By Ra Wai / MPA
ငလျင်လှုပ်ပြီး တစ်ရက်အကြာတွင် ရန်ကုန်ဆောက်လုပ်ရေးဈေးကွက်၌ ဘိလပ်မြေဈေး ကျပ်၆၀၀၀ ခုန်တက်သွားကြောင်း သိရသည်။
ရန်ကုန်မြို့တွင် မတ်လ၂၈ရက်က အယ်ဖာဘိလပ်မြေတစ်အိတ်လျှင် ကျပ်၁၈,၀၀၀ ရှိရာမှ ယနေ့ (မတ်၂၉ရက်)နံနက်ပိုင်း၌ ကျပ်၂၄,၀၀၀ ဖြစ်သွားကြောင်း ရန်ကုန်အခြေစိုက် အသေးစားဆောက် လုပ်ရေးလုပ်ငန်းရှင်တစ်ဦးထံက သိရသည်။
“ဘာ့ကြောင့် ချက်ချင်းလက်ငင်း ၆၀၀၀ ခုန်တက်သွားသလဲဆိုတော့ သက်သက်မိုက်ရိုင်းတာလို့ပဲ ပြောရမယ်။တချို့ဆိုင်တွေကတော့ ဘိလပ်မြေအရောင်းပိတ်ထားတယ်”ဟု ၎င်းက MPA သို့ ပြော သည်။
ယနေ့နံနက်ပိုင်းတွင် ကြံ့တံဆိပ်ဘိလပ်မြေတစ်အိတ်ဈေးမှာ ကျပ်၂၃,၀၀၀ ဖြစ်သွားပြီးမြောက်ဒဂုံရှိ နာမည်ကြီး ‘သိန်း’ဆောက်လုပ်ရေးပစ္စည်းဆိုင်၌ ဘိလပ်မြေအ ရောင်းပိတ်ထားကြောင်း သိရသည်။
“ဒီနေ့ ကြက်ဥ လည်း ဈေးတက်သွားတယ်။ဖယောင်းတိုင် ဈေးတက်တယ်။မီးပျက်လို့ အိမ်သုံးဂက်စ် ဆိုင်တွေမှာ လူတွေတစ်တန်းကြီးပဲ”ဟု လှိုင်မြို့နယ်နေ အိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။
ကြက်ဉတစ်လုံးဈေးမှာ ယမန်နေ့က ကျပ်၄၃၀-၄၅၀ ရှိခဲ့ရာမှ ယနေ့တွင် ကျပ်၅၀၀။ဖယောင်းတိုင် တစ်ထုပ်ဈေးမှာ ကျပ်၃၀၀၀မှ ၄၀၀၀သို့ ဈေးတက်သွားကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် ရန်ကုန်တွင် တစ်ရက်လျှင် လေးနာရီခန့်သာ ရေတင်နိုင်ရန်အတွက် အလှည့်ကျ လျှပ်စစ်မီးပေးနိုင်မည် ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ထုတ်ပြန်သည်။
စာတည်း-ML