” တီး—တီး—တီး—“ ဟု ဆိုင်ကယ်ဟွန်းတီးသံများနှင့်အတူ ” ကိုရခိုင်ရေ …ဘာတွေယူဦးမလဲ ” ဟူသည့်အသံကိုညနေ သုံးနာရီကျော်အချိန်တိုင်း အမြဲကြားနေရသည်။
ထိုကဲ့သို့ သုံးဘီးတွန်းလှည်းတွင် နှစ်ဘီးဆိုင်ကယ်တပ်ထားသည့် လှည်းကလေးများသည် သည်နေရာတွင်အသုံးပြုမှုများပြားနေသည်။
ထိုလှည်းလေးများကို ” စံပလော” ဟု သည်အရပ်တွင်ခေါ်ဝေါ်ကြပြီး ထိုစံပလောများဖြင့် စျေးပတ်ရောင်းကြခြင်း၊ ပစ္စည်းများပို့ခြင်းများတွင် အဓိကအသုံးပြုကြသော်လည်း တခါတရံ လူများလိုက်ပါစီးနင်းခြင်းများလည်း ရှိကြသည်။
ထိုစံပလောဖြင့် တစ်မြို့လုံးပတ်ပြီး စျေးရောင်းနေသည့်နေရာမှာ ထိုင်း- မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် မဲဆောက်မြို့ထဲတွင် ဖြစ်သည်။
ထိုစျေးရောင်းနေသူမှာ အသက် ၃၀ ကျော်အရွယ်၊ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးဖြစ်ပြီး သူမဆီမှ ပုံမှန်ဝယ်ယူနေသည့် ရခိုင်လူမျိုးမိသားစုအိမ်ရှေ့အရောက်တွင် ပုံမှန်မေးမြန်းရောင်းချနေခြင်းဖြစ်သည်ဟု သူမက ရှင်းပြသည်။
” သူတို့နဲ့က တအားရင်းနှီးနေကြပါပြီ။ သူတို့ကပုံမှန်ဝယ်ယူကြပါတယ်။ နောက်ပြီး သူတို့လိုချင်တာတွေရှိရင်လည်း မှာလိုက်တယ်။ ညီမက နောက်နေ့ ဝယ်လာပေးပါတယ် ” ဟု မညိုညိုက ပြောသည်။
မညိုညိုသည် မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦးဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဘဝရပ်တည်ရေးအတွက် ထိုင်းနိုင်ငံသို့ မိသားစုလိုက် ရွှေ့ပြောင်းလုပ်သားများအဖြစ် လာရောက်နေထိုင်နေခြင်းဖြစ်သည်။
သူမက မော်လမြိုင်ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံသို့ရောက်ရှိနေသည်မှာ ၁၁ နှစ်ခန့်ရှိပြီ ဖြစ်သည်။ မညိုညိုက မပိန်မဝခန္ဓာကိုယ်ရှိပြီး သနပ်ခါးဖွေးနေအောင် လိမ်းထားလေ့ရှိကာ စကားပြောလျှင် တပြုံးပြုံးနှင့်မို့ သူမ၏ဖောက်သည်များက သူမကို ခင်မင်နှစ်လိုကြသည်။
သူမတွင် မိသားစုနှင့် ကျောင်းနေအရွယ်ကလေးများရှိသည့်အတွက် လင်ယောကျ်ားတစ်ဦးတည်း၏ လုပ်အားခဝင်ငွေဖြင့် မလုံလောက်သဖြင့် သူမကိုယ်တိုင် စျေးရောင်းဝင်ငွေရှာပြီး မိသားစုဘဝ ရပ်တည်ရေးအတွက်ကြိုးပမ်းလုပ်ဆောင်နေခြင်းဖြစ်သည်ဟု သူမကရှင်းပြသည်။
သူမသည် မဲဆောက်မြို့တွင်းနေရာအနှံ့သို့ လှည့်လည်စျေးရောင်းရာတွင် လူများစုဖြင့် ပြောဆိုဆက်ဆံအဆင်ပြေသော်လည်း ကိုရခိုင်မိသားစုကို ပိုပြီးခင်မင်မိသည့်အပြင် အပြန်အလှန် ကူညီမှုများလည်းရှိသည်ဟု ဆိုသည်။
” ညီမဆီက တခါမှစျေးမဆစ်သလို ပိုက်ဆံတွေလဲစရာမရှိရင်လည်း ယုံယုံကြည်ကြည် ပေးလိုက်ပါတယ်။ နောက်နေ့တွေမှာ လိုချင်တာတွေဆက်ယူပါတယ်။ ပစ္စည်းတွေဝယ်ဖို့မှာလိုက်ရင်လည်း ဘာမှစောဒကမတက်ပါဘူး။ မိသားစုကိစ္စတွေကအစ အပြန်အလှန်ဆွေးနွေးတိုင်ပင်ကြတာတွေ ရှိပါတယ်။” ဟု သူမက ရှင်းပြသည်။
မညိုညို မြန်မာပြည်တွင်းတွင် နေထိုင်ခဲ့စဉ်က ခွဲခြားဆက်ဆံမှုမျိုးများ ကြုံခဲ့ရဖူးသည်ဟု ဆိုသည်။
“ ပြည်တွင်းမှာ ခွဲခြားဆက်ဆံခံရတာမျိုးတွေရှိခဲ့တယ် ဒီမှာက မခွဲခြားဘူး ဗမာပြည်မှာ ကုလားကို တအားနှိမ်တယ်။ ခွဲခြားဆက်ဆံခံရတဲ့အခါ တအားဒေါသထွက်တယ်။ ကျွန်မတို့က ဗမာတွေကြားမှာပဲ ပေါက်ဖွားခဲ့တာပါ။ လူလူချင်းအတူတူ ဒီလူပဲကို ဘာဖြစ်လို့ ခွဲခြားတာလဲဆိုတာကို စိတ်နာတယ် ။
အစ္စလာမ်ဝတ်ပြုကျောင်းများသွားရောက်ရာတွင်လဲ စောင်းမြောင်းဆဲဆိုခံရခြင်း ရှိခဲ့ပြီး “ ေ…ာက်ကုလားတွေ “ “ ဝက်သားကျွေးပစ်မယ်” ဟု ပြောဆိုခံခဲ့ရဖူးသည်ဟု သူမက ဆိုသည်။ လူငယ်လဲဖြစ် အမျိုးသမီးလဲဖြစ်သည့် သူမက ရန်လဲမဖြစ်ရဲဘဲ ခွန်းတုံ့ပြန် ပြောဆိုခဲ့ခြင်းမရှိသော်လည်း
“ ခွဲခြားဆက်ဆံခံရတဲ့အခါ ဘာဖြစ်လို့ တို့ကို ဒီနိုင်ငံမှာလာမွေးလဲ ဆိုပြီး ကိုယ့်ကိုကိုယ် ဒေါသထွက်တယ်။ မိဘတွေကို စိတ်ဆိုးမိတယ် “ သူမ စိတ်အနာတရ ဖြစ်ခဲ့ရပုံကို ပြောပြသည်။ သူမ၏ သားသမီးများကိုတော့ သူမခံစားခဲ့ရသည့် ခံပြင်းမှုများမခံစားရစေဖို့ သည်းခံတတ်ရန် အဓိက သင်ကြားဆုံးမပေးခဲ့သည်ဟု သူမက ဆိုသည်။
အာဃာတတရားမထားတတ်သည့် သူမက အခုတော့ဖြင့် အားလုံးကိုသင်ပုန်းချေနိုင်ခဲ့ပြီး ဗုဒ္ဓဘာသာဝင် မိတ်ဆွေအများအပြားနှင့် ချစ်ချစ်ခင်ခင်နေထိုင်နေပြီ ဖြစ်သည်။
” ပြီးတာတွေလဲ ပြီးပါပြီ စိတ်ထဲမှာ ဘာမှမရှိတော့ပါဘူး အခု ဗုဒ္ဓဘာသာဝင်မိတ်ဆွေတွေနဲ့ အရမ်းခင်တယ်။ စျေးရောင်းရင်း ကျွန်မကို “ အမ ဝက်သားပါလား “ မေးလို့ ကျွန်မက “ ကျွန်မ အစ္စလာမ်ပါ ဝက်သားရောင်းလို့ မရဘူး“ ပြောရင် “ ကန်တော့ ကန်တော့ အမရေ မေ့သွားလို့ပါနော် “ ဆိုပြီး တောင်းပန်ကြတယ် ဟု သူမက ပြောသည်။
စီးပွားရေးကျပ်တည်းလာမှုကြောင့် ပြောင်းရွှေ့လုပ်သားအဖြစ် ထိုင်းနိုင်ငံအတွင်း အခြေချဝင်ရောက် နေထိုင်ခဲ့ကြရသော်လည်း လူမျိုးရေး ဘာသာရေး ခွဲခြားမှုမရှိဘဲ တန်းတူညီမျှဆက်ဆံခံရမှုကြောင့် သူမစိတ်လုံခြုံမှုရှိခဲ့ပြီးသူမသားသမီးများအတွက် စိတ်သက်သာရာရခဲ့သည်ဟု သူမက ဆိုသည်။
“ သားသမီးတွေက ငယ်ငယ်ထဲက ဒီကိုပြောင်းလာခဲ့တော့ သူတို့ ခွဲခြားဆက်ဆံခံရတာမျိုးတွေ မရှိဘူး အားလုံးချစ်ချစ်ခင်ခင်ပဲ။ ကျွန်မက အစ္စလာမ်ဘာသာဝင်မျိုးသမီးမို့ ပဝါခြုံပြီးသွားရင် ပုလိပ်မဖမ်းဘူး။ ဒီမှာ အဲ့လိုဦးစားပေးတယ် ။ ဉပုသ်လတွေဆိုရင်လဲ ညနေ ဥပုသ် ဖြေတဲ့အခါ အစ္စလာမ် ကျောင်းနားမှာ ဝတ်ပြုခါနီးအစားအစာတွေရောင်းတဲ့နားမှာဆို ပုလိပ်တွေက အကာအကွယ် အစောင့်အရှောက်ပေးတယ်။ အဲ့လိုကျတော့ ဒီမှာတအားကောင်းတယ်။ ”
“ ဒီမှာ ကုလားရောရှိတယ် ဗမာရောရှိတယ် ရှမ်းလဲ ရှိတယ် ကရင်လဲ ရှိတယ်။ အားလုံးအေးဆေးပဲ ချစ်ချစ်ခင်ခင်နေကြတယ်။ တခါတရံ ကုလားမတို့ဘာတို့ခေါ်ပြီး စနောက်ကြတာတော့ရှိတယ်။ ကျွန်မက အစ္စလာမ်ပါ ကုလားမဟုတ်ဘူး ။ဒါကြောင့် သူတို့အထင်မြင်လွဲ မှားခေါ်နေကြတာအတွက် ဘယ်လိုမှ မခံစားရပါဘူး။ အမျိုးသားကတော့ အဲ့လိုခေါ်ခံရရင် စိတ်ဆိုးတတ်တယ်။ ကျွန်မကတော့ ဘယ်ဘာသာပဲ ကိုးကွယ်ကြသည်ဖြစ်စေ အားလုံးတည့်တည့်မတ်မတ်နဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြမယ်ဆိုရင် ကောင်းမယ်လို့ထင်တယ် ဟု မညိုညိုက သနပ်ခါးပါးကွက်ကျားအောက်မှ အပြုံးချိုချိုနှင့် ဆိုသည်။
စံပလော စျေးသည်လေး မညိုညို၏ ပင်တိုင်ဖောက်သည် ကိုရခိုင်ကတော့ “ကျွန်တော်က သူငယ်တန်းကနေ ဆယ်တန်းအထိ ကျောင်းနေဖက်တွေက သူငယ်ချင်းအများစုက အစ္စလာမ် ဘာသာဝင်တွေဆိုတော့ ကျွန်တော်တို့အတွက်ကတော့ ထူးခြားမှုမရှိပါဘူး။ ငယ်ငယ်ထဲကလဲ သူငယ်ချင်း ခုချိန်ထိလဲ သူငယ်ချင်းမို့ ခွဲခြားဆက်ဆံခဲ့တာမျိုး မရှိပါဘူး ။ ကျောင်းနေဘက် ၉၀ ရာနှုန်းလောက်က သူတို့ဖြစ်တာမို့ ကျွန်တော်က သူတို့နဲ့ ချစ်ချစ်ခင်ခင်ပဲ ရှိပါတယ် “ လို့ ဆိုလာသည်။
ဆက်လက်ပြီး “ တချို့တွေခွဲခြားမှုရှိတယ်ဆိုတာ ဘာသာနဲ့ အယူဝါဒကွဲပြားမှုအပေါ် ခံယူချက် ကွဲပြားသွားပြီး အဲ့ဒီအပေါ် ရပ်တည်ချက်ကွဲလွဲသွားတာတွေကြောင့်ပါ ။ လူမျိုး တခုတည်း ဘာသာတခုတည်းပဲ ရှိမယ်ဆို ကမ္ဘာကြီးလို့ ခေါ်လို့မရပါဘူး။ ကမ္ဘာကြီးပေါ်မှာ မတူညီတာတွေ ပေါင်းစပ်ထားမှ အတူတူယှဉ်တွဲနေထိုင်နိုင်မှ လှပတဲ့ ကမ္ဘာကြီး ဖြစ်မှာပါ။ အဓိကက ကျွန်တော်တို့ အချင်းချင်း အပြန်အလှန် လေးစားအသိမှတ်ပြုဖို့ လိုတယ် “ ဟု ကိုရခိုင်က မှတ်ချက်ပြုလာခဲ့သည်။
မြန်မာပြည်တွင် ရွေးကောက်ခံပြည်သူ့အစိုးရကို စစ်တပ်ကအာဏာသိမ်းလို က်သည့် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ရက်နေ့နောက်ပိုင်းတွင် ပြည်သူလူထုတစ်ရပ်လုံး ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ထိုကဲ့သို့ပြည်သူလူထု၏စစ်အာဏာရှင်ဆန့်ကျင်ရေးကန့်ကွက်ဆန္ဒပြမှုများကို အာဏာသိမ်းစစ်တပ်မှအကြမ်းဖက်နှိမ်နင်းပြီးဖမ်းဆီးသတ်ဖြတ်မှု၊ တရားစွဲဆိုထောင်ဒဏ်ချမှတ်မှုများပြုလုပ်လာခဲ့သည်။
အာဏာသိမ်းစစ်တပ်က ပြည်သူလူထုအား မတရားဖမ်းဆီးရာတွင် ဦးဆောင်ပြုလုပ်သူများ သာမက ထိုသူများ၏မိသားစုဝင်များကိုပါ ဖမ်းဆီးမှုများ၊နေ အိမ်များကို ပိတ်သိမ်းမှုများအထိပြု လုပ်လာခဲ့သည်။
ထိုလုပ်ရပ်များကြောင့် စစ်အာဏာရှင်ဆန့်ကျင်သူများသည် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့်နယ်မြေများနှင့်အိမ်နီးချင်းနိုင်ငံများသို့ နယ်လမ်းပေါင်းစုံဖြင့် ထွက်ပြေးခိုလှုံနေကြရသည်။
ထိုအထဲတွင် ရန်ကုန်မြို့၌ လူထုဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သည့် ကိုရခိုင်လည်း ပါဝင်ခဲ့ပြီး သူသည်အာဏာသိမ်းစစ်တပ်၏အမှုဖွင့်ဖမ်းဆီးရန်ကြိုးစားမှုကို တိမ်းရှောင်ရင်း မဲဆောက်မြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။
မြန်မာပြည်တွင် ၂၀၁၂ ခုနှစ်က ရခိုင်နှင့်မူဆလင်များကြား လူမျိုးရေး၊ဘာ သာရေးဆန်သည့်ပဋိပက္ခများဖြစ်ပွားခဲ့သော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာမူ လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံက ပါဝင်ခဲ့ကြသည်။
ထိုလှုပ်ရှားမှုများနှင့်အတူ စစ်အာဏာရှင်၏ အကြမ်းဖက်မှုရန်မှ တိမ်းရှောင်နေကြရချိန်တွင်လည်း စုံလင်ကွဲပြားသည့်လူမျိုး၊ ဘာသာများကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန် ကူညီမှုများရှိနေသည်။
” ကျွန်တော်တို့က ထိုင်းစကားတွေကိုနားမလည်သလို သွားလာဖို့ကလည်းအခက်အခဲရှိတော့ သူ့ဆီကပဲ ဝယ်ပါတယ်။လိုချင်တာတွေရှိရင်လည်း သူနဲ့ပဲမှာလိုက်ပါတယ်။ သူနဲ့က ကိုးကွယ်ယုံကြည်ရာ ဘာသာတွေ မတူကြပေမယ့် မောင်ရင်းနှမတွေလိုပါပဲ။ စိတ်ချရပါတယ် ” ဟု ကိုရခိုင်က ပြောသည်။
ထိုမဲဆောက်ရောက်မြန်မာများကြားတွင် အချင်းချင်းအကူအညီပေးသည်ဟုဆိုပြီး လိမ်လည်မှုများရှိနေသော်လည်း လူမျိုး၊ဘာသာမတူသည့် သူတို့ကြားတွင် ယုံကြည်မှုများခိုင်မာနေကြသည်ဟု ဆိုကြသည်။
မြန်မာပြည်တွင် စစ်အာဏာသိမ်းမှုနှစ်နှစ်ကျော်အကြာ ထိုင်း-မြန်မာချစ်ကြည် ရေးတံတားကို ပြန်ဖွင့်ပြီးနောက်စစ်ကောင်စီ၏ထောက်လှမ်းရေးများသည်မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားမှတဆင့်မဲဆောက်မြို့တွင်သို့လာရော က်စုံစမ်းရှာဖွေမှုများရှိနေသည်။
ထိုအခြေအနေများကြောင့် စစ်အာဏာ ရှင်ဆန့်ကျင်သူများသည် မလိုအပ်ဘဲပြင်ပသို့ ထွက်ခွာသွားလာမှုများကိုရှော င်ရှားလာကြသည့်အပြင် စျေးဝယ်ရန်တောင် အပြင်သို့မသွားရောက်ကြတော့ကြောင်း ဆိုကြသည်။
ယင်းကြောင့် စစ်အာဏာရှင်ဆန့်ကျင်သူများကြား ယုံကြည်စိတ်ချရသည့် ဆန်ပလောစျေးသည်ရိုဟင်ဂျာမလေးသည် ထောက်ပို့တာဝန်ခံတစ်ဦးလိုဖြစ်နေပြီးသူမသည် အချိန်မှန်မှန် အိမ်ရှေ့အရောက်ဝန်ဆောင်ပေးနေသည့်အပြင် လိုအပ်သည့်အခြားပစ္စည်းများ၊ဆေးဝါးများကိုလည်း လာရောက်ဝယ်ယူပေးနေမြဲပင်ဖြစ်သည်။
” ဘယ်သူတွေက ဘာတွေပဲမှာလိုက်မှာလိုက် ကျမကတော့ စီးပွားရေး ဆိုတာထက် ကိုယ့်တာဝန်လို့ခံယူပြီး မရရင်ရအောင်ရှာဝယ်ယူလာပေးပါတယ်။စကားမပေါက်သူတွေများတော့ ဆေးဝါးကအစ ပစ္စည်းတွေလိုချင်ရင် ကိုယ်တိုင်သွားဝယ်ကြဖို့က အဆင်မပြေကြဘူး။ နောက်ပြီးလမ်းမှာအဖမ်းခံရမှာလည်း စိုးရိမ်ကြတာပေါ့။ ” ဟုသူမက ရှင်းပြသည်။
မြန်မာပြည်၏စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများသည် ပြည်သူထူလူ ၏လူထုလှုပ်ရှားမှုဆန္ဒထုတ်ဖော်ပွဲများနှင့်အတူ လက်နက်ကိုင်ခုခံတော်လှန်စစ်လည်း အရှိန်အဟုန်မြင့် အားကောင်းလာနေသည်။
ထို့အတူ အာဏာသိမ်းစစ်တပ်မှလည်း နည်းလမ်းပေါင်းစုံဖြင့် ဖိနှိပ်မှုများပြု လုပ်နေရာ ဖမ်းဆီးသတ်ဖြတ်၊တရားစွဲ၊ ထောင်ချ၊သေဒဏ်များချမှတ်ခံရမှုများအပြင် ထွက်ပြေးတိမ်းရှောင်နေရမှုများလည်းနေ့စဥ်ရက်ဆက်ရှိနေသည်။
ထိုအခြေအနေများကြောင့် မဲဆောက်မြို့ရောက် စစ်အာဏာရှင်ဆန့်ကျင်သူ များအတွက် ယုံကြည်စိတ်ချရသည့်ထောက်ပို့စျေးသည် စံပလောမောင်းသူ ရိုဟင်ဂျာအမျိုးသမီးလေးမညိုညိုကို အားကိုးနေကြရဦးမည်ဖြစ်ပေတော့သည်။