By Ra Wai / MPA
ရန်ကုန်မြို့တွင် လုပ်ငန်းရှင်များထံမှ အဓမ္မသိမ်းဆည်းထားသည်ဟု ယူဆရသော ဘိလပ်မြေ အိတ် ၇၀၀ကျော်က စစ်ကောင်စီတပ်က လိုက်လံရောင်းချနေကြောင်း သိရသည်။
စစ်တပ်နှင့် နီးစပ်သည့် ပွဲစားတစ်ဦးက ကြံ့တံဆိပ်ဘိလပ်မြေ အိတ်၇၅၀ကို တစ်အိတ်လျှင် ကျပ်၃၂,၀၀၀ဖြင့် ရောင်းချမည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့ထံ လိုက်လံချိတ်ဆက်နေ ကြောင်း ရန်ကုန်မြို့ရှိ အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။
“ပြီးခဲ့တဲ့တစ်ပတ်က ရန်ကုန်မှာ ဘိလပ်မြေဈေးကို ၁၇,၀၀၀ ထက်တင်ရောင်းလို့ဆိုပြီး ဆိုင်တွေကို ဖမ်းတယ်။အဖမ်းခံရတဲ့ဆိုင်တွေကနေ သိမ်းလာတဲ့ ဘိလပ်မြေတွေလို့ ထင်တယ်။ဒီရက်ထဲ တပ်ထဲ ကနေ ထွက်လာတဲ့ ဘိလပ်မြေလို့ ပြောတယ်။တွဲကားတစ်စီးစာဆိုတော့ အိတ်၇၅၀ ရောင်းမယ်ဆိုပြီး လိုက်စပ်နေတယ်။ဒီကောင်တွေနဲ့ မပတ်သက်ချင်လို့ မဝယ်ဘူး”ဟု ၎င်းက MPAသို့ပြောသည်။
လက်ရှိတွင် အဖမ်းအဆီးများကြောင့် ရန်ကုန်၌ ဘိလပ်မြေအရောင်းရပ်နေသော်လည်း ပေါက်ဈေးမှာ ကျပ်၃၅,၀၀၀နှင့်အထက်ရှိကြောင်း သိရသည်။
“ဘိလပ်မြေဈေးက ဖမ်းလည်း ထပ်တက်ဦးမှာဆိုတော့ တချို့လည်း ဝယ်ချင်ကြတယ်။ဒါပေမဲ့၊ကိုယ် ကငွေချေပြီးမှ နောက်တစ်ဖွဲ့က ထပ်ဖမ်းတာမျိုး လုပ်နိုင်လို့ မဝယ်ရဲကြဘူး”ဟု ၎င်းက ဆက်လက် ပြောသည်။
ရန်ကုန်ဈေးကွက်တွင် လူသုံးများသည့် အယ်ဖာတံဆိပ်ဘိလပ်မြေ လုံးဝမရှိတော့ဘဲ ကြံ့၊Maxနှင့် Crown တံဆိပ်တို့သာ ရှိတော့ကြောင်း သိရသည်။
စာတည်း-ML