By Ra Wai / MPA
ငလျင်လှုပ်ပြီး ငါးရက်အကြာတွင် ရန်ကုန်၌ ဘိလပ်မြေဈေး နှစ်ဆကျော် မြင့်တက်သွားကြောင်း သိရသည်။
ငလျင်လှုပ်သည့် မတ်လ၂၈ရက်တွင် အယ်ဖာဘိလပ်မြေတစ်အိတ်လျှင် ကျပ် ၁၈,၀၀၀ ရှိရာမှ မတ် ၂၉ ရက်၌ ကျပ် ၂၄,၀၀၀ ၊ မတ် ၃၀ ရက်တွင် ကျပ် ၃၀,၀၀၀ ကျော်နှင့် ဧပြီနှစ်ရက်တွင် ကျပ် ၄၀,၀၀၀ ဝန်းကျင် ဖြစ်သွားကြောင်း ရန်ကုန်အခြေစိုက် အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးထံက သိရသည်။
“အခု ၄၀,၀၀၀ ပတ်လည်မှာ တန်းနေတယ်။ တချို့ဆိုင်တွေက လုံးဝမရောင်းဘူး။ရင်းနှီးတဲ့ဖောက် သည်တွေလောက်ပဲ တစ်အိတ်စ၊ နှစ်အိတ်စ ရောင်းတယ်။ ဆောက်လက်စသမားတွေက အရည်အသွေး သိပ်မကောင်းတဲ့ဟာပဲ လိုသလောက်ပဲ ဝယ်သုံးနေရတယ်” ဟု ၎င်းက MPA သို့ပြောသည်။
ငလျင်ကြောင့် မန္တလေးတိုင်းအတွင်းရှိ ဘိလပ်မြေစက်ရုံများ ထိခိုက်မှုရှိပြီး အဆောက်အအုံများစွာလည်း ပြိုကျခဲ့ခြင်းကြောင့် ဘိလပ်မြေ ဝယ်လိုအား များလာနိုင်သည်ဆိုသည့် မျှော်လင့်ချက်ဖြင့် ဈေးထောင်တက်နေသည်ဟုထင်ကြောင်း ၎င်းက ပြောသည်။
ရန်ကုန်တွင် အသုံးများကြသော အယ်ဖာနှင့် ကြံ့တံဆိပ် ဘိလပ်မြေတို့မှာ ဈေးကွက်အတွင်း ဝယ်မရလုနီး ဖြစ်နေပြီး ဆင်နှင့် Crown တံဆိပ်ဘိလပ်မြေတို့မှာ ကျပ် ၃၅,၀၀၀ ဝန်းကျင် ဈေးရှိကြောင်း သိရသည်။
“အခု ကျတော့်ကို အလုပ်နှစ်ခု အပ်ထားတာ မဆောက်ရဲသေးဘူး။ ပိုင်ရှင်တွေကိုလည်း ပြောထားရတယ်။ သင်္ကြန်လွန်မှ ဈေးနှုန်းအခြေအနေကြည့်ပြီး ဆောက်ဖို့။ ဘာလို့လဲဆိုတော့ နှစ်ဖက်မနစ်နာရ အောင်လို့” ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်ဆောက်လုပ်ရေးဈေးကွက်တွင် ဘိလပ်မြေအပါအဝင် အခြားအိမ်ဆောက်ပစ္စည်းများ ဈေးဆက်တက်မည်ဟု အသံထွက်နေကြောင်း သိရသည်။