မူးယစ်ဆေးဝါး လက်ကားဒိုင်ကြီးများကို လျစ်လျူရှုထားပြီး သုံးစွဲသူများကို ပစ်မှတ်ထား ရှာဖွေ ဖမ်းဆီးမည့် စစ်ကောင်စီရဲများ၏ မူးယစ်ဆေးဝါး လူဖမ်းပွဲ ရာသီသည် နှစ်စဥ် နှစ်ကုန်ခါနီး အချိန်များတွင် စတင်လေ့ရှိသည်။
နှစ်စဥ် နှစ်တိုင်း မူးယစ်ဆေးဝါး ပမာဏ အနည်းငယ်လောက် တွေ့ရှိမှုများဖြင့် လူငယ် အများအပြား အကျဥ်း ထောင်သို့ ယခုကဲ့သို့ ကာလမျိုး၌ ပိုမိုရောက်ရှိလေ့ရှိသည်။
မူးယစ်ဆေးဝါး သုံးစွဲတတ်သူ လူငယ်များ အကြား၌ ယခုကာလကို ” လူဖမ်းပွဲ ရာသီ” ဟု အချင်းချင်း သတိပေး တတ်ကြသည်။
” လူဖမ်းပွဲ ရာသီ၏ ဓားစာခံလေးများ”
၂၀၁၉ခု နှစ် နိုဝင်ဘာလကုန်ပိုင်းက တာမွေမြို့နယ်၊ အောင်မင်္ဂလာမှတ်တိုင် အနီး နေထိုင်သည့် ထိုစဥ်က အသက် ၁၈နှစ် အရွယ်သာ ရှိသေးသည့် လူငယ်တစ်ဦး ဆေးခြောက် ၃ ဂရမ်ခန့်စာ ပမာဏဖြင့် ဖမ်းဆီးခံခဲ့ရသည်။
ခင်မင်ရင်းနှီးနေသည့် မူးယစ်းဆေး ဖြန့်ချိရောင်းချသူ ထံမှ ငွေကျပ် တစ်သောင်းဖိုး ဆေးခြောက် ဝယ်ယူပြီး အိမ်အပြန်၌ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
” ဝေါ်ကိ(ဆေးခြောက်) တစ်သောင်းဖိုးလေးသွားယူ၊ ဘော်ဒါတစ်ယောက်နဲ့သောက်၊ ပြီးတော့ အိမ်ပြန်လာတာ၊ အိမ် အောက်မှာဘဲ စောင့်ဖမ်းသွားတာ၊ မင်းမှာပါတာ ငါတို့သိတယ်ဆိုပြီး ဘောင်းဘီအိတ်ထဲက ရှာပြီး ဖမ်းသွားတာ “ ဟု အဆိုပါ လူငယ်က ပြောပြသည်။
အဆိုပါလူငယ်မှာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ထောင်သုံးနှစ် အမိန့်ချမှတ်ခံခဲ့ရပြီး ၂၀၂၁ခု နှစ်၊ လွတ်လပ် ရေးနေ့(ဇန်နဝါရီ ၄ရက်)တွင် သမ္မတဦးဝင်းမြင့်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ရသည်။
ဆေးခြောက် သုံးဂရမ်စာက ဆယ်ကျော်သက် လူငယ်တစ်ဦးအား အကျဥ်းထောင်၌ နှစ်နှစ်ကျော် ကျခံစေခဲ့ရသည့် အကြောင်းအရင်း ဖြစ်သွားခဲ့သည်။
နောက်ထပ် ဓားစာခံဖြစ်ခဲ့သူက သင်္ဃန်းကျွန်း မြို့နယ်မှ အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦး ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် ရှားပါးမှုကြောင့် အဆိုပါ လူငယ်မှာ အလုပ်လက်မဲ့ ဖြစ်နေခဲ့ရသည်။ သူ့အတွက် ပုံမှန် ဝင်ငွေရရှိစေသည့် တစ်ခုတည်းသော နည်းလမ်းမှာ တစ်ဆင့်ခံ မူးယစ်ဆေးဝါး ရောင်းချခြင်းဟု ခံယူခဲ့ဖူးသူလည်း ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့၌ မူးယစ်ဆေးဝါး မျိုးစုံကို ဖောဖောသီသီ အလွယ်တကူ ဝယ်ယူရရှိနိုင် လာခဲ့သည်။
ရဲများထံ လိုင်းကြေးပေးထားသည့် မူးယစ်ဆေးဒိုင်ကြီးများက လက်ခွဲဒိုင်များထံ ဖြန့်သည်။ လက်ခွဲဒိုင်များက အဆိုပါ လူငယ်လေးကဲ့သို့ အလုပ်မရှိသူ၊ မူးယစ်ဆေးဝါးသုံးစွဲတတ်သူ လူငယ်များအား ရှာဖွေကာ တစ်ဆင့်ခံ ပြန်လည်ရောင်း ချစေသည်။
အကျိုးအမြတ် အနေဖြင့် မူးယစ်ဆေး အခမဲ့ သုံးစွဲခွင့်နှင့် ၅၀ ရာခိုင်နှုန်းခန့် အမြတ်ကျန်စေသည့် နှုန်းထားဖြင့် မူးယစ်ဆေးဝါးကို အကြွေးစနစ်ဖြင့် ယူကာ ရောင်းချခွင့်ရသည်။
သို့သော် အဆိုပါ လူငယ်မှာ ၂၀၂၁ခု နှစ် နိုဝင်ဘာလ၌ အိမ်တွင် သုံးစွဲရန် လက်ခွဲဒိုင်ဆီမှ ပေးလိုက်သည့် မူးယစ်း ဆေးဝါး အနည်းငယ်ဖြင့် လမ်း၌ ဖမ်းဆီးခံခဲ့ရသည်။
” ဒီကောင် သူ့ ဂျိတ်( မူးယစ်ဆေး ဖြန့်ချိသူ) ဆီက အပြန်မှာ အဖမ်းခံရတာ၊ ပါလာတာက အသီး(WY) တစ်တန်း(ဆယ်လုံး) တောင် မပြည့်ပါဘူး ” ဟု အဆိုပါလူငယ်၏ သူငယ်ချင်းက ပြောသည်။
အဆိုပါ လူငယ်အား ဖမ်းဆီးချိန်၌ ရဲများက ၎င်း၏ လက်ဝယ်မှ မူးယစ်ဆေးဝါးများ မည်သည့်နေရာက ရလာခြင်း ဖြစ်သည်ကို မေးမြန်းခြင်း မရှိခဲ့ဘဲ မေးမြန်းပါကလည်း ၎င်းအနေဖြင့် ဖြေဝံ့မည် မဟုတ်ဟု သိရသည်။
ထောင်ထဲ၌ မူးယစ်ဆေးဝါး ဒိုင်များအား ဖော်ကောင်လုပ်ခဲ့သူများမှာ အသက်ဘေးကို ခြိမ်းခြောက်ခံရသည်ထိ အန္တရာယ်ရှိ၍ ဖြစ်သည်။
” ဒီကောင် မဖော်ဘူးလေ၊ ဖော်လိုက်ရင် ထောင်ထဲမှာ အလျှော့ (အသတ်) ခံရနိုင်တယ်လေ၊ မဖော်ရဲဘူး။ မဖော်ရင် အထဲမှာ အေးဆေးနေရမယ်လေ” ဟု သူငယ်ချင်းဖြစ်သူက ဖမ်းဆီးခံခဲ့သည့် လူငယ်ပြောပြသည်များကို ပြန်လည် ပြောပြသည်။
ထို့ကြောင့်ပင် အဆိုပါလူငယ်မှာ မူးယစ်ဆေးဝါး ရောင်းချမှုဖြင့် တရားစွဲဆိုခံရပြီး ထောင်ဆယ်နှစ် ကျခံနေရသည်။
“ အမှုရှာတဲ့ လူဖမ်းပွဲ ရာသီ”
ရန်ကုန်ရဲများက ယခင်နှစ်များစွာကပင် ယင်းသို့ နှစ်စဥ် ပြုလုပ်နေကြခြင်း ဖြစ်သည်။ စီမံချက်ဟု အမည်တပ်ကာ လူဖမ်းပွဲ ရာသီများကို စတင်လေ့ ရှိသည်။
နှစ်စဥ် တရားရုံးသို့ အမှု မည်မျှ တရားစွဲဆို တင်ပို့စေသည် ဆိုခြင်းက ရဲများအတွက် အလုပ်ပြီးမြောက်မှု ရလာဒ်အဖြစ် သတ်မှတ်ထားသည်။
အမှုနည်းသည့် ရဲသည် အလုပ်မလုပ်သည့် ရဲဟူသည့် သဘောမျိုးလည်း ဖြစ်သည်။
” တရားခံ ဘယ်နှစ်ယောက် ဖမ်းတယ်။ အမှုဘယ်နှစ်ခု ရှာတယ်။ ဒါတွေက ရဲတွေအတွက် Performance ပေါ့။ Performance မကောင်းတဲ့ရဲက နယ်ပြောင်းတာတို့ ရာထူးမတိုးတာတို့ ဖြစ်လာတာပေါ့” ဟု အရှေ့ပိုင်းခရိုင်မှ ရဲအရာရှိတစ်ဦးက ပြောသည်။
ထို့ကြောင့် အမှုလိုသည့်အခါ ရဲများက လူဖမ်းပွဲရာသီများကို စတင်ကြခြင်း ဖြစ်ပြီး နှစ်ကုန်ပိုင်းအချိန်ကာလများက ၎င်းတို့အတွက် လူဖမ်းပွဲ အပြိုင်အဆိုင် ပြုလုပ်ရာ အချိန်များလည်း ဖြစ်သည်။
အဆိုပါ လူဖမ်းပွဲ ရာသီများ၌ မူးယစ်ဆေးဒိုင်များနှင့် လက်ဝါးချင်း ရိုက်ထားသည့် ရဲများက မူးယစ်ဆေးဝါး သုံးစွဲ သူများအား ပစ်မှတ်ထား ဖမ်းဆီးလေ့ရှိသည်။
လိုင်းကြေးယူထားသည့် ဒိုင်များ၏ နေရာများကို သိသော်လည်း အမှုလိုနေသည့် နယ်မြေခံ ရဲများမှာ ၎င်းတို့ စားပေါက် ပိတ်စေမည် ဖြစ်သည့်အတွက် ဖမ်းဆီးခြင်း ပြုမည်မဟုတ်ပေ။
မူးယစ်ဆေးဒိုင်များထံမှ ဝယ်ယူကာ ပြန်လာသူများအား စောင့်ကြိုကာ သတင်းအတိအကျ ရယူထားပြီးမှ စောင့်ဆိုင်းဖမ်းဆီးခြင်းများကို ပြုလုပ်ခြင်း ဖြစ်သည်။
” အင်းစိန်ကမ်းနားမှာဆို ပေါ်တင် ဗန်းနဲ့ ထည့်ရောင်းနေတာပဲ၊ ကြိုက်တဲ့သူ ဝင်ဝယ်လို့တယ်။ ဒါပေမယ့် အဝင်တစ်လမ်းအထွက်တစ်လမ်း သွားရတယ်။ ဒီကဝင်ပြီး ဒီကပြန်ထွက်ရင် ထိပ်မှာစောင့်နေတဲ့ ကြွက်(ရဲ)တွေက ကုပ်(ဖမ်း)သွားလိမ့်မယ်” ဟု အင်းစိန်ကမ်းနားရပ်ကွက်၌ နေထိုင်သူတစ်ဦးက ပြောသည်။
ထိုသို့ ဖမ်းဆီးရာတွင် မူးယစ်ဆေးဒိုင်များက ၎င်းတို့ထံ ဝင်ထွက်လေ့ရှိသည့် သုံးစွဲသူများထဲမှ ရဲများအတွက် အမှုရှာပေးရန် ရွေးချယ် သတင်းပေးရသည်များ လည်းရှိသည်။
ယင်းမှာ လိုင်းကြေးအပြင် ရဲများအတွက် အကျိုးဆောင်ပေးရသည့် အရာတစ်ခုဟု သိရသည်။
” ရဲတွေက အမှုလိုပြီဆို လူရှာခိုင်းတယ်။ အဲ့ဒါဆိုရင် သိပ် ရေမပေါက်(ငွေကြေးမရှိသည့်) တဲ့ user( မူးယစ်ဆေး သုံးစွဲသူ) တွေ ပေးရောင်းထားတဲ့ ချာတိတ်တွေကို ပေးရတယ်။ ဒါတွေက တကယ်ဖမ်း တကယ်ထောင် ချမယ့် သူတွေပေါ့” ဟု ရန်ကုန် အနောက်ပိုင်း ခရိုင်အတွင်း မူးယစ်ဆေးဖြန့်ချိသူ တစ်ဦးက ပြောပြသည်။
ယင်းသို့ လူမရှာပေးပါက အဆိုပါ မူးယစ်ဆေးဒိုင်များအား လွတ်လွတ်လပ်လပ် ရောင်းချခွင့်မရစေရန်အတွက် ရဲများက လိုက်လံ ပိတ်ပင်တားဆီးသည်ဟုလည်း ပြောသည်။
” လူဖမ်းပွဲ ရာသီ စနေပြီ”
ယခုကာလမှာ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးကာလဖြစ်ရာ ရန်ကုန်ရဲများ၏ လူဖမ်းပွဲရာသီ စတင်နေပြန်ပြီ ဖြစ်သည်။
တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ စသည့် မြို့နယ်များ၌ နေ့ခင်း အချိန်တွင်ပင် စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်သားများ ပေါင်း၍ မူးယစ်ဆေးရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်လျှက် ရှိနေသည်။
မူးယစ်ဆေးဒိုင်များ အခြေစိုက်ရာ ရပ်ကွက်များ၏ လမ်းများ၌ နေရာယူကာ လူငယ်များအား အဓိက ရှာဖွေ စစ်ဆေး ဖမ်းဆီး နေခြင်းလည်း ဖြစ်သည်။
” သူတို့ မူးယစ်ဆေးဝါး ရှာဖမ်းနေပုံပဲ၊ ဘောင်းဘီအိတ်တွေ၊ ပိုက်ဆံအိတ်တွေ အဓိကစစ်တယ်။ နိုင်ငံရေးကိစ္စဆို ဖုန်းကို အရင်ယူစစ်တာ။ အခုက ဖုန်းမစစ်ဘူး” ဟု ကိုယ်တိုင်တွေ့ကြုံခဲ့ရသည့် ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက တော်လှန်သူများကိုသာ အဓိက လိုက်လံဖမ်းဆီးနေရသဖြင့် ရန်ကုန်ရဲများ အတွက် ယခုနှစ် လူဖမ်းပွဲမှာ အမှုရှာခြင်းထက် မူးယစ်ဆေးဝါးဒိုင်များက လိုင်ကြေးမပေး၍ ပြုလုပ်ခြင်းဟု မူးယစ်ဆေးရောင်းသူများအကြား ပြောဆိုနေကြသည်။
” ဒိုင်ကြီးတွေက ပျူစောထီးတွေကြီးပဲ၊ ဒီဘဲတွေက လိုင်းကြေးမပေးတော့ဘူး။ အဲ့ဒီတော့ သူတို့ကို ဖမ်းလို့မရတော့ လိုင်းကြေးရအောင် လျှောက်ဖမ်းနေကြတာ” ဟု တောင်ဒဂုံမြို့နယ်မှ မူယစ်ဆေးဝါး လက်လီရောင်းချသူ တစ်ဦးက ယူဆပြောဆိုသည်။
ယင်းကြောင့် ဒိုင်ကြီး မဟုတ်သည့် လက်ခွဲဒိုင်များမှာ မူးယစ်ဆေးဝါး ရောင်းချခြင်းအား ခေတ္တရပ်နားထားလိုက် သည်ဟု သိရသည်။
” ကို…. လည်း ပါသွားပြီ။ ရပ်ကွက်ထဲ ဝင်ဖမ်းတာ။ ပျူတွေက အဖမ်းမခံရဘူး။.ပျူမဟုတ်ရင် ဝင်ဝင် ဖမ်းတာတွေ လုပ်မှာ။ အဲ့ဒါကြောင့် ခဏနားထားတယ်” ဟု အရှေ့ဒဂုံမြို့နယ်မှ မူးယစ်ဆေးဝါး လက်ခွဲရောင်းချသူ တစ်ဦးက ပြောသည်။
” အပင်ကို မြေသြဇာကျွေး၍ အခက်ဝေရန် ကိုင်းအဖျားကိုခုတ်”
စစ်ကောင်စီ လက်အောက်ခံ ရဲများသည် စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါး နှင့်ပတ်သတ်ပြီး သိသိသာသာပင် လျစ်လျူရှုထားသည်ဟု သိရသည်။
နယ်မြေခံ လူမိုက်များအား သတင်းပေး ပျူစောထီးများအဖြစ် မွေးမြူကာ မူးယစ်ဆေးဝါး ကိုလွတ်လပ်စွာရောင်းချခွင့် ပေးထားသည်။
ထို့ကြောင့်ပင် ရန်ကုန်မြို့၌ စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးများ ပို၍ပေါများလားပြီး လူငယ်အများအပြား မူးယစ်နွံနစ်ကုန်သည်များ ဖြစ်လာသည်။
သို့သော် ရန်ကုန်ရဲများက စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသည့် မူးယစ်ဆေးဝါး ဒိုင်များကို ဖမ်းဆီးခြင်း မပြုရဲဘဲ၊ မူးယစ်ဆေးဝါး ဒိုင်များကြောင့် မူးယစ်နွံနစ်နေရသူ လူငယ်များအား ပစ်မှတ်ထား ဖမ်းဆီးရန် ကြိုးစား နေခြင်း ဖြစ်သည်။
အခြေအနေမှာ မူးယစ်ဆေးဝါး စျေးကွက်ဟူသည့် သစ်ပင်ကြီး ကြီးထွားရှင်သန်ရေး မြေသြဇာများ ဝဝလင်လင် ကျွေးနေပြီး အကိုင်းအခတ်များ ဝေဆာရန် ကိုင်းဖျားကိုင်းနားများကို ခုတ်လေ့ရှိသည့် သဘောပင် ဖြစ်သည်။
အဆိုပါ မူးယစ်ဆေးဝါး စျေးကွက် သစ်ပင်ကြီးက ရန်ကုန်ရဲများအတွက် ငွေတွင်းကြီးလည်း ဖြစ်နေကာ လူငယ်များ မူးယစ်နွံနစ်နေခြင်းကလည်း စစ်ကောင်စီအတွက် တော်လှန်သူ နည်းသွားစေသည့် အကျိုးအမြတ်ကို ရရှိစေသည်။
” လူငယ်တွေ ဆေးကို စျေးပေါပေါနဲ့ ရကုန်တော့ ဆေးသမားတွေများလာရော။ အဲ့ဒီတော့ အာဏာရှင်ကို တော်လှန်ဖို့ လည်း စိတ်မဝင်စားတော့ဘူး။ အချိန်ပြည့် ဆေးချဖို့ပဲ တွေးကုန်လုပ်ကုန်ရောပေါ့။ ဒါပါပဲ ဇိုးတွေကို တမင် အရင်ထက် ပေါအောင် ဆေးတွေဖြန့်ချိခိုင်းတယ်။ လူငယ်တွေ စားဝတ်နေရေးမဟုတ်ရင် အပျော်အပါး မူးယစ်ဆေးနဲ့ပဲနေ၊ နိုင်ငံရေးဘက် လှည့်မလာနဲ့သဘောပါပဲ” ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ နိုင်ငံရေးလေ့လာသူတစ်ဦးက ယူဆပြောဆိုသည်။