ယောကာကွယ်ရေးတပ် (YDF) ရဲဘော် ၂ ဦးဖြစ်သည့် ရဲဘော်ဖိုးတေနှင့် ရဲဘော်သားထောင်တို့ကို မြောက်ခင်ရန်းပျူစောထီးရွာမှ စစ်ကောင်စီနှင့် ပျူစောထီးများက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သည့် ဗွီဒီယိုဖိုင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့က လူမှုကွန်ရက်တွင် ပြန့်နှံ့လာခဲ့သည်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါ ဗွီဒီယိုဖိုင်တွင် ရဲဘော် ၂ ဦးအား မီးရှို့ မသတ်ဖြတ်ခင် စစ်ကောင်စီနှင့် ပျူစောထီးများက အမျိုးမျိုး ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။
“ဖမ်းပြီး နှိပ်စက်တာက ဆေးရုံထဲမှာ။ ဆေးရုံမှာက သူတို့ (စကစနှင့် ပျူစောထီး) တွေ နေကြတာလေ။ အဲ့ဒါပြီးတော့ သံကြိုးတွေနဲ့ တုတ်ပြီး ဆေးရုံတောင်ဘက် အပေါက်ကနေဆွဲပြီး ကုက္ကိုပင်မှာ ကြိုးနဲ့ချည်ပြီး မီးရှို့သတ်တာ”ဟု မြောက်ခင်ရန်း ပျူစောထီးရွာမှ ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။
မီးရှို့ သတ်ဖြတ်သည့် ဗွီဒီယိုဖိုင်တွင် ရဲဘော်၂ ဦး၏ မချိမဆန့်၊ လူးလွန့်အော်ညည်းနေသံနှင့်အတူ “နောက်တစ်ခါ မြောက်ခင်ရန်းရွာကို လာရဲသေးလား။ ဝေး ဟား”ဟူ၍ စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များ၏ မောက်မာစွာ ညာသံပေး၍ ပွဲခံနေသည်ကို မြင်တွေ့ရသည်။
မလှမ်းမကမ်းတွင် စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင်များက အဆိုပါလူမဆန်စွာ သတ်ဖြတ်မှုကို ဝိုင်းအုံ၍ ကြည့်ရှုနေကြသည်။ အဆိုပါ သတ်ဖြတ်မှုကို ဦးဆောင်သူများမှာ စစ်ကောင်စီ ဗိုလ်မှူးသန်းနိုင်၊ မိုးကြိုးပျူစောထီးအဖွဲ့ခေါင်းဆောင် ဖြိုးဝင်းနှင့် ပျူစောထီးအဖွဲ့ဝင်များဖြစ်သည့် အောင်ဗိုလ်၊ မောင်ညိုနှင့် စစ်ကောင်စီသင်တန်းမှူး ဆန်းဝင်းအောင် တို့က ဦးဆောင်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မြောက်ခင်ရန်းပျူစောထီးရွာကို ၂၀၂၃ ခု၊ နိုဝင်ဘာ (၇) နေ့၊ နံနက် ၅ နာရီအချိန်တွင် ယောကာကွယ်ရေးတပ် (YDF) နှင့် မဟာမိတ်ပူးပေါင်းတပ်များက Alliance Operation အဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်ဆင်ရေးတွင် သတင်းပေါက်ကြားမှုကြောင့် စစ်ကောင်စီနှင့် ပျူစောထီးများဘက်က အသာစီးရရှိခဲ့ပြီး ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့မှ အထက်ပါရဲဘော် ၂ ဦး အရှင်ဖမ်းဆီးခံလိုက်ရမှု အပါအဝင် ၅ ဦးကျဆုံးခဲ့ကာ ၅ဦးထိခိုက်ဒဏ်ရာရရှိ၍ လက်နက်ခဲယမ်းအချို့လည်း ဆုံးရှုံးမှု ရှိခဲ့သည်ဟု YDF က ထုတ်ပြန်ထားသည်။
“ကျတော်တို့ ထိုးစစ်ဆင်တဲ့ အနေအထားမှာ သတင်းက ကြိုပေါက်ထားတယ်ဆိုတော့ သူတို့ (စကစနှင့်ပျူစောထီး) က သာလွန်အင်အားနဲ့ ပြန်ပြီးထိုးစစ်ပြန်ဖွင့်လာတာပါ။ မြောက်ခင်ရန်းကျေးရွာအနီးမှာ ပျူရွာချည်း (၁၁) ရွာရှိတယ်။ အဲ့ဒီပျူရွာတွေ အကုန်ပေါင်းလိုက်ပြီးတော့မှ သာလွန်အင်အားနဲ့ တိုက်စစ်ပြန်ဖွင့်လိုက်တာပါ။ အဲ့ဒီမှာ ကျတော်တို့ ဆုတ်ခွာခဲ့ရတဲ့ အချိန်မှာ YDF ရဲဘော် (၂) ယောက် ခြေထောက်ကျည် ထိမှန်ပြီးတော့မှ ဖမ်းဆီးခံလိုက်ရတာပါဗျ”ဟု ယောကာကွယ်ရေးတပ် (YDF) ၏ စစ်ဒေသမှူးက ပြောသည်။
မြောက်ခင်ရန်းရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင်များ၏ လူမဆန်စွာ ရက်စက်ယုတ်မာမှုသည် ယခုကဲ့သို့ ဗွီဒီယိုဖိုင် ပျံ့နှံ့လာခြင်းကြောင့် တတိုင်းပြည်လုံးနှင့် နိုင်ငံတကာက မျက်ဝါးထင်ထင် တွေ့မြင်လာရသော်လည်း ဒီဖြစ်ရပ်မဖြစ်ခင် ရှေ့တွင်လည်း ယခုကဲ့သို့ လူမဆန်စွာ သတ်ဖြတ်မှုများစွာ ရှိခဲ့သည်ဟု မြောက်ခင်ရန်းရွာမှ ထွက်ပြေးလွတ်မြောက်လာသူများက ပြောသည်။
ပျူစောထီးရွာဖြစ်လာပုံ
မြောက်ခင်ရန်းကျေးရွာသည် ဘူးလက်လှဆွေ၏ အမာခံ ကျေးရွာ တစ်ရွာဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ စစ်ကောင်စီ၏ ဒုတိယဗိုလ်မှူးကြီးဟောင်း တစ်ယောက်ဖြစ်သော ဦးလှဆွေသည် မြောက်ခင်ရန်းကျေးရွာသို့ ရောက်ရှိလာပြီး ရွာတွင် စိုက်ပျိုးရေးသုံး ဆေးပစ္စည်းနှင့် မြေသြဇာများ ရောင်းချခဲ့သည်။ ထို့နောက် မြောက်ခင်ရန်းကျေးရွာသားခံယူ၍ ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရာ ဂန့်ဂေါမြို့နယ် လွှတ်တော်အမတ်တစ်ဦးဖြစ်လာခဲ့သည်ဟု မြောက်ခင်ရန်း ရွာဒေသခံတစ်ဦးက ပြောသည်။
“သူ့ (ဘုလက်လှဆွေ) မယားငယ်က မြောက်ခင်ရန်းသူလေ။ အဲ့ဒါဆိုတော့ ရွာမှာ သူ့အမျိုးတွေလည်းရှိတယ်။ သူ့ကို ထောက်ခံတဲ့လူတွေလည်း ပေါတယ်”ဟု ၎င်းက ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မြောက်ခင်ရန်းရွာမှ ကျောင်းဆရာဟောင်းတစ်ဦးဖြစ်သူ NLD ပါတီဝင်ဦးပြူးလွင်နှင့် ယှဥ်ပြိုင်ရာမှ ဘူးလက်လှဆွေ ပြုတ်ကျခဲ့ပြီး ဦးပြူးလွင်က ဂန့်ဂေါမြို့နယ် လွှတ်တော်အမတ်ဖြစ်လာခဲ့သည်။ ယင်းနောက် အိမ်ခြေ (၁၅၀၀) ခန့်ရှိသော မြောက်ခင်ရန်းကျေးရွာတွင် NLD ပါတီကို ထောက်ခံသူများနှင့် ဘုလက်လှဆွေ၏ သြဇာခံများဟူ၍ ၂ ခြမ်းကွဲလာခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ဦးပြူးလွင်ကသာ အနိုင်ရရှိခဲ့ပြီး ဘုလက်လှဆွေ ရှုံးနိမ့်ခဲ့ပြန်သည်။ သို့သော် မြောက်ခင်ရန်းကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများကို ဘုလက်လှဆွေ၏ သြဇာမှာ စိုးမိုးလွှမ်းခြုံထားနိုင်ဆဲ ဖြစ်ခဲ့သည်။
“မင်းအောင်လှိုင် အာဏာသိမ်းတော့ ဆန္ဒပြတဲ့အထဲ ကျတော်တို့ရွာလည်း ပါပါတယ်။ ဒါပေမဲ့ ရွာထဲမှာ မင်းအောင်လှိုင် အလိုမရှိလို့ အော်တာဘာမှ မဖြစ်ပေမဲ့၊ ဘူးလက်လှဆွေ အလိုမရှိလို့ အော်ရင် သူ့ကို ထောက်ခံတဲ့လူတွေက ရန်လုပ်ချင်တယ်”ဟု မြောက်ခင်ရန်းရွာသားတစ်ဦးက ပြောသည်။
ယင်းနောက် ဘူးလက်လှဆွေ၏ ညွှန်ကြားမှုဖြင့် ၎င်း၏ သြဇာခံများက ကျေးရွာလုံခြုံရေး အကြောင်းပြကာ အဖွဲ့များဖွဲ့လာခဲ့သည်။ ကျေးရွာအတွင်း အုပ်စုဖွဲ့၍ ညကင်းပတ်ခြင်းများ ပြုလုပ်လာသည်။ ကျေးရွာအတွင်း တော်လှန်ရေး လုပ်သူများနှင့် စစ်ကောင်စီကို ဦးဆောင်ဆန္ဒပြသူများ၏ သတင်းကို စုံစမ်းခြင်းနှင့် စစ်ကောင်စီကို သတင်းပို့ခြင်းများ ပြုလုပ်လာကြသည်။
စစ်ကောင်စီ၏ စစ်ကားများရွာအတွင်း ဝင်ရောက်လာသောအခါ NLD ပါတီဝင်အချို့နှင့် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများကို ဖမ်းဆီးမှုများ ပြုလုပ်လာကြသည်။ စစ်ကောင်စီကလည်း ၎င်းတို့ကို ထောက်ခံသူ၊ ရွာသားများအား လက်နက်တပ်ဆင်၍ စစ်သင်တန်းများပေးခဲ့သည်။ ပထမအကြိမ် သင်တန်းပေးချိန်၌ စစ်တပ်ထောက်ခံသူ (၅၀) ဝန်းကျင်သာ တက်ရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် အသက် ၁၈ နှစ်မှ ၄၀ အတွင်း အမျိုးသားများကို ပျူစောထီးအဖွဲ့ထဲ မလိုက်မနေရ ခေါ်ယူခဲ့သည်။ ၎င်းတို့ကို ရွာပတ်ပတ်လည် လိုင်းကျင်းတူးခြင်း၊ ဘန်ကာဆောက်ခြင်းများကိုလည်း စေခိုင်းခဲ့သည်။ သက်ကြီးပိုင်းများကို ရွာလုံခြုံရေးအတွက် အရပ်ကင်း စောင့်ခိုင်းခဲ့သည်။ ဤသို့ဖြင့် မြောက်ခင်ရန်းကျေးရွာသည် အင်အားကောင်းသည့် ပျူစောထီးရွာတစ်ရွာ ဖြစ်လာခဲ့သည်။
မြောက်ခင်ရန်းရွာအား PDF များ ပထမအကြိမ် ဝင်ရောက်တိုက်ခိုက်ခြင်းနှင့် ပြည်သူများအား ကယ်ထုတ်ခြင်း
မြောက်ခင်ရန်းကျေးရွာကို စစ်ကောင်စီအထိုင်ချ တပ်စွဲပြီးနောက် အင်အားကောင်းလာသည့် စစ်ကောင်စီနှင့် ပျူစောထီးများသည် အနီးပတ်ဝန်းကျင် ကျေးရွာများသို့ စစ်ကြောင်းထိုး၍ ပစ္စည်း၊ ကျွဲ၊ နွားနှင့် ရွှေ၊ ငွေလက်ဝတ်ရတနာများ မတရားယူဆောင်ခြင်း နေအိမ်မီးရှို့ဖျက်ဆီးခြင်းများကို မကြာခဏပြုလုပ်ခဲ့သည်။ ထိုအချိန်သည် နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ တစတစ အားကောင်းလာသည့် အချိန်လည်းဖြစ်သည်။
စစ်ကောင်စီနှင့် ပျူစောထီးများ၏ ယောဒေသအတွင်း အကြိမ်ကြိမ်စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးမှုကြောင့် မြောက်ခင်ရန်းရွာအရှေ့ဘက်ရှိ စန်းမြို့ကျေးရွာမှာ တစ်ရွာလုံးပြာကျခဲ့ရသည်။
“သူတို့ (စကစနှင့်ပျူများ) ပထမဆုံး စစ်ကြောင်းထိုးတာက စန်းမြို့ရွာလို့ ပြောလို့ရတယ်။ အဲ့ဒီအချိန်က စန်းမြို့ရွာအရှေ့ဘက် တောင်ကြောတွေမှာက ကျတော်တို့ PDF တွေ စပြီးသင်တန်းပေးခဲ့ကြတာ။ မြောက်ခင်ရန်းဘက်ကရော၊ လယ်ကြီးဘက်ကနေရော အကြိမ်ကြိမ် စစ်ကြောင်းထိုးခံခဲ့ရတာ။ တစ်ရွာလုံး ပြာကျခဲ့ရတယ်။ ဘုန်းကြီးကျောင်းတောင် မီးမရှို့ပေမဲ့ တံခါးတွေ အိမ်သာတွေ အကုန်ရိုက်ချိုးခံရတယ်”ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းအပြင် မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးကျေးရွာမဟုတ်သည့် သင်တော၊ ရွှေဘိုကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း လက်နက်ကြီး ပစ်ခတ်ခြင်းများကိုလည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ထို့အတွက် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းတွင် မြောက်ခင်ရန်းပျူစောထီးရွာကို ပထမအကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။
အဆိုပါ တိုက်ပွဲတွင် ဒေသကာကွယ်ရေး ရဲဘော်များအနေဖြင့် ကျေးရွာအတွင်းပိုင်းအထိ ဝင်ရောက်နိုင်ခဲ့ပြီး စစ်ကောင်စီအာဏာသိမ်းမှုကို ဆန့်ကျင်၍ စစ်ကောင်စီနှင့် ပျူစောထီးများ၏ လက်အောက်တွင်မနေလိုသည့် မြောက်ခင်ရန်းရွာ၊ အမှတ် (၁) ရပ်ကွက်တစ်ခုလုံးရှိ ပြည်သူများအပါအဝင် ဒေသခံပြည်သူ (၄၀၀) ကျော်ကို ကယ်ထုတ်နိုင်ခဲ့သည်။
ဦးဘရွှေအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပျူစောထီးများ၏ လူသတ်ကွင်း
မြောက်ခင်ရန်းကျေးရွာအား ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပထမအကြိမ် တိုက်ခိုက်မှုနှင့် ပတ်သက်၍ ရွာအလယ်ပိုင်းမှ ဦးဘရွှေကို စစ်ကောင်စီနှင့် ပျူစောထီးများက ဖမ်းဆီးခဲ့ကြသည်။ ဦးဘရွှေသည် အသက် ၆၀ ကျော်အရွယ်ဖြစ်ပြီး ၁၉၈၈ အရေးအခင်းတွင် ဂန့်ဂေါမြို့နယ်၌ ဆန္ဒပြမှုကို ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်သည်။
၎င်းတို့ တိုက်ခိုက်ခံရမှုသည် ဦးဘရွှေ၏ သတင်းပေးမှုကြောင့်ဟူ၍ စစ်ကောင်စီနှင့် ပျူစောထီးများက စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု PDF များ ရွာအတွင်း ဝင်ရောက်တိုက်ခိုက်ပြီးနောက် ၃ လအကြာတွင် ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသမီးက ပြောသည်။
“PDF တွေ ရွာထဲဝင်တိုက်ပြီး ဦးဘရွှေကို ညပိုင်းမှာဖမ်းတာ။ ပြီးရင် စာသင်ကျောင်းကို ခေါ်သွားတာလို့ သိရတာပါ့”ဟု ၎င်းက ပြောသည်။
ပျူစောထီးအဖွဲ့ဝင်များနှင့် ကျေးရွာအတွင်းရှိ လူများ၏ ပြောပြချက်အရ ဦးဘရွှေကို ကျေးရွာစာသင်ကျောင်းတွင် ထိတ်တုံးခတ်ကာ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင်များက ရိုက်နှက်၍ စစ်ဆေးမေးမြန်းကြောင်း သိရသည်ဟု ဆိုသည်။
ဦးဘရွှေက သူသတင်းပေးခြင်းမဟုတ်ကြောင်းနှင့် PDF များနှင့် ပတ်သက်ခြင်း မရှိကြောင်း ပြောသောအခါ လက်သည်းခွံများကိုဆွဲခွာကာ ရေနွေးပူဖြင့်လောင်း၍ အမျိုးမျိုး နှိပ်စက်ကြသည်။ နောက်တစ်နေ့တွင် မသေမရှင်ဖြစ်နေသော ဦးဘရွှေအား လည်ပင်းကြိုးကွင်းစွပ်၍ ရွာလယ်လမ်းမတွင် ကားဖြင့်ဆွဲကာ “PDF နဲ့ ပူးပေါင်းတဲ့သူတွေ ကြည့်ထားကြ” ဟု အော်၍ ရွာသူရွာသားများအား လှည့်လည်ပြသခဲ့သည်။
“ကျမက ရွာထဲသွားတဲ့အချိန် လမ်းမှာတွေ့တာ။ ဘာလုပ်ကြတာလဲ မေးတော့ ဦးဘရွှေက PDF နဲ့ ပေါင်းလို့လို့ ပြောတာပါ့။ တကိုယ်လုံး ရစရာမရှိပါဘူး။ ဖုံအလိမ်းလိမ်း သွေးအလူးလူးပါ့။ စီတီ (အတွင်းခံ) ဘောင်းဘီလေးနဲ့ ရှေ့ကနေကားနဲ့ ဆွဲသွားတာ။ ကျမတွေ့တော့ သေပြီးပြီ ထင်ပါတယ်။ အဲ့ဒီလောက် ကားနဲ့ တရွတ်တိုက်ဆွဲမှတော့ သေလောက်ပြီးပြီ။ ပြီးတော့ မြစ်စပ်ကို ဆွဲသွားတာလို့သိရတယ်”ဟု ဦးဘရွှေအသတ်ခံရမှုကို မြင်တွေ့ခဲ့ရသည့် မြောက်ခင်ရန်းရွာမှ ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသမီးက ပြောသည်။
ဤသိုဖြင့် မြောက်ခင်ရန်းရွာနှင့် လယ်ကြီးရွာကြားရှိ မြစ်သာမြစ်ကမ်းသည် စစ်ကောင်စီနှင့် ပျူစောထီးများ၏ လူသတ်ကွင်းဖြစ်လာခဲ့သည်။ ဦဘရွှေသတ်ဖြတ်ခံရပြီး နောက်ပိုင်း ပျူစောထီးများသည် ဆက်တိုက်ဆိုသလို လူသတ်မှုများကို ကျူးလွန်လာကြသည်။
ဦးဘရွှေသတ်ဖြတ်ခံရပြီးနောက် ရက်ပိုင်းအကြာတွင် မြင်သားကျေးရွာမှ မြောက်ခင်ရန်းရွာအနီးသို့ ရောက်ရှိလာသော စိတ်မနှံ့သူ အမျိုးသားတစ်ဦးကို ပျူစောထီးများက ဖမ်းဆီး၍ မြစ်သာမြစ်ကမ်းတွင်ပင် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရသည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျမတို့က တောကအပြန် တွေ့တာ။ ဆိုင်ကယ်နောက်မှာ မျက်နှာကို ပုဆိုးနဲ့ အုပ်ပြီးခေါ်လာတာ။ မြစ်စပ်ရောက်တော့ အနောက်ကနေ မောင်ညို (ပျူစောထီးအဖွဲ့ဝင်) က သေနတ်နဲ့ပစ်သတ်တာ”ဟု ပြောသည်။
သင်တောရွာအနောက်ဘက်တွင် ဖမ်းဆီးရမိသော နွားအရောင်းအဝယ်လုပ်သူ မြင်းဇာရွာမှ အရပ်သား (၂) ဦးအနက် တစ်ဦးကိုလည်း အထက်ပါ မြစ်စပ်မှာပင်သတ်ဖြတ်၍ တစ်ဦးကိုမူ ရိုက်နှက်ကာ ပြန်လွှတ်ခဲ့သည်ဟု ဒီဇင်ဘာလအတွင်းက ထွက်ပြေးလွတ်မြောက်လာသူများက ပြောသည်။
ထို့နောက် ဖမ်းဆီးရမိသော တော်လှန်ရေးအဖွဲ့ဝင်များ၊ မြောက်ခင်ရန်းရွာသို့ မှားယွင်းဝင်ရောက်လာသော အရပ်သားများနှင့် ၎င်းတို့ မသင်္ကာ၍ ဖမ်းဆီးလာသူ အများအပြားကိုလည်း စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင်များက မြစ်သာမြစ်စပ်မှာပင် သတ်ဖြတ်ခဲ့ကြသည်ဟု သိရသည်။
ရွာသားအချင်းချင်း သတ်ဖြတ်ခြင်းနှင့် အမျိုးသမီးများအပေါ် နှိပ်စက်ခြင်း
တော်လှန်ရေးအင်အားကောင်းလာသည်နှင့်အမျှ ယောဒေသအတွင်း ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် ခုခံတွန်းလှန်စစ်မှ တန်ပြန်တိုက်စစ်များကို ပုံဖော်နိုင်ခဲ့သည်။ စစ်ကောင်စီအထိုင်ချ ရဲစခန်းများနှင့် ပျူစောထီးကျေးရွာများကို မကြာခဏ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် ယောဒေသတွင် စစ်ကောင်စီထက် နယ်မြေစိုးမိုးမှု ပိုမိုအားကောင်းလာခဲ့သည်။
တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု အားကောင်းလာသည်နှင့်အမျှ ကလေး-ဂန့်ဂေါလမ်းပိုင်း နှစ်ဘက်ကို ထိန်းချုပ်၍ ကလေးမြို့နယ်တောင်ပိုင်း ပျူစောထီးကျေးရွာများ ဖြစ်သည့် ကြံသာ၊ အင်းကျွန်း၊ ကျောက်ဆည်၊ ကျောက်ပြုတ်၊ မန္တာကျေးရွာများနှင့် နယ်မြေတစ်ဆက်တည်းဖြစ်သော ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ မြောက်ခင်ရန်း၊ ကုက္ကား၊ ရွှေမြစ်သာ၊ ဟံသာဝတီ၊ ဝင်ဝ၊ လယ်ကြီး (အရှေ့)၊ လယ်ကြီး (အနောက်) ကျေးရွာများကို ရိက္ခာဖြတ်တောက်ထားနိုင်ခဲ့သည်။
ထို့ကြောင့် ပျူစောထီးကျေးရွာများတွင် ကုန်စည်စီးဆင်းမှုမရှိတော့ဘဲ ရိက္ခာများ ပြတ်တောက်လာသည်။ ယခင်ကကဲ့သို့ ဘေးပတ်ဝန်းကျင်ကျေးရွာများကို အလွယ်တကူ စစ်ကြောင်းထိုးနိုင်ခြင်း မရှိတော့ပေ။ ရိက္ခာပြတ်တောက်လွန်း၍ စစ်ကြောင်းထိုး၍ ရိက္ခာအရှာထွက်သည့်အခါများတွင်လည်း ကြားဖြတ်တိုက်ခိုက်ခံရမှုများကြောင့် အထိနာ၍ ပြန်လည်ဆုတ်ခွာသွားကြရသည်။
မြောက်ခင်ရန်းကျေးရွာရှိ စစ်ကောင်စီနှင့်ပျူစောထီးများသည် ကြွက်မနိုင်၊ ကျီမီးနှင့်ရှို့သည့် ကိစ္စများပြုလုပ်လာသည်။ ကျေးရွာအတွင်းတွင် PDF များနှင့် အဆက်အသွယ်ရှိသည်၊ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့ကြသည်ဟုဆိုကာ ရွာသူ၊ ရွာသား အယောက် (၂၀) ကျော်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းတွင် စစ်ကောင်စီနှင့် ပျူစောထီးများက ဖမ်းဆီး၍ (၃) ဦးကို သတ်ဖြတ်ခဲ့သည်ဟု အသက် (၅၀) အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ဖမ်းတာက သင်တန်းမှူး ဆန်းဝင်းအောင်က ဖမ်းတာ။ ပြီးတော့ လက်ပြန်ကြိုးတွေတုပ်ပြီး ရွာသင်္ချိုင်းထဲကို ခေါ်သွားတာ။ အဲ့ဒီမှာ လင်မယား (၂) ယောက် အသတ်ခံရတဲ့။ နောက်တစ်ယောက်က ရိုက်ခံရတဲ့ဒဏ်နဲ့ သေသွားတာ”ဟု ၎င်းက ပြောသည်။
သတ်ဖြတ်ခံလိုက်ရသည့် လင်မယား (၂) ဦးမှာ အသက် ၄၀ အရွယ် ဦးမောင်မောင် (ခ) ဇော်ဇော်ဦးနှင့် အသက် ၃၆ နှစ်အရွယ် ဒေါ်ဖြူဖြူဝင်းတို့ဖြစ်ပြီး နောက်တစ်ဦးမှာ အသက် ၄၅ နှစ်အရွယ် ဦးအောင်ဘိုလင်း ဖြစ်သည်။
ဦးမောင်မောင်တို့ လင်မယားကို PDF များနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ လက်ပြန်ကြိုးတုပ်၍ ရိုက်နှက်ခဲ့ကြပြီး ဘေးတစ်နေရာသို့ ဆွဲခေါ်ကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ရုပ်အလောင်းများကို မိဘများအား ပြန်လည်ပေးအပ်ခဲ့ခြင်း မရှိဘဲ မြစ်သာမြစ်ကမ်းသို့ ဆွဲခေါ်သွားကာ ရေထဲမျှော၍ အလောင်းဖျောက်ခဲ့ကြသည်။ ဦးမောင်မောင်တို့ လင်မယား (၂) ဦးတွင် အရွယ်မရောက်သေးသည့် သားသမီး ၂ ဦး ကျန်ရစ်ခဲ့သည်။ ဦးအောင်ဘိုလင်းမှာ ရိုက်နှက်ခံရသည့် ဒဏ်ဖြင့် ဟံသာဝတီဆေးရုံသို့ အရောက်တွင် သေဆုံးသွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ယင်းအပြင် ဖမ်းဆီးခံရသည့် အမျိုးသမီးများကိုလည်း အဝတ်အစားများ ချွတ်၍ ကိုယ်လုံးတီးအနေအထားဖြင့် ရိုက်နှက်စစ်မေးခဲ့သည်ဟု ဆိုသည်။
“ဒေါက်စလင်း (ကိုယ်လုံးတီး) ချွတ်ခံရတာက အဝင်းတဲ့။ အပျိုလေး သူက။ သူက ရွာထဲမှာ စျေးရောင်းတာလေ။ အဲ့ဒါကို ဆေး (မူးယစ်ဆေး) ရောင်းတယ်ဆိုပြီးတော့မှ ဒေါက်စလင်းချွတ် ရိုက်တာ။ ကျန်တဲ့ သူတွေက ထမီတော့ မချွတ်ခံရဘူး။ အင်္ကျီတွေ ချွတ်ခံရတယ်။ သင်တန်းမှူးက မူးပြီးလုပ်နေတာ။ ဘာရယ်လို့ ဖမ်းတယ်ဆိုတော့ မယ်မယ်ရရမရှိပါဘူး”ဟု အသက် ၅၀ အရွယ် အမျိုးသမီးက ဆက်ပြောသည်။
စစ်ကောင်စီ၏ သင်တန်းမှူး ဆန်းဝင်းအောင်သည် ထိုကဲ့သို့ မူးရူး၍ စိတ်ထင်တိုင်း နှိပ်စက်သတ်ဖြတ်နေသည်ကို ခရီးမှ ပြန်ရောက်လာသော စစ်ကောင်စီဗိုလ်မှူးသန်းနိုင် (ထိုစဉ်က မြောက်ခင်ရန်းရွာတွင် ပျူနှင့် စစ်သားများကို အုပ်ချုပ်ရန် တာဝန်ကျနေသူ) က ကြားသိခဲ့ပြီး သွားရောက်တားဆီးခဲ့သည့်အတွက်သာ ကျန်သူများကို ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“၂၀၂၂ ခုနှစ် နွေပိုင်းလောက်ကလည်း ရွာထဲက ဒေါ်စိုး (အမည်လွှဲ) ကို ဆန်းဝင်းအောင်က ဖမ်းသေးတယ်။ သူ့ယောက်ျားနဲ့ ဖုန်းပြောတာကို PDF တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းတာ။ အဲ့ဒါလည်း ဒေါက်စလင်းတွေချွတ်၊ မိန်းမကိုယ် (အင်္ဂါ) တွေကို တုတ်တွေနဲ့မွှေ၊ ရင်သားတွေကို ဓားတွေနဲ့ မွှန်းလုပ်တာလို့ပြောတယ်။ သူက (၁၀) ရက်လောက်ကြာတယ်၊ အဖမ်းခံရတာ။ သတ်တော့မသတ်ဘူး။ ပိုက်ဆံသိန်း (၃၀) ပေးရတယ်လို့ ပြောတယ်။ သူ (ဒေါ်စိုး) က ရွာထဲက မထွက်ဘူး”ဟု ဒီဇင်ဘာလပိုင်းက ထွက်ပြေးလွှတ်မြောက်လာသော ဒေါ်စိုးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင်များ၏ အမျိုးမျိုးနှိပ်စက်မှုနှင့် စားနပ်ရိက္ခာပြတ်လပ်လာမှု အခြေအနေများကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလပိုင်းတွင် မြောက်ခင်ရန်းပျူစောထီးရွာမှ ဒေသခံ (၃၀၀) ကျော်သည် ဒေသကာကွယ်ရေး တပ်ဖွဲ့များထံသို့ ထွက်ပြေးခိုလှုံလာကြသည်။ ယင်းသို့ဒေသခံအများအပြားထွက်ပြေးမှုကြောင့် ကလေးမြို့စစ်ကောင်စီမှ ဗိုလ်မှူးသန်းနိုင်ကို ပြန်လည်ခေါ်ဆောင်သွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။
မြောက်ခင်ရန်းရွာ ပတ်ပတ်လည်ကို စစ်ကောင်စီနှင့်ပျူစောထီးများက လိုင်းကျင်းများတူး၍ ခံကတုတ်နှင့် ဘန်ကာအများအပြား ဆောက်လုပ်ထားသည်။ ယောဒေသအတွင်း ရဲစခန်းများသည်လည်း စခန်းစွန့်ခွာ၍ ပျူစောထီးကျေးရွာများတွင် သွားရောက်ပူးပေါင်းကြသည်။
လက်ရှိ မြောက်ခင်ရန်းရွာတွင် စစ်ကောင်စီနှင့် ပျူစောထီးအင်အား (၂၀၀) ကျော်ရှိပြီး လက်နက်ခဲယမ်းအများအပြား တပ်ဆင်ထားသော်လည်း စစ်ကြောင်းထိုးရဲသည့် အခြေအနေမရှိတော့ဘဲ ခိုင်မာစွာ ခံစစ်ပြင်ဆင်ထားသည်ဟု စုံစမ်းသိရှိရသည်။