည်း စားခွင့်မပြုပေ။ စားဖိုဆောင်ဖွင့်မှသာ စားရသည်။ ပြင်ပကို ထွက်သွားခွင့် မပြုသည့်အတွက် ကိုယ့်ပိုက်ဆံရှိလျှင်တောင် ဝယ်စား၍ မရ။
အချိန်ကြာလာသည်နှင့်အမျှ ယင်းဒဏ်များကို သီရိအပြင် အခြားသူများလည်း မခံစားနိုင်ကြချေ။ လွတ်မြောက်ရန် တွေးသော်လည်း ထွက်ပြေးရန် မလွယ်ပေ။ သီရိအလုပ်လုပ်နေသည့် ၂၀ ဂိတ်ပတ်လည်တွင် လက်နက်ကိုင်ထားသည့် BGF စစ်သား ဆယ်ယောက်ကျော်က ရှိသေးသည်။
ရှေးတွင် ထွက်ပြေးခဲ့သူများရှိသော်လည်း ဝင်းထိပ်သို့ အသက်မပါဘဲ မထွက်နိုင်ခဲ့ချေ။ ၂၀၂၂ ခုနှစ်မှ ယခု ၂၀၂၄ ခုနှစ်အထိဆိုလျှင် ၁၅ ယောက်ထက် မနည်း ရှိသည်ဟု ဆိုသည်။ ယင်းမှာ သေနတ်သံကြား၍သာ သတိထားမိခြင်းပင်ဖြစ်သည်ဟု ဆိုသည်။ ကျန်သည့် လူမသိ၊ သူမသိ ကိစ္စများစွာလည်း ရှိနေပြန်သည်။
ဒေသခေါ် ၂၀ ဂိတ်၊ ကျားဖြန်ဝင်း ဒုတိယထပ် ဘယ်ဘက်ထောင့်ဆုံးတွင် အချုပ်ခန်းပုံစံ အခန်းကျယ် တစ်ခုရှိသည်။ အချုပ်ခန်းဆိုသော်လည်း ရေချိုးခန်း (အသေး) တစ်ခုသာသာ ရှိသည်။ အမှောင်ချထားပြီး သံမံတလင်းတွင် စောင်အပါးတစ်ထည်ဖြင့်သာ အိပ်ခိုင်းခြင်းဖြစ်သည်။ ယင်းအခန်းမျိုးသည် ဟောခန်းအတွင်း အခန်း ၂၀ ထက် မနည်းရှိသည်။
ထမင်းစားချိန်ရောက်လျှင် အခန်း၏ အောက်တွင် ဖောက်ထားသည့် တံခါးမှသာ ကျွေးလေသည်။ အပေါ့အလေးစွန့်ခြင်း၊ ထမင်းစားခြင်းနှင့် အိပ်ခြင်းကို ထိုအခန်းထဲတွင် ပြုလုပ်ရသည်။ လိမ်လည်ရမည့်လူ မရှာပေးနိုင်သည့် အခါမျိုးတွင် အစာရေစာမကျွေးဘဲ တစ်ရက်ထားသည်။ ယင်းနောက် ခါးပတ်များနှင့် ရိုက်သလို လျှပ်စစ်ကျင်စက်များနှင့်လည်း တို့တတ်သည်။
ထိုကဲ့သို့ နှိပ်စက်ခံရသူများမှာ တစ်ရက်လျှင် အယောက် ၂၀ ထက် မနည်းရှိသည်ဟု ဆိုသည်။ ယင်းသို့သော အခြေအနေများကြောင့် သီရိတစ်ယောက် ထွက်ပြေးချင်သော်လည်း ငဲ့နေရပြန်သည်။ အကယ်၍ တစ်စုံတစ်ခုမှားလျှင် အသတ်ခံရမည်မှာ အသေအချာပင်ဖြစ်သည်။ ကျားဖြန်လုပ်ငန်းတွင် ထွက်ပြေးသည့်သူများကို အကြီးဆုံးပြစ်ဒဏ်အဖြစ် သေခြင်းမှတပါး အခြားမရှိ။
“ရဲတိုင်ပါလား”ဟု ယခင်က စီနီယာအမတွေအကြား သီရိအကြံပေးဖူးသည်။ သူတို့က “နောက်တစ်ခါလူကြားထဲ မပြောနဲ့ သူဌေးသိရင် ပြဿနာတက်မယ်”ဟုသာ ဆိုကြသည်။
“ ရဲတိုင်တာကို စီနီယာအမတွေကြား ဟာသများထင်လားမသိ။ ရယ်လိုက်တာ ခွက်ခွက်လန်ပဲ။ တစ်ခုတော့ အရွန်းဖောက်သွားသေးတယ်။ ရဲတိုင်တဲ့သူတွေကို သုံးရက်လောက်နေရင် တွေ့ရမှာ မဟုတ်ဘူးနော်။ ကိုရွှေဘကြီးမသွားတာ ခံရဦးမယ်” ဆိုသည့် စကားသံကား သီရိခေါင်းထဲတွင် အမှတ်ရနေဆဲပင်ဖြစ်သည်။
အမေ့အရိပ်မှ ပြေးထွက်ခဲ့သည့် သီရိတစ်ယာက် ဒုက္ခရောက်လေပြီ။ သူအထင်ကြီးခဲ့သည့်အလုပ်တွင် မပျော်တော့။ စိတ်ဓာတ်ကျသည့်အခါများတွင် ငိုချင်သော်လည်း မငိုနိုင်။ ငိုတာကို သဘောမကျသည့် တရုတ်သူဌေးနှင့် တိုးပါက လာဘ်တိတ်သည်ဆိုကာ ဒဏ်ပေးခံရဦးမည်။ သူ၏ မှတ်ပုံတင်သည်လည်း သူဌေးက သိမ်းထားသေးသည်။ အမေ့ကို ကောင်းကောင်းမွန်မွန်ထားပေးချင်မိသည့် စိတ်ကူးများကြောင့် ၆ လ စာချုပ်တွင် လက်မှတ်ထိုးထားပြီးဖြစ်သည်။ ၆ လပြည့်မှသာ မှတ်ပုံတင်ပြန်ရပြီး အလုပ်ထွက်ခွင့်ရမည်။
သူ၏ လွတ်လမ်းအနေဖြင့် ရွေးချယ်စရာ တစ်ခုတော့ရှိသည်။ လိမ်၍ရမည့် အရေအတွက် မပြည့်မီသည့်အခါ ကျားဖြန်လုပ်ငန်း လုပ်ကိုင်လိုသူများကို ရှာဖွေပေးရသည်။ သတ်မှတ်အရေအတွက် ကိုက်ညီပါက မုန့်ဖိုးဟုဆိုကာ ထိုင်းဘတ်ငွေ ၅ ထောင်ရသည်။ သတ်မှတ်အရေအတွက်ဆိုသည်မှာလည်း ၅ ဦးမှ ၁၀ ဦးအကြားဖြစ်သည်။ သတ်မှတ်အရေအတွက်ထက် ကျော်လွန်သွားပါက တစ်ဦးလျှင် ဘတ် ၃ ထောင်နှုန်းဖြင့် မုန့်ဖိုးရသည်။
သို့သော် ငရဲကျသကဲ့သို့ ပူလောင်ရ၊ စိတ်ညစ်ရ၊ ကျဉ်းကျပ်ရနှင့် ကြိတ်ငိုရသည့် အခြေအနေနှင့် ဒဏ်ကြေးမထိအောင် နေ့စဉ် အလှပြင်ပြီး အစားဝဝစားခွင့်နှင့် အိပ်ရေးဝဝ အိပ်ရခွင့်အတွက် ဘုရားတပြီး အလုပ်လုပ်နေရသည့် သူ့ဘဝလိုမျိုး အခြားသူများကို မရောက်စေချင်ပေ။ “ ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုသည့်အတိုင်း လွတ်လမ်းရှာရမည့် အခြေအနေကိုလည်း တောင့်ခံနိုင်အောင် ကြိုးစားရဦးမည်ဖြစ်သည်။
လောက်ကိုင်မြို့တွင် ကျားဖြန်လုပ်ငန်းလုပ်ကိုင်သည့် သူဌေးကြီးများ ဖမ်းခံနေရသည့်အတွက် အချို့သော သူဌေးများက လောက်ကိုင်မြို့မှ မြဝတီမြို့သို့ အလျှိုလျှို ဝင်လျက်ရှိနေသည်ကို မြင်ရ၊ ကြားရနေရသည်။ လောဘနှင့် သောကဘက် အလေးကြီးမိသည့် သီရိကို PDF များကလည်း သနားနိုင်၊ ကယ်နိုင်မည် မဟုတ်။ နိုင်ငံရေးကို ဝမ်းရေးက စိတ်ဝင်စားမှု မပေးသည့်အတွက် သီရိကိုယ်တိုင် သေချာမသိခဲဲ့။ မင်းအောင်လှိုင် အာဏာရူးပြီး တိုင်းပြည် ဒုက္ခပင်လယ်ဝေနေသည်ကိုတော့ သူ သေချာသိသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းခြင်းသည် လူငယ်များ၏ တက်လမ်းကို အမှောင်ချလိုက်သလိုပင်။ သီရိကဲ့သို့ ဆယ်တန်းအောင်သူများထဲ စီးပွားရေး အဆင်မပြေသည့် သူများနှင့် မိခင်တစ်ဦးတည်းက မိသားစုအတွက် ကြိုးစားရုန်းကန် ရင်း ပျိုးထောင်ခဲ့ရသည့် ပန်းပေါင်းများစွာမှာ ကျားဖြန်လုပ်ငန်းအတွင်း ညှိုးနေရှာရသည်။ လက်ရှိ ထိုသို့သော အခြေအနေများမှ သီရိကိုယ်တိုင် ရုန်းထွက်ခွင့်ရရန် ကြိုးပမ်းနေသည်။ နောက်ထပ် သူ့လိုမျိုး ဒုက္ခအပေါင်းနှင့် မကြုံစေရေးအတွက်လည်း လူငယ်များကို သတိချပ်စေချင်ကြောင်း ပြောသည်။
ထို့နောက် “ ဒီလိုအခြေအနေနဲ့ ဒီလိုကာလကြီးကို အမြန်ပြီးချင်ပြီ။ အမေ့ကို မှော်ဘီလိုနေရာလေးမှာ ခြံကျယ်လေးမှာ ထားနိုင်ပြီး ဝါသနာပါတဲ့ အလှပြင်ဆင်လေး ဖွင့်နိုင်ရင် ကျေနပ်လှပြီ။ ဆိုင်ကြီး ဆိုင်ကောင်း မဖြစ်လည်း ကိုယ့်စိတ်နဲ့ကိုယ် အလုပ်လုပ်ရင်း ပျော်ရွှင်နေချင်တယ်” ဟု သီရိက သူ၏ မျှော်လင့်ချက် အလင်းစလေးကို ပြောပြသည်။