By Mg Dagon / MPA
သမိုင်းဝင်ငလျင်ဘေးဒဏ်အဆိုးဝါးဆုံးခံစားနေရသူများထံ ပြည်ပရောက်မြန်မာများက လှူဒါန်းမှုများပြားလာခြင်းကြောင့် ကျပ်ငွေဈေးနှုန်းများ မြင့်တက်လာကြောင်း ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
ပြည်ပမှနေ၍ Kpay, Wave Pay တို့အပါအဝင် ဒီဂျစ်တယ်မန်းနီးများဖြင့် နိုင်ငံခြားငွေများမှ ကျပ်ငွေသို့ လဲလှယ်ပြီး ပြည်တွင်းသို့ လွှဲပြောင်းသူ များပြားနေခြင်းကြောင့် ကျပ်ငွေဈေးနှုန်း မြင့်တက်နေခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
“ပြည်တွင်းကို ငလျင်ဘေးအတွက် ပြန်လွှဲတဲ့သူတွေ အတော်များနေတယ်။ အဲဒါကြောင့် ရက်ပိုင်းအတွင်းကို ကျပ်ဈေးတော်တက်လာတယ်” ဟု ထိုင်း-မြန်မာနယ်စပ်တွင် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်နေသူ လုပ်ငန်းရှင်အမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တစ်ပိုင်တစ်နိုင်ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ အသက် ၃၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကလည်း ငလျင်ဘေးကြောင့် ကျပ်ငွေဈေးမြင့်တက်နေသည်ကို ဟုတ်မှန်ကြောင်း ပြောသည်။
ကျပ်ငွေဈေးသည် ငလျင်ကြီးလှုပ်ခတ်ခဲ့အပြီး တစ်ပတ်အတွင်း နိုင်ငံခြားငွေအမျိုးအစားအလိုက် ၁၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်းဖြစ်သည်ဟု သိရသည်။
“ဘတ်ဈေး၊ စင်ကာပူဒေါ်လာဈေး၊ ယွမ်ဈေး အကုန်ကျသွားတာ။ တချို့တွေလည်း ဒီအချိန်မှာ သူ့ဆီရှိတဲ့ မြန်မာငွေတွေကို နိုင်ငံခြားငွေပြောင်းထားလိုက်သူတွေလည်းရှိတယ်” ဟု မြန်မာလုပ်သားများ အဓိကအသုံးပြုကြသည့်နိုင်ငံခြားငွေလွှဲဝန်ဆောင်မှုများလုပ်ဆောင်နေသူ အမျိုးသားတစ်ဦးကလည်း ပြောသည်။
ထိုသို့ ငလျင်ဘေးသို့လှူဒါန်းသူများနေခြင်းကြောင့် ကျပ်ငွေဈေးမြင့်တက်နေသော်လည်း Kpay, Wave Money ကဲ့သို့ ဒစ်ဂျစ်တယ်မန်းနီးများ ယခုရက်ပိုင်းအတွင်း ရှားပါးနေကြောင်း ငွေလွှဲဝန်ဆောင်မှုပေးသူများထံမှ သိရသည်။
“ငလျင်မလှုပ်ခင် ပြီးခဲ့တဲ့ရက်ပိုင်းက အဲဒီလိုမဟုတ်ဘူး။ အခုက ဈေးပိုပေးပါ့မယ်ဆိုတာတောင် မရှိတဲ့သူနဲ့ မရောင်းချတဲ့သူနဲ့ ပြီးတော့ သူတို့လည်း ငလျင်ဘေးအတွက် လှူချင်လို့ Kpay, Wave ကို မလဲသေးဘဲ ကိုင်ထားသူတွေလည်းရှိကြတယ်” ဟု အသက် ၃၆ နှစ်အရွယ် ငွေလွှဲဝန်ဆောင်မှုလုပ်သူက ပြောသည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ကျပ်ပေး ဘတ်ယူဈေးနှုန်းသည် ငလျင်ကြီးမလှုပ်ခင်က Kpay(သို့)Wave ဖြင့် ကျပ်တစ်သိန်းလျှင် ၇၅၅ ကျပ်ဝန်းကျင်မှ ယခုအခါ ၇၇၅ ဘတ်သို့လည်းကောင်း၊ ဘတ်ပေး ကျပ်ယူဈေးမှာလည်း ငလျင်မလှုပ်ခင်က ကျပ်တစ်သိန်းလျှင် ၇၈၀ ဘတ်မှ ယခုအခါ ၇၉၀ ကျပ်တို့သို့မြင့်တက်လာကြောင်း သိရသည်။ အလားတူ စင်ကာပူဒေါ်လာဈေးမှာလည်း ငလျင်မလှုပ်ခင်က စင်ကာပူမှ ကျပ်သို့လဲလှယ်မည်ဆိုပါက တစ်ဒေါ်လာလျှင် ၃၄၄၀ ကျပ်မှ ယခုအခါ ၃၂၉၀ ကျပ်အထိ ကျဆင်းလာကြောင်း သိရသည်။
ယနေ့ ဧပြီလ ၄ ရက် နိုင်ငံခြားငွေဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၄၀ ကျပ်၊ တစ်ယူရိုလျှင် ၄၉၀၅ ကျပ်၊ စင်ကာပူတစ်ဒေါ်လာလျှင် ၃၃၄၀ ကျပ်၊ ထိုင်းတစ်ဘတ်လျှင် ၁၂၉ ကျပ်ကျော်၊ ဂျပန်တစ်ယန်းလျှင် ၃၀ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ်လျှင် ၁၀၁၀ ကျပ်၊ တရုတ် တစ်ယွမ်လျှင် ၆၁၀ ဝန်းကျင်ဈေးရှိကြောင်း သိရသည်။
မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိပြီး မြေအောက်အနက် ၁၀ ကီလိုမီတာအနက်ကလှုပ်ခတ်ခဲ့သည့် စစ်ကိုင်းပြတ်ရွေ့ပေါ်က ငလျင်ကြီးကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည် အစရှိသည့်မြို့နယ်များရှိ လူဦးရေ ၈ ဒသမ ၅၆ သန်းကျော် ငလျင်ဘေးကြုံခဲ့ကြရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က ယနေ့ ဧပြီ ၁ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။