By MPA / ဆုမိုး
“စပါးရွှေဝါ တောင်လိုပုံ ဆီကိုရေချိုး ဆေးရိုးမီးလှုံ၊ ဆေးရိုးမီးလှုံ”
အတိတ်တဘောင်နဲ့ နိမိတ်များကို ယုံကြည်ကြသော မြန်မာတို့အကြား တေးရေး ဝင်းလွင် (အောင် တော်မူ) ၏ ချစ်အာရုံသီချင်းမှာ ရှေးယခင်မှသည် ယနေ့ထိတိုင် ခေတ်အဆက်ဆက် အဆိုတော် များက ပြန်လည်သီဆိုလေ့ရှိကြသော သီချင်းတစ်ပုဒ်ဖြစ်သည်။
စိုက်ပျိုးရေးကို အဓိကထားသည့် မြန်မာနိုင်ငံ၏ ပြည့်စုံကြွယ်၀မှုကို ဖော်ညွှန်းခဲ့ရုံမက အတိတ်နိမိတ် ကောင်းများကို မက်မောလွန်းသော လူကြီးသူမများက မကြာခဏဖွင့်လေ့ရှိသည့် သီချင်းလည်း ဖြစ်သည်။
သို့သော် ယနေ့လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေများကတော့ သီချင်းစာသားနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေသည်။ နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသော စားသုံးဆီစျေးနှုန်းက ပြည်သူများအကြား ကြီးမားသော အခက်အခဲတစ်ခု ဖြစ်လာနေသည်။
“အခုတော့ စားအုန်းဆီပြောင်းစားနေတယ်။ အဓိကတော့ ငါးပိရည်ကောင်းကောင်းကျိုပြီး တို့စရာရှိရင် အစ်မတို့လူကြီးတွေက စားနိုင်တယ်။ ကလေးအတွက်တော့ ဟင်းလုပ်ပေးရတယ်”ဟု မနွေးနွေးကဆိုသည်။
တစ်နေ့တစ်ခြား မနားတမ်း တက်လာနေသော ကုန်စျေးနှုန်း အထူးသဖြင့် စားသုံးဆီစျေးနှုန်းကြောင့် မနွေးနွေး တစ်ယောက် သူ့မိသားစု၏ နေထိုင်စားသောက်ပုံကို ပြောင်းလဲနေရသည်။
စစ်အာဏာသိမ်းပြီးချိန်မှစကာ ငွေကြေးဖောင်းပွမှုပြဿနာ၊ ကုန်စျေးနှုန်းကြီးမြင့်မှုပြဿနာ၊ လိုအပ်သည့်အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ လွယ်လင့်တကူမရရှိနိုင်သည့် ပြဿနာ၊ အလုပ်လုပ်ရန်သွားလာရ ခက်ခဲလာသည့် ပြဿနာကို မနွေးနွေးအပါအဝင် နိုင်ငံတဝန်း က ပြည်သူလူထုတရပ်လုံး ခံစားကြုံတွေ့နေရသည်။
မနွေးနွေးမှာ အခြေခံပညာ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းမှုကို ဖီဆန်တော်လှန်သည့် CDM လှုပ်ရှားမှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတည်းကပင် ပြတ်ပြတ်သားသား ပါဝင်ထားသူဖြစ်သည်။
လက်ရှိအချိန်တွင် အလုပ်အကိုင်ရရှိဖို့လည်း ခက်ခဲနေသည့်အတွက် ခင်ပွန်းဖြစ်သူ၏ ဝင်ငွေကိုသာ မှီခိုရင်း မိသားစုနေ့စဉ် စားသောက်ရန် စီမံရသည့်အခါတိုင်း စိတ်ပင်ပန်းလွန်းလှသည်ဟု သူမက ဖွင့်ဟပြောဆိုသည်။
“အရင်က နေကြာဆီ Sunar ဆို တစ်ပိဿာကို လေးထောင်ကျော်ပဲရှိတာ။ အခုတော့ စားအုန်းဆီ တောင် တစ်ပိဿာ ကိုးထောင်ကျော်”ဟု သူက ဆိုသည်။
စားသုံးဆီစျေးနှုန်းများ မြင့်တက်နေခြင်းကြောင့် အရည်အသွေးကောင်းမွန်သည့် ဟင်းချက်ဆီကို သုံးစွဲနိုင်ခြင်း မရှိတော့ဘဲ စားအုန်းဆီကိုသာ ပြောင်းလဲသုံးစွဲနေကြရသည်။
စားအုန်းဆီကို ပြောင်းလဲသုံးစွဲနေရသော်လည်း စားအုန်းဆီစျေးမှာလည်း အခြားဆီများ နည်းတူ ခေါင်ခိုက်အောင် မြင့်တက်လာသည်။
အာဏာသိမ်းမှုဖြစ်စဉ် မဖြစ်ပွားမီ ကာလအထိ တစ်ပိဿာလျှင် ကျပ် ၃,၀၀၀ ခန့်သာ ရှိခဲ့သော စားအုန်းဆီမှာ ၂၀၂၂ ခုနှစ် ဩဂုတ်လ တတိယပတ်တွင် တစ်ပိဿာကို ကျပ် ၁၀,၀၀၀ ဝန်းကျင်အထိ ဖြစ်လာသည်။
စားသုံးဆီစျေးများ မြင့်တက်လာခြင်းသည် မိသားစုများအတွက်သာမက အစားအသောက် လုပ်ငန်းများအတွက်လည်း ထိခိုက်စရာ ဖြစ်လာသည်။
မလေပြေသည် အစားအသောက်များ ပြုလုပ်ရောင်းချရင်း တော်လှန်ရေး ရံပုံငွေ ရှာဖွေနေသူ တစ်ဦးဖြစ်သည်။
ကိုယ်ပိုင်လုပ်ငန်းမှ ရရှိသောဝင်ငွေကို လှူဒါန်းရုံမက အားလပ်ချိန်များတွင်ပါ ကိုယ်တတ်ကျွမ်းသော အစားအသောက်များကို ချက်ပြုတ်ရောင်းချပြီး တော်လှန်ရေးအင်အားစုများအား ထောက်ပံ့နေသူလည်း ဖြစ်သည်။
“ ကုန်စျေးနှုန်းက အနည်းဆုံး ၄၀ ရာခိုင်နှုန်း လောက် တက်သွားတယ်။ ဟင်းချက်ဆီက ကိုယ်က ပဲဆီ နဲ့ နေကြာဆီပဲ သုံးတော့ ပိုဆိုးတယ်။ ကိုယ်သုံးတဲ့ ပဲဆီဆို အရင်က ၁၀,၀၀၀ အခု ၁၇,၀၀၀ ဆိုတော့ ၇၀ % လောက်ကို တက်တယ်ပြောရမယ်။ တပိုင်တနိုင်လေး လုပ်တာဆိုတော့ stock တွေ က အများကြီး မသိုလှောင်နိုင်ဘူးလေ။ ပစ္စည်းပြန်ဝယ်ရတဲ့အချိန် တက်စျေးချည်း မိတော့ ပြန်ရင်းရတဲ့အခါ အနှုတ်ချည်း ပြတော့တာပဲ။ အခုဆို ၇ သိန်း အကြွေးတင်နေတယ် ”
ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် သူမ၏ စားသောက်ကုန်များကို စျေးနှုန်းတိုးမြှင့် ရောင်းချနေရသလို အချို့သော အစားအသောက်များတွင်လည်း ဆီသုံးစွဲမှုကို ရပ်တန့်လိုက်ရသည်ဟု မလေပြေက ဆိုသည်။
“ ဆီကို ကြော်ချက်တဲ့ဟာကို နေကြာဆီ မသုံးနိုင်တော့ဘူး။ ဟင်းရွက်ဆီပြောင်းသုံးတယ်။ ဆီဆမ်းရတာတွေကတော့ ပဲဆီလေးပဲ သုံးပေးနေတုန်းပဲ။ အကင်ကိုဆို အခြောက်ပဲ ရောင်းတော့တယ်။ ဆီမဆမ်းပေးတော့ဘူး။ အဲ့လိုလေးတွေ နည်းနည်းစီလောက် လိုက်လျှော့လိုက်တယ် ”
အရည်သွေးကောင်းမွန်သည့် နေကြာဆီအစား အရည်သွေးနိမ့်ကျသော်လည်း စျေးနှုန်းပိုမိုသက်သာသည့်အတွက် ဟင်းသီးဟင်းရွက်ဆီကို ပြောင်းလဲသုံးစွဲလိုက်ရသည့်အတွက် မလေပြေက သူမထံတွင် ဝယ်ယူစားသုံးနေကျသူများအပေါ် အားတုံ့အားနာ ဖြစ်နေမိရကြောင်းလည်း ပြောပြသည်။
ထို့ပြင် ဝင်ငွေကျပ်တည်းလာသည့် အခြေအနေများကြောင့်လည်း သူမထံတွင် မှာယူနေကြ ဖောက်သည်များလည်း လျော့ပါးလာနေသည်။ မည်သို့ပင်ဆိုစေ သူမကတော့ နိုင်သမျှဝန်ကို ထမ်းရင်း ပြည်သူချင်း ကူညီနေဦးမည်ဟု ပြောသည်။
ဝင်ငွေရှာဖွေရန် ခက်ခဲလာသည်နှင့်အမျှ ဝင်ငွေနှင့် ထွက်ငွေ မမျှမတ ဖြစ်လာသည့်အတွက် အာဏာသိမ်းမှု၏ နောက်ဆက်တွဲရလဒ်ဆိုးဖြစ်သည့် ကုန်ပစ္စည်းရှားပါးပြတ်လပ်ခြင်းနှင့် စျေးနှုန်းအဆမတန်တိုးမြင့်လာနေခြင်းဒဏ်ကို တိုင်းပြည်တစ်ခုလုံး ရင်ဆိုင်နေရသည်။
ထိုသို့ရင်ဆိုင်နေရသူများအနက် ဝင်ငွေနည်းပါးသော အခြေခံလူတန်းစားများမှာ စစ်ဘေးရှောင် ပြည်သူများပြီးလျှင် အခြေခံစားသောက်ကုန်စျေးနှုန်းများမြင့်တက်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေကြ ရသူများ ဖြစ်သည်။
အငြိမ်းစား ဆရာမတစ်ဦးအတွက် ကုန်စျေးနှုန်းကြီးမြင့်ခြင်း၊ စားသုံးဆီစျေးတက်ခြင်းက ဆိုးရွားလှသည့် အခက်အခဲတစ်ခုပင်ဖြစ်သည်။
“ တို့ ၅ ယောက်အတွက် ဆီ ၂ လီတာကို တစ်လ မလောက်လောက်အောင် သုံးနေရတာပေါ့။ ဟင်းချက်ရင် ဆီပြန် မဟုတ်တော့ဘူးလေ။ ဆီပါရုံနဲ့ ရေလေးထိုးပေါ့ ” ဟု ဒေါ်သိန်းမြင့်က ဆိုသည်။
သား၊ ချွှေးမနှင့် မြေးတစ်ဦးရှိသော သူတို့မိသားစုအတွက် အစားအသောက် ကုန်ကျစရိတ်ကို ဆန်ကလွဲပြီး အရာခပ်သိမ်းကို လျှော့ချနေရခြင်းဖြစ်ကြောင်းလည်း ဆက်လက်ပြောပြသည်။
အခြေခံစားသောက်ကုန်စျေးနှုန်းများမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီး တစ်နှစ်ခွဲအကြာ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း သိသိသာသာ တိုးမြင့်သွားပြီး ယင်းတို့အနက် ဆီစျေးနှင့် ဆန်စျေး တိုးမြင့်သွားခြင်းမှာ အသိသာဆုံးဖြစ်သည်။
လက်ရှိအချိန်တွင် စစ်အာဏာရှင်လက်အောက်ခံ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) က ကြီးကြပ်၍ စားသုံးဆီအများပိုင်ကုမ္ပဏီလီမိတက်၊ အခြားပုဂ္ဂလိကပိုင်ကုမ္ပဏီအချို့က ရန်ကုန်၊ နေပြည်တော်ရှိ မြို့နယ်အချို့တွင် ကားများဖြင့် လိုက်လံရောင်းချနေသည်ကိုလည်း တွေ့ရသည်။
ထိုသို့ရောင်းချရာတွင် ယမန်လကအထိ စားသုံးဆီတစ်ပိဿာကို ကျပ် ၄,၀၀၀ ကျော်ဖြင့် ရောင်းချခဲ့သော်လည်း ဩဂုတ်လ တတိယပတ်မှစပြီး တစ်ပိဿာကို ကျပ် ၅,၀၀၀ နှုန်းဖြင့် လက်လီရောင်းချနေသည်။ ထိုသို့ရောင်းချမှုကို တန်းစီတိုးဝှေ့ကာ ဝယ်ယူနေကြသူ အများအပြားရှိပြီး တစ်ဦးလျှင် တစ်ပိဿာ ခွဲတမ်းဖြင့်သာ ရောင်းချသည်ဟု သိရသည်။
စားသုံးဆီ တန်းစီနေသော လူအုပ်များ၏ ဓာတ်ပုံများမှာ လူမှုကွန်ရက်များပေါ်သို့ ရောက်ရှိလာပြီးနောက် ၁၉၉၀ ခုနှစ်ဝန်းကျင် ကာလများကဲ့သို့ သမဝါယမဆိုင်တွင် ဆန်နှင့်ဆီကို တန်းစီစနစ်ဖြင့် အချိုးကျသာဝယ်ယူနိုင်တော့မည်ဟုလည်း မှတ်ချက်ပေးနေသူများရှိသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း သမယဝါယမလုပ်ငန်းကို တိုးချဲ့ဦးမည်ဟု ဩဂုတ်လ ၁၀ ရက်နေ့က နေပြည်တော်အစည်းအဝေးတွင် ပြောကြားခဲ့သေးသည်။
အာဏာရှင်ခေတ်အဆက်ဆက် အောင်မြင်မှုမရခဲ့ဘဲ တိုင်းပြည်အကြွေးနွံနစ်ခြင်းသာ အဖတ်တင်ကျန်ရစ်စေသော သမဝါယမစနစ်သာ ပြန်လည်ခေါင်းထောင်လာခြင်းက စားသောက်ကုန်စျေးကွက်အတွက် ကောင်းကျိုးတော့ ရောက်လာစရာ အကြောင်း မရှိဟု ဝေဖန်နေကြသည်။
ငွေကြေးစျေးကွက် မတည်ငြိမ်ခြင်း၊ ကုန်ပစ္စည်းတင်သွင်းမှုများကို နည်းလမ်းအမျိုးမျိုးဖြင့် ထိန်းချုပ်နေခြင်း၊ စျေးကွက်စီးဆင်းမှုကို အတင်းအကျပ်နည်းလမ်းများနှင့် ထိန်းချုပ်ရန် ကြိုးစားနေခြင်းက အခြေခံစားသောက်ကုန်စည်စျေးကွက်ကို ပိုပြီးထိုးနှက်တိုက်ခိုက်ရာသာ ကျကြောင်း လေ့လာသူတစ်ဦးက ဆိုသည်။
“ စားသောက်ကုန်စျေးကွက်မှာ မလုပ်သေးပေမယ့် ရွှေကုန်သည်တွေကို ဖမ်းတာမျိုး၊ ဒေါ်လာ ကိုင်ရင် ဖမ်းမယ်ဆိုတာမျိုးတွေက စျေးကွက်ကို ဆိုးဆိုးရွားရွားဖျက်ဆီးနေတာ။ စီးပွားရေးဆိုတာက သူ့အရှိန်နဲ့ သူလည်နေတာ၊ တနေရာပြိုရင် အားလုံးလိုက် ပြိုမှာပဲ ” ဟု ၎င်းက ဆိုသည်။
“ အာဏာရှင်လက်အောက်မှာတော့ ကုန်စျေးနှုန်း ပြန်ကျဖို့၊ စီးပွားရေး ပြန်ကောင်းဖို့ဆိုတာ လမ်းမမြင်ပါဘူး ” ဟု သူကဆက်ပြောသည်။
ဆိုးရွားစွာ ပျက်စီးနေသော စီးပွားရေးနှင့် အဆမတန် ထိုးတက်နေသော ကုန်စျေးနှုန်းများကြောင့် စစ်အာဏာရှင်လက်အောက် ပြည်သူများအတွက်တော့ ဆီကို ရေချိုးဖို့ မဆိုထားနှင့် ရေထိုး၍ တောင်သုံးစွဲရမလို ဖြစ်နေပေတော့သည်။
“ ဆီကို ရေထိုးနေရတယ်။ မွှေးရုံလေး ဆီသတ်ပြီးတာနဲ့ ရေများများထိုးပေါ့။ ပါလေကာဆီလေး သုံးရတာပဲလေ ” လို့ ဒေါ်သိန်းမြင့်က ဆိုသည်။