“ နေမဝင်ခင် နေကွယ်သွားတဲ့နေ့ နေမဝင်ခင်နေကွယ်သွားတဲ့နေ့………” ဆိုသည့် စာသားနှင့်အတူ လောကကြီးကို စိန်ခေါ်လိုက်သည့် ရက်ပ်သီချင်းတစ်ပုဒ်သည် ယနေ့ ခေတ်စနစ်ကို အားမာန်အပြည့်ဖြင့် သရော်နေသလိုလိုပင်။
အဆိုပါ သီချင်းအား သီဆိုသူသည် အသက် ၁၉ နှစ်သာ ရှိသေးသည်။ ဆယ်တန်းအောင်ထားသည့် သူသည် မြန်မာနိုင်ငံ၏ ပညာရေးကို ယုံကြည်သူမဟုတ်ဘဲ Hip Hop Music ကိုသာ ယုံကြည်သူ လူငယ်တစ်ယောက်ဖြစ်သည်။
“ ကျတော့်နာမည်က စန်းမင်းပိုင်။ အသက်က ၁၉ နှစ်။ မြန်မာနိုင်ငံက တက္ကသိုလ်ပညာရေးကို အယုံအကြည်မရှိလို့ မတက်ဘူး။ ဘွဲ့ရလည်း ဘာမှသုံးစားလို့ မရဘူး။ ကျတော်ယုံကြည်တာ Hip Hop ဂီတပဲ။ ကျတော် Rap တွေ ရွတ်ရတာကို ကြိုက်တယ်” ဟု ဆိုသည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် ကိုစန်းမင်းပိုင်သည် သူယုံကြည်ရာ ဂီတလောကကို ဆက်လျှောက်လှမ်းနိုင်ရန် ကြိုးစားခဲ့သည်။ ထိုသို့ ကြိုးစားနေစဥ် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်အုပ်စုက နိုင်ငံကို အာဏာသိမ်းယူခဲ့သည်။
“ အာဏာသိမ်းပြီးချိန် ကျတော်တို့ HipHop လောကမှာ ကျင်လည်နေကြတဲ့လူငယ်တွေမှာ ရိုက်ခတ်မှုတွေ ဖြစ်လာတယ်။ အဲ့ဒီတုန်းက Revolution Rap တွေကို ဆိုကြတယ်။ နာမည်ကြီး Rapper တွေ ဆိုကြတာ။ အဲ့ဒီတုန်းက ကျတော် မဆိုနိုင်ခဲ့ဘူး။ ကျတော် လူငယ်တွေနည်းတူ ဆန္ဒပြပွဲတွေမှာ ပါဝင်နေပြီ” ဟု ကိုစန်းမင်းပိုက်က ရှင်းပြသည်။
ထိုကာလတွင် Hip Hop လောကမှ မန္တလေး Rapper ကိုအောင်ရန်တို့ကဲ့သို့ တော်လှန်ရေးနှင့် နှီးနွယ်သည့် Revolution Rap များ ထုတ်လုပ်သွားနိုင်သည်ကို အားကျသည်ဟု ကိုစန်းမင်းပိုင်က ဆက်ပြောသည်။
စစ်တပ်က ဆန္ဒပြလူထုလှုပ်ရှားမှုများကို ဖြိုခွင်းချိန်တွင် ကိုစန်းမင်းပိုင်လည်း လူငယ်များနည်းတူ ပါဝင်လှုပ်ရှားနေရင်း ၂၀၂၁ ခုနှစ် သြဂုတ်လတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
“ ကျတော်ကိုယ်တိုင်လည်း Revolution Rap တွေ ချပြချင်ခဲ့တာ။ ဒါပေမယ့် လူငယ်တွေနည်းတူ လှုပ်ရှားမှုတွေ ပါဝင်ရင်း ပခုံးပေါ်ကို တာဝန်တွေက ကျလာတယ်။ အနုပညာနဲ့ တော်လှန်မယ်ဆိုတဲ့ လမ်းစဥ်ကိုတော့ သွေဖည်ခဲ့ရတာပေါ့ဗျာ။ အဲ့ဒီလိုနဲ့ အဖမ်းခံခဲ့ရတာပေါ့ဗျာ” ဟု စကားဆိုရင်း ရယ်နေသည်။
ကိုစန်းမင်းပိုင်ကို ဖမ်းဆီးနိုင်ခြင်းမရှိသေးခင် အချိန် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် စစ်ကောင်စီက ၄င်း၏ မိသားစုဝင်အကုန်လုံးကို ဖမ်းဆီးခဲ့သေးသည်။ ၄င်း အဖမ်းခံရပြီးနောက် စစ်ကြောရေးစခန်း ၃ ခု၊ ရဲစခန်း ၄ ခုတွင် တစ်နှစ်ကျော်ကြာ ချုပ်နှောင် စစ်ဆေး ခံရပြီးနောက် သန်လျင်လူငယ်ထောင်သို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။
လူငယ်ထောင်တွင် ၈ လကြာနေထိုင်ပြီးနောက် ၂၀၂၂ စက်တင်ဘာ ၂၃ ရက်နေ့တွင် လူငယ်အကျဥ်းသား ၁၄ ဦးထွက်ပြေးခဲ့ကြပြီး ထိုထဲတွင် ကိုစန်းမင်းပိုင်ပါဝင်ခဲ့သည်။ အချို့မှာ လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်ခဲ့ရသည်။ ထိုသို့ ထွက်ပြေးခဲ့ပြီးနောက် စက်တင်ဘာ ၂၉ ရက် ည ၆ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီလက်ခံအဖွဲ့မှ ကိုစန်းမင်းပိုင်၏ မိဘနှစ်ဦးကို တောင်ဒဂုံမြို့နယ်တွင်ရှိသည့် နေအိမ်အပေါ်အထိ တက်ကာ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်သတ်ခဲ့သည်။
“ ၂၉ ရက်နေ့က ညနေဘက်ကြီး အဖေနဲ့ အမေသေပြီ ဆိုပြီး သတင်းတွေ တက်လာတယ်။ အဲ့ဒီ မတိုင်ခင်တုန်းက တောင်ဒဂုံမြို့နယ်မှာ စစ်ကားတွေ ပိတ်ဆို့ စစ်ဆေးနေတယ်ပေါ့။ အဲ့ဒီတုန်းက အိမ်ကို ဝင်ဖမ်းနေတာလားမသိဘူးလို့ တွေးလိုက်မိသေးတယ်။ သတင်းတွေ ထပ်လိုက်ကြည့်တော့ အဖေနဲ့အမေကို စစ်တပ်က ပစ်သတ်သွားပြီ” ဟု ကိုစန်းမင်းပိုင်က ပြောပြသည်။
မြန်မာစစ်တပ်သည် ကိုစန်းမင်းပိုင်၏ နေအိမ်ကို စောင့်ကြည့်မှု ပြုလုပ်ခဲ့သဖြင့် မည်သူမျှ အိမ်အတွင်းမဝင်ရဲခဲ့ဘဲ မိဘများ၏ နာရေးကိုလည်း အိမ်ရှေ့ လမ်းမပေါ်တွင် ဖျာခင်းကာ မိသားစုဝင်များက တရားနာအမျှဝေခဲ့ရသည်ဟု ဆိုသည်။
ကိုစန်းမင်းပိုင်၏ မိဘများအတွက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဗကသကျောင်းသားဟောင်းတစ်ဦးက အခုလို မှတ်ချက်ပြုသည်။
“ ဒီကာလမှာ စစ်တပ်က လူပေါင်းများစွာကို အကြောင်းမဲ့ ပစ်သတ်တဲ့ ဖြစ်စဥ်တွေက အများကြီးရှိပါတယ်။ ကိုစန်းမင်းပိုင်ရဲ့မိဘတွေ သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်တွေအပါအဝင်ပေါ့ဗျာ။ အဲ့ဒီလို သတ်ဖြတ်ခံရတာတွေအတွက် တရားမျှတမှုရှိနိုင်ဖို့ကို ကျတော်တို့ ပိုကြိုးစားရမှာပါ။ အဲ့ဒီပြစ်မှုတွေကို စစ်ကောင်စီက တချိန်ချိန်မှာ ပြန်ပေးဆပ်ရပါလိမ့်မယ်” ဟု ဆိုသည်။
မိဘများအသတ်ခံရသည့် သတင်းကြားရချိန်တွင် ကိုစန်းမင်းပိုင်သည် နယ်မြို့တစ်မြို့၏ safe house တစ်ခုတွင်သာ ရှိသေးသည်။ ထို့နောက် လွတ်မြောက်ဒေသတစ်ခုသို့ ရောက်ရှိခဲ့ပြီး တော်လှန်ရေးအတွင်း ကျရာတာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့သည်။
လက်ရှိတွင် ကိုစန်းမင်းပိုင်သည် အညာဒေသအခြေစိုက် အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (ADPRA) တွင် ပြင်ပဆက်ဆံရေးတာဝန်ခံအဖြစ် တာဝန်ယူထားပြီး တော်လှန်ရေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်လျက်ရှိသည်။
“ ကျတော်နိုင်တဲ့ဘက်က တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်တယ်။ အကုန်လုံးကိုတော့ မကူနိုင်ပါဘူး။ ကူညီနိုင်တာမှန်သမျှတော့ အကုန်ချိတ်ဆက် လုပ်ဆောင်ပေးတယ်” ဟု ၄င်းက ပြောသည်။
ထိုသို့ထမ်းဆောင်နေရင်း သူယုံကြည်ရာ hiphop ဂီတလမ်းကြောင်းပေါ်တွင်လည်း ဆက်လက်လျှောက်လှမ်းခဲ့သည်။
“ အဖေနဲ့ အမေက တရားဥပဒေမဲ့စွာ အသတ်ခံခဲ့ရတာ။ ဖက်ဆစ်စစ်တပ်က အဖေနဲ့ အမေအပါအဝင် လူပေါင်းများစွာကို နည်းမျိုးစုံနဲ့ သတ်ခဲ့တယ်။ ကျတော်တို့ အနိုင်ရသွားတဲ့နေ့မှာ ဖက်ဆစ်စစ်တပ်က သူလုပ်ခဲ့တဲ့ အရာတွေအတွက် တရားမျှတမှုကို ပြန်ပေးရမယ်။ အဖေနဲ့ အမေအတွက်လည်း ပါဝင်ရမယ်။ အဲ့ဒါကြောင့် ဒီသီချင်းကို ထုတ်လုပ်ခဲ့တာ” ဟု ကိုစန်းမင်းပိုင်က ရှင်းပြသည်။
“ နေမဝင်ခင် နေကွယ်သွားတဲ့နေ့” အပါအဝင် ကိုစန်းမင်းပိုင် ဖန်တီးဖြစ်ခဲ့သည့် Hip Hop သီချင်းများ နားထောင်ခဲ့ဖူးသည့် ကိုစန်းမင်းပိုင်နှင့် ရင်းနှီးသူတစ်ဦးက ယခုကဲ့သို့ မှတ်ချက်ပြုသည်။
“ လူငယ်တိုင်းကတော့ ရူးသွပ်မှု ကိုယ်စီရှိကြတာပဲ။ ကျတော်ကိုယ်တိုင်လည်း ရက်ပ်တွေ ကြိုက်တယ်။ လုံးဝ free style ပဲ။ အခု နေမဝင်ခင် နေကွယ်သွားတဲ့နေ့ သီချင်းကို နားထောင်လိုက်ရတာတော့ ရင်ထဲ အရမ်းနင့်တယ်။ ဘယ်လိုခံစားရလဲ မေးရင် ကျတော်ပြန်မပြောတတ်ဘူး။ ဘာလို့လဲဆိုတော့ ပြောစရာစကားလုံးမရှိလို့ဘဲ” ဟု ကိုမျိုးက ပြောသည်။
ကိုစန်းမင်းပိုင်၏ သီချင်းနှင့် ပတ်သက်ပြီး NUG ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်ကလည်း ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် “ခင်ဗျားတို့ ကျတော်တို့ နားထောင်ကြရမယ့် သီချင်း” “နေမဝင်ခင် နေကွယ်သွားတဲ့ နေ့”ဟု ရေးသားထားသည်။
“ Rap နဲ့ တော်လှန်တာ ရှိတယ်ဗျ။ အဖိနှိပ်ခံရသူတွေရဲ့ ပေါက်ကွဲသံစဥ်တွေပဲ။ အဲ့ဒီလိုခံယူပြီး လုပ်ကိုင်နေသ၍တော့ ကျတော်ထုတ်မယ့် သီချင်းတွေက ဖိနှိပ်ခံရသူတွေအတွက် ပေါက်ကွဲသံစဥ်တွေ ဖြစ်နေမှာပဲ။ ဖက်ဆစ် စစ်တပ်အတွက်ကတော့ သွေးလန့်စရာ သံစဥ်တွေ ဖြစ်နေမှာပဲ” ဟု ကိုစန်းမင်းပိုင်က သူ့ခံယူချက်ကို ပြောပြသည်။
မိဘများက သဘောမကျခဲ့သည့် Rap သီချင်းများနှင့် တော်လှန်နေသည်ကိုမြင်လျှင် ပြုံးနေမည်ဟု မှတ်ယူကြောင်း ကိုစန်းမင်းပိုင်က ဆိုသည်။
“ ကျန်ခဲ့တဲ့လူတွေထက် ချန်ခဲ့တဲ့သူတွေက ပိုပြီးခံစားရတယ်။ ကျတော်တို့ တာဝန်မကျေမှာလည်း စိုးရိမ်ရတယ်။ ကျနော် သီချင်းတွေဆက်ဆိုမယ်။ ဆက်ပြီး တော်လှန်သွားမယ်” ဟု ကိုစန်းမင်းပိုင်က သူ၏ တော်လှန်ရေးအတွက် ယုံကြည်ချက်ကို ပြောပြသည်။
ကိုစန်းမင်းပိုင်၏ “ နေမဝင်ခင် နေကွယ်သွားတဲ့နေ့ ” သီချင်းသည် စစ်ကောင်စီ လက်ချက်ကြောင့် ကွယ်လွန်ခဲ့ရသည့် သူ့မိဘများ ၂ နှစ်ပြည့်နေ့ဖြစ်သည့် စက်တင်ဘာ ၂၉ရက်တွင် ထုတ်လွှင့်သွားမည်ဖြစ်သည်။