By MPA
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနယ်စပ်အနီး ယူနန်ပြည်နယ်၊ ရွှေလီမြို့ဝမ်တိန်ရှိ နှစ်နိုင်ငံနယ်စပ်ဂိတ် တစ်ခုဖြစ်သည့် မန်မန်းဂိတ်(ကျင်ဆန်းကျော့ဂိတ်ကို) နိုဝင်ဘာလ ၂၆ ရက် ယနေ့ နံနက်ပိုင်းမှစတင်ပြီး စမ်းသပ်ကာလအဖြစ် ငါးရက်ထပ်မံ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
မူဆယ်ဆန်စပါးကုန်စည်ဒိုင်ဒုဥက္ကဌဦးမင်းသိန်းက “ဒီနေ့၁၀နာရီခွဲကစပြီး အစမ်းသဘော ဖွင့်လှစ်လိုက်တဲ့ သဘောပါ။ အခုကတော့ငါးရက်ပေါ့။ မြန်မာပြည်ကနေ ငါးစီးတရုတ်ပြည်ကနေ ငါးစီးဝင်ပြီ။ မြန်မာစံတော်ချိန်၁၀နာရီခွဲလောက် အစမ်းဖွင့်တဲ့အခြေအနေတွေကို ကြည့်ပြီးဆက်ပြီး ထပ်တိုးတာတွေ ဘာတွေရှိလာမယ်ထင်ပါတယ်” ဟု၎င်းကဆိုသည်။
ယခုစမ်းသပ်ကာလငါးရက်အတွင်း တရုတ်ပြည်ဘက်မှ အဝင် ကွန်တိန်နာ ၅စီးနှင့် မြန်မာပြည်ဘက်မှအထွက် ကွန်တိန်နာ ၅ စီးကူးသန်းရန် နှစ်ဖက်သဘောတူထားကြခြင်းဖြစ်သည်။
ကွန်တိန်နာဖြင့်သာ တင်ပို့ရသဖြင့် သယ်ယူပို့ဆောင်သည့်စရိတ်များမှာ ယခင်ကာလများ ထက်ကုန်ကျ စရိတ်များ ပိုမိုလာကြောင်း ကုန်သည်များထံမှ သိရသည်။
“ အခုကကုန်ကျစရိတ်က ပုံမှန်ထက်များတယ်။ စရိတ်တွေ အများကြီးပိုတာပေါ့။ နှစ်ဆလောက်ပိုတာပေါ့။ အရင်ကဆန်တအိတ်၈၀၀ ဆို အခု၂၀၀၀လောက်ဖြစ်သွားတယ်” ဦးမင်းသိန်းကပြောသည်။
နှစ်နိုင်ငံကုန်သွယ်မှု ညီမျှစေရန်အတွက် တရုတ်နိုင်ငံဘက်မှ ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်း ကွန်တိန်နာ ငါးစီးနှင့် မြန်မာဘက်မှဆန်၊ ဆန်ကွဲ၊ ပဲ၊ နှမ်းနှင့် ရော်ဘာတင်ဆောင်ထား သောကွန်တိန်နာ ငါးစီးခွင့်ပြုထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း တရုတ်နိုင်ငံရွှေလီမြို့တွင် အရောင်းအဝယ်များ ရပ်တန့် သွားသည့်အတွက် ဒေသခံများအနေဖြင့် နယ်စပ်ဂိတ်များ ဖွင့်လှစ်ပေးရန်အတွက် ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့သေးသည်။