By Zwe Ko/MPA
စပါးစျေးကျဆင်းနေမှုကြောင့် ဧရာ၀တီနှင့် ပဲခူးတိုင်းတို့၌ နွေစပါးဝယ်ယူမည့်ကုန်သည်ပင် မရှိသလောက်ဖြစ်နေခြင်းကြောင့် တောင်သူများ ဒုက္ခရောက်နေရကြောင်း စုံစမ်းသိရှိရသည်။
ယခုနှစ်(၂၀၂၅ခုနှစ်) နွေစပါးရာသီချိန်၌ သက်ငယ်စပါး တင်း ၁၀၀ လျှင် ကျပ် ၁၃သိန်းဝန်းကျင်ခန့်သာ ပေါက်စျေးရှိနေပြီး တွက်ခြေမကိုက်ဘဲ အရှုံးပေါ်နေရကြောင်း ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ်မှ အသက် ၃၀အရွယ် တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ ဓာတ်မြေဩဇာ ဖိုးတွေ၊ လယ်ထွန်စက်ခတွေ၊ စပါးရိတ်ချွေခတွေ၊ လုပ်အားခတွေအကုန်လုံးထည့်တွက်ရင် စပါးတစ်ဧက ကုန်ကျစရိတ်က ဆယ်သိန်းဝန်းကျင်ပဲ၊ အခုစပါးစျေးက တင်း ၁၀၀ ၁၃သိန်းဆိုတော့ ဘယ်လိုမှ တွက်ခြေမကိုက်ဘူး။ ညီမတို့ဆို တစ်ဧက ပျမ်းမျှ တင်း ၆၀လောက်ပဲထွက်တယ်။ ဒီစျေးနဲ့ရောင်းရတော့ တောင်သူအများစုရှုံးတယ် ” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ စပါးစျေးကျဆင်းနေသည့်အပြင် စပါးဝယ်ယူမည့်ကုန်သည်ပါ ရှားပါးနေသည့်အတွက် တောင်သူများလက်၌ စပါးများကျန်ရှိနေပြီး ငွေဖော်ရန်ပင်မလွယ်ကူကြောင်း ဘိုကလေးမြို့မှ အသက် ၄၀အရွယ် တောင်သူတစ်ဦးက ပြောသည်။
“ စပါးရောင်းဖို့ ကုန်ည်တွေကို လိုက်ရှာနေရတယ်။ အရင်နှစ်တွေကဆို ကုန်သည်တွေက စပါးလိုချင်လို့တောင်သူတွေဆီ လိုက်ဝယ်နေတာ၊ အခုက စပါးရှုံးရတဲ့အထဲ အောက်ကျခံပြီး စပါးရောင်းထွက်ဖို့ လိုက်ရောင်းနေရတယ်။ တောင်သူတွေဘ၀က တော်တော်အခြေအနေဆိုး နေတာ ” ဟု ၎င်းက ရှင်းပြသည်။
ယခုကဲ့သို့ စပါးစျေးကျဆင်းမှုနှင့် စပါးရောင်းချရန် ခက်ခဲခြင်းများဖြစ်ပေါ်နေသည့်အတွက် လာမည့် ဧပြီ နှင့် မေလတို့တွင် စပါးတင်း သိန်း ၁၅၀ နှင့် ဧည့်မထဆန်အိတ် လေးသိန်း ဝယ်ယူမည်ဟု စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မတ် ၂၂ရက်တွင် ကြေငြာထားသည်။
“ စပါးကို ဘယ်စျေးနဲ့ဝယ်မယ်ဆိုတာလည်းမပါဘူး။ အခုထိလည်းစပါးစျေးက တက်မလာဘူး။ တောင်သူတွေက စပါးရိတ်သိမ်းပြီဆိုတာနဲ့ တန်းရောင်းရတာ စျေးမစောင့်နိုင်ဘူး။ ကုန်ကျစရိတ်နဲ့ အကြွေးတွေတန်းဆပ်ရတာ မတ်ပဲစိုက်တာ အဆင်ပြေနေတာကို ဆည်ရေတွေလွှတ်ပြီး နွေစပါးအတင်းစိုက်ခိုင်း၊ ပြီးတော့ စျေးကောင်းအောင်မလုပ်ပေးနိုင်ဘူး ” ဟု ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ရှမ်းစုကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။
ယမန်နှစ်(၂၀၂၄ခုနှစ်) မိုးစပါးများကို ကုန်သည်များက သိုလှောင်ထားခြင်းကြောင့် စပါးလက်ကျန်များရှိနေပြီး လက်ရှိ နွေစပါးဝယ်ယူရန် ခက်ခဲနေခြင်းဖြစ်သည်ဟု ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်မှ စပါးကုန်သည်တစ်ဦးက မှတ်ချက်ပြုသည်။
“ မိုးစပါးတုန်းက ဆင်းသုခစပါး အစိုတင်း ၁၀၀ကို ၁၆သိန်း၊ ၁၇သိန်း၊ နေလှန်းပြီးသား အခြောက်တင်း ၁၀၀ ဆို သိန်း ၂၀လောက်ပေးပြီး ဝယ်လှောင်ထားရတာ၊ အခုက စပါးအခြောက်တင်း ၁၀၀ကိုတောင် ၁၈သိန်းလောက်ပဲစျေး ပေါက်တယ်။ နောက်စပါး ထပ်မဝယ်ရဲသေးဘူး။ မနှစ်ကဝယ်ထားတဲ့ စပါးကို ဆန်ကြိတ်ပြီးပဲ ရောင်းနေရတယ် ” ဟု ၎င်းက ပြောသည်။
နွေစပါးစိုက်ပျိုးရာတွင် အရှုံးပေါ်မည်ကို သိသည့် တောင်သူအချို့သည် အခြားသီးနှံများကို စိုက်ပျိုးခြင်သော်လည်း နွေစပါးမစိုက်ပျိုးလျှင် လယ်ယာမြေများကို သိမ်းယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းကြောင့် တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဧရာ၀တီတိုင်းနှင့် ပဲခူးတိုင်းမှ တောင်သူများက တညီတညွတ်တည်း ပြောသည်။
ယခုကဲ့သို့ တောင်သူများသည် နှစ်စဉ် အရှုံးနှင့် ရင်ဆိုင်နေရသော်လည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စိုက်ပျိုးရေးလုပ်ငန်းဖြင့် မြန်မာနိုင်ငံအား ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်မည်ဟု မကြာခဏ ပြောကြားသော်လည်း မြေပြင်၌ မည်သည့်အကူအညီမှ ပေးအပ်မှုပင်မရှိပေ။
စာတည်း-ကိုဆန်း